မျှော်လင့်ချက်မဲ့နေသော အချိန်လေးမှာပင် မိန်းကလေးများက အမှောင်ထုထဲမှနေ၍ သူတို့ဆီသို့ ပြေးဝင်လာသော လူတစ်ယောက်ကို မြင်လိုက်ရသည်။
“သခင်လေးလုပဲ... စီနီယာအစ်မ... ကျွန်မတို့တော့ လွတ်ပြီ”
ဟွာစစ်ဝေ့က ဝမ်းသာအားရ အော်ဟစ်လိုက်သည်။
“ဂျူနီယာညီမလေး... နင် သူ့ကို သိလို့လား...”
“ဟုတ်ကဲ့”
ဟွာစစ်ဝေ့က ခေါင်းညိတ်လိုက်သည်။
“သခင်လေးလုက ကျွန်မကို အစ်မတို့ဆီ လိုက်ပို့ပေးတာလေ...”
“တိုက်ဆိုင်လိုက်တာ...”
ချင်းလွမ်တောင်မှ စီနီယာအစ်မက လေထဲမှတစ်ဆင့် ချဉ်းကပ်လာသော လုချန်ကို ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။
အခြားမိန်းကလေးများမှာလည်း အကူအညီရလာသဖြင့် အလွန်ဝမ်းသာသွားကြသော်လည်း ရှက်သွေးဖြာသွားကြသည်။ သူတို့ ဒီလိုမျိုး တုပ်နှောင်ခံထားရတာကို ဘယ်လိုလုပ် အခြားသူကို ပေးမြင်လို့ဖြစ်ပါ့မလဲ။
လုချန်က သူတို့ တုပ်နှောင်ခံထားရသည်ကို မြင်ရုံသာမက စောစောက သူတို့၏ အော်ဟစ်ညည်းတွားသံများ အားလုံးကိုပါ ကြားခဲ့ပြီး ဤမြင်ကွင်းကို အပြည့်အဝ အရသာခံကြည့်ရှုပြီးပြီဆိုတာကိုတော့ သူတို့ လုံးဝ သိမည်မဟုတ်ပေ။
လုချန်၏ အကြည့်များက သူတို့ဆီသို့ ရောက်လာသောအခါ သူတို့လည်း လှမ်းကြည့်မိလျက်သား ဖြစ်သွားကြပြီး မျက်လုံးချင်းဆုံသွားကာ ရှက်ရွံ့စွာဖြင့် မျက်နှာလွှဲသွားကြလေသည်။
‘တကယ်ကို အပြစ်ကင်းစင်တဲ့ ကောင်မလေးတွေပဲ’
လုချန်က စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး သူ၏ ပြဇာတ်ကို စတင်လိုက်သည်။
“သစ်ပင်မိစ္ဆာ... သေစမ်း...”
“ဟီး ဟီး ဟီး... သေချင်တဲ့ကောင် နောက်တစ်ယောက် ထပ်ရောက်လာပြန်ပြီပေါ့လေ။ ကောင်းပြီ... ဒီမိန်းကလေးတွေနဲ့တင် အားမရသေးဘူး။ မင်းက ပိုပြီး အရသာရှိတဲ့ အစားအစာတစ်ခု ဖြစ်လာမှာပဲ...”
အမှောင်ရိပ်ထဲတွင် မြက်ပင်ပုံစံ သစ်ပင်မိစ္ဆာက သူ၏ ဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်ကာ မကောင်းဆိုးဝါးဆန်ဆန် ရယ်မောလိုက်ပြီး ကြိုတင်စီစဉ်ထားသည့် လမ်းကြောင်းအတိုင်း လုချန်ဆီသို့ မိုးမခကိုင်းများကို ပစ်လွှတ်လိုက်လေသည်။
မိုးမခကိုင်းများက အရပ်မျက်နှာအသီးသီးမှ လျှပ်စီးလက်သကဲ့သို့ အရှိန်ဖြင့် ပြေးဝင်လာကြသည်။
“သတိထား သခင်လေး...”
ချင်းလွမ်တောင်မှ စီနီယာအစ်မက အော်ဟစ်သတိပေးလိုက်သည်။ ထိုအကိုင်းများ၏ ရွေ့လျားမှုက အလွန်မြန်ဆန်လွန်းလှသဖြင့် သူမပင် မျက်စိဖြင့် မလိုက်နိုင်တော့ပေ။
လုချန်လည်း သူတို့လိုပဲ အလစ်အငိုက် ခံလိုက်ရမည်ဟု သူမ သေချာပေါက် ထင်ထားခဲ့သော်လည်း လုချန်က ဝင်ရောက်လာသော တိုက်ခိုက်မှုများကို လုံးဝ ဂရုမစိုက်ဘဲ ပေါ့ပေါ့ပါးပါး ရှောင်တိမ်းကာ တိုက်ခိုက်မှုတိုင်းကို အချည်းနှီး ဖြစ်သွားစေသည်ကို မြင်လိုက်ရသည်။
“အရမ်းစွမ်းတာပဲ...”
“သူက အရမ်းမိုက်တာပဲ...”
မိန်းကလေးများနှင့် ဟွာစစ်ဝေ့တို့၏ စိတ်ထဲတွင် တူညီသော အတွေးတစ်ခု ဖျတ်ခနဲ ပေါ်လာပြီး မျှော်လင့်ချက်ရောင်ခြည် ပြန်လည်လင်းလက်လာလေသည်။
“ဟား ဟား... လှည့်ကွက်အသေးအမွှားလေးတွေပါကွာ။ မင်းမှာ လူတွေကို ခြောက်လှန့်ဖို့ ဒီလောက်စွမ်းရည်ပဲ ရှိတာလား...”
လုချန်က ယုံကြည်မှုအပြည့်ဖြင့် ရယ်မောလိုက်ပြီး အမှောင်ထုထဲသို့ ပြေးဝင်သွားကာ သူတို့၏ အမြင်အာရုံမှ ပျောက်ကွယ်သွားလေသည်။
သူ့ကို မမြင်ရတော့သော်လည်း အမှောင်ထုထဲတွင် မြေကြီးများ လွင့်စင်လာပြီး သစ်ပင်များ ပြိုလဲသွားကာ အပြင်းအထန် တိုက်ခိုက်နေကြသည်ကို သူတို့ ခံစားမိနေကြသည်။ သစ်ပင်မိစ္ဆာက အတင်းအကျပ် ခိုင်းစေခံရသဖြင့် ကျိုးပုထုံ၏ ဘယ်ညာလက်နှစ်ဖက် တိုက်ခိုက်သည့် သိုင်းကွက်လိုမျိုး သူ၏ကိုယ်ပိုင် အကိုင်းအခက်များဖြင့် မြေကြီးကို ရိုက်နှက်နေခြင်းသာ ဖြစ်ကြောင်းကို မသိကြဘဲ လုချန်နှင့် သစ်ပင်မိစ္ဆာတို့ အသေအလဲ တိုက်ခိုက်နေကြသည်ဟုသာ သူတို့ စိတ်ကူးယဉ်နေကြလေသည်။ (ကျိုးပုထုံဆိုတာ ဆရာကြီးကျင်းယုံရဲ့ Universe ထဲက ကလေးဆိုးကြီး ပြောတာပါ။ သိုင်းငှက်သူရဲကောင်းကားထဲမှာ ဂူးဂူးကို စိတ်နှစ်ခွ ခွဲနည်းသင်ပေးပြီး လက်နှစ်ဖက်လုံးတစ်ပြိုင်တည်း တစ်ဖက်ကို စက်ဝိုင်း၊ တစ်ဖက်ကို လေးထောင့် ပုံဆွဲခိုင်းတဲ့ အဘိုးကြီးပေါ့။)
အချိန်အနည်းငယ်ကြာပြီးနောက် သစ်ပင်မိစ္ဆာက အချိန်ကျပြီဟု ယူဆကာ အော်ဟစ်လိုက်သည်။
“ကောင်းပြီ... ငါ မင်းကို မနိုင်ဘူး။ ဒါပေမဲ့ ဟိုကောင်မလေးတွေ သေရမယ်...”
သစ်ပင်မိစ္ဆာ စကားပြောလိုက်သည်နှင့် တစ်ပြိုင်နက် ချင်းလွမ်တောင်မှ စီနီယာအစ်မက အော်ဟစ်လိုက်သည်။
“စစ်ဝေ့... ရှောင်...”
“အား...”
တောင်တစ်လုံး၏ အင်အားပါဝင်သော မိုးမခကိုင်းတစ်ကိုင်းက ဟွာစစ်ဝေ့ဆီသို့ တည့်တည့် ပြေးဝင်လာပြီး သူမ၏ ဒန်တျန်ကို ဖောက်ထွင်းရန် ရည်ရွယ်ထားသည်။
ကျင့်ကြံသူတစ်ယောက်အတွက် ဒန်တျန်ပျက်စီးသွားခြင်းဆိုသည်မှာ ကျင့်ကြံခြင်းလမ်းစဉ် အဆုံးသတ်သွားခြင်းပင် ဖြစ်သည်။
အရေးကြီးသော အခိုက်အတန့်လေးမှာပင် လုချန် ပေါ်လာပြီး ဟွာစစ်ဝေ့အတွက် သေစေနိုင်သော တိုက်ခိုက်မှုကို ဝင်ရောက်ကာကွယ်ပေးလိုက်သည်။ သူက လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ပြီး အံတင်းတင်းကြိတ်ကာ...
“သေစမ်း...”
ထိုလက်ဝါးချက်က အလွန်ပြင်းထန်ပုံရသည်။ သစ်ပင်မိစ္ဆာက စူးစူးဝါးဝါး အော်ဟစ်သွားပြီး မိန်းကလေးများကို ချည်နှောင်ထားသော မိုးမခကိုင်းများ ပြတ်တောက်သွားကာ သူတို့အားလုံး ချက်ချင်း လွတ်မြောက်သွားကြလေသည်။
ဟွာစစ်ဝေ့၏ မျက်စိရှေ့တွင် မိုးမခကိုင်းက လုချန်၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားပြီး ပြန်လည်ဆုတ်ခွာသွားရာ သွေးများ ပန်းထွက်လာလေသည်။
လုချန်က မျက်လုံးမှိတ်လိုက်ပြီး သူငုံထားသော အင်မော်တယ်ပဲစေ့ကို မြိုချလိုက်ကာ အောက်သို့ ပြုတ်ကျသွားလေသည်။ လှုပ်ရှားနိုင်သွားပြီဖြစ်သော ဟွာစစ်ဝေ့က သူ့ကို ဖမ်းထိန်းလိုက်သည်။
အမှောင်ရိပ်ထဲတွင် ပုန်းကွယ်နေသော သစ်ပင်မိစ္ဆာက ဤမြင်ကွင်းကို ကြည့်ကာ ညစ်တီးညစ်ပတ် ရယ်မောလိုက်လေသည်။
“ဒီသူရဲကောင်းကတော့ တကယ် ရက်စက်တာပဲ... မိန်းကလေးတစ်ယောက်ကို ရဖို့အတွက် ဒီလောက်အထိ အရင်းအနှီး လုပ်ရသလား...”
တကယ်တမ်းတွင် လုချန်က အစွမ်းကုန် ရင်းနှီးခဲ့ခြင်း ဖြစ်သော်လည်း အချစ်ရေးအတွက် မဟုတ်ဘဲ သူ၏ မစ်ရှင်ကို ပြီးမြောက်ရန်အတွက်သာ ဖြစ်သည်။
သူ့မှာ ရွေးချယ်စရာ မရှိပေ။ ဟူတိုင်းပြည်အတွင်း၌ အခြားဝင်ရောက်စရာ ဂိုဏ်းမရှိပေ။ ဝူဝေဓားဂိုဏ်း တစ်ခုလုံးက သူ့ကို အရိုးပါမကျန် ဝါးမျိုမည့် ဟန်ဆောင်ကောင်းသူများဖြင့် ပြည့်နှက်နေပြီး ချင်းလွမ်တောင်ကလည်း အမျိုးသမီးများကိုသာ လက်ခံသည်။ သားကို မရင်းဘဲ ဝံပုလွေကို ဖမ်းလို့မရနိုင်ပေ။
ယခင်က အရာအားလုံးက ပြဇာတ်တစ်ခုသာ ဖြစ်ခဲ့သော်လည်း နောက်ဆုံးတိုက်ခိုက်မှုကတော့ အစစ်အမှန်ဖြစ်သည်။ မိုးမခကိုင်းက သူ၏ ဒန်တျန်ကို တကယ် ဖောက်ထွင်းသွားခဲ့ခြင်း ဖြစ်သည်။
“စီနီယာအစ်မ... သူ... သူ...”
ဟွာစစ်ဝေ့၏ ရင်ခွင်ထဲရှိ လုချန်ထံမှ သွေးများ ဒလဟော စီးကျနေသဖြင့် သူမမှာ ဘာလုပ်ရမှန်းမသိဘဲ ပျာယာခတ်နေလေသည်။
“သစ်တောထဲကနေ အခုချက်ချင်း ထွက်ကြမယ်... ဒီသူရဲကောင်း သခင်လေးကို ကုသပေးရမယ်...”
ချင်းလွမ်တောင်မှ စီနီယာအစ်မက သတိလစ်နေသော မိန်းကလေးကို စိတ်ဝိညာဉ်ချီများဖြင့် နှိုးလိုက်သည်။ အကျိုးအကြောင်း သိသွားသောအခါ ဟွာစစ်ဝေ့ ရင်ခွင်ထဲမှ လူငယ်လေးက သူမကို ကယ်တင်ခဲ့ကြောင်း ထိုမိန်းကလေး နားလည်သွားသည်။
“မြန်မြန်လုပ်...”
မိန်းကလေးများက စိတ်ဝိညာဉ်ချီလှိုင်းများကို စီးနင်းကာ သစ်တောအစွန်သို့ ပျံသန်းသွားကြလေသည်။
သူတို့ ပျံသန်းသွားသည့် အခိုက်အတန့်လေးမှာပင် လုချန်၏ ဝတ်ရုံထဲသို့ အစိမ်းရောင်အလင်းတန်းလေးတစ်ခု တိတ်တဆိတ် ဝင်ရောက်သွားသည်ကို မည်သူကမျှ သတိမထားမိလိုက်ကြပေ။
ရှန်မုမြို့သို့ ပြန်ရောက်သောအခါ စောစောက ဟွာစစ်ဝေ့ ငှားရမ်းခဲ့သော အခန်းထဲရှိ ကုတင်ပေါ်တွင် လုချန်ကို တင်လိုက်ကြသည်။
“ငါ သွေးအရင်တိတ်အောင် လုပ်လိုက်မယ်...”
ချင်းလွမ်တောင်မှ စီနီယာအစ်မက ဦးဆောင်ကာ ရှက်ရွံ့မှုများကို ဘေးဖယ်ထားပြီး လုချန်၏ အဝတ်အစားများကို ဆွဲဖြဲလိုက်သည်။ သူ၏ ဝမ်းဗိုက်ပေါ်ရှိ ကြောက်မက်ဖွယ်ကောင်းသော ဒဏ်ရာကြီးကို ကြည့်ကာ သူတို့အားလုံး အသက်ရှူမှားသွားကြလေသည်။
ဟွာစစ်ဝေ့၏ မျက်နှာပေါ်တွင် မျက်ရည်များ စီးကျနေသည်။ လုချန်သာ မရှိခဲ့လျှင် ထိုနေရာတွင် လဲလျောင်းနေရမည့်သူမှာ သူမသာဖြစ်ကြောင်းကို သူမ ကောင်းကောင်း သိနေသည်လေ။
“သခင်လေးလု... ရှင် တောင့်ထားရမယ်နော်...”
မိန်းကလေးများ စောင့်ကြည့်နေရင်းဖြင့် ညအချိန် ကုန်လွန်သွားသည်။ စီနီယာအစ်မဖြစ်သူ ကုသမှုပြီးဆုံးသွားသောအခါ ဟွာစစ်ဝေ့က စိုးရိမ်တကြီး မေးလိုက်သည်။
“သွေးတော့ တိတ်သွားပြီ။ ဒါပေမဲ့...”
သူမက နောင်တရဟန်ဖြင့် ခေါင်းခါလိုက်သည်။
“ဒါပေမဲ့ ဘာဖြစ်လို့လဲ...”
“သူ့ရဲ့ ဒန်တျန်က ပျက်စီးသွားပြီ။ စိတ်ဝိညာဉ်ချီ အရိပ်အယောင်လေးတောင် မကျန်တော့ဘူး။ သူ နိုးလာရင်တောင် ဘယ်တော့မှ ပြန်ကျင့်ကြံလို့ ရတော့မှာ မဟုတ်ဘူး...”
“အာ...”
ထိုသတင်းက မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင်။
မနေ့ညက သတိလစ်နေသော မိန်းကလေးမှလွဲ၍ ကျန်သူအားလုံးက လုချန် သစ်ပင်မိစ္ဆာကို ပြန်လည်မောင်းထုတ်ခဲ့သည်ကို မြင်တွေ့ခဲ့ကြသည်။ သူ၏ စွမ်းအားက ကပ်ဘေးကျော်ဖြတ်ခြင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ထင်ရှားလှပြီး ဟူတိုင်းပြည်ရှိ လူငယ်များကြားတွင် အလွန်ထူးချွန်သူတစ်ဦး ဖြစ်သည်။ ယခုတော့ သူတို့ကြောင့် သူ၏ ဒန်တျန် ပျက်စီးသွားခဲ့ရပြီဖြစ်ရာ သူတို့အားလုံး အလွန်အမင်း အပြစ်ရှိသလို ခံစားနေကြရလေသည်။
“စီနီယာအစ်မ... ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ...”
“ငါ့မှာ ကုသပေးနိုင်တဲ့နည်းလမ်း မရှိဘူး။ ဆရာ့ကိုပဲ အကူအညီတောင်းရမှာပဲ...”
“ဟုတ်တယ်... ဆရာက အရမ်းစွမ်းတာ။ သခင်လေးလုရဲ့ ကျင့်ကြံခြင်းကို ပြန်လည်ကောင်းမွန်လာအောင် လုပ်ပေးနိုင်မယ့် နည်းလမ်းတစ်ခုခု ရှာတွေ့မှာပါ...”
“အချိန်ဆွဲနေလို့ မဖြစ်တော့ဘူး... သွားကြမယ်...”
မိန်းကလေးတစ်ဦးက တည်းခိုခန်းအပြင်ဘက်သို့ ထွက်သွားပြီး ကျောက်စိမ်းပလွေကို မြှောက်ကာ အသံနှစ်ချက် မှုတ်လိုက်သည်။ ကောင်းကင်ယံမှ မြင်းဖြူတစ်ကောင် ဆွဲလာသော ရထားလုံးတစ်စီး ဆင်းသက်လာရာ လုချန်ကို ရထားလုံးပေါ်တင်ကာ အမြန်ထွက်ခွာသွားကြလေသည်။
သူတို့ လေးရက်တိုင်တိုင် ခရီးနှင်ခဲ့ကြသည်။ မဟာတောရိုင်းနယ်မြေက ကုန်းမြေတိုက်ငါးခုထက် များစွာ ကျယ်ဝန်းလှသည်။ လေးရက်အတွင်းမှာပင် သူတို့ လီတစ်သောင်းနီးပါး ခရီးပေါက်ခဲ့ကြလေသည်။
*