ကြီးကျယ်ခမ်းနားသော ဓမ္မကိုယ်ထည်များစွာသည် ကြယ်တာရာ ကောင်းကင်ထက်တွင် မားမားမတ်မတ် ရပ်နေကြပြီး၊ အတုမရှိသော အရှိန်အဝါကို ထုတ်ဖော်ပြသလို့နေသည်။
ဒါတင်မက ၊ အမတဧကရာဇ်မင်းများစွာသည် အချိန်မြစ်ထဲ၌ တိုက်ခိုက်နေကြပြီး၊ ၎င်းတို့၏ တိုက်ခိုက်မှု တစ်ခုချင်းစီတိုင်းက ပြင်းထန်သော လှိုင်းလုံးကြီးများကို ဖြစ်ပေါ်စေသည်။
အတုမရှိသော နတ်ဘုရားစွမ်းအားများက အချိန်နှင့် အာကာသ၏ စီးဆင်းမှုကို ချိုးဖျက်ပစ်ခဲ့သည်။
လွင့်စဉ်ရိုက်ခတ်လာသော စွမ်းအားလှိုင်းတံပိုးများသည် အမတနယ်မြေအတွင်းရှိ သက်ရှိများစွာ ထိခိုက်စေခဲ့ပြီး ၊ မပြင်းထန်ပါက မေ့မြောရုံသာ ဖြစ်ပြီး ပြင်းထန်ပါက စွမ်းအင်မုန်တိုင်းအတွင်း တိုက်ရိုက် ပြာချခံလိုက်ရသည်။
အချိန်မြစ်၏ ထောင့်တစ်နေရာတွင် ၊
ကြီးကျယ်ခမ်းနားသော ပုံရိပ်နှစ်ခုသည် တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင် ရပ်နေကြသည်။
ဘယ်ဘက်တွင် ရပ်နေသူမှာ ကွေးယွမ်အမတဂိုဏ်းမှ ဖော့ကျွင်းဘိုးဘေး ဖြစ်ပြီး၊ သူနှင့် မျက်နှာချင်းဆိုင် ရပ်နေသူမှာ ကျောက်စိမ်းသရဖူ ဆောင်းထားပြီး၊ ခရမ်းရွှေရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူလတ်ပိုင်း အမျိုးသားတစ်ဦးပင် ဖြစ်သည်။ သူ၏ မျက်ခုံးကြားတွင် အတုမရှိသော ဧကရာဇ်အဆင့်ရှိ အရှိန်အဝါများ ထွက်ပေါ်လျက် ရှိသည်။
“ထျန်းယန်… ထျန်းချန်လမ်းစဉ်ဂိုဏ်းကတော့ ပြီးသွားပြီ”
ဖော့ကျွင်းဘိုးဘေးက အေးစက်သော လေသံဖြင့် ပြောလိုက်သည်။
“အခြေအနေက ဒီအထိ ရောက်နေပြီပဲ၊ မင်းက အဲ့ဒီလူတွေနဲ့ ဆက်ပြီး ပူးပေါင်းချင်နေသေးတာလား”
ထျန်းယန် အမတဧကရာဇ်မင်း သည် ထျန်းချန်လမ်းစဉ်ဂိုဏ်း၏ ဘိုးဘေးတစ်ဦး ဖြစ်သည်။
သူသည် ငယ်စဉ်အခါက ဖော့ကျွင်းဘိုးဘေးနှင့် အနည်းငယ် ရင်းနှီးခဲ့ဖူးသည်။ သူတို့နှစ်ဦးစလုံးသည် မဟာမိတ်တပ်ပေါင်းစုတွင် တာဝန်ထမ်းဆောင်ရင်း ၊ အမှောင်ထုကို အတူတကွ ခုခံတွန်းလှန်ခဲ့ဖူးသည့် စစ်ဖော်စစ်ဖက်များ ဖြစ်သည်ဟု ဆိုနိုင်သည်။
သို့သော် ခွဲခွာပြီးနောက် ၊ ရန်သူအဖြစ် ပြန်လည်ဆုံတွေ့ကြရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
“ဟားးး… ဖော့ကျွင်း၊ အခု မင်းက ကွေးယွမ်အမတဂိုဏ်းရဲ့ ဘိုးဘေးတစ်ယောက် ဖြစ်နေပြီဆိုတော့ အမတနယ်မြေရဲ့ ရေက ဘယ်လောက်နက်တယ်ဆိုတာ ငါ့ထက်တောင် ပိုသိမှာပါ”
ထျန်းယန် အမတဧကရာဇ်မင်းက ပြုံးလျက် ပြောလိုက်သည်။
“ငါ့ရဲ့ ထျန်းချန်လမ်းစဉ်ဂိုဏ်းဟာ အင်အားချင်းမှာ မင်းတို့ ကွေးယွမ်အမတဂိုဏ်းကို မယှဉ်နိုင်ဘူးလေ အဲ့တော့ ရပ်တည်နိုင်ဖို့အတွက် တခြားနည်းလမ်းကို ရှာရတာပေါ့”
“ပြီးတော့ ကမ္ဘာ့ကပ်ဘေး စစ်ပွဲကြီး ပြီးသွားတဲ့နောက်မှာ ငါ့ရဲ့ ထျန်းချန်လမ်းစဉ်ဂိုဏ်းက ဘယ်လောက်တောင် အထိနာခဲ့လဲဆိုတာ မင်းလည်း သိသားပဲ … တကယ်လို့ တခြားတစ်ယောက်ကို အားမကိုးခဲ့ရင်…”
“ဖော့ကျွင်း… မင်း ပြောကြည့် ၊ ငါ့ရဲ့ ထျန်းချန်လမ်းစဉ်ဂိုဏ်းက အခုအချိန်ထိ လက်ဆင့်ကမ်း အမွေဆက်ခံနိုင်ဦးမယ်လို့ ထင်လို့လား “
ထိုသို့ပြောရင်း ၊ ထျန်းယန် အမတဧကရာဇ်မင်း၏ လေသံထဲတွင် ဒေါသသံ အနည်းငယ် ပါဝင်လာခဲ့သည်။
“ငါတို့က ငါတို့ရဲ့ ဂိုဏ်းအမွေအနှစ်ကို လက်ဆင့်ကမ်းချင်ရုံတင်ပါ….အဲ့တာက ဘာအပြစ်ရှိလို့လဲ “
ထိုစဉ်က ကမ္ဘာ့ကပ်ဘေးစစ်ပွဲကြီးတွင် ဒေဝလောကတစ်ခွင်ရှိ အင်အားစုတိုင်း ပျက်စီးလုနီးပါး ဖြစ်ခဲ့ရသည်။
ဂိုဏ်းပေါင်းစုံမှ အစွမ်းထက်သော ကျင့်ကြံသူများနှင့် အမွေအနှစ်များစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်။
မရေမတွက်နိုင်သော ခေတ်ကာလများစွာ လက်ဆင့်ကမ်းလာခဲ့သည့် အင်အားစုကြီးများသာ ထိုဆုံးရှုံးမှုများကို တောင့်ခံနိုင်ခဲ့ကြသော်လည်း၊
ထျန်းချန်လမ်းစဉ်ဂိုဏ်းကဲ့သို့ နှစ်ပေါင်း သန်းအနည်းငယ်သာ သက်တမ်းရှိသေးသည့် အင်အားစုများမှာမူ ၊ အမွေအနှစ်များ ပြတ်တောက်သွားရုံသာမက ဂိုဏ်း၏ အဓိက အစွမ်းထက်ဆုံး ကျင့်ကြံသူများပင်လျှင် စစ်ပွဲအတွင်း ပျောက်ကွယ်သွားခဲ့ကြသည်။
ပို၍ စိတ်ပျက်စရာကောင်းသည်မှာ ကမ္ဘာ့ကပ်ဘေး စစ်ပွဲတွင် ပါဝင်ခဲ့သည့် အင်အားစုတိုင်း အမှောင်ထု၏ ကျိန်စာကို အနည်းနှင့်အများ ခံခဲ့ကြရခြင်း ဖြစ်သည်။
အချိန်နှင့် အမွေအနှစ်များစွာ အသုံးပြုပြီး ထိုကျိန်စာကို ဖယ်ရှားနိုင်သော်လည်း၊ သို့သော် အချိန်အများကြီး ဖြုန်းတီးရာကျသည်။
အကယ်၍ အမတနယ်မြေ၏ ကောင်းကင်လမ်းစဉ်ကို အားကိုးနိုင်ပါက ၊ ကောင်းကင်လမ်းစဉ်၏ ကောင်းချီးကို ရရှိနိုင်ပြီး မိုးမြေ စွမ်းအားကို အသုံးပြုကာ ကျိန်စာကို မြန်ဆန်စွာ ဖယ်ရှားနိုင်ပေလိမ့်မည်။
ထို့အပြင် ၊ ထိုနှစ်က ကောင်းကင်လမ်းစဉ်သည် သူတို့ကို အလွန်ကောင်းမွန်သော ကတိများ ပေးခဲ့သည်။
သူတို့ဘက်ကသာ ကောင်းကင်လမ်းစဉ်ကို အညံ့ခံရန် ဆန္ဒရှိနေသရွေ့ ၊ ကောင်းကင်လမ်းစဉ်သည် သူတို့ထံမှ အမှောင်ကျိန်စာကို ဖယ်ရှားရန် အစွမ်းကုန် ကူညီပေးမည့်အပြင် ၎င်းတို့၏ အတိတ်က ဂုဏ်ကျက်သရေကို ပြန်လည်ရရှိစေရန် တိတ်တဆိတ် ကူညီပံ့ပိုးပေးမည်ဟု ဆိုခဲ့သည်။
ဤကဲ့သို့သော ဆွဲဆောင်မှုများကြောင့် နောက်ဆုံးတွင် သူတို့သည် မိမိတို့၏ ဂုဏ်သိက္ခာကို စွန့်လွှတ်ကာ ကောင်းကင်လမ်းစဉ်၏ လက်ပါးစေအဖြစ် ခံယူခဲ့သည်။
………..
“ဟားးး… ဂိုဏ်းအမွေအနှစ်ကို လက်ဆင့်ကမ်းချင်ရုံတင် ဟုတ်လား”
ဖော့ကျွင်းဘိုးဘေးက အေးစက်စွာ ရယ်မောလိုက်သည်။ သူ၏ တောက်ပသော မျက်ဝန်းအစုံ၌ အဆုံးမဲ့ အေးစက်မှုများ ကိန်းအောင်းလျက် ရှိသည်။
“မင်းကိုယ်တိုင်လည်း ကမ္ဘာ့ကပ်ဘေးစစ်ပွဲမှာ ပါဝင်ခဲ့တာပဲ!”
“အဲ့ဒီတုန်းက ငါတို့ ရှင်သန်ဖို့ မျှော်လင့်ချက်တစ်ခုတည်းနဲ့ လူတိုင်း သေရင်သေပါစေ ဆိုတဲ့ စိတ်နဲ့ အမှောင်ထုကို တိုက်ခိုက်ခဲ့ကြတယ်”
“ အဆုံးမဲ့ အမှောင်ထုထဲမှာ သက်ရှိသတ္တဝါတိုင်းကို အလင်းပေးနိုင်မယ့် မျှော်လင့်ချက်တစ်ခုတည်းနဲ့ သူရဲကောင်းစစ်သည်တွေ ဘယ်လောက်များများ သူတို့ရဲ့ အသက်ကို စွန့်လွှတ်ခဲ့ကြသလဲ”
“သူတို့ကရော သူတို့ရဲ့ ဂိုဏ်းအမွေအနှစ်တွေကို လက်ဆင့်မကမ်းချင်ကြဘူးလို့ မင်းထင်လို့လား”
“ပြီးတော့ ကောင်းကင်လမ်းစဉ်ကရော ဘာတွေလုပ်ခဲ့လဲ”
“ငါတို့ အမတနယ်မြေ ဖရိုဖရဲဖြစ်နေတာကို အခွင့်ကောင်းယူပြီး သက်ရှိအပေါင်းတို့ကို လျစ်လျူရှုခဲ့တယ် .. အမှောင်ထဲကနေ နေပြီး ကမောက်ကမဖြစ်အောင် လုပ်တယ်၊ ငါတို့ရဲ့ အစီအစဉ်တွေကို အကြိမ်ကြိမ် နှောင့်ယှက်ခဲ့တယ်”
“အမှောင်ထုရဲ့ မူလရင်းမြစ် ကမ္ဘာနဲ့လည်း ပတ်သက်နေသေးတယ်… သူတို့တွေ တိတ်တဆိတ် ပူးပေါင်းကြံစည်ထားတာတောင် ဖြစ်နိုင်သေးတယ်”
“ဒါတွေက မင်း အမတနယ်မြေကို သစ္စာဖောက်ဖို့ လုံလောက်တဲ့ အကြောင်းပြချက် မဟုတ်ဘူး!”
“မင်းတို့ ထျန်းချန်လမ်းစဉ်ဂိုဏ်းက ကောင်းကင်လမ်းစဉ်ရဲ့ ခွေးတွေ လုပ်ချင်တယ်ဆိုမှတော့… ဒါဆိုလည်း ပျက်စီးရုံပေါ့!”
ထိုစကားသံအဆုံးတွင် ၊ ဖော့ကျွင်းဘိုးဘေးသည် ချက်ချင်း တိုက်ခိုက်လိုက်သည်။
သူသည် အချိန်မြစ်ထက်တွင် ခြေတစ်လှမ်း လှမ်းလိုက်ပြီး၊ သူ၏လက်ဖဝါးဖြင့် ကောင်းကင်ပြင်ကို လွှမ်းမိုးထားလေ၏။
ဝုန်း!
နိယာမတရားများဖြင့် ဖွဲ့စည်းထားသော ဧရာမ လက်ဝါးကြီးတစ်ခုသည် ထျန်းယန် အမတဧကရာဇ်မင်းပေါ်သို့ ပြင်းပြင်းထန်ထန် ကျရောက်လာခဲ့သည်။
၎င်း၏ အားအဟုန်မှာ အလွန်ကြီးမားသဖြင့် အချိန်မြစ်တစ်ခုလုံး တဆက်ဆက် တုန်ခါလျက် ရှ်ိသည်။
ထိုမြင်ကွင်းကို မြင်သည်နှင့် ၊ ထျန်းယန် အမတဧကရာဇ်မင်းသည်လည်း ဤအတိုင်း အသေခံရန် ဆန္ဒမရှိချေ။
သူ၏ ခန္ဓာကိုယ်အတွင်းမှ အမတစွမ်းအားများ တဟုန်ထိုး ထွက်ပေါ်လာပြီး ၊ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် နေဝန်းသဖွယ် တောက်ပနေလေ၏။
သူသည် ရှောင်တိမ်းခြင်းမပြုဘဲ တဖက်လူ၏ တိုက်ခိုက်မှုကို လက်သီးဖြင့် အားကုန် ထိုးနှက်လိုက်သည်။
အချိန်မြစ်ထက်တွင် ဖော့ကျွင်းဘိုးဘေး၏ လက်ဝါးကြီးနှင့် ထျန်းယန် အမတဧကရာဇ်မင်း၏ လက်သီးတို့သည် ပြင်းထန်စွာ ရိုက်ခတ်မိသွားသည်။
ဝုန်း ——!
ထွက်ပေါ်လာသော ပေါက်ကွဲသံသည် မိုးမြေတစ်ခုလုံးကို တုန်လှုပ်သွားစေပြီး ၊ ၎င်းတို့၏ ထိပ်တိုင်းတွေ့ဆုံမှုမှ ပေါက်ကွဲထွက်လာသော စွမ်းအားလှိုင်းတံပိုးများသည် အရပ်ရှစ်မျက်နှာတစ်ခွင် လွင့်စဉ်ရိုက်ခတ်သွားသည်။
အာကာသဟင်းလင်းပြင်သည်ပင် ပုံပျက်သွားပြီး အချိန်မြစ်မှာလည်း တုန်ခါလျက် ရှိကာ ၊ မရေမတွက်နိုင်သော အချိန်နှင့် အာကာသ အပိုင်းအစများသည် ထိုကြောက်မက်ဖွယ် ကောင်းသော စွမ်းအားများကြောင့် အမှုန့်အဖြစ်သို့ ချေမှုန်းခံလိုက်ရသည်။
“ဟွန့်!”
သူ၏ တိုက်ခိုက်မှုမှာ တားဆီးခံလိုက်ရသည်ကို မြင်ပြီးနောက် ဖော့ကျွင်းဘိုးဘေးသည် နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် နောက်ထပ် အားကောင်းသော လက်သီးတစ်ချက်ဖြင့် ထပ်မံ ထိုးနှက်လိုက်သည်။
ဘုန်း ဘုန်း——!
ရပ်တန့်ခြင်းမရှိသော ပေါက်ကွဲသံများနှင့်အတူ ၊ အချိန်မြစ်ထဲ၌ ပြင်းထန်သော လှိုင်းလုံးကြီးများ ဆက်တိုက်ဆိုသလို ပေါက်ကွဲထွက်ပေါ်လျက် ရှိသည်။
…………
တိုက်ပွဲ၏ ပြင်းထန်မှုသည် ဤနေရာတစ်ခုတည်းတင် မဟုတ်ပေ။
အချိန်မြစ်၏ အခြားတစ်ဖက်တွင်လည်း အဆုံးမရှိသော နတ်အလင်းတန်းများစွာ ရိုက်ခတ်လို့ နေလေ၏။
အစွမ်းထက်သော အမတဧကရာဇ်မင်း နှစ်ပါးသည် အချိန်မြစ်ကြောင်းအတိုင်း နှစ်ကာလများအတွင်း အဆက်မပြတ် တိုက်ခိုက်နေကြသည်။
သူတို့နှစ်ဦး၏ တိုက်ကွက်များသည် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းပြီး၊ အတုမရှိသော အမတအတတ်များဖြင့် အချိန်မြစ်အတွင်း တိုက်ခိုက်နေကြရာ ၊ အာကာသအပိုင်းအစများပင် အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားခဲ့ရသည်။
သို့သော် ဤကဲ့သို့ ရင်သပ်ရှုမောဖွယ် မြင်ကွင်းမှာလည်း ဤစစ်ပွဲကြီး၏ အသေးစား မြင်ကွင်းတစ်ခုသာ ဖြစ်သည်။
ဝုန်း… ဝုန်း!
ဤအခိုက်အတန့်တွင် အချိန်မြစ်ကြောင်း တစ်လျှောက် ပုံပျက်နေကာ၊ ပြင်းထန်သော နတ်ဘုရားစွမ်းအားများသည် အချိန်မြစ်ထဲ၌ စီးဆင်းသက်ဝင်လျက် ရှိသည်။
အစွမ်းထက်သော ပုံရိပ်များစွာသည် အချိန်မြစ်အတွင်း အချင်းချင်း သတ်ဖြတ်နေကြပြီး၊ နှစ်ကာလများကို ပြောင်းပြန်လှန်ကာ ယင်နှင့်ယန်ကို ဖျက်ဆီးလို့ နေလေ၏။
***