ဝူတန်မြို့၊ အလယ်ဗဟိုဇုန်..
အဆောက်အအုံပျက်တစ်ခုအတွင်းတွင် လူတစ်စုသည် တစ်စုံတစ်ခုကို ရှာဖွေနေသကဲ့သို့ ဟိုဟိုဒီဒီ ချောင်းမြောင်းကြည့်ရှုနေကြ၏။
"စတုတ္ထအဆင့် သားရဲက ဘယ်မှာလဲ.."
"ငါ ဘယ်လိုလုပ်သိမှာလဲ..တာဝန်ရှိသူတွေက ငါတို့ကို လိမ်နေတာလည်း ဖြစ်နိုင်တာပဲ.."
"ဒါနဲ့ ငါတို့ ဒီကိုလာတာ အန္တရာယ်များလွန်းတယ် မထင်ဘူးလား.. စတုတ္ထအဆင့် သားရဲဆိုတာ လက်ဝါးနဲ့တစ်ချက်ရိုက်ရုံနဲ့ ငါတို့ကို အမှုန့်ဖြစ်အောင် လုပ်နိုင်တာလေ.."
"မင်းက စတုတ္ထအဆင့် သားရဲဆိုတာ ဘယ်လိုပုံစံလဲဆိုတာ မသိချင်ဘူးလား.. ငါ့တစ်သက်မှာ တစ်ခါမှ မမြင်ဖူးဘူး.."
"တိုးတိုးနေကြစမ်းပါ..အသံမထွက်နဲ့.. ကိုယ့်အလုပ်ကိုယ်လုပ်.."
လီကျိရန်သည် ထိုလူအုပ်ထဲတွင် ရှိနေပြီး သူတို့ကို ကြောက်မနေရန် အခါအားလျော်စွာ မြှောက်ပင့်ပေးနေသည်။ အမှန်အတိုင်းပြောရလျှင် ကျန်သောသူများမှာ အရိုက်ခံရမှာကြောက်၍ မလာချင်ကြပေ။ စောင့်ကြည့်ရေးကောင်စီက ပေးထားသော ကာကွယ်ရေးလက်ပတ်များမှာ တတိယအဆင့် သားရဲများကိုသာ ခုခံနိုင်ပြီး စတုတ္ထအဆင့် သားရဲ၏ တိုက်ခိုက်မှုကိုမူ တစ်ချက်မျှပင် ခံနိုင်ရည်ရှိမည်မဟုတ်ပေ။
လီကျိရန် တစ်ယောက်သာလျှင် တကယ်လာချင်နေခြင်းဖြစ်သည်။ သူ၏ အစွမ်းထက်လှသော ဘောစ့် သည် ဤစတုတ္ထအဆင့် သားရဲကို ရင်ဆိုင်ရန် ဗဟိုဇုန်သို့ သေချာပေါက် လာလိမ့်မည်ဟု သူက ယုံကြည်နေသည်။ ဘောစ့်၏ သစ္စာရှိသော လက်ပါးစေတစ်ယောက်အနေဖြင့် အားပေးဖို့ရန် လာသင့်သည်မဟုတ်ပါလော။
သို့သော်လည်း တစ်ယောက်တည်းလာလျှင် မလုံခြုံဟု ထင်သဖြင့် လမ်းတွင်တွေ့သော အခြားကျောင်းသားအချို့ကို ဖျောင်းဖျပြီး ခေါ်လာခဲ့ခြင်းဖြစ်သည်။ အန္တရာယ်ကြုံလာလျှင် သူတို့ကို အကာအကွယ် အဖြစ် သုံးနိုင်ရန်ပင်။
'ဘောစ့် တိုက်ခိုက်တာကို ကြည့်ခွင့်ရတာ မင်းတို့အတွက် ဂုဏ်ယူစရာပဲ..'
လီကျိရန်က စိတ်ထဲမှ တွေးနေရင်း သားရဲကြီးကို လိုက်ရှာနေသည်။
မိနစ်အနည်းငယ်ကြာအောင် စောင့်ဆိုင်းပြီးနောက်တွင် ဗဟိုဇုန်အတွင်း၌ လေပြေအေးအေးလေးများသာ တိုက်ခတ်နေပြီး တိတ်ဆိတ်မှုမှာ ကြောက်စရာကောင်းလောက်အောင် နက်ရှိုင်းနေသည်။ ထိုစဉ် ကျောင်းသားတစ်ယောက်က ရုတ်တရက် ပြောလိုက်သည်။
"မင်းတို့ တစ်ခုခု နံနေသလို မခံစားရဘူးလား.. ပုပ်စော်နံနေတဲ့ ပင်လယ်စာတွေလို အနံ့မျိုးလေ..."
ထိုစကားကြောင့် အားလုံးက လေထဲတွင် အနံ့ခံကြည့်လိုက်ကြပြီး အံ့သြစွာ ရေရွတ်လိုက်ကြသည်။
"တကယ်ပဲ အနံ့ရတယ်ဟ.."
"ထူးဆန်းတယ် ဘာလို့ ဒီလိုအနံ့မျိုး ထွက်နေရတာလဲ.."
"ဟေး... လျူလင်း... မင်းခေါင်းပေါ်ကို ကြည့်လိုက်ဦး.. မြန်မြန်.."
ရုတ်တရက် တစ်ယောက်၏ အကြည့်မှာ ပထမဆုံး စကားပြောခဲ့သည့်သူ၏ ခေါင်းပေါ်သို့ ရောက်သွားပြီး ထိတ်လန့်လွန်းသဖြင့် စကားပင် မပြောနိုင်တော့ပေ။ လျူလင်း၏ စိတ်ထဲတွင် မကောင်းသော အာရုံတစ်ခု ရလိုက်သည်။ သူသည် အလိုအလျောက် အပေါ်သို့ မော့ကြည့်လိုက်ရာ မျက်နှာကြက်ရှိ မီတာဝက်ခန့်ရှိသော အပေါက်မှတစ်ဆင့် သူ့ကို စိုက်ကြည့်နေသည့် ဧရာမ ဝက်ဝံခေါင်းကြီးကို မြင်လိုက်ရသည်။ ၎င်း၏ ကြောက်စရာကောင်းသော ပါးစပ်မှ တံတွေးများမှာလည်း တစက်စက် စီးကျနေ၏။
"ဟာ...မျိုးပြောင်းသားရဲကြီး.."
လျူလင်း၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး ထွက်ပြေးရန် ခြေလှမ်းပြင်လိုက်သည်။ သို့သော် နောက်တစ်စက္ကန့်တွင် ထိုဝက်ဝံခေါင်းကြီးမှာ အောက်သို့ ငုံ့ဆင်းလာပြီး သူ၏ ခေါင်းကို တစ်ကိုက်တည်းနှင့် ကိုက်ဖြတ်ပစ်လိုက်သဖြင့် သွေးများမှာ ပန်းထွက်လာသည်။
ဗုန်း..
ဖိအားကြောင့် မျက်နှာကြက်မှာ ချက်ချင်း ပြိုကျသွားပြီး ဖုန်တောထဲတွင် သားရဲကြီး၏ ပုံရိပ်မှာ အထင်အရှား ပေါ်လာသည်။ အမြင့် လေးမီတာကျော်၊ လက်မောင်းများမှာ နှစ်ပေါင်းရာချီသက်တမ်းရှိသော သစ်ပင်များအလား ကြီးမားလှပြီး နီရဲသော အစွယ်များမှာလည်း တလက်လက် တောက်ပနေသည်။ ၎င်း၏ ခန္ဓာကိုယ်မှာ တောင်ငယ်တစ်ခုအလားပင်။ ၎င်း မြေပြင်ပေါ်သို့ ခုန်ချလိုက်သည့် အခိုက်အတန့်မှာပင် တစ်ဝိုက်လုံး ငလျင်လှုပ်သလို တုန်ခါသွားသည်။
စတုတ္ထအဆင့် သားရဲ ကျောက်ချပ်ဝတ်ဝက်ဝံ ...
သေမင်း၏ အရှိန်အဝါကို ခံစားလိုက်ရသဖြင့် အားလုံးမှာ သတိဝင်လာပြီး ဝက်ဝံကြီး လျူလင်း၏ အလောင်းကို ဝါးနေစဉ်အတွင်း ပြတင်းပေါက်များကို ရိုက်ခွဲကာ အသည်းအသန် ထွက်ပြေးကြတော့သည်။
"သေပြီ... သေပြီ... သေပြီ.."
"ချီးပဲ... ဒီသားရဲက အသံမထွက်အောင် ဘယ်လို လှုပ်ရှားရမလဲဆိုတာ သိနေတာပဲ.."
"ငါတို့တော့ သွားပြီ.. လီကျိရန်... မင်းပြောတာကို ယုံမိတာ ငါ့အမှားပဲ.. အားးး... ငါ့နား မလာနဲ့.."
အားလုံးမှာ လမ်းခွဲကာ ထွက်ပြေးကြသော်လည်း တစ်ယောက်မှာ ပြတင်းပေါက်မှ ခုန်ချအပြီးတွင် အဖမ်းခံလိုက်ရပြီး ချက်ချင်းပင် အသားစိုင်အဖြစ် နင်းခြေခံလိုက်ရသည်။ သူ အသက်မထွက်ခင်မှာပင် ဝက်ဝံကြီးက သူ့ကို ပါးစပ်ထဲ ထည့်လိုက်သည်။
ဂျွတ်..ဂျွတ်...
အရိုးများ ကြေမွသွားသံနှင့် အသားများ ဆုတ်ဖြဲခံရသံမှာ ကြောက်စရာကောင်းလှသည်။ သွေးအရသာကို မြည်းစမ်းလိုက်ရသဖြင့် ဝက်ဝံကြီးမှာ ပို၍ စိတ်လှုပ်ရှားလာသည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်ကို ဘောလုံးတစ်လုံးကဲ့သို့ လိပ်လိုက်ပြီး အရှိန်အဟုန်ဖြင့် ရှေ့သို့ လိမ့်ထွက်သွားသည်။ ၎င်း၏ ဝဖြိုးကြီးမားသော ခန္ဓာကိုယ်မှာ လှုပ်ရှားမှုကို အနှောင့်အယှက် မဖြစ်စေရုံသာမက တိုက်ခိုက်မှုအတွက် ပို၍ အရှိန်ရစေသည်။
လီကျိရန်နှင့် အခြားသူများမှာ အဆောက်အအုံများကို ပတ်ပြေးနေရသော်လည်း ဝက်ဝံကြီးမှာမူ အရာအားလုံးကို ဝင်တိုက်ကာ လိုက်လာသည်။ ခဏအတွင်းမှာပင် လူတစ်ယောက်၏ ဘေးသို့ ရောက်ရှိလာသည်။ ဝက်ဝံကြီးက မြေပြင်ကို ဆောင့်နင်းလိုက်ရာ မြေကြီးမှာ တုန်ခါသွားပြီး ထိုသူမှာ ဟန်ချက်ပျက်ကာ လဲကျသွားတော့သည်။ ထိုသူ၏ မျက်နှာမှာ ချက်ချင်းပင် ဖြူလျော့သွားပြီး လေးဘက်ထောက်ကာ အော်ဟစ်အကူအညီတောင်းနေ၏။
"မလုပ်ပါနဲ့... အဖေ... အမေ ကယ်ပါဦး..."
ဗုန်း...
လက်ဝါးဖြင့် တစ်ချက်ရိုက်လိုက်ရုံဖြင့် ထိုသူ၏ ခန္ဓာကိုယ်မှာ အပိုင်းပိုင်းအစစ ကွဲထွက်သွားပြီး အသားစိုင်များအဖြစ် ပြန့်ကျဲကုန်သည်။
သားရဲကြီးက နောက်တစ်ကြိမ် ဝါးမြိုလိုက်ပြီးနောက် ကျန်ရှိသော နှစ်ယောက်ရှိရာသို့ ဆက်လက် လိုက်သွားသည်။ သားရဲကြီးက တချက်ခုန်လိုက်လျှင် မီတာရာချီ၍ ဝေးကွာပြီး ခဏအတွင်းမှာပင် ထိုနှစ်ယောက်၏ နောက်ကျောကို မြင်လိုက်ရပြန်သည်။ ပြင်းထန်သော အနံ့ခံအာရုံကြောင့် အခန်းထဲရှိ လူအားလုံး၏ အနံ့ကို သူမှတ်မိနေပြီးသားပင်။
"ငါတို့တော့ သွားပြီ.."
လီကျိရန်သည် နောက်သို့ လှည့်ကြည့်လိုက်ရာ ဝက်ဝံကြီးမှာ အနားသို့ ရောက်ရှိနေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ ဘေးတွင် အသည်းအသန် ပြေးနေသော ကျောင်းသားကို ကြည့်ပြီး သူ၏ စိတ်ထဲတွင် ယုတ်မာသော အတွေးတစ်ခု ဝင်လာသည်။ သူ၏လက်ကို မြှောက်လိုက်ပြီး စွမ်းအားများဖြင့် ထိုသူကို ရိုက်ချလိုက်သည်။ ထိုကျောင်းသားမှာ ထင်မှတ်မထား၍ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
"လီကျိရန်... မင်းးး..."
စကားပင် မဆုံးသေးခင်မှာပင် ဝက်ဝံကြီးက ထိုသူ၏ ခေါင်းကို နင်းခြေလိုက်သဖြင့် ဦးနှောက်နှင့် သွေးများမှာ နေရာအနှံ့ ပျံ့နှံ့သွားတော့သည်။
' နှစ်စက္ကန့်တောင် အချိန်မဆွဲပေးနိုင်ဘူးလား ..'
လီကျိရန်က စိတ်ထဲမှ ကျိန်ဆဲနေရင်း သူ၏ ခြေရင်းတွင် ဧရာမ အရိပ်ကြီးတစ်ခု ကျရောက်လာသည်ကို တွေ့လိုက်ရသည်။
'ငါ သေရတော့မှာလား..'
နောက်မှ တိုးဝင်လာသော ဖိအားကြောင့် လီကျိရန်၏ တစ်ကိုယ်လုံးမှာ တုန်ခါနေပြီး မျှော်လင့်ချက်များ က ပျောက်ကွယ်သွားသည်။
' ဘောစ့် ဒီသားရဲကို သတ်တာ မမြင်နိုင်တော့တာ စိတ်မကောင်းစရာပဲ..'
လီကျိရန်မှာ မျက်လုံးကို မှိတ်ပြီး ကံကြမ္မာကို အပ်နှံလိုက်သည်။
သို့သော်လည်း သူ အသားစိုင်ဖြစ်တော့မည်ဟု ထင်နေချိန်တွင်...
ဟူးးး....
လေထုကို ဆုတ်ဖြဲလိုက်သော စူးရှသည့် အသံတစ်ခု ထွက်ပေါ်လာသည်။ အနက်ရောင် ပုံရိပ်တစ်ခုမှာ လေးညှို့မှ ပစ်လွှတ်လိုက်သော မြားတစ်စင်းအလား ပြေးထွက်လာပြီး လက်ဝါးဖြင့် ဝက်ဝံကြီး၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။
ဗုန်း ...
ဝက်ဝံကြီး၏ ဧရာမ ခန္ဓာကိုယ်မှာ အမြောက်ဆန်တစ်ခုကဲ့သို့ နောက်သို့ လွင့်ထွက်သွားပြီး အဆောက်အအုံ ဆယ်လုံးကျော်ကို တိုက်မိကာ လမ်းမပေါ်တွင် မီတာရာချီ လျောကျသွားပြီးမှ ရပ်တန့်သွားတော့သည်။
"ဟမ်... ဘောစ့်.."
အသံကြောင့် လီကျိရန်က မျက်လုံးဖွင့်ကြည့်လိုက်ရာ သူ နေ့နေ့ညည မျှော်လင့်နေသောသူကို တွေ့လိုက်ရသည်။ ခံ့ညားသော အနက်ရောင်ဝတ်စုံမှာ လေထဲတွင် လွင့်နေပြီး အရှိန်အဝါများမှာလည်း သူ၏ ခြေရင်းမှ လှိုင်းလုံးများအလား ဖြာထွက်နေသည်။ သူက ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်ရာ ဆွဲဆောင်မှုရှိသော မျက်နှာတစ်ခု ပေါ်လာသည်။ သူက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူကိုယ်တိုင်သာ ကြားနိုင်သော အသံဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။
"အချိန်ကိုက် ရောက်လာတာပဲ..."
"ဒါဆိုရင် ငါက တကယ့် ဇာတ်လိုက်မင်းသားပေါ့.."
ထို့နောက် သူသည် ရှေ့မှ ခက်ခက်ခဲခဲ ပြန်ထရန် ကြိုးစားနေသော ကျောက်ချပ်ဝတ်ဝက်ဝံကြီးကို ကြည့်လိုက်သည်။ သူ၏ တည်ငြိမ်နေသော မျက်နှာမှာ သားကောင်ကိုတွေ့သော မုဆိုးတစ်ယောက်ကဲ့သို့ ပြုံးလိုက်ပြီး...
"ကဲ... မင်းနဲ့ ငါ့ရဲ့ တရားမျှတတဲ့ တိုက်ပွဲမှာ သေခြင်းတရားကို လက်ခံဖို့ အဆင်သင့်ဖြစ်ပြီလား.."
***