ဝုန်း...
အဆောက်အအုံများ ပြိုကျပျက်စီးသံများနှင့်အတူ ကျောက်ချပ်ဝတ်ဝက်ဝံကြီး၏ ဟိန်းဟောက်သံမှာ တဖြည်းဖြည်း ပို၍ နီးကပ်လာသည်။ ထိုစဉ် ဘေးနားမှ ကြောက်လန့်နေသော လီကျိရန်သည် သက်ပြင်းချနိုင်သွားသော်လည်း စိတ်ထဲတွင်တော့ တုန်လှုပ်နေမိ၏ ။
သူတို့၏ အသက်များကို မြက်ပင်များအလား ရိတ်သိမ်းနေသော ထိုစတုတ္ထအဆင့် သားရဲကြီးမှာ ဂူချန်၏ လက်ဝါးတစ်ချက်အောက်တွင် မီတာရာချီ လွင့်ထွက်သွားရသည်။ စတုတ္ထအဆင့် သားရဲတစ်ကောင်၏ ကြောက်စရာကောင်းပုံကို မြင်တွေ့ခဲ့ရသူတိုင်း သိကြ၏။ ၎င်းကို ကြည့်ရုံဖြင့်ပင် တစ်ကိုယ်လုံး တုန်ခါကာ ချွေးစေးများ ထွက်လာပြီး ကျောချမ်းရလောက်အောင် ထိတ်လန့်စရာကောင်းလှသည်။ သို့သော် ထိုကဲ့သို့သော တည်ရှိမှုကို ဂူချန်က လက်ဝါးတစ်ချက်နှင့် ရိုက်ထုတ်လိုက်ခြင်းမှာ အံ့မခန်းပင်။
"ဘောစ့်ကတော့.. ဘောစ့်ပဲ.."
လီကျိရန်သည် အလျင်အမြန် ထရပ်ကာ အဝေးသို့ ပြေးထွက်သွားသည်။ ဤနေရာတွင် ဆက်ရှိနေလျှင် ဝန်ထုပ်ဝန်ပိုးသာဖြစ်နေမည်ကို သူသိ၏ ။ တိုက်ပွဲနှင့် ဝေးရာသို့ သွားနေမှသာ ဂူချန် လွတ်လွတ်ကင်းကင်း တိုက်ခိုက်နိုင်ပေလိမ့်မည် ။ သူ့ကို ကယ်တင်ခဲ့ခြင်းမှာ တိုက်ဆိုင်မှုတစ်ခု ဖြစ်နိုင်သော်လည်း သူ၏ စိတ်ထဲတွင်တော့ ဂူချန်ကို အလွန်ကျေးဇူးတင်နေပြီး ကြည်ညိုလေးစားမှုမှာလည်း ပို၍ လေးနက်လာသည်။
တစ်ချိန်တည်းမှာပင် ဝူတန်မြို့ပြင်ရှိ မြေအောက်စောင့်ကြည့်ရေးခန်းမအတွင်း၌ ကြည့်ရှုနေသူများမှာလည်း အံ့သြလွန်းသဖြင့် အသက်ရှူပင် မှားနေကြသည်။ သူတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြရင်း မျက်လုံးများမှာလည်း အံ့သြမှုကြောင့် ပြူးထွက်နေကြ၏။
' ဒါက လင်းပေ့ နဲ့ ရင်ဘောင်တန်းနိုင်တဲ့ ပါရမီရှင်တစ်ယောက်ရဲ့ ခွန်အားလား..'
' တတိယအဆင့် သိုင်းပညာရှင်တစ်ယောက်က စတုတ္ထအဆင့် သားရဲကို တစ်ချက်တည်းနဲ့ လွင့်ထွက်သွားအောင် လုပ်နိုင်တယ်တဲ့လား..'
အားလုံး၏ အကြည့်များမှာ ဖန်သားပြင်ကြီးပေါ်သို့ ရောက်ရှိနေပြီး အသေးစိတ်အချက်အလက်များကိုပင် မလွတ်တမ်း ကြည့်နေကြသည်။ ဒီနေ့မှာတော့ ကျန်းနန်ပြည်နယ်မှာ ဒဏ္ဍာရီအသစ်တစ်ခု မွေးဖွားလာတာကို သူတို့ မျက်မြင်တွေ့ရတော့မည်ဟု ခံစားနေမိကြသည်။
အခြားတစ်ဖက်တွင်တော့ ဗဟိုဇုန်၏ အမြင့်ဆုံးနေရာ၌ ရပ်နေသော အကြီးအကဲလင်းမှာ စိတ်ဝင်စားမှုများ ပိုတိုးလာသည်။ စောစောက သေသွားသော ကျောင်းသားများကို သူ ကယ်တင်နိုင်ခဲ့သော်လည်း မကယ်ခဲ့ပေ။ အကြောင်းပြချက် ထွေထွေထူးထူး မရှိ။ သာမန်ကျောင်းသားအချို့၏ အသက်ကြောင့် ဂူချန်ကို စမ်းသပ်သည့်နေရာတွင် အနှောင့်အယှက် မဖြစ်စေချင်ရုံသာ ဖြစ်သည်။
"စတုတ္ထအဆင့် ကျောက်ချပ်ဝတ်ဝက်ဝံကို တစ်ချက်တည်းနဲ့ နောက်ပြန်ဆုတ်သွားအောင် လုပ်နိုင်တာလား.. ဒီခွန်အားက တတိယအဆင့် သိုင်းပညာရှင်တစ်ယောက်ရဲ့ အကန့်အသတ်ထက် အများကြီး ပိုနေပြီ.."
အကြီးအကဲလင်းသည် ဗဟိုဇုန်တစ်ခုလုံးကို အပေါ်စီးမှ ကြည့်နေပြီး သူ၏ စိတ်စွမ်းအင်များဖြင့် နေရာအနှံ့ကို ဖြန့်ကျက်ထားသည်။ ဂူချန် ပြသခဲ့သော စွမ်းအားအရဆိုလျှင် တတိယအဆင့် သိုင်းပညာရှင်ဝေးစွ၊ စတုတ္ထအဆင့် သိုင်းပညာရှင်အချို့ပင် ယှဉ်နိုင်မည် မဟုတ်ပေ။
"မနေ့က သူနိုးထလာတဲ့ SSS အဆင့် ပါရမီက အမှန်ပဲ..ဒါပေမဲ့ သူ့ရဲ့ အခြေခံအုတ်မြစ်ကလည်း ကြောက်စရာကောင်းလောက်အောင် နက်ရှိုင်းနေတာပဲ.."
အကြီးအကဲလင်းက စိတ်ထဲမှ မှတ်ချက်ပေးလိုက်သည်။ ဂူချန်သည် နေ့စဉ်ဘဝတွင် သေချာလေ့ကျင့်ထားပြီး ပြီးပြည့်စုံမှုကို ရှာဖွေသူတစ်ဦး ဖြစ်ရပေမည်။ သို့မဟုတ်ပါက SSS အဆင့် ပါရမီ နိုးထပြီး နောက်တစ်နေ့မှာပင် ဤမျှလောက် ပြင်းထန်သည့်ခွန်အားနှင့် ခန္ဓာကိုယ်မျိုး ရှိနေခြင်းကို ရှင်းပြရန် ခက်ခဲလှသည်။ ပါရမီလည်းရှိသလို ဝီရိယလည်းရှိသည့် ပါရမီရှင်တစ်ယောက်ပင် ဖြစ်သည်။
တိုက်ပွဲမြေပြင်တွင်တော့..
ဂူချန်က ရှေ့မှ သားရဲကြီးဆီသို့ စိုက်ကြည့်နေသည်။ သားရဲကြီးက အရှိန်ကို ပြန်ထိန်းကာ ဂူချန်ကို ရန်လိုသော အကြည့်များဖြင့် ကြည့်လိုက်သည်။ ဂူချန်၏ မျက်လုံးထဲမှ ခရမ်းရောင်အလင်းတန်းများမှာလည်း တောက်ပနေပြီး ဝက်ဝံကြီး၏ အားနည်းချက်များကို အဝတ်အစားမပါသော မိန်းမတစ်ယောက်ကို ကြည့်နေရသလို အကုန်လုံး မြင်တွေ့နေရသည်။
ကြီးမားသော ခန္ဓာကိုယ်မှာ ကြီးမားသော ခွန်အားကို ကိုယ်စားပြု၏။ စောစောက သူ သိုင်းကွက် မသုံးခဲ့သော်လည်း သူ၏ လက်ဝါးရိုက်ချက်မှာ ကီလိုဂရမ် ငါးသောင်းကျော်အထိ ပြင်းထန်သဖြင့် သာမန် စတုတ္ထအဆင့် သိုင်းပညာရှင်တစ်ယောက်ကို အမှုန့်ဖြစ်သွားစေနိုင်သည်။ သို့သော် ဝက်ဝံကြီးမှာ ဘာမှမဖြစ်သလို ပြန်ထလာနိုင်ပေသည်။ ထို့ပြင် ၎င်း၏ လှုပ်ရှားမှုများမှာလည်း ခန္ဓာကိုယ်နှင့် မလိုက်အောင် လျင်မြန်လှသဖြင့် စတုတ္ထအဆင့် သားရဲတွေထဲမှာပင် အားနည်းသူ မဟုတ်ကြောင်း သိသာသည်။
"ဒါပေမဲ့ စောင့်ကြည့်ရေးကောင်စီက ဘာလို့ ကျောင်းသားတွေ မယှဉ်နိုင်တဲ့ သားရဲမျိုးကို လွှတ်လိုက်ရတာလဲ.. ဒါ... ငါ့အတွက် သီးသန့်များလား.."
ဂူချန်၏ မျက်လုံးများ မှေးစင်းသွားသည်။ သူက ခေါင်းကို တစ်ဖက်သို့ လှည့်ကြည့်လိုက်ရာ သူ၏ မျက်လုံးများမှ အနက်ရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး လေထုကိုပင် ဖောက်ထွက်သွားမတတ်ပင်။ ဗဟိုဇုန်သို့ ရောက်ကတည်းက တစ်စုံတစ်ယောက်က စောင့်ကြည့်နေသည်ဟု သူ ခံစားနေရသည်။ အခုတော့ အဆင့်မြင့်ပုဂ္ဂိုလ်တစ်ယောက်က သူ၏ခွန်အားကို စမ်းသပ်ချင်နေသည်မှန်း သေချာသွားလေပြီ ။
"ငါ့ခွန်အားက နေ့တိုင်း ပြောင်းလဲနေတယ်ဆိုတာ သူတို့ မသိကြဘူး..ဒါပေမဲ့ ဒီလောက်များတဲ့ စေတနာတန်ဖိုးတွေ ရအောင် လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ရမှာပဲ.."
သူ အတွေးထဲ ရောက်နေစဉ်မှာပင် ရှေ့ရှိ မြင်ကွင်းမှာ အမှောင်အတိ ကျသွားသည်။ ဂူချန် ခေါင်းမော့ကြည့်လိုက်ရာ ဝက်ဝံကြီး၏ ဧရာမ မျက်လုံးကြီးများနှင့် ဆုံလိုက်ရသည်။ ၎င်း၏ မျက်လုံးထဲတွင် ဒေါသများ ပြည့်နှက်နေပြီး ဂူချန်၏ မထီမဲ့မြင် ပြုမူကြောင့် ဒေါသထွက်သွားပုံရသည် ။ ပြင်းထန်သော လေဖိအားတစ်ခုကြောင့် ဂူချန်၏ အနက်ရောင်ဝတ်စုံနှင့် ဆံပင်များမှာ လေထဲတွင် လွင့်နေသည်။ ၅ မီတာခန့်ရှိသော သားရဲကြီးမှာ ၁.၈ မီတာသာ ရှိသော လူငယ်လေးဆီသို့ အရှိန်အဟုန်နှင့် ပြေးဝင်လာသည်။
ဤမြင်ကွင်းကို ကြည့်နေသူအားလုံးမှာ အသက်ရှူပင် ရပ်တန့်သွားမတတ် ဖြစ်နေသော်လည်း ဂူချန်၏ အကြည့်မှာ တည်ငြိမ်နေဆဲပင်။ သူ၏ ညာဘက်လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်၏။ ပတ်ဝန်းကျင်ရှိ လေထုမှာ ချက်ချင်းပင် ပူပြင်းလာပြီး စိုထိုင်းဆများမှာလည်း ချက်ချင်း ပျောက်ကွယ်သွားသည်။ သူ၏ လက်ဝါးပေါ်တွင် လိမ္မော်ရောင် စွမ်းအင်များ ဖုံးအုပ်သွားပြီး အပေါ်မှ ကျလာသော တိုက်ခိုက်မှုကို ဆီးကြိုလိုက်သည်။
ဗုန်း...
မိုးခြိမ်းသံကဲ့သို့ ပြင်းထန်သော အသံကြီး ထွက်ပေါ်လာသည်။ ဂူချန် ရပ်နေသော နေရာတစ်ဝိုက်ရှိ မြေကြီးများမှာ အက်ကွဲသွားပြီး ဖုန်မှုန့်များနှင့် မီးခိုးများမှာ ဖုံးလွှမ်းသွားသည်။ ဝက်ဝံကြီး၏ တိုက်ခိုက်မှုက ထိမှန်သွားပုံရပေသည်။ ကြည့်နေသူအားလုံး၏ စိတ်ထဲတွင် ဂူချန်အတွက် စိုးရိမ်စိတ်များ ဝင်လာသော်လည်း မကြာမီမှာပင် ဖုန်မှုန့်များ လွင့်စင်သွားသောအခါ အားလုံးမှာ ဆွံ့အသွားကြ၏။
မီးခိုးများကြားတွင် ဝက်ဝံကြီးမှာ သူ၏ လက်နှစ်ဖက်ဖြင့် ဖိချထားသော်လည်း အောက်သို့ စိုးစဉ်းမျှပင် ဆက်မဆင်းနိုင်တော့ပေ။ သေးသွယ်လှသော လက်မောင်းတစ်ခုက အောက်မှနေ၍ တောင့်ခံထား၏။ ဝက်ဝံကြီး၏ မျက်လုံးထဲတွင် ထိတ်လန့်မှုများ ပေါ်လာသည်။ ဤမျှ သေးငယ်လှသော ပုရွက်ဆိတ်တစ်ကောင်က သူ၏ ပြင်းထန်သော ခွန်အားကို မည်သို့ တောင့်ခံနိုင်ပါသနည်း ။ သူ၏ ဉာဏ်ရည်ဖြင့် နားမလည်နိုင်ပေ။
သို့သော် သူစဉ်းစားမရခင်မှာပင် လူငယ်၏ အခြားလက်တစ်ဖက်က သူ၏ ရင်ဘတ်ဆီသို့ ပြင်းထန်စွာ ပင့်ရိုက်လိုက်သည် ။
ဗုန်း....
သွေးများ ပန်းထွက်သွားပြီး ဝက်ဝံကြီး၏ ရင်ဘတ်မှာ ချက်ချင်းပင် ချိုင့်ဝင်သွားကာ နောက်သို့ လွင့်ထွက်သွားတော့သည်။
ဂူချန် ရပ်နေသော မြေပြင်မှာ နောက်တစ်ကြိမ် ကွဲကြေသွားပြီး သူ၏ ခန္ဓာကိုယ်မှာ မြားတစ်စင်းအလား ရှေ့သို့ ပြေးထွက်သွားသည်။ သူသည် လွင့်ထွက်သွားသော ဝက်ဝံကြီးဆီသို့ အမှီလိုက်ကာ SS အဆင့် သတ်ဖြတ်ခြင်းလက်ဝါး ကို ချက်ချင်း အသုံးပြုလိုက်သည်။ သူ၏ လက်ဝါးနှစ်ဖက်လုံးတွင် ထူးဆန်းသော အနီရောင် အမှတ်အသားများ ပေါ်လာသည်။ ပြင်းထန်လှသော နေမင်းစကြာယန်စွမ်းအင် များမှာ သူ၏ အပေါ်တွင် စုစည်းသွားပြီး အပေါ်မှနေ၍ ပြင်းထန်စွာ ရိုက်ချလိုက်သည်။
တန် ၇၀ ကျော်ရှိသော ခွန်အားမှာ ဝက်ဝံကြီး၏ ခေါင်းပေါ်သို့ ကျရောက်သွားသည်။ ဝက်ဝံကြီးမှာ နာကျင်စွာ အော်ဟစ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်မှာ ပြင်းထန်သော စွမ်းအားကြောင့် အောက်သို့ ဒုန်းခနဲ ကျဆင်းသွားရသည်။ သို့သော် ဂူချန်က မရပ်တန့်သေးပေ။ သူက မြေပြင်ကို ကန်ထုတ်ကာ ရှေ့သို့ ထပ်မံ တိုးဝင်လိုက်ပြန်သည်။
ဤကမ္ဘာသို့ ရောက်ကတည်းက ဂူချန်သည် မည်သည့်ပြိုင်ဘက်ကိုမဆို တစ်ချက်တည်းနှင့် အပြတ်သတ်ခဲ့သူ ဖြစ်သည်။ မည်သည့် သားရဲ သို့မဟုတ် လူမှ သူ၏ ပြင်းထန်သော တိုက်ခိုက်မှု တစ်ချက်အပြီးတွင် လှုပ်ရှားနိုင်စွမ်း မရှိခဲ့ပေ။ သို့သော် ဤဝက်ဝံကြီးမှာမူ သူ၏ ပြင်းထန်သော တိုက်ခိုက်မှု သုံးချက်အပြီးမှာတောင် မသေသေးဘဲ ရှိနေသည်။ ဤသည်က ဂူချန်အတွက်တော့ အလွန် စိတ်ကျေနပ်စရာကောင်းလှသည်။
' ကောင်းလိုက်တဲ့ သဲအိတ်ကြီး..'
ဂူချန်၏ လက်သီးများနှင့် ခြေထောက်များမှာ မရပ်တန့်ဘဲ ဝက်ဝံကြီး၏ ခန္ဓာကိုယ်ပေါ်တွင် ဆက်တိုက် ကျရောက်နေသည်။ သွေးများမှာလည်း ကောင်းကင်ယံသို့ ပန်းထွက်နေပြီး မြေပြင်ပေါ်သို့ ပြန့်ကျဲနေသည်။ သူ၏ တိုက်ခိုက်မှုတိုင်းမှာ လေထုကို ပေါက်ကွဲစေပြီး ထွက်ပေါ်လာသော လေလှိုင်းများမှာ မီတာများစွာ မြင့်သော အိမ်များကိုပင် ပြိုကျစေနိုင်သည်။
ဗုန်း... ဗုန်း... ဗုန်း...
ဝက်ဝံကြီးမှာ လက်သီးပေါင်း ရာချီ၍ အရိုက်ခံရပြီးနောက် မီတာတစ်ထောင်ကျော်အထိ လွင့်ထွက်သွားကာ မြေကွဲကြောင်းကြီးတစ်ခုထဲသို့ ကျဆင်းသွားတော့သည်။ ၎င်း၏ ဧရာမ ခန္ဓာကိုယ်မှာ ကျောက်ဆောင်များကြားတွင် ညပ်နေပြီး မျက်လုံးများမှာလည်း ပြူးထွက်နေကာ လှုပ်ရှားမှု မရှိတော့။
' မိုက်လိုက်တာ.. တကယ်လုံး အကြောကို လျော့သွားတာပဲ.. '
ဂူချန်သည် နောက်ထပ် လက်သီးတစ်ချက် ထပ်ကျွေးရန် ရှေ့သို့ လှမ်းလိုက်သည်။
ထူးဆန်းသော အသားစုတ်ပြဲသံများ ထွက်ပေါ်လာလေသည်။ ဂူချန်သည် သူ၏ လှုပ်ရှားမှုကို ရုတ်တရက် ရပ်တန့်လိုက်၏။ သူ၏ ရှေ့တွင်ရှိသော ဝက်ဝံကြီး၏ ခန္ဓာကိုယ်မှာ တုန်ခါလာပြီး တောင်ကဲ့သို့ ကြီးမားသော ကိုယ်ထည်ပေါ်တွင် အက်ကြောင်းများစွာ ပေါ်လာသည်။ ၎င်းမှာ နူးညံ့လှသော ပဲပြားတစ်ခုကို ဆန်ခါတစ်ခုနှင့် တိုက်လိုက်သလိုမျိုး အစိပ်စိပ်အမွှာမွှာ ပြိုကွဲကျလာခြင်းပင်။ ခဏအတွင်းမှာပင် အသားများ၊ သွေးများနှင့် အင်္ဂါအစိတ်အပိုင်းများမှာ မြေပြင်ပေါ်တွင် ပြန့်ကျဲကုန်တော့သည်။
ဤမြင်ကွင်းကို ကြည့်ပြီး ဂူချန်၏ မျက်နှာမှာ ထူးဆန်းဟန်ဖြင့် ဆွံ့အနေ၏။
"ဒီလောက်လေးနဲ့ပဲ... သေသွားတာလား.."
***