ဗုန်း...
ပုံရိပ်နှစ်ခုသည် နံရံနှင့် အရှိန်ပြင်းပြင်း ရိုက်မိသွား၏။ ပြင်းထန်သော အားကြောင့် နံရံတစ်ခုလုံး ပြိုကျသွားရုံသာမက အဆောက်အအုံတစ်ခုလုံးပါ တုန်ခါသွားလေသည်။
ဘုတ်..ဘုတ်..
ထိုပုံရိပ်နှစ်ခုသည် နံရံမှတစ်ဆင့် ဖုန်တောထဲသို့ ပြုတ်ကျလာပြီး သွေးများ အန်ထုတ်လိုက်ကြသည်။
"အဟွတ်... ဟွတ်... ကျုံး... ကျဲ့..."
ထိုသူနှစ်ဦးထဲမှ မိန်းကလေးမှာ မျက်နှာကို မြေကြီးနှင့်အပ်လျက် နာကျင်စွာဖြင့် တစ်ကိုယ်လုံး တုန်ရီနေသည်။ သူမ၏ ဝမ်းဗိုက်မှ သွေးများ ဆက်တိုက် ထွက်နေပြီး လှုပ်ပင်မလှုပ်နိုင်တော့ပေ။
"ရော့ရှီး..."
ကျုံးကျဲ့ဟု ခေါ်သော ကောင်လေးမှာမူ လှုပ်ရှားနိုင်သေးသည်။ မိန်းကလေး၏ နာကျင်နေသော အခြေအနေကို မြင်လိုက်ရချိန်တွင် သူက ချက်ချင်းပင် လေးဘက်ထောက်ကာ သူမရှိရာသို့ အလောတကြီး သွားလိုက်သည်။ မိန်းကလေးကို ပွေ့ချီကာ ဆေးလုံးတစ်လုံး တိုက်ကျွေးလိုက်ပြီးနောက် သူ့ရင်ခွင်ထဲတွင် တင်းကျပ်စွာ ပွေ့ဖက်ထားရင်း ဝမ်းနည်းစွာ သူမ၏အမည်ကို တိုးတိုးလေး ခေါ်နေမိ၏။
"ရော့ရှီး..ရော့ရှီး... ငါ ဒီမှာရှိတယ်.. ငါ ရှိတယ်.."
ကျုံးကျဲ့သည် ငိုကြွေးနေပြီး ဖုန်များပေနေသော သူ့မျက်နှာမှာ မျက်ရည်များဖြင့် စိုရွှဲနေသဖြင့် ကြည့်ရသည်မှာ အတော်လေး သနားစရာကောင်းလှသည်။ သူက ခေါင်းကို ဆတ်ခနဲ လှည့်လိုက်ပြီး ဘေးနားတွင် အေးအေးလူလူ လျှောက်လာနေသော အနက်ရောင်ဝတ်စုံနှင့် လူငယ်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
သူက နှလုံးသားနာကျင်မှုကြောင့်ဒေါသတကြီး မျက်လုံးပြူးကျယ်စွာဖြင့် ...
"ဂူချန် မင်း ဒီလိုမျိုး စည်းကမ်းတွေကို ပေါ်တင်ကြီး ချိုးဖောက်နေတာ... စောင့်ကြည့်ရေးကောင်စီက မင်းကို အရေးယူမှာကို မကြောက်ဘူးလား.."
ထိုစကားကို ကြားလျှင် ဂူချန်က မထီမဲ့မြင် ပြုံးလိုက်ပြီး ..
"မင်းက ဘာကောင်မို့လို့လဲ.. မင်းအတွက်နဲ့ စောင့်ကြည့်ရေးကောင်စီက ငါ့ကို ဘာလို့ အရေးယူရမှာလဲ.. ငါ အခု မင်းကို သတ်လိုက်ရင်တောင် အများဆုံး ဒဏ်ငွေပဲ ဆောင်ရမှာ.."
[အိမ်ရှင်သည် စံနမူနာပြအနေဖြင့် အတန်းဖော်များကို လူ့ပတ်ဝန်းကျင်၏ အန္တရာယ်များအကြောင်း နားလည်အောင် တက်ကြွစွာ ကူညီပေးနေသည်ကို တွေ့ရှိရသည်။ စေတနာတန်ဖိုး +၅၀]
"တောက်.."
ကျုံးကျဲ့သည် တောက်ခေါက်လိုက်ပြီး သွေးစွန်းနေသော သွားများကို တင်းတင်းကြိတ်လိုက်၏။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးချီများမှာ ထိန်းမရအောင် ဆူပွက်လာပြီး စိတ်ထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။ အကယ်၍ သူသာ ဂူချန်ကို ယှဉ်နိုင်ခဲ့လျှင် ထိုလူယုတ်မာကို အပိုင်းပိုင်း အစစဖြစ်အောင် ခုတ်ထစ်ပစ်မိမည်မှာ သေချာသည်။
သူက နာကျင်ဟန်ဖြင့် မေးလိုက်သည်။
"မင်း ငါ့ကို ဘာလို့ ဒီလိုလုပ်ရတာလဲ.. ငါတို့ကို ဒီလို နှိပ်စက်ရတာ မင်းအတွက် ဘာအကျိုးရှိလို့လဲ.. မင်းလို မိသားစုကြီးက သခင်လေးတစ်ယောက်က ငါတို့လို သာမန်လူတွေကို ဘာလို့ ဒီလောက်အထိ ညှဉ်းပန်းနေရတာလဲ.."
ဂူချန်သည် မထီမဲ့မြင် ကြည့်ကာလျှောက်လာသည်။ လေထဲတွင် လွင့်နေသော အနက်ရောင်ဝတ်စုံနှင့်အတူ သူက အသာအယာ ပြုံးလိုက်ပြီး...
"ပျော်လို့လေ..."
[အိမ်ရှင်သည် စံနမူနာပြဖြစ်အောင် ပြုမူပြီး အတန်းဖော်တစ်ဦးအား လူ့ပတ်ဝန်းကျင်၏ အန္တရာယ်နှင့် အာဏာစက်၏ အစွမ်းကို ပိုမိုနက်ရှိုင်းစွာ နားလည်စေရန် ကူညီပေးလိုက်သည်။ စေတနာတန်ဖိုး +၁၀၀]
"ပျော်... ပျော်လို့ ဟုတ်လား.."
ကျုံးကျဲ့ ဆွံ့အသွားသည်။ အခြားသူများကို စိတ်တိုင်းကျ နှိမ်စက်ပြီး သူတို့၏ ဘဝနှင့် ဂုဏ်သိက္ခာကို မြေစာပင်ဖြစ်အောင် နင်းခြေနေခြင်းမှာ ပျော်လို့ ဆိုသည့် အကြောင်းပြချက် တစ်ခုတည်းကြောင့်ပင်လော။ ဤမျှလောက်အထိ ယုတ်မာရက်စက်ပြီး အရှက်မရှိသည့် လူယုတ်မာမျိုး ဤကမ္ဘာပေါ်မှာ ရှိလိမ့်မည်ဟု သူ တစ်ခါမှ မတွေးဖူးခဲ့ပေ။
'ငါ အခုထိ သေလို့မဖြစ်သေးဘူး..ရော့ရှီး ရှိနေသေးတယ်.. ငါ သူ့ကို ကယ်ရမယ်..'
ကျုံးကျဲ့သည် လက်သီးကို တင်းတင်းဆုပ်ကာ ဂူချန်ကို ဆက်မပြောတော့ဘဲ ရင်ခွင်ထဲရှိ မိန်းကလေးကို ငုံ့ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲမှ ဒေါသများမှာ တစ်ခဏအတွင်း နူးညံ့မှုအဖြစ် ပြောင်းလဲသွားသည်။
သူသည် ငယ်စဉ်ကတည်းက မိဘမဲ့တစ်ဦး ဖြစ်ခဲ့ပြီး ကျောင်းတွင်လည်း အမြဲတမ်း အနိုင်ကျင့်ခံခဲ့ရ၏။ ထိုစဉ်က ကမ္ဘာကြီးမှာ မှောင်မိုက်နေပြီး ဘဝမှာ မျှော်လင့်ချက် မရှိတော့ဟု သူ ခံစားခဲ့ရသည်။ သို့သော် ရော့ရှီးနှင့် တွေ့ဆုံချိန်တွင်တော့ သူမသည် သူ၏ မှောင်မိုက်သော ဘဝထဲသို့ ရောက်လာသည့် အလင်းရောင်လေးတစ်ခု ဖြစ်လာခဲ့သည်။
ထိုအချိန်မှစ၍ ကျုံးကျဲ့သည် မည်သည့်အရာကိုမဆို ပေးဆပ်ပြီး သူမကို ကာကွယ်မည်ဟု ဆုံးဖြတ်ခဲ့သည်။ မိမိအသက်ကို ပေးရလျှင်ပင်။ သူ ချစ်ရသော မိန်းကလေးကို ကြည့်ရင်း ကျုံးကျဲ့သည် ခက်ခဲစွာ ထရပ်လိုက်ပြီး ဝမ်းနည်းကြေကွဲနေသော အသံဖြင့် ပြောလိုက်သည်။
"အကယ်၍... ငါတို့ ဒီကနေ အသက်ရှင်လျက် ထွက်သွားနိုင်ခဲ့ရင်... တောင်တန်းတွေနဲ့ မြစ်ပြင်တွေကြား... ငါနဲ့အတူ လိုက်ကြည့်ပေးနိုင်မလား.."
မိန်းကလေးမှာ မျက်လုံးများကို မှိတ်ထားပြီး နာကျင်နေသော်လည်း ကျုံးကျဲ့ကိုသာ အားကိုးတကြီး ဖက်ထားသည်။ ကျုံးကျဲ့၏ ရင်ခွင်ထဲတွင်မှ သူမ နွေးထွေးမှုကို ခံစားရပုံပေါ်၏။ သူမ ထံမှ အဖြေထွက်မလာသော်လည်း ထိုတိတ်ဆိတ်မှုကပင် အဖြေဖြစ်နေသည်။
"အားးးးး.."
ကျုံးကျဲ့ ရုတ်တရက် အားကုန် ဟိန်းဟောက်လိုက်သည်။ ချက်ချင်းပင် ပြင်းထန်သော အပူရှိန်တစ်ခု ထွက်ပေါ်လာသည်။ သူ၏ အရိုးများမှာ တဖျစ်ဖျစ်နှင့် မြည်လာပြီး ၁.၇ မီတာခန့်ရှိသော သူ၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း ကြီးထွားလာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ၂ မီတာကျော်အထိ မြင့်မားသွားပြီး ကြွက်သားများမှာလည်း ဖောင်းကားလာကာ အရေပြားပေါ်တွင် သွေးကြောများမှာ ချော်ရည်များအလား နီရဲလာသည်။
"အိုး... ခွန်အားတွေ ချက်ချင်းတိုးတက်လာတာလား.."
ဂူချန်၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများ ပေါ်လာသည်။ အခက်အခဲနှင့် ကြုံချိန်တွင် အားအင်များ ပေါက်ကွဲထွက်လာသည်ကို မြင်ရသည်မှာ သူ အနှစ်သက်ဆုံးပင်။ သို့သော် ဂူချန်က တစ်ဖက်လူ ပြန်တိုက်မည်ဟု ထင်ထားသော်လည်း ကျုံးကျဲ့မှာ မြေပြင်ကို နင်းကာ အပြင်ဘက်သို့ အရှိန်အဟုန်နှင့် ထွက်ပြေးသွားတော့သည်။
"ပြေးမလို့လား.."
ဂူချန်က လှောင်ပြုံးပြုံးလိုက်ပြီး နေမင်းစကြာယန်ကျင့်စဉ်ကို လှည့်ပတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာ လိမ္မော်ရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး နောက်မှ ထပ်ကြပ်မကွာ လိုက်လေတော့သည်။ သူ၏ အရှိန်မှာ အလွန်မြန်လွန်းသဖြင့် လေထုမှာပင် ပေါက်ကွဲသံများ ထွက်ပေါ်နေသည်။
ကျုံးကျဲ့သည် မိန်းကလေးကို ပွေ့ချီကာ အတင်းပြေးနေရင်း နောက်ကို လှည့်ကြည့်လိုက်သည်။ သူ သိထားသည်မှာ ဂူချန်သည် ယမန်နေ့က လူတစ်ရာကို တစ်ယောက်တည်း ရင်ဆိုင်နိုင်ခဲ့သူ ဖြစ်သဖြင့် သူ၏ လျှို့ဝှက်နည်းလမ်းကို သုံးလျှင်ပင် ဂူချန်ကို နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ပြေးနိုင်မှသာ လွတ်မည်ဟု သူ တွေးထားသည်။ နောက်တွင် ဂူချန်ကို မမြင်ရတော့သောအခါမှ သူ သက်ပြင်းချနိုင်တော့သည်။
' လွတ်လာပြီလား..'
ကျုံးကျဲ့၏ စိတ်ထဲတွင် ပျော်ရွှင်မှုလေး တစ်ခု ဖြစ်ပေါ်လာသည်။
ဝူး..
သူ၏ မျက်နှာတွင် အပြုံးလေး ပေါ်လာရုံရှိသေး ပြင်းထန်သော လေပွေတစ်ခုက သူ့ဆီသို့ တိုးဝင်လာသည်။ ပျော်ရွှင်မှုများ ပျောက်ကွယ်သွားပြီး ထိတ်လန့်မှုများက အစားထိုးဝင်ရောက်လာသည်။
'သူ ဘယ်လိုလုပ် ဒီလောက်မြန်နေရ..'
ဖုန်း...
ကျုံးကျဲ့သည် ပြင်းထန်သော အားတစ်ခုနှင့် ရိုက်မိသွားပြီး လွင့်ထွက်သွားသည်။ နာကျင်မှုကြောင့် သူ၏ ကိုယ်လက်များ ပျော့ခွေသွားပြီး မိန်းကလေးကို ပွေ့ထားသော လက်မှာလည်း အနည်းငယ် လျော့ရဲသွားသည်။ ထိုအချိန်မှာပင် ဂူချန်က သူ့ရှေ့သို့ ရုတ်တရက် ပေါ်လာပြီး မိန်းကလေးကို ကျုံးကျဲ့၏ ရင်ခွင်ထဲမှ ဆွဲယူလိုက်သည်။
"မလုပ်နဲ့........."
ကျုံးကျဲ့၏ မျက်လုံးများ ပြူးထွက်လာသည်။ သူက ခန္ဓာကိုယ်ကို လှည့်ကာ ရှေ့သို့ ပြန်တိုးလိုက်သည်။ သူ၏ မျက်လုံးထဲတွင် အရာအားလုံးကို ဖျက်ဆီးမည့် ဒေါသများဖြင့် ပြည့်နှက်နေလေသည်။
ထိုအချိန်တွင် ဂူချန်က အသာအယာ ပြုံးလိုက်သည်။ သူ၏ ညာဘက်လက်တွင် လိမ္မော်ရောင် စွမ်းအင်များ ဖုံးအုပ်သွားပြီး တစ်ဖက်လူကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။
ဖြောင်း...
ကျုံးကျဲ့မှာ လွင့်ထွက်သွားပြီး အနီးရှိ အိမ်တစ်လုံးထဲသို့ လွင့်စင်ဝင်သွားတော့သည်။ ဂူချန်၏ မျက်လုံးထဲတွင် ခရမ်းရောင်အလင်းမှိန်မှိန်လေး တောက်ပလာပြီး ပတ်ဝန်းကျင်ရှိ စောင့်ကြည့်ကင်မရာများကို ရှာဖွေလိုက်သည်။ သူသည် လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် ကင်မရာများမှာ အပိုင်းပိုင်းအစစ ကွဲထွက်သွားတော့သည်။
ထို့နောက် သူသည် လက်ထဲတွင် လည်ပင်းညှစ်ခံထားရသဖြင့် မျက်နှာနီရဲနေသော မိန်းကလေးကို ကြည့်လိုက်သည်။ သူ၏ အကြည့်မှာ တည်ငြိမ်နေ၏။
ဤကမ္ဘာသည် သူ၏အရင်ဘဝကထက် ပိုမိုရက်စက်သော သိုင်းကမ္ဘာဖြစ်သည်။ အေးချမ်းသာယာမှုဆိုသည်မှာ အပေါ်ယံ အရေခွံတစ်ခုသာ ဖြစ်ချေသည်။ သားရဲများ၊ မိစ္ဆာဂိုဏ်းသားများနှင့် ထူးဆန်းသော သတ္တဝါများ ရှိနေသရွေ့ ခွန်အားမရှိလျှင် မည်သည့်အချိန်မဆို သေနိုင်သည်။ ဒီရက်စက်သည့် ကမ္ဘာတွင် သေခြင်းတရားဆိုသည်က သာမန်ကိစ္စတစ်ခုသာပင်။
"မင်းက ပိုပြီး တန်ဖိုးရှိ နေလို့သာ မှတ်လိုက်ပါတော့.."
ဂျွတ်...
မိန်းကလေး၏ လည်ပင်းမှာ ကျိုးသွားခဲ့လေပြီ။ သူမ၏ ခန္ဓာကိုယ်ကို အဆောက်အအုံ အပျက်အစီးများထဲသို့ ပစ်ချလိုက်ပြီးနောက် ဂူချန်သည် အေးအေးလူလူပင် လှည့်ထွက်သွားခဲ့သည်။ သူ နောက်သို့ လှည့်မကြည့်ဘဲ ..
"မင်း ငါ့ကို လာကလဲ့စားချေမှာကို ငါ စောင့်နေမယ်.."
[အိမ်ရှင်သည် စုန့်ရော့ရှီးအား နာကျင်မှုနှင့် ပင်ပန်းမှုများကို ဖယ်ရှားပေးလိုက်သည်ကို တွေ့ရှိရသည်။ စေတနာတန်ဖိုး +၂၀]
[လူတစ်ယောက်ကို ကြီးထွားလာအောင် ကူညီပေးခြင်းမှာ ကြီးမားသော ပေးဆပ်မှု လိုအပ်သည်ဟု ဆိုကြသည်။ အိမ်ရှင်သည် တစ်ခါသာ ဆုံဖူးသော အတန်းဖော် ကျုံးကျဲ့ကို အသစ်တစ်ဖန် ပြန်လည်မွေးဖွားလာသကဲ့သို့ ကြီးထွားလာစေရန် မိမိကိုယ်တိုင် ပါဝင်ကူညီပြီး အသက်တစ်ချောင်းကို ပေးဆပ်ကာ ကူညီပေးခဲ့သည်။ ဒါက တကယ်ကို လောကကြီးကို တုန်လှုပ်စေပါသည် စေတနာတန်ဖိုး +၁၀၀၀]
【လက်ရှိ စေတနာတန်ဖိုး - ၈၆၃၅၅】
'စေတနာတန်ဖိုး တစ်ထောင်တောင်လား..'
ဂူချန်၏ စိတ်ထဲတွင် အနည်းငယ် တုန်လှုပ်သွားသည်။ သူ ထင်ထားသည်ထက် ပိုများနေ၏။
' ဒီ ကျုံးကျဲ့ ဆိုတဲ့ကောင်က ငါ့ကို ဘယ်လောက်တောင် နာကျည်းသွားလို့ စေတနာတန်ဖိုး တစ်ထောင်တောင် ရတာလဲ '
ဂူချန်၏ မျက်လုံးများမှာ တောက်ပသွားသည်။ ဤသည်က စေတနာတန်ဖိုး ရယူဖို့ရန် နည်းလမ်းသစ်တစ်ခုပင်။ တခြားသူတွေ သေသည်ဖြစ်စေ၊ နာကျင်သည်ဖြစ်စေ သူ ဂရုမစိုက်။ သူ့အတွက် စေတနာတန်ဖိုး ရဖို့ကသာ အရေးကြီးဆုံးဖြစ်သည်။
တီ တီ တီ....
လက်ပတ်နာရီမှ အချက်ပေးသံ ထွက်လာသည်။ ဂူချန်က တစ်ချက်ကြည့်လိုက်ပြီးနောက် အလယ်ဗဟိုဇုန်ဆီသို့ ချက်ချင်း ဦးတည်လိုက်သည်။
' စတုတ္ထအဆင့် သားရဲ လား..ငါ့ရဲ့ လက်ရှိအစွမ်းကို စမ်းသပ်ဖို့ အကောင်းဆုံးပဲ.. ငါ့ရဲ့ လက်သီးတစ်ချက်ကို ခံနိုင်ရည် ရှိမရှိ ကြည့်ရသေးတာပေါ့..'
***