အိုးရန်ပုကျန့်သည် ယနေ့တွင် အလွန် စိတ်ရွှင်လန်းနေ၏။
အကြောင်းမှာ စစ်ဆေးမှု စတင်ပြီဖြစ်၍ ဂူချန်ဟု အမည်ကျော်နေသောသူနှင့် ပြိုင်ပွဲတစ်ခုတည်းတွင် ယှဉ်ပြိုင်ခွင့် ရပြီဖြစ်သောကြောင့်ပင်။ ယခုအချိန်မတိုင်မီက ဆရာများ၊ နည်းပြများနှင့် ကျောင်းသားများအားလုံးက ဂူချန်သည် အလွန်အစွမ်းထက်ကြောင်း တစ်ဖွဖွ ပြောနေကြခြင်းမှာ ထိုသူတို့က သူ၏ အစစ်အမှန်ပါရမီကို မသိကြ၍သာ ဖြစ်သည်ဟု သူ ယူဆထားသည်။ ဒုတိယအဆင့် အထွတ် အထိပ်သာ ရှိသောသူကို ကြောက်လန့်နေကြခြင်းမှာ ရယ်ချင်စရာပင်။
သို့သော်လည်း ငယ်စဉ်ကတည်းက မရှုံးနိမ့်လိုသော စိတ်ဓာတ်ကြောင့် ဂူချန်အပေါ်တွင် ပြင်းထန်သော စူးစမ်းလိုစိတ်နှင့် တရားမျှတစွာ အနိုင်ယူလိုသော ဆန္ဒတို့က သူ့ထံတွင် ကိန်းအောင်းနေသည်။
' သူ့ခွန်အားနဲ့ဆိုရင် အခုလောက်ဆို ရမှတ်က ငါ့နောက် သိပ်မပြတ်လောက်ဘူး ထင်တယ်..."
အိုးရန်ပုကျန့်က စိတ်ထဲတွင် တွေးနေသည်။ သူကိုယ်တိုင်က ဒုတိယအဆင့် အထွတ်အထိပ်ဖြစ်ပြီး ရှေ့ဆုံးမှ ပြေးဝင်လာကာ သားရဲများစွာကို သတ်ဖြတ်ခဲ့ပြီး ဖြစ်သည်။ အလွန်ဆုံး အနေဖြင့် ဂူချန်၏ ရမှတ်မှာ သူ့ထက် အနည်းငယ်သာ ပိုကောင်းနိုင်သည်ဟု သူ ခန့်မှန်းထားသည်။ သို့သော် သူ အစွမ်းကုန် ထုတ်လိုက်လျှင် ဂူချန်သည် သူ့ကို ယှဉ်နိုင်မည် မဟုတ်တော့ပေ။
' အဆင့်ကို အရင်ကြည့်လိုက်ဦးမှပဲ..'
အိုးရန်ပုကျန့်က သူ၏ ညာဘက်လက်ကို မြှောက်ကာ လက်ပတ်နာရီကို တစ်ချက် ပုတ်လိုက်သည်။ အီလက်ထရွန်နစ် မျက်နှာပြင်လေး ပေါ်လာ၏။
' အင်း... တတိယနေရာက ဖန်းကျန့်..၃၉ မှတ်.. ပုံမှန်ပါပဲ..'
'ဒုတိယနေရာက.. ငါ.. ၄၆ မှတ်.. ဒါလည်း ပုံမှန်ပါပဲ..'
'ပထမနေရာက... သောက်ခွေး.. ဘယ်လောက်တောင်လဲဟ..'
အိုးရန်ပုကျန့် နေရာမှာတင် ကျောက်ရုပ်လို တောင့်ခဲသွား၏။ သူဆွံ့အသွားပြီး လက်ပတ်ပေါ်ရှိ ပထမနေရာမှ ဂဏန်းများကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိသည်။
ခု.. ဆယ်.. ရာ.. ထောင်..သောင်း..
ခုနစ်သောင်းကျော်..
ဂဏန်းများသည် အရူးအမူး တိုးတက်နေဆဲဖြစ်ပြီး ရှစ်သောင်းအထိ ရောက်တော့မည်။ သူ၏ ရမှတ်မှာ တစ်ဖက်လူ၏ အစွန်းထွက်လောက်ပင် မရှိ။ ဤသည်က ခိုးချနေခြင်း မဟုတ်တော့ဘဲ ပေါ်တင်ကူးချနေသည့်သဘောပင်။
' ငါတို့ ဖြေနေတာ စာမေးပွဲ တစ်ခုတည်း အတူတူမှ ဟုတ်ရဲ့လား.. '
ပထမအဆင့် သားရဲတစ်ကောင်မှ အမှတ်အနည်းငယ်သာ ရချိန်တွင် ၁၀ မိနစ်အတွင်း ရှစ်သောင်းနီးပါး ရရန်မှာ သားရဲပေါင်း ထောင်ချီ သတ်မှ ရမည်ဖြစ်သည်။
'ဒီ ဂူချန် ဆိုတဲ့ကောင် သေချာပေါက် ခိုးချနေတာပဲ..'
ဂူချန်၏ မိသားစုက စနစ်ထဲသို့ ဝင်ရောက်ကာ ဒေတာများ ပြုပြင်ခြင်း သို့မဟုတ် သားရဲတစ်ကောင် သတ်တိုင်း ပုံမှန်ထက် အဆပေါင်းများစွာသော အမှတ်များ ရယူခြင်းတို့ ဖြစ်ရမည်။ မဟုတ်လျှင် ၁၂ နာရီအတွင်း ရရန်ပင် ခက်ခဲသော အမှတ်ကို ၁၀ မိနစ်အတွင်း ရနိုင်စရာ အကြောင်းမရှိပေ။
"ချင်းဟယ် ဂူမိသားစုရဲ့ အရှိန်အဝါက ဒီလောက်တောင် ကြီးမားတာလား.. ပုံစံတူစစ်ဆေးမှုမှာတောင် ဒီလို ခိုးချရဲတယ်ပေါ့.."
အိုးရန်ပုကျန့်က ထိတ်လန့်သွားသလို တစ်ဖက်ကလည်း စိတ်အေးသွားသည်။ ခိုးချနေသည်ဟု သိလိုက်ရသဖြင့် ဂူချန်၏ တကယ့်အစွမ်းမှာ သိပ်မရှိဘဲ ဤနည်းလမ်းကိုသာ အားကိုးနေခြင်း ဖြစ်သည်ဟု သူက ကောက်ချက်ချလိုက်သည်။
"ဒါဆိုရင်တော့ သူက ငါနဲ့ ယှဉ်ဖို့တောင် အရည်အချင်း မရှိတော့ဘူး.. ခဏနေ ဆုံရင်တော့ ခိုးချရင် ဘာဖြစ်မလဲဆိုတာ သင်ခန်းစာပေးလိုက်ရမယ်..ဟင်းဟင်း."
အိုးရန်ပုကျန့်က တစ်ချက် ရယ်လိုက်ပြီး ခန္ဓာကိုယ်ထဲမှ သွေးချီများကို လှည့်ပတ်ကာ အတွင်းပိုင်းသို့ ဆက်ဝင်ရန် ပြင်လိုက်သည်။
ဗုန်း.. ဗုန်း ..ဗုန်း..
ရုတ်တရက် ကောင်းကင်ယံမှ နားကွဲမတတ် ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ အနက်ရောင် ဧရာမကြောင်ကြီး အကောင် ၂၀ ခန့်မှာ လေထဲတွင် တစစီ ပေါက်ကွဲသွားပြီး အသားစများနှင့် အရိုးစများမှာ မိုးရေလို မြေပြင်ပေါ်သို့ ကျဆင်းလာ၏။ ပြင်းထန်သော အပူလှိုင်းတစ်ခုက အိုးရန်ပုကျန့်၏ မျက်နှာပေါ်သို့ ရိုက်ခတ်လာသည်။
"ဘာဖြစ်တာလဲ.."
အိုးရန်ပုကျန့်က လန့်သွားပြီး နောက်သို့ မီတာ ၂၀ ခန့် ခုန်ဆုတ်လိုက်သည်။ ပျံနှံ့နေသော အသားစများကို ကြည့်ပြီး သူ အံ့သြနေမိသည်။ ပထမအဆင့် သားရဲ အကောင် ၂၀ ကျော်ကို တစ်ချက်တည်းနှင့် သတ်နိုင်ရန်မှာ အနည်းဆုံး ဒုတိယအဆင့် အထွက်အထိပ် ရှိရမည်ပင်။
ထိုအချိန်တွင် ကောင်းကင်မှ ပျံနှံ့နေသော အသားစများကြားမှ လူငယ်တစ်ယောက် ပြေးထွက်လာပြီး သူ့ဆီသို့ ဦးတည်လာသည်။
"ဒါ... ဂူချန် မဟုတ်လား.."
အိုးရန်ပုကျန့် အံ့သြသွားသလို ဝမ်းလည်း ဝမ်းသာသွားသည်။ နောက်ဆုံးတော့ ဂူချန်နှင့် ဆုံလေပြီ။ ဂူချန်၏ ထူးခြားသော မျက်နှာကို သူ မှတ်ထားသည်မှာ ကြာလှပြီဖြစ်သည်။
'ကောင်းပြီလေ... အခုတော့ တကယ့် ပြိုင်ပွဲကို စလိုက်ကြရအောင်..'
အိုးရန်ပုကျန့်က ဆုံးဖြတ်ချက်ချလိုက်ပြီး သူ့၏ ကိုယ်ဖော့သိုင်းကို သုံးကာ ဂူချန်ထံသို့ တည့်တည့် ပြေးဝင်သွားသည်။ ခန္ဓာကိုယ်ထဲမှ သွေးချီများက မီးတောင်ပေါက်ကွဲသလို ထွက်ပေါ်လာပြီး အနက်ရောင် စွမ်းအင်များ ဝန်းရံလျက် သရဲတစ်ကောင်လို ပျံတက်သွားသည်။
သူသည် အစကတည်းက အားကုန်သုံးပြီး သူ့၏ A အဆင့် သိုင်းပါရမီဖြစ်သော လေလွင့်တစ္ဆေ ကို အစွမ်းကုန် အသုံးချလိုက်သည်။ ဤသည်က သိုင်းပညာရှင်၏ အရှိန်နှင့် လျင်မြန်မှုကို အဆမတန် မြင့်တင်ပေးသဖြင့် သရဲတစ်ကောင်လို တိုက်ပွဲထဲတွင် ကူးခတ်နိုင်၏။ အရှိန်အဟုန်ပြင်းပြင်းနှင့် ထိုးနှက်လိုက်သော ဤလက်သီးချက်သည် သူ့ဘဝတွင် အားအပါဆုံး ဖြစ်လာလိမ့်မည်။
ဝှစ်..စှစ်....
လေထုကို ဖြတ်သန်းသွားသော လေတိုးသံများနှင့်အတူ အိုးရန်ပုကျန့်သည် ရှေ့မှလာနေသော အနက်ရောင်ဝတ်စုံနှင့် လူငယ်ဆီသို့ အရှိန်နှင့် ဝင်တိုက်လိုက်သည်။
ဗုန်း...
ပြင်းထန်သော အားလှိုင်းများသည် အနက်ရောင်ဝတ်စုံနှင့် လူငယ်၏ ဘေးမှ လိမ္မော်ရောင် စွမ်းအင်များနှင့် ထိမိပြီး ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ပတ်ဝန်းကျင်မှ ဖုန်မှုန့်များနှင့် အမှိုက်များမှာ လေပွေထဲတွင် လွင့်တက်လာသဖြင့် ပရမ်းပတာ ဖြစ်ကုန်သည်။
သို့သော်လည်း...
ဤပြင်းထန်သော တိုက်ခိုက်မှုက အနက်ရောင်ဝတ်စုံနှင့် လူငယ်၏ ရှေ့ဆက်သွားနေသော အရှိန်ကို အနည်းငယ်မျှပင် မတားဆီးနိုင်ခဲ့ပေ။ ဝင်တိုက်လိုက်သော အခိုက်အတန့်မှာပင် အိုးရန်ပုကျန့်သည် ကြောက်စရာကောင်းသော အားအင်ကြီးတစ်ခုက သူ့တစ်ကိုယ်လုံးကို ဝါးမြိုသွားသလို ခံစားလိုက်ရသည်။ မျက်နှာဆီသို့ တိုးဝင်လာသော အပူရှိန်က သူ့ကို အရည်ပျော်သွားစေမတတ် ပြင်းထန်လွန်းလှသည်။
"သူက ဒုတိယအဆင့် မဟုတ်ဘူးလား.."
အိုရန်ပုကျန့်၏ မျက်လုံးများက မယုံနိုင်လွန်းသဖြင့် နီရဲလာသည်။
' ဒါ စစ်မှန်သော ချီ.. '
' သူ တကယ်ပဲ တတိယအဆင့် စစ်မှန်သောသိုင်းအဆင့်ကို ရောက်နေတာလား.. '
ဝင်တိုက်မိပြီး စက္ကန့်ပိုင်းအတွင်းမှာပင် အိုးရန်ပုကျန့်၏ ဘေးမှ အနက်ရောင် စွမ်းအင်များသည် အလွယ်တကူ ဆုတ်ဖြဲခံလိုက်ရပြီး လိမ္မော်ရောင် စွမ်းအင်စီးကြောင်းကြီးက သူ့ခန္ဓာကိုယ်ကို ဆောင့်တိုက်လိုက်သည်။ သူ ဘာမှ ပြန်မလုပ်နိုင်ခင်မှာပင် ထိုဧရာမ အားအင်ကြီးကြောင့် အမြောက်ဆန်တစ်ခုလို လွင့်ထွက်သွားတော့သည်။
သူ၏ အစွမ်းကုန် တိုက်ကွက်က တစ်ဖက်လူကို တစ်ခဏမျှပင် မတားနိုင်ခဲ့ပေ။ အိုးရန်ပုကျန့်က ပြန်ရုန်းကန်ချင်သော်လည်း သူ့၏ အားအင်က တစ်ဖက်လူနှင့်ယှဉ်လျှင် သစ်ပင်ကို ပုရွက်ဆိတ်က လှုပ်ခါရန် ကြိုးစားနေသလိုပင် အသုံးမကျ ဖြစ်နေသည်။ သူလုပ်နိုင်သည်မှာ လေထဲတွင် လွင့်နေရင်း စိတ်ပျက်လက်ပျက် ငေးကြည့်နေရန်သာ ရှိတော့သည်။
အဆောက်အအုံ ၁၀ လုံးကျော်ကို ဆက်တိုက် ဖြတ်သန်း လွင့်ထွက်သွားပြီးနောက် မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ကျဆင်းသွားတော့သည်။
အိုးရန်ပုကျန့်သည် မြေကြီးထဲသို့ ကျွံဝင်သွားပြီး မီတာအနည်းငယ်အတွင်းရှိ ကွန်ကရစ်မြေပြင်များက အပိုင်းပိုင်းကွဲကာ သူ့ကို ဖုံးအုပ်သွားသည်။ သတိမလစ်ခင် နောက်ဆုံးအချိန်တွင် သူသည် ပြိုကျနေသော အုတ်ပုံများကြားမှ လက်တစ်ဖက်ကို အားယူထုတ်လိုက်ကာ လက်ချောင်းများဖြင့် မြေကြီးကို ကုပ်ခြစ်ရင်း ဝမ်းနည်းပူဆွေးစွာ ညည်းညူလိုက်သည်။
"အိုးရန်ရှိနေမှတော့... ဂူချန် ဘာလို့ ပေါ်လာရသလဲ.."
သူ သတိလစ်မသွားခင်အထိ သူ အားခဲထားရသော ပြိုင်ဘက်က သူ့ကို တစ်ချက်မျှပင် လှည့်မကြည့်သွားပေ။ တကယ်တော့ သူကသာ အတင်းဝင်တိုက်သဖြင့် တိုက်မိသွားခြင်းဖြစ်ပြီး ဂူချန်က သူ့အား ရှိသည်ဟုပင် အဖက်လုပ်မသွားပေ ။
***