လုချန်က လက်တစ်ဖက်တွင် မီးတောက်ကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် မိုးမခကိုင်းတစ်ကိုင်းကို ဆွဲဖမ်းထားလိုက်သည်။
သူ၏ လက်ထဲမှ မီးတောက်ကို မိုးမခကိုင်းအနီးသို့ တိုးကပ်သွားလိုက်ရာ ထိုအကိုင်းထံမှ သစ်စေးအရည်များ ချက်ချင်း စိမ့်ထွက်လာတော့သည်။
“မင်း ထွက်မလာရင် မီးရှို့သတ်ပစ်မှာနော်”
လုချန်က မိုးမခကိုင်းအား ခပ်တိုးတိုး ပြောလိုက်သည်။
“ချမ်းသာပေးပါ သူရဲကောင်းကြီး... ကျွန်တော့်ကို ချမ်းသာပေးပါ...”
အံ့ဩဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။ လုချန်၏ လက်ထဲရှိ မိုးမခကိုင်းဆီမှ သနားစရာကောင်းသော အသံတစ်ခု ထွက်ပေါ်လာပြီး ထိုအကိုင်းအခက်လေးမှာ တုန်ရီနေလေသည်။
“ချမ်းသာပေးရမယ် ဟုတ်လား... မင်းရဲ့ ခန္ဓာကိုယ်အစစ် ဘယ်မှာလဲဆိုတာ ပြောစမ်း။ မပြောရင် မီးရှို့ပစ်မယ်...”
လုချန်က ပြောပြောဆိုဆိုဖြင့် မီးတောက်ကို ပို၍တိုးကပ်သွားလိုက်သည်။ မိုးမခကိုင်းလေးမှာ ပို၍ပင် ပြင်းထန်စွာ တုန်ရီလာလေသည်။
“သူရဲကောင်းကြီး... ကျွန်တော့်ရဲ့ အကိုင်းအတိုင်း ဖြည်းဖြည်းချင်း လိုက်လာခဲ့ပါ။ ကျွန်တော် အခု လှုပ်လို့မရလို့ပါ...”
“ဟွန့်...”
လုချန်က မိုးမခကိုင်းကို ဆွဲကိုင်ထားရင်း ရှေ့သို့ ခပ်သွက်သွက် လျှောက်သွားလိုက်သည်။
မိုးမခကိုင်းက မြေပြင်တစ်လျှောက် ဆန့်ထွက်နေသည်။ မီတာသုံးဆယ်ခန့် အကွာသို့ ရောက်သောအခါ လုချန် သွားရမည့်နေရာသို့ ရောက်ရှိသွားပြီဖြစ်၍ မိုးမခကိုင်းမှာ ဆက်လက်ဆန့်ထွက်၍ မရတော့ပေ။
“သူရဲကောင်းကြီး... ခင်ဗျား ကျွန်တော့်ကို နင်းမိနေပြီ...”
သစ်ပင်မိစ္ဆာ၏ သနားစရာအသံက ထွက်ပေါ်လာသည်။
လုချန် ခြေထောက်ကို မြှောက်ကာ အောက်သို့ ငုံ့ကြည့်လိုက်သည်။ မိုးမခကိုင်း၏ အမြစ်က မြေကြီးပေါ်တွင် ရှိနေပြီး သစ်ပင်မိစ္ဆာ၏ ခန္ဓာကိုယ်အစစ်မှာ မြက်ပင်တစ်ပင်မျှသာ ဖြစ်နေလေသည်။
လုချန်က ကိုယ်ကိုကိုင်းကာ လက်လှမ်းပြီး အားကုန်ဆွဲနှုတ်လိုက်သည်။
‘ဖောက်’ ခနဲ အသံနှင့်အတူ မြက်ပင်လေးမှာ အမြစ်မှကျွတ်ပါလာလေသည်။
လက်ထဲတွင် ကိုင်ထားရင်း လုချန် သေချာကြည့်လိုက်ရာ မြက်ပင်လေးတွင် သနားစရာကောင်းသော မျက်နှာတစ်ခု ပါရှိနေကြောင်း တွေ့လိုက်ရသည်။ အလွန် ကျုံ့လှီနေသော်လည်း မျက်နှာသွင်ပြင်များကို ကွဲကွဲပြားပြား မြင်နေရသေးသည်။
လုချန်၏ စိုက်ကြည့်ခြင်းကို ခံရသောအခါ သစ်ပင်မိစ္ဆာမှာ သိသိသာသာ အလွန်အမင်း စိုးရိမ်ထိတ်လန့်နေပုံရသည်။
“ဟီး ဟီး... သူရဲကောင်းကြီး... စောစောက လူကြီးမင်းရဲ့ ကြီးမြတ်မှုကို ကျွန်တော် မသိလိုက်လို့ပါ။ ကျွန်တော့်ကို အညတရတစ်ယောက်လို့ သဘောထားပြီး လွှတ်ပေးလိုက်ပါဗျာ...”
“မင်းကို လွှတ်ပေးရမယ် ဟုတ်လား...”
လုချန်က မျက်ခုံးတစ်ဖက် ပင့်လိုက်သည်။
“ဖြစ်နိုင်ပါ့မလား... မင်းက လူတွေအများကြီး စားထားတာကို။ မင်းက သူများတွေကို လွှတ်ပေးတာ ငါမှ မတွေ့ဖူးတာ...”
“သူရဲကောင်းကြီး... အဲဒီကောလာဟလတွေကို သွားမယုံပါနဲ့ဗျာ။ လူစားနေတာ ကျွန်တော် မဟုတ်ပါဘူး။ ဟို သစ်ပင်ကြီးပါ။ ကျွန်တော်က ချောက်ချခံရတာပါ...”
သစ်ပင်မိစ္ဆာက ကမန်းကတန်း ရှင်းပြလေသည်။
သစ်ပင်မိစ္ဆာ လူစားသည်ဆိုသော ကိစ္စနှင့်ပတ်သက်၍ လုချန် သဘာဝကျကျ နားလည်ထားပြီးဖြစ်သည်။ ဤအထွတ်အမြတ်သစ်တောထဲတွင် လူများကို စားသောက်နေသူမှာ ဤသစ်ပင်မိစ္ဆာ မဟုတ်ဘဲ လူတွေက နှစ်စဉ်နှစ်တိုင်း လာရောက်ပူဇော်နေကြသော အထွတ်အမြတ်သစ်ပင်ကြီးပင် ဖြစ်သည်။ ဇာတ်လမ်း၏ ပထမဆုံး ဘော့စ်မှာလည်း ထိုအထွတ်အမြတ်သစ်ပင်ကြီးသာ ဖြစ်သည်။ ၎င်း၏ သစ်ကိုင်းများ လှုပ်ခါလိုက်ပါက ကောင်းကင်တစ်ခုလုံးကိုပင် ဖုံးကွယ်သွားနိုင်ပြီး မဟာယာနအဆင့် ပညာရှင်ကြီးပင် ထွက်ပြေးရမည့် အနေအထားမျိုး ဖြစ်သည်။
“မင်းက လူမစားဘူးလို့ ပြောရုံနဲ့ အမှန်ဖြစ်လာတာမှ မဟုတ်တာ...”
“တကယ် ကျွန်တော် မဟုတ်ပါဘူးဗျာ... မယုံရင် ကြည့်ကြည့်ပါ သူရဲကောင်းကြီး... ကျွန်တော့်ကိုယ်ပေါ်မှာ သွေးစသွေးန တစ်စက်မှ မရှိပါဘူး...”
“ချီးပဲ... ဒါဆို ငါ မေးမယ်။ မင်းက လူမစားဘူးဆိုရင် ဘာလို့ ဒီ ချင်းလွမ်တောင်က တပည့်မလေးတွေကို လိုက်တိုက်ခိုက်နေရတာလဲ...”
“အဲဒါကလေ...”
သစ်ပင်မိစ္ဆာက အနည်းငယ် အနေခက်သွားပုံရသည်။
“ညဉ့်နက်နေပြီဆိုတော့ ကျွန်တော်လည်း ပျင်းနေတာနဲ့လေ... အဲဒါ မိန်းမပျိုလေးတွေ တွေ့တာနဲ့ ပျော်စရာလေး ဖန်တီးချင်ရုံ သက်သက်ပါဗျာ...”
“မင်းက ဘယ်လိုပျော်ရမလဲဆိုတာ ကောင်းကောင်းသိတာပဲ...”
“သူရဲကောင်းကြီး သဘောမကျဘူးဆိုရင် အခုချက်ချင်း ဒီကောင်မလေးတွေကို လွှတ်ပေးလိုက်ပါ့မယ်။ ဒါမှမဟုတ်လည်း သူတို့ကို ထုံကျင်စေတဲ့ အဆိပ်နည်းနည်းလောက် ထိုးသွင်းပေးလိုက်မယ်လေ... တစ်ညလုံး ပြန်မနိုးလာစေရဘူးလို့ အာမခံတယ်ဗျာ... ဟီး ဟီး ဟီး...”
သစ်ပင်မိစ္ဆာက ညစ်တီးညစ်ပတ် ပြုံးပြလိုက်သည်။
ရိုးရိုးသားသားပြောရလျှင် သစ်ပင်မိစ္ဆာက ဒုတိယအကြံကို ပေးလိုက်ချိန်တွင် လုချန် အနည်းငယ် သွေးဆောင်ခံလိုက်ရသည်။ သို့သော် သူ၏ အတွင်းစိတ်မှ ကိုယ်ကျင့်တရားက ဖြောင့်မတ်မှန်ကန်စွာဖြင့် ငြင်းဆန်စေခဲ့သည်။
“မလိုပါဘူး။ ငါလို သူရဲကောင်းတစ်ယောက်က ဖြောင့်မတ်မှန်ကန်တဲ့သူပဲ။ ဒီလိုကိစ္စမျိုးကို ဘယ်လိုလုပ် လုပ်နိုင်ပါ့မလဲ။ မင်းဘာသာမင်း ဆက်ပြီး ‘ပျော်စရာလေး’ ဖန်တီးနေလိုက်...”
“အာ...”
ရှေ့တစ်ပိုင်းကို ကြားလိုက်ရချိန်တွင် သစ်ပင်မိစ္ဆာက လုချန်ကို တကယ်ပဲ ဖြောင့်မတ်မှန်ကန်သူဟု ထင်သွားခဲ့သည်။ သို့သော် နောက်ဆုံးစကားကြောင်းကြောင့် ဒီသူရဲကောင်းက သူ့ထက် ဘာမှသိပ်မထူးခြားလှဘူးဆိုတာကို လုံးဝ သဘောပေါက်သွားလေသည်။
“ဟီး ဟီး ဟီး... သူရဲကောင်းကြီး... ဘယ်သူ့ကို သဘောကျလဲ။ ဘယ်လိုပုံစံမျိုးကို သဘောကျလဲဆိုတာသာ ပြောလိုက်ပါ...”
“အင်း... ရင်ဘတ်အကြီးဆုံး တစ်ယောက်ကိုပေါ့...”
“သူရဲကောင်းကြီး အမိန့်အတိုင်းပါပဲ...”
မိုးမခကိုင်းက ရိုက်ချလိုက်ရာ ဟိုဘက်မှ ရင်ဖိုစရာ အသံလေးများ လွင့်ပျံလာသည်။
“နောက်တစ်ယောက်... ခြေတံအရှည်ဆုံး တစ်ယောက်ကို ရွေးလိုက်...”
“စိတ်ချလိုက်...”
ခဏတာမျှ သစ်တောထဲရှိ အသံများက အလွန်အမင်း ညစ်တီးညစ်ပတ် တွေးချင်စရာ ကောင်းနေလေသည်။
“အဟမ်း... တော်လောက်ပြီ။ မင်းကိုယ်မင်းလည်း ကြည့်ဦး... ငါက မင်းကို စမ်းသပ်နေတာကို မင်းက တဖြန်းဖြန်း ရိုက်ရတာကို စွဲလမ်းနေပြီလား။ အဲ့ထဲမှာ ငါ့သူငယ်ချင်းတွေ ပါနေတယ်ကွ...”
သစ်ပင်မိစ္ဆာက နောက်တစ်ကြိမ် ထပ်ရိုက်ရန် ပြင်လိုက်ချိန်တွင် လုချန်က အော်ဟစ်တားမြစ်လိုက်သည်။
“ဟုတ်ကဲ့ပါ... ဟုတ်ကဲ့ပါ သူရဲကောင်းကြီး။ ကျွန်တော့်အမှားပါ...”
သစ်ပင်မိစ္ဆာက ကမန်းကတန်း နောက်ဆုတ်သွားပြီး စိတ်ထဲမှနေ၍ လုချန်၏ အရှက်မဲ့မှုကို ကျိန်ဆဲလိုက်သည်။
သစ်ပင်မိစ္ဆာက လုချန်ကို အရှက်မဲ့သည်ဟု ပြောသော်လည်း လုချန်ကတော့ ထိုသို့ လုံးဝ မခံစားရပေ။
“ဒါနဲ့ ငါ မင်းကို တစ်ခုမေးမယ်... သေချာဖြေစမ်း...”
“ပြောပါ သူရဲကောင်းကြီး...”
လုချန်က သစ်ပင်မိစ္ဆာကို စိုက်ကြည့်ကာ ရုတ်တရက် မေးလိုက်သည်။
“မင်း သေချင်နေတာလား...”
“ဟင်...”
ထိုအမေးကြောင့် သစ်ပင်မိစ္ဆာ လန့်ဖြန့်သွားသည်။ သူ့ရှေ့မှ လူငယ်ကို ကြည့်ရင်း လူတွေပြောလေ့ရှိသည့် ‘စာအုပ်လှန်သလို မျက်နှာပြောင်တိုက်တယ်’ ဆိုတဲ့ စကားကို သူ နောက်ဆုံးတော့ နားလည်သွားလေပြီ။ သူ၏ မျက်နှာအမူအရာက ချက်ချင်း ညှိုးငယ်သွားသည်။
“သူရဲကောင်းကြီး... ကျွန်တော် တကယ် ဆိုးဆိုးရွားရွား ဘာမှမလုပ်ခဲ့ရပါဘူး။ ကျွန်တော့်ကို လွှတ်ပေးပါဗျာ...”
“စကားမရှည်နဲ့...”
လုချန်က မြက်ပင်၏ ထိပ်ကို ရိုက်ချလိုက်ရာ သစ်ပင်မိစ္ဆာ မျက်နှာရှုံ့မဲ့သွားသည်။
“ငါက မင်း သေချင်လားလို့ မေးနေတာ...”
“ဒါပေါ့ မသေချင်ပါဘူး...”
“ကောင်းပြီ... ဒါဆို မင်းရဲ့ အနှစ်သာရကို ပေးစမ်း...”
“အာ... သူရဲကောင်းကြီး... ချမ်းသာပေးပါဗျာ... ကျွန်တော့်ရဲ့ အနှစ်သာရကို ထုတ်ယူလိုက်ရင် ကျွန်တော် သေသွားပါလိမ့်မယ်...”
“ငါ့ကို လာမလိမ်နဲ့။ မင်းရဲ့ အနှစ်သာရကို ငါက စုပ်ယူမှာ မဟုတ်ဘူး။ ပေးစမ်း... မင်းကို ခိုင်းစရာတစ်ခု ရှိလို့။ ပြီးသွားရင် ပြန်ပေးမယ်။ မင်းဘာသာမင်း ရွေး... အနှစ်သာရကို ပေးမလား ဒါမှမဟုတ် မီးရှို့အသတ်ခံမလား...”
လုချန်၏ စကားမဆုံးမီမှာပင် သူ၏ လက်ထဲတွင် မီးတောက်တစ်ခု ဖြစ်ပေါ်လာသည်။
“သူရဲကောင်းကြီး... သူရဲကောင်းကြီး...”
သစ်ပင်မိစ္ဆာက ကမန်းကတန်း ပြောလိုက်သည်။
“အဲဒီလို မလုပ်ပါနဲ့ဗျာ။ ကျွန်တော် ပေးပါ့မယ်။ ပေးပါ့မယ် ဟုတ်ပြီလား...”
“ဟွန့်... လိမ္မာတယ်... မြန်မြန်လုပ်...”
သစ်ပင်မိစ္ဆာက သက်ပြင်းချလိုက်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှ မြကဲ့သို့စိမ်းလန်းသော အလင်းတန်းများ ထွက်ပေါ်လာပြီး ဦးခေါင်းထက်တွင် စုစည်းသွားကာ သာမန်ပုလဲလုံးခန့်ရှိသော အစိမ်းရောင် ပုလဲလုံးတစ်လုံးအဖြစ် တဖြည်းဖြည်း ပုံပေါ်လာလေသည်။
ဤအရာက သစ်ပင်မိစ္ဆာအနှစ်သာရ ဖြစ်ပြီး အပင်တစ်ပင် မိစ္ဆာအဖြစ် ကျင့်ကြံနိုင်ခြင်း၏ အခြေခံအုတ်မြစ်ပင် ဖြစ်သည်။ အကယ်၍ ဤအနှစ်သာရသာ ဖျက်ဆီးခံလိုက်ရပါက သူတို့၏ အသိစိတ်လည်း ပျောက်ကွယ်သွားမည် ဖြစ်သည်။
“အရမ်းကောင်းတယ်...”
လုချန်က အစိမ်းရောင်ပုလဲကို ကောက်ယူလိုက်သည်။
“ငါ အခု မင်းကို တာဝန်တစ်ခု ပေးမယ်။ ပြီးသွားရင် အနှစ်သာရကို ပြန်ပေးမယ်...”
“နားထောင်... ခဏနေရင် ဒီလိုလုပ်...”
လုချန်က ညွှန်ကြားချက်များ ပေးလိုက်ရာ သစ်ပင်မိစ္ဆာက ခေါင်းတဆတ်ဆတ် ညိတ်ပြသည်။ နောက်ဆုံးတွင် သစ်ပင်မိစ္ဆာ၏ မျက်နှာ၌ အဓိပ္ပာယ်ပါပါ အမူအရာတစ်ခု ပေါ်လာသည်။
“သူရဲကောင်းကြီး... ကျွန်တော် သဘောပေါက်ပြီ။ သူရဲကောင်းက အလှမယ်လေးတွေကို ကယ်တင်တဲ့ ဇာတ်ကွက်မျိုးမလား... ကျွန်တော် အများကြီး မြင်ဖူးပါတယ်။ ကျွန်တော့်ကိုသာ လွှတ်ထားလိုက်... စိတ်ချလက်ချသာ နေပါ...”
“ကောင်းပြီ... အလွဲအချော် မဖြစ်စေနဲ့။ မဟုတ်ရင် ငါ့ကို အပြစ်မတင်နဲ့နော်...”
“လုံးဝ ပြဿနာမရှိစေရပါဘူး...”
သစ်ပင်မိစ္ဆာက မိုးမခကိုင်းတစ်ကိုင်းကို ဆွဲယူကာ အာမခံသည့်အနေဖြင့် သူ၏ ခန္ဓာကိုယ်ကို ပုတ်ပြလိုက်သည်။ ဤမျှရှည်လျားသော အကိုင်းက သူ၏ သေးငယ်လှသော ခန္ဓာကိုယ်လေးကို ပုတ်နေသည်မှာ ဘယ်လိုကြည့်ကြည့် အဆင်မပြေလှပေ။
ဟိုဘက်တွင်တော့ ချင်းလွမ်တောင်မှ တပည့်မလေးများမှာ သစ်ပင်ပေါ်တွင် တွဲလောင်းချိတ်ဆွဲခံထားရပြီး မိုးမခကိုင်းများ၏ မရပ်မနား ရိုက်နှက်ခြင်းကို ခံနေကြရသည်။ သူတို့၏ စိတ်ထဲတွင် အလွန်အမင်း ရှက်ရွံ့စော်ကားခံရသည့် ခံစားချက်ကြီးတစ်ခု လွှမ်းမိုးနေသည်။ ကံကောင်းသည်မှာ ဤနေရာတွင် တခြားဘယ်သူမှ မရှိနေခြင်းပင်။ မဟုတ်လျှင် သူတို့က သစ်ပင်မိစ္ဆာ၏ လက်ထဲသို့ မကျရောက်သွားလျှင်တောင်မှ ဆက်လက်အသက်ရှင်နေဖို့ မျက်နှာရှိတော့မည် မဟုတ်ပေ။ သူတို့အားလုံးက မိန်းမပျိုလေးများ ဖြစ်ကြသည်။ ဤသို့သော ဆက်ဆံမှုကို ဘယ်အချိန်ကများ ခံခဲ့ရဖူးပါသနည်း။ မိစ္ဆာတစ်ကောင်ကတောင် ဤသို့ မလုပ်ဖူးပေ။
“စီနီယာအစ်မ... ကျွန်မ တောင့်မခံနိုင်တော့ဘူး ထင်တယ်။ မျက်လုံးတောင် ဖွင့်လို့မရတော့ဘူး။ ဒီသစ်ပင်မိစ္ဆာက အရမ်း ယုတ်မာလွန်းတယ်...”
“လက်မလျှော့နဲ့။ အချက်ပေးအချက်ပြ လုပ်ထားပြီးပြီမလို့ ဆရာနဲ့ တခြားသူတွေ မကြာခင် ရောက်လာလိမ့်မယ်...”
“နောက်ကျသွားနိုင်တယ်။ စီနီယာအစ်မ... အကယ်၍ အစ်မ အသက်ရှင်လျက် ပြန်ရောက်သွားရင် ဆရာ့ကို ကျွန်မ သူ့နာမည်ဖျက်မိပြီလို့ ပြောပေးပါ...”
မိန်းကလေးတစ်ယောက်က အားနည်းစွာဖြင့် ပြောလိုက်သည်။ သူမ၏ ခန္ဓာကိုယ်ထဲမှ အားအင်များ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို သူမ ခံစားနေရသည်။ အမှန်တကယ်တော့ ၎င်းမှာ သာမန်ထုံကျင်စေသော အဆိပ်မျှသာ ဖြစ်ပေသည်။
“ဂျူနီယာညီမလေး... စိတ်ကို တင်းထားစမ်း...”
“စီနီယာအစ်မ... ကျွန်မ... ကျွန်မ...”
စကားပြောနေရင်းဖြင့် မိန်းကလေး၏ ခေါင်းလေး ကျဆင်းသွားကာ သတိလစ်သွားတော့သည်။
“ဂျူနီယာညီမလေး...”
ချင်းလွမ်တောင်မှ စီနီယာအစ်မဖြစ်သူက အော်ဟစ်လိုက်သည်။
ထိုအချိန်မှာပင်...
“ရဲတင်းလှတဲ့ သစ်ပင်မိစ္ဆာ... မင်းက ဒီနေရာမှာ ဒီလိုယုတ်မာတဲ့ အလုပ်မျိုး လုပ်ရဲတယ်ပေါ့လေ။ မင်းကို ငါ အရှင်မထားဘူး...”
*