ဟူတိုင်းပြည်၏ အမြင်တွင် ချင်းလွမ်တောင်သည် အထွတ်အမြတ်နယ်မြေများထဲမှ တစ်ခုဖြစ်သည်။
အမျိုးသမီးတိုင်းက ချင်းလွမ်တောင်၏ အရိပ်အာဝါသအောက်တွင် ခိုလှုံခွင့်ရရန် တောင့်တကြသည်။ ၎င်းက ခိုင်မာသော ကျောထောက်နောက်ခံတစ်ခုကို ရရှိရန်အတွက်သာမကဘဲ ချင်းလွမ်တောင်သည် သာမန်ထက် များစွာ သာလွန်မြင့်မားသောကြောင့် ဖြစ်သည်။ အကယ်၍ ထိုတောင်တွင် တပည့်တစ်ယောက် ဖြစ်လာခဲ့ပါက သူမ၏ အဆင့်အတန်းမှာ တစ်ဟုန်ထိုး မြင့်တက်သွားမည် ဖြစ်သည်။ သို့သော် ထိုသို့ တွေးတောရုံသက်သက် မိန်းကလေးများကိုတော့ ချင်းလွမ်တောင်က ဘယ်တော့မှ လက်ခံမည် မဟုတ်ပေ။
ထိုနည်းတူစွာပင် ချင်းလွမ်တောင်ကို အိပ်မက်မက်နေကြသူများမှာ အမျိုးသမီးများသာ မဟုတ်ဘဲ အမျိုးသားများက ပို၍ပင် တောင့်တကြသေးသည်။ ဟူတိုင်းပြည်တွင် ချင်းလွမ်တောင်က ပန်းပွင့်လေးများလို လှပကြသော အမျိုးသမီးများကိုသာ လက်ခံကြောင်း ဘယ်သူကများ မသိဘဲ နေမည်နည်း။ ယောက်ျားတစ်ယောက်အနေဖြင့် ချင်းလွမ်တောင်ပေါ်တွင် တစ်ခေါက်လောက် လမ်းလျှောက်ခွင့်ရမည်ဆိုလျှင် အသက်တိုသွားရင်တောင် ကျေနပ်ပြီဟု ဆိုရိုးစကားပင် ရှိလေသည်။
ကံမကောင်းစွာဖြင့် အမျိုးသားများက လိုလားနေကြသော်လည်း ချင်းလွမ်တောင်ကတော့ လက်မခံပေ။ ဟူတိုင်းပြည်တွင် ချင်းလွမ်တောင်ပေါ်သို့ အမျိုးသားတစ်ယောက် ခြေချဖူးသည်ဟု ဘယ်သူကမှ မကြားဖူးကြချေ။
ချင်းလွမ်တောင်သည် ဟူတိုင်းပြည်၏ အနောက်ဘက်တွင် တည်ရှိပြီး အဓိက ခံတပ်ကြီးတစ်ခုနှင့် သိပ်မဝေးလှပေ။ တောင်တန်းကြီးက လီတစ်သောင်းခန့် ကျယ်ဝန်းပြီး တောင်ထွတ်များက တိမ်တိုက်များထဲအထိ မြင့်မားကာ အစိမ်းရောင်တောက်ပနေသည်။ ကောင်းကင်နှင့် တိမ်တိုက်များကပင် ထိုအရောင်ကို ရောင်ပြန်ဟပ်နေပြီး ဒဏ္ဍာရီလာ နတ်ငှက် ‘ချင်းလွမ်’ ၏ အရောင်အတိုင်းပင် ဖြစ်သည်။
ကောင်းကင်ယံမှ ရထားလုံးတစ်စီး ဆင်းသက်လာပြီး ချင်းလွမ်တောင်အတွင်းသို့ ဝင်ရောက်သွားလေသည်။
ဤနေရာရှိ စိတ်ဝိညာဉ်ချီများက ထူထပ်သော မြူခိုးများအဖြစ် အသွင်ပြောင်းလုမတတ် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပေါများကြွယ်ဝလှသည်။
ချင်းလွမ်တောင်ပေါ်ရှိ လူတိုင်းက အလှမယ်လေးများ ဖြစ်ကြသည်။ ရထားလုံးက ဂိတ်တံခါးကို ဖြတ်ကျော်သွားသည်နှင့် တစ်ပြိုင်နက် အမျိုးသမီးငယ်လေးများက ကြိုဆိုရန် ထွက်လာကြသည်။
“မြန်မြန်... ဆရာ ဘယ်မှာလဲ...”
အပြင်ထွက်သွားခဲ့သော အဖွဲ့၏ စီနီယာအစ်မက ရထားလုံးထဲမှ ခေါင်းထွက်ကာ မေးလိုက်သည်။
“အရံတောင်ထွတ်မှာပါ။ စီနီယာအစ်မ... ဘာတွေများ အဲဒီလောက် အရေးကြီးနေလို့လဲ...”
“လူတစ်ယောက်ကို ကယ်ဖို့ ဆရာ့ကို အကူအညီတောင်းရမှာမို့လို့...”
ရထားလုံးက အရံတောင်ထွတ်ဆီသို့ တန်းတန်းမတ်မတ် ပြေးထွက်သွားလေသည်။
ထိုနေ့မှာပင် ငြိမ်သက်နေသော ရေပြင်ထဲသို့ ကျောက်တုံးကြီးတစ်တုံး ပစ်ချလိုက်သကဲ့သို့ သတင်းတစ်ခုက ပေါက်ကွဲထွက်ပေါ်လာပြီး မိနစ်ပိုင်းအတွင်း ချင်းလွမ်တောင်တစ်ခုလုံးသို့ ပျံ့နှံ့သွားလေသည်။
အမျိုးသားတစ်ယောက် တောင်ပေါ်ကို ရောက်လာတယ်တဲ့လေ။
မြေငလျင်လှုပ်သွားသကဲ့သို့ပင်။ မည်သည့်အမျိုးသားက တောင်ပေါ်သို့ အမှန်တကယ် ရောက်လာသနည်းဆိုတာကို ကြည့်ရှုရန် မရေမတွက်နိုင်သော တပည့်မလေးများက အရံတောင်ထွတ်ဆီသို့ အပြေးအလွှား သွားကြလေသည်။
အရံတောင်ထွတ်တွင် တောင်စောင်း၌ တည်ရှိသော အိမ်အချို့ကို မြူခိုးများက ရစ်ပတ်ထားသည်။ အိမ်တစ်လုံး၏ အရှေ့တွင်တော့ မြင်ကွင်းကို ကြည့်ရှုရန် စကားတတွတ်တွတ်ပြောနေကြသော အမျိုးသမီးအုပ်ကြီး စုရုံးနေကြသည်။
“ကြည့်နေတာ တော်ကြတော့... နင်တို့တွေ ကျင့်ကြံဖို့ မလိုဘူးလား... အခုချက်ချင်း မိစ္ဆာနှိမ်နင်းဖို့ တောင်အောက်ကို လွှတ်လိုက်ရမလား...”
အသက်အနည်းငယ်ပိုကြီးသော အမျိုးသမီးတစ်ဦးက အိမ်ထဲမှ ထွက်လာပြီး စူးစူးညံညံဖြစ်နေသော မိန်းကလေးအုပ်ကို ဆူပူလိုက်သည်။
မိန်းကလေးများက တခစ်ခစ်ရယ်မောကာ လူစုကွဲသွားကြသည်။
ထိုအမျိုးသမီးနှင့် ရင်းနှီးသော မိန်းကလေးတစ်ယောက်က အော်မေးလိုက်သည်။
“အစ်မကြီး... ဘယ်သူရောက်လာတာလဲ... အစ်မကြီး အိမ်ထောင်ပြုတော့မယ်လို့တော့ မပြောနဲ့နော်...”
“ပေါက်ကရတွေ...”
အမျိုးသမီးက သူမကို မျက်စောင်းထိုးလိုက်သည်။
“သူက ဝမ်ယွဲ့တို့နဲ့အတူ ပါလာတာ။ သူတို့ သစ်ပင်မိစ္ဆာကို နှိမ်နင်းနေတုန်း အထဲက သူရဲကောင်းလေးက သူတို့အသက်ကို ကယ်ခဲ့တာ။ ဒါပေမဲ့ သူ့ရဲ့ ဒန်တျန်ကတော့ ပျက်စီးသွားခဲ့တယ်...”
“အာ...”
ထိုစကားကြောင့် အပြုံးများ ပျောက်ကွယ်သွားပြီး စိုးရိမ်ပူပန်မှုများက အစားထိုးဝင်ရောက်လာသည်။
“အစ်မကြီး... အခု သူရဲကောင်းလေးရဲ့ အခြေအနေ ဘယ်လိုနေသေးလဲ...”
“တတိယဆရာဒေါ်လေးက သူ့ကို ပြုစုပေးနေတုန်းပဲ။ ဒီမှာ လာဝိုင်းမနေကြနဲ့တော့။ သူ နိုးလာလို့ နင်တို့က သူ့ကို ပြပွဲတစ်ခုလို ဝိုင်းကြည့်နေကြတာကို မြင်သွားရင် ချင်းလွမ်တောင်ကို ဘယ်လိုထင်သွားမလဲ...”
“အစ်မကြီး... ကျွန်မတို့က သဘောရိုးနဲ့ပါ။ အခုချက်ချင်း သွားပါ့မယ်... သူ အထင်လွဲသွားလို့မဖြစ်ဘူး...”
“ကောင်းပြီ... သူ သတိမရသေးပါဘူး။ သွားကြတော့...”
အစ်မကြီးက လက်ယမ်းပြလိုက်သည်။ အမှန်တရားကို သိသွားပြီးနောက် လာရောက်စပ်စုကြသော အမျိုးသမီးများမှာ စောစောက သူတို့၏ ပေါ့ပျက်ပျက်နိုင်မှုအတွက် ရှက်ရွံ့သွားကြလေသည်။
စောစောက ပြောခဲ့သော အစ်မကြီးအပါအဝင် အိမ်ထဲတွင် လူကိုးယောက် ရှိနေသည်။
ထိုအထဲတွင် သူမ၏ တတိယဆရာဒေါ်လေးနှင့် ဟွာစစ်ဝေ့ ဦးဆောင်သော မိန်းကလေး ခုနစ်ယောက် ပါဝင်သည်။
လုချန်က ကုတင်ပေါ်တွင် မျက်လုံးမှိတ်လျက် သတိမရသေးဘဲ လဲလျောင်းနေသည်။
ဤကျင့်ကြံသူများက ကောင်းကင်ကိုပင် လှမ်းကိုင်နိုင်သော စွမ်းရည်များ ပိုင်ဆိုင်ထားကြောင်း သူ သိသည်။ သူသာ အနည်းငယ် ဟာကွက်ပြလိုက်မိပါက သူတို့က ချက်ချင်း ရိပ်မိသွားကြမည် ဖြစ်သည်။ ထို့ကြောင့် ကိုယ့်ကိုယ်ကိုယ် တိုက်ခိုက်ရာတွင် သူက သစ်ပင်မိစ္ဆာကို အနည်းငယ်မျှပင် သနားညှာတာခွင့် မပေးခဲ့ပေ။
“ဆရာ... သခင်လေးလုရဲ့ ဒန်တျန်ကို ပြန်ကောင်းအောင် လုပ်ပေးလို့ရမလား...”
ဟွာစစ်ဝေ့က စိုးရိမ်တကြီး မေးလိုက်သည်။
မဟာတောရိုင်းနယ်မြေရှိ ဂိုဏ်းများက ကုန်းမြေတိုက်ငါးခုနှင့် ကွာခြားသည်။ ဂိုဏ်းတိုင်းတွင် အကြီးအကဲ အများအပြား ရှိကြပြီး အကြီးအကဲတစ်ယောက်စီ၏ တပည့်များက သီးခြားစီ ဖြစ်ကြသည်။ ဟွာစစ်ဝေ့နှင့် အခြားသူများက တတိယအကြီးအကဲ၏ လက်အောက်တွင် ရှိကြသည်။
တတိယအကြီးအကဲ၏ ဆံပင်များက ဖြူဖွေးနေပြီး သူမကို အသက်ခုနစ်ဆယ် ရှစ်ဆယ်ခန့်ဟု ထင်ရစေသော်လည်း ၎င်းက သူမ၏ အသက်အမှန် မဟုတ်ပေ။ သူမက အသက်တစ်ရာ့ငါးဆယ်ကျော်နေပြီ ဖြစ်သည်။
ဟွာစစ်ဝေ့၏ အမေးကို သူမက ခေါင်းခါပြလိုက်သည်။
“မရဘူး... ဒန်တျန် ပျက်စီးသွားပြီဆိုရင် ဘာနဲ့မှ ပြန်ကောင်းအောင် လုပ်လို့မရတော့ဘူး...”
“ဒါ...”
တတိယအကြီးအကဲ၏ စကားက မိန်းကလေးများ၏ နောက်ဆုံးမျှော်လင့်ချက်ကို ရိုက်ချိုးပစ်လိုက်လေသည်။
သတိလစ်နေသော လုချန်ကို ကြည့်ရင်း သူ နိုးလာသည့်အခါ ဘယ်လိုမျက်နှာပြရမည်ကို သူတို့ မသိတော့ပေ။ သူက အကောင်းဆုံး အရွယ်တွင် ရှိနေပြီး အတိုင်းအဆမရှိသော ပါရမီကို ပိုင်ဆိုင်ထားသူဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းများ ပျက်စီးသွားကြောင်း သူ သိသွားပါက ရူးသွပ်သွားနိုင်လေသည်။ သူတို့ကိုယ်တိုင်သာဆိုလျှင်လည်း ဤသို့သော ကံကြမ္မာမျိုးကို သေချာပေါက် ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
တတိယအကြီးအကဲက သက်ပြင်းချလိုက်ပြီး ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါလိုက်သည်။
“သူ့ကို ဒီမှာ ခဏ အနားယူခိုင်းလိုက်။ ငါ့နောက်လိုက်ခဲ့ကြ... ဂိုဏ်းချုပ်က နင်တို့ကို မေးစရာရှိတယ်တဲ့...”
သူတို့က အခန်းထဲမှ ထွက်သွားကြပြီး တံခါးကို ပိတ်ထားခဲ့ကြသည်။
မြကဲ့သို့စိမ်းလန်းသော အလင်းတန်းတစ်ခုက လုချန်၏ အိတ်ကပ်ထဲမှ လျှောထွက်လာသည်။ မြက်ပင်လေးတစ်ပင်ပုံစံ ဖြစ်နေသော သစ်ပင်မိစ္ဆာက သူ၏ ရင်ဘတ်ပေါ်သို့ ခုန်တက်သွားလေသည်။
လေးစားအားကျမှုများ ပြည့်နှက်နေစွာဖြင့် ဒီသူရဲကောင်းက လူကောင်းဝင်လုပ်ချင်ရုံ သက်သက်ဟု သူ ထင်ခဲ့မိကြောင်း ပြန်လည်တွေးတောလိုက်မိသည်။ သူက ဤမျှ ကြီးကျယ်ခမ်းနားသော အကြံအစည်ကို ကြံစည်နေလိမ့်မည်ဟု ဘယ်သူကများ ခန့်မှန်းမိမည်နည်း။ ဤနေရာက အလှမယ်လေးများနှင့် ပြည့်နှက်နေသော ချင်းလွမ်တောင် ဖြစ်သည်။ အကယ်၍ သူသာ ဤနေရာတွင် နေထိုင်နိုင်ပါက အင်မော်တယ်တစ်ယောက်၏ ဘဝကတောင် ယှဉ်နိုင်မည် မဟုတ်ပေ။
မိစ္ဆာ၏ သေးငယ်သော ခန္ဓာကိုယ်လေးပေါ်တွင် သေးသွယ်သော မိုးမခကိုင်းလေးတစ်ခု ပုံပေါ်လာပြီး ချွန်ထက်သော အဖျားဖြင့် လုချန်၏ အရေပြားကို ထိုးဖောက်ဝင်ရောက်သွားသည်။ လုချန်ထံမှ အစိမ်းရောင်အလင်းတန်းများက မိုးမခကိုင်းဆီသို့ စီးဆင်းသွားပြီး ဝင်ရောက်သွားသော နေရာတွင် စုစည်းသွားလေသည်။
လုချန်ကိုယ်ပေါ်ရှိ အစိမ်းရောင်အလင်းတန်းများ ပျောက်ကွယ်သွားသောအခါမှသာ သစ်ပင်မိစ္ဆာက မိုးမခကိုင်းကို ပြန်ရုပ်သိမ်းလိုက်သည်။ လုချန်ထံမှ ညည်းတွားသံတိုးတိုးလေး ထွက်ပေါ်လာသည်။
တင်းကျပ်စွာ မှိတ်ထားသော သူ၏ မျက်လုံးများက ဖြည်းညင်းစွာ ပွင့်လာလေသည်။
“သူရဲကောင်းကြီး... သူရဲကောင်းကြီး... နိုးလာပြီလား...”
လုချန် မျက်လုံးဖွင့်လိုက်သည်နှင့် ပထမဆုံး မြင်လိုက်ရသည်မှာ သူ၏ ရင်ဘတ်ပေါ်တွင် ရပ်ကာ ဖားယားယား အပြုံးဖြင့် ကြည့်နေသော သစ်ပင်မိစ္ဆာပင် ဖြစ်သည်။
သူက မိစ္ဆာကို ပုတ်ချလိုက်ပြီး သူ၏ နားထင်များကို ပွတ်ကာ ဖြည်းညင်းစွာ ထိုင်လိုက်ရင်း ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။
မိန်းကလေးဆန်ဆန် ပြင်ဆင်ထားသော အခန်းတစ်ခန်းထဲတွင် ရောက်နေကြောင်း သူ တွေ့လိုက်ရပြီး ကုတင်ဆီမှ သင်းပျံ့သော ရနံ့လေးတစ်ခု ထွက်ပေါ်နေသည်။
“ငါက... ချင်းလွမ်တောင်ပေါ် ရောက်နေတာလား...”
“ဟုတ်ပါတယ် သူရဲကောင်းကြီး... သူရဲကောင်းကြီးကို ကျွန်တော် ပြောမပြတတ်အောင်ကို လေးစားသွားပါပြီဗျာ။ ဟူတိုင်းပြည်က ယောက်ျားတိုင်း အိပ်မက်မက်ရတဲ့ နေရာကို တကယ် ရောက်လာနိုင်ခဲ့တယ်ဆိုတော့လေ။ ကျွန်တော့်ရဲ့ အရိုအသေကို လက်ခံတော်မူပါ။ အခုကစပြီး သူရဲကောင်းကြီးနောက်ကို လိုက်ပါတော့မယ်... အရှေ့သွားဆို အရှေ့၊ အနောက်သွားဆို အနောက်... ခိုင်းတဲ့နေရာ သွားပါ့မယ်ဗျာ...”
သစ်ပင်မိစ္ဆာက ကုတင်ပေါ်သို့ ပြန်တက်လာပြီး မြက်ပင်ဖြင့် ဖွဲ့စည်းထားသော လက်များကို ယမ်းပြကာ ပြောလိုက်သည်။
နောက်တစ်ခဏမှာပင် လုချန်က ၎င်းကို ထပ်မံ ပုတ်ချလိုက်ပြန်သည်။
“ခုန်ဆွခုန်ဆွ လုပ်မနေနဲ့... ဘယ်နှရက်ကြာသွားပြီလဲ...”
“လေးရက်ပါ သူရဲကောင်းကြီး...”
“လေးရက်...”
လုချန် လန့်ဖြန့်သွားပြီး သူ၏ စိတ်ထဲရှိ မစ်ရှင်ဘုတ်ပြားကို အမြန်စစ်ဆေးကြည့်လိုက်သည်။ ထင်သည့်အတိုင်းပင် နှစ်ရက်ပင် မကျန်တော့ပေ။
မနက်ဖြန်ညမတိုင်မီ သူ ဂိုဏ်းတစ်ခုခုသို့ မဝင်ရောက်နိုင်ပါက အတင်းအကျပ် ပြန်လည်ပို့ဆောင်ခံရမည် ဖြစ်သည်။
“မင်းဘာသာမင်း ပုန်းနေ... ငါ မခေါ်ဘဲ အပြင်မထွက်လာနဲ့။ မင်းကြောင့် ငါ ချင်းလွမ်တောင်ပေါ်ကနေ အနှင်ထုတ်ခံရလို့ကတော့ အကျိုးဆက်ကို မင်းသိတယ်မလား...”
“စိတ်ချလက်ချသာ နေပါ သူရဲကောင်းကြီး... ပုန်းတဲ့နေရာမှာ ကျွန်တော်က ပညာရှင်ပါ...”
သစ်ပင်မိစ္ဆာက ရင်ဘတ်ကိုပုတ်ကာ ဈေးပေါသော အပြုံးတစ်ခု ပြုံးပြလိုက်ပြီး အစိမ်းရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ လုချန်၏ အဝတ်အစားအောက်သို့ တိုးဝင်သွားလေသည်။
*