ဝူတန်မြို့ပြင်ရှိ မြေအောက်စောင့်ကြည့်ရေးခန်းမအတွင်း...
ထူးခြားသောအရှိန်အဝါရှိသည့် လူတစ်စုသည် မျက်နှာပြင်ပေါ်ရှိ မြင်ကွင်းကို အလွန်အာရုံစိုက်ကာ ကြည့်နေကြသည်။ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ဆွေးနွေးသံများ ထွက်ပေါ်လာတော့သည်။
"ဒီ ဂူချန် ဆိုတဲ့ကောင်က နတ်ဆိုးကျနေတာပဲ.. တတိယအဆင့် သားရဲတွေကိုတောင် အသီးအရွက်လှီးသလို အပိုင်းပိုင်းဖြတ်နေတာ.. စတာ သိပ်မကြာသေးဘူး.. မြို့ထဲက တတိယအဆင့် သားရဲတွေ အကုန်ကုန်သလောက် ဖြစ်နေပြီ.."
" နတ်ဆိုးဆိုတာထက်ကို ပိုတယ်ဟ.. သူ့ရဲ့ လက်ရှိရမှတ်ကို ကြည့်ဦး.. သုံးသိန်းကျော်နေပြီ.. မြို့ထဲမှာ သားရဲတွေသာ ဒီထက်များမယ်ဆိုရင် သူ ငါးသိန်းလောက်အထိတောင် ရသွားနိုင်တယ်.."
"ဒီထက် ပိုမှန်းကြည့်စမ်းပါ... တစ်သန်းတောင် ရနိုင်တယ်.."
"ငါတို့ ကျန်းနန်ပြည်နယ်မှာ ဒီလောက်တော်တဲ့ ပါရမီရှင်မျိုး မပေါ်တာ ဘယ်လောက်တောင် ကြာပြီလဲ..သူက သူ့အဖေထက်တောင် ပိုပြီး အံ့သြဖို့ကောင်းနေပြီ.."
လူတိုင်း၏ မျက်နှာတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေပြီး ချီးကျူးသံများ ဆက်တိုက် ထွက်ပေါ်နေသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက သမိုင်းဝင်စံချိန်ကို တင်ခဲ့သူမှာ ဂူချန်၏ဖခင် ဂူဝူချန်း ဖြစ်ကြောင်း သူတို့ မှတ်မိနေကြသေး၏။ သို့သော် ယခုတစ်ကြိမ်တွင်မူ ထိုစံချိန်ကို ချိုးဖျက်သူမှာ သူ၏သား ဖြစ်လာလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ပေ။
ဖခင်ဖြစ်သူ ၁၂ နာရီကြာအောင် တည်ဆောက်ခဲ့ရသည့် စံချိန်ကို မိနစ်ပိုင်းအတွင်း အပိုင်းပိုင်းဖြစ်အောင် ချိုးဖျက်လိုက်ခြင်းပင်။ သူ၏ ရမှတ်မှာလည်း ယခင်စံချိန်ကို အများကြီး ကျော်လွန်သွားပြီး ဝူတန်မြို့၏ အလယ်ဗဟိုဇုန်နှင့် အတွင်းပိုင်းရှိ သားရဲအားလုံးကို သုတ်သင်ပစ်တော့မည့် အခြေအနေတွင် ရှိနေသည်။
ဤသည်က ကြောက်စရာကောင်းလှ၏။ သူ၏ ပြဿနာရှာတတ်သော စရိုက်ကို ခဏဘေးဖယ်ထားလျှင် သူ၏ ပါရမီမှာ နတ်ဘုရားအဆင့်ဟုပင် ခေါ်ဆိုနိုင်သည်။
"ဒါပေမဲ့ သူ့စရိုက်က ဖြေရှင်းလို့မရတဲ့ ပြဿနာတော့ မဟုတ်ပါဘူး.. နောင်မှာ သေချာ လမ်းညွှန်ပေးပြီး မေတ္တာတရားထားတက်အောင်.. သံယောဇဉ်တွေနဲ့ ပြုပြင်ပေးရင် သူ နောင်တရပြီး လမ်းမှန်ပေါ် ပြန်ရောက်လာမှာပါ.."
တစ်ဦးက မှတ်ချက်ပေးသည်။
"ဥက္ကဋ္ဌ... အခု ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲ.."
စောင့်ကြည့်ရေးအဖွဲ့ဝင်က မျက်နှာပြင်ပေါ်မှ ဂူချန်၏ တည်နေရာနှင့် သူ့ဘေးတွင် လင်းလက်နေသော အစိမ်းရောင်အစက်လေးများကို ညွှန်ပြကာ မေးလိုက်သည်။ အခု ဂူချန်မှာ သတ်စရာ သားရဲ မရှိတော့သဖြင့် အကြမ်းဖက်ရောဂါ ထနေသလိုမျိုး အဆောက်အအုံများကို ဖျက်ဆီးပြီး ဘေးနားရှိ ကျောင်းသားများကို လိုက်လံ တိုက်ခိုက်နေလေ၏။
သားရဲများထက်ပင် ပို၍ သားရဲဆန်နေသည်။ ထို့ပြင် သူက စည်းကမ်းကို ရှောင်ရှားရန်အတွက် ကျောင်းသားများကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် မလုပ်ဘဲ အရှက်ရအောင်သာ နှိပ်စက်နေခြင်း ဖြစ်သည်။ ထို့ကြောင့် တာဝန်ရှိသူများမှာ ဂူချန်ကို ဘာမှလုပ်၍မရဘဲ မြို့ထဲတွင် သောင်းကျန်းနေသည်ကို ကြည့်နေရုံသာ တတ်နိုင်တော့သည်။
"..."
ဆုန့်ကျန်း၏ မျက်နှာမှာ မည်းမှောင်နေပေသည်။ ဤကောင်စုတ်လေးမှာ စောင့်ကြည့်ရေးကောင်စီ၏ ဒုတိယဥက္ကဋ္ဌဖြစ်သော သူ့ကို လုံးဝ အလေးမထားကြောင်း တွေးကာ စိတ်ထဲမှ ကျိန်ဆဲနေမိသည်။ စစ်ဆေးမှု မတိုင်မီက ပေါ်တင် သတိပေးထားပါသော်လည်း ယခုမူ အခြားကျောင်းသားများကို ပေါ်တင် တိုက်ခိုက်နေလေ၏။
' ဒီကောင် ဥပဒေ မဲ့လွန်းနေပြီ..ဒီ စစ်ဆေးမှုကနေ ထုတ်ပယ်ရမယ်.. ပြီးမှ နစ်နာကြေး တစ်ခုခုပေးပြီ ဖြေရှင်းတော့မယ်.. '
ဆုန့်ကျန်းက ဂူချန်ကို ထုတ်ပယ်ရန် အမိန့်ပေးတော့မည့်အချိန်တွင် အဖြူရောင် ဝတ်စုံနှင့် လူတစ်ယောက် အခန်းထဲသို့ ရုတ်တရက် ပေါ်လာသည်။
ထိုသူက ဆုန့်ကျန်း၏ ပုခုံးကို ပုတ်လိုက်ကာ အိုမင်းသော်လည်း ခွန်အားပါသော အသံဖြင့် မေးလိုက်သည်။
"ဒီကလေး နာမည်က ဂူချန် တဲ့လား.."
ဆုန့်ကျန်းမှာ ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် ထိတ်လန့်သွားပြီး ရှောင်တိမ်းရန် ကြိုးစားသော်လည်း သူ၏ ခန္ဓာကိုယ်မှာ လှုပ်ရှား၍ မရကြောင်း သိလိုက်ရ၏။
'ဒါ ဘာကောင်လဲ... ဘယ်လို ခွန်အားမျိုးလဲ..'
သူ၏ စိတ်ထဲတွင် ထိတ်လန့်မှုများ ဖြစ်ပေါ်လာပြီး ပုခုံးကို ကိုင်ထားသောသူကို လှည့်ကြည့်လိုက်သည်။ သူ မြင်လိုက်ရသည်မှာ စုတ်ပြတ်နေသော အဝတ်အစားများနှင့် ရှုပ်ပွနေသော မုတ်ဆိတ်မွေးများ ရှိသည့် အဘိုးအိုတစ်ဦး ဖြစ်သည်။ ထိုသူ၏ ခန္ဓာကိုယ်မှ မည်သည့်စွမ်းအင်မျှ ထွက်ပေါ်မနေသော်လည်း အခန်းထဲရှိ လူတိုင်းမှာ ဖော်ပြ၍မရသော ထိတ်လန့်မှုကို ခံစားနေရသည်။
ဆုန့်ကျန်းက သေချာကြည့်လိုက်ပြီးနောက် မျက်လုံးများ ပြူးသွားကာ အထိတ်တလန့် အော်လိုက်မိသည်။
"အကြီးအကဲလင်း... အဘိုး ဘာလို့ ဒီကို ရောက်နေတာလဲ.."
အခန်းထဲရှိ လူတိုင်းမှာလည်း အဘိုးအိုကို လှည့်ကြည့်ကာ ဥက္ကဋ္ဌဆုန့် ဘာကြောင့် ဤမျှ အံ့သြနေရသလဲဟု တွေးနေကြသည်။ ဤအဘိုးအိုမှာ အရှိန်အဝါကြီးသော ပုဂ္ဂိုလ်တစ်ဦးဖြစ်နေမည်လော။
သို့သော် အကြီးအကဲလင်းက ပြန်မဖြေ။ သူ၏ နီရဲနေသော မျက်လုံးများက မျက်နှာပြင်ကို စိုက်ကြည့်ရင်း ထပ်မေးလိုက်သည်။
"ဒီကလေး နာမည်က ဂူချန် လား.."
"ဟုတ်... ဟုတ်ပါတယ်.. သူ့နာမည်က ဂူချန်ပါ.. တကယ့် ပါရမီရှင်ပါ..ဒီလောက် ငယ်ငယ်လေးနဲ့ တတိယအဆင့်ကို ရောက်နေပြီ.."
ဆုန့်ကျန်းက အလျင်အမြန် ပြန်ဖြေလိုက်သည်။ တစ်ချိန်တည်းမှာပင် တစ်ယောက်ယောက်ကို ထိုင်ခုံယူလာရန် ညွှန်ကြားလိုက်ပြီး ရိုသေစွာ မေးလိုက်သည်။
"အကြီးအကဲလင်းက ဒီကလေးအတွက်နဲ့ ဒီအထိ ကြွလာတာလား..ဒီကလေးက တော်တယ်ဆိုပေမဲ့ အဘိုးကိုယ်တိုင် လာရလောက်အောင်အထိ အရေးကြီးလို့လား.."
အသက် ၁၈ နှစ်နှင့် တတိယအဆင့် သိုင်းပညာရှင်၊ တိုက်ခိုက်ရေးစွမ်းရည်မှာလည်း ပြိုင်ဘက်ကင်း...ဤသည်က လူတိုင်းကို တုန်လှုပ်စေနိုင်သည့် ပါရမီမျိုး ဖြစ်သော်လည်း အကြီးအကဲလင်း ဟူသည်က သာမန်လူမဟုတ်ချေ ။
တောင်ပိုင်းမဟာမိတ်အဖွဲ့၏ အရေးပါသော ပုဂ္ဂိုလ်၊ စောင့်ကြည့်ရေးကောင်စီတွင်လည်း ရာထူးကြီးသူ ဖြစ်သလို တောင်ပိုင်းမဟာမိတ်၏ အမြင့်ဆုံးတက္ကသိုလ်ဖြစ်သော တောင်ဘက်ကောင်းကင်တံခါးတက္ကသိုလ် ၏ ပါမောက္ခလည်း ဖြစ်သည်။ သူ၏ အဆင့်အတန်းမှာ ကြောက်စရာကောင်းလောက်အောင် မြင့်မားလှသည်။ သူမြင်ဖူးခဲ့သည့် ပါရမီရှင်များမှာ ရေတွက်၍ပင် ရမည်မဟုတ်ချေ။ အသက် ၁၈ နှစ်နှင့် တတိယအဆင့် ရောက်ခြင်းမှာ ဤနေရာတွင် ရှားပါးသော်လည်း သူ၏မျက်စိထဲတွင်တော့ သာမန်ကိစ္စတစ်ခုသာ ဖြစ်ပေလိမ့်မည်။
ဆုန့်ကျန်းကိုယ်တိုင်ပင် အကြီးအကဲလင်းကို လွန်ခဲ့သော တစ်နှစ်က ကျင်းပခဲ့သည့် အစည်းအဝေးကြီးတစ်ခုတွင် အဝေးမှ တစ်ခါသာ မြင်ဖူးခြင်း ဖြစ်သည်။
"သူက တကယ်ပဲ ထိုက်တန်ပါတယ်.."
အကြီးအကဲလင်း၏ မျက်နှာမှာ တည်ကြည်နေပြီး သူ၏ လေသံမှာ ယုံကြည်မှု အပြည့်ဖြင့်ပင် ။
"သူ့ရဲ့ ပါရမီက လင်းပေ့ နဲ့ ယှဉ်ရင်တောင် နိမ့်ကျမနေဘူး..."
"လင်းပေ့ ထက် မနိမ့်ဘူး ဟုတ်လား.."
ထိုစကားကို ကြားလိုက်ရချိန်တွင် အခန်းထဲရှိ လူတိုင်း၏ မျက်နှာများ ပြောင်းလဲသွားသည်။
လင်းပေ့ ..SSS အဆင့် သိုင်းပါရမီရှိပြီး တောင်ပိုင်းမဟာမိတ်၏ အလင်းရောင်ဟု တင်စားခံရသူ။ သူ၏ ပါရမီ နိုးထလာသောနေ့တွင် ကောင်းကင်ယံ၌ မိုးခြိမ်းသံများ ဆူညံသွားပြီး ခရမ်းရောင် လျှပ်စီးများ မြေပြင်သို့ ကျရောက်ခဲ့ကာ သိုင်းအထက်တန်းကျောင်းရှိ လူအများအပြား သေကျေဒဏ်ရာရခဲ့သည်။
ဤကလေးက တကယ်ပဲ ထိုပါရမီရှင်နှင့် ရင်ဘောင်တန်းနိုင်သည်လော။ ထိုသို့ဆိုလျှင် သူသည်လည်း SSS အဆင့် ပါရမီရှိသူ ဖြစ်ရပေမည်။
မနေ့က ဖြစ်ပွားခဲ့သော ငလျင်နှင့် ကောင်းကင်ယံတွင် ရုတ်တရက် ပေါ်လာသော ဧရာမ မျက်လုံးကြီးကို အားလုံး ပြန်သတိရလိုက်ကြသည် ။ မနေ့က ဖြစ်ရပ်မှာ ဂူချန်၏ SSS အဆင့် ပါရမီ နိုးထလာခြင်းကြောင့် ဖြစ်ပေါ်လာသော နိမိတ်လက္ခဏာ ဖြစ်မှန်း သိလိုက်ကြ၏။
' မထူးဆန်းတော့ဘူး... မထူးဆန်းတော့ဘူး...'
အခန်းထဲရှိ လူတိုင်း၏ စိတ်ထဲတွင် ငလျင်တစ်ခု လှုပ်ခတ်သွားသလို ခံစားလိုက်ရပြီး သူတို့၏ စိတ်များကို အချိန်အတော်ကြာအောင် တည်ငြိမ်အောင် မလုပ်နိုင်ကြတော့ပေ။ ဆယ်စုနှစ်ပေါင်းများစွာမှ တစ်ယောက်သာ ပေါ်ပေါက်တတ်သော SSS အဆင့် ပါရမီရှင်မှာ ဤနှစ်တွင် နှစ်ယောက်တောင် ပေါ်လာခဲ့လေပြီ။
အကြီးအကဲလင်းက ဆုန့်ကျန်း၏ ပုခုံးပေါ်မှ လက်ကို ဖယ်လိုက်ပြီး အားလုံး၏ တုံ့ပြန်မှုကို ဂရုမစိုက်ဘဲ အမိန့်ပေးလိုက်သည်။
"စတုတ္ထအဆင့် သားရဲ တစ်ကောင်ကို အလယ်ဗဟိုဇုန် ထဲကို လွှတ်လိုက်..ပြီးတော့ လက်ပတ်တွေကနေတစ်ဆင့် ကြေညာချက် ထုတ်လိုက်.. ဂူချန် အဲဒီကို လာအောင် ဆွဲဆောင်လိုက်ပါ.."
"ငါ ဒီကလေးရဲ့ အစွမ်းဘယ်လောက်ရှိလဲဆိုတာ ကြည့်ချင်တယ်.."
"စတုတ္ထအဆင့် သားရဲ လား.."
ဆုန့်ကျန်းမှာ အံ့သြသွားသလို စိုးရိမ်၍လည်း သွားသည်။ သူက တုံ့ဆိုင်းစွာဖြင့် ...
"အကြီးအကဲလင်း... စတုတ္ထအဆင့် သားရဲတွေက နတ်ဘုရားစွမ်းရည်တွေ နိုးထနေပြီလေ.. တတိယအဆင့် သားရဲတွေနဲ့ယှဉ်ရင် ခွန်အားက အများကြီး သာနေတာ.. ဒါက နည်းနည်းတော့..."
"ငါပြောတဲ့အတိုင်း လုပ်စမ်းပါ.."
အကြီးအကဲလင်း၏ မျက်နှာမှာ အေးဆေးတည်ငြိမ်နေသော်လည်း သူ၏ စကားလုံးတိုင်းမှာ ခွန်အားကြီးသူတစ်ဦး၏ ယုံကြည်မှုများ ပြည့်နှက်နေသည်။
"ငါ ဒီမှာ ရှိနေသရွေ့ ဘာမတော်တဆမှုမှ မဖြစ်စေရဘူး.."
"ဟုတ်ကဲ့ပါ.."
အကြီးအကဲလင်းက ပြတ်ပြတ်သားသား ပြောနေသဖြင့် ဆုန့်ကျန်းလည်း မငြင်းရဲတော့ဘဲ ချက်ချင်း ဖုန်းဆက်လိုက်သည်။
"ဥက္ကဋ္ဌ... ဘာများ အမိန့်ရှိပါသလဲ.."
"ပြင်ဆင်ထားတဲ့ စတုတ္ထအဆင့် ကျောက်ချပ်ဝတ်ဝက်ဝံ ကို ဝူတန်မြို့ရဲ့ အလယ်ဗဟိုဇုန်ထဲကို လွှတ်လိုက်.. ပြီးတော့ လက်ပတ်တွေကနေ သတိပေးချက် ထုတ်လိုက်ပါ.."
ဖုန်းချပြီးနောက် ဆုန့်ကျန်းက အကြီးအကဲလင်းကို အစီရင်ခံရန် လှည့်ကြည့်လိုက်သော်လည်း ထိုနေရာတွင် မည်သူမျှ မရှိတော့ပေ။ အကြီးအကဲလင်း၏ သွားလာမှုမှာ တကယ့်ကို တစ္ဆေတစ်ကောင်လိုပင်။
မကြာမီမှာပင် ဝူတန်မြို့အတွင်းရှိ ကျောင်းသားအားလုံး၏ လက်ပတ်နာရီများမှ စူးရှသော အချက်ပေးသံများ ထွက်ပေါ်လာတော့သည်။ သူတို့၏ မျက်နှာပြင်ပေါ်တွင် အနီရောင် စာသားကြီးများဖြင့် သတိပေးချက် ပေါ်လာသည်။
[သတိပေးချက်..စတုတ္ထအဆင့် သားရဲတစ်ကောင်ကို အလယ်ဗဟိုဇုန်တွင်လွှတ်လိုက်ပြီ..]
[သတိပေးချက်.. စတုတ္ထအဆင့် သားရဲတစ်ကောင်ကို အလယ်ဗဟိုဇုန်တွင် လွှတ်လိုက်ပြီ..]
***