လုချန်က သစ်ပင်မိစ္ဆာ သူ့ကိုယ်ပေါ်သို့ တက်လာသည်ကို ကူကယ်ရာမဲ့စွာ ကြည့်နေလိုက်ရသည်။ မည်မျှပင် ရှာဖွေစေကာမူ လုံးဝ ရှာမတွေ့တော့ပေ။ သစ်ပင်မိစ္ဆာတွင် ကိုယ်ပိုင် ပုန်းကွယ်နည်းစနစ်များ ရှိမည်မှာ သေချာလှသည်။
အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး လုချန် ကုတင်ပေါ်မှ ဆင်းလာခဲ့သည်။ အခုအချိန်က သူ၏ အထာကျကျ ဟန်ဆောင်နိုင်စွမ်းကို စမ်းသပ်ရမည့်အချိန် ရောက်လာပြီဖြစ်ကြောင်း သူ သိနေသည်။ မစ်ရှင်ကို ပြီးမြောက်ရန်အတွက် ဤပြဇာတ်က အသံကျယ်ကျယ်နှင့် လေးနက်မှုရှိရမည့်အပြင် အလွန်အမင်း အရှက်မဲ့ဖို့လည်း လိုအပ်သည်။ ဤအရာအားလုံးက ဟိုစောက်ကျိုးနည်း တည်းခိုခန်းကြောင့်သာ အတင်းအကျပ် လုပ်ဆောင်ရခြင်းဖြစ်ပြီး ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ဒီမှာဆက်နေခွင့်ရဖို့ ကြိုးစားရတာကလည်း မဟာတောရိုင်းနယ်မြေကို အကျိုးပြုဖို့အတွက်သာဖြစ်ကြောင်း သူ့ကိုယ်သူ စိတ်ထဲမှ ဆင်ခြေပေးလိုက်သည်။
တံခါးကိုဖွင့်လိုက်ပြီး လုချန်က မားမားမတ်မတ် ရပ်လိုက်သည်။
“ရှင် နိုးပြီလား...”
လုချန်က အထာကျကျ စကားတစ်ခွန်းမျှပင် မပြောရသေးမီ တံခါးပေါက်မှ ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် လန့်ခုန်သွားမတတ် ဖြစ်သွားသည်။
‘သောက်ကျိုးနည်း... အပြင်မှာ လူရှိနေတာပဲ’
လုချန်က ချက်ချင်း တည်ငြိမ်အောင် ပြန်ထိန်းလိုက်ပြီး ရှေ့သို့ ကြည့်လိုက်သည်။ အသက်သုံးဆယ်ခန့်ရှိသော အမျိုးသမီးတစ်ဦးက သူ့ရှေ့တွင် ရပ်နေသည်။
ထိုအမျိုးသမီးကို ကြည့်ရင်း လုချန်က ဘယ်လိုဖော်ပြရမှန်းမသိသော အနေရခက်သည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။
ရုပ်ရည်သွင်ပြင်အရပြောရလျှင် သူမက အလွန်ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦးဖြစ်ပြီး အပြစ်အနာအဆာကင်းစွာ လှပသည်။ သူမ၏ ပြီးပြည့်စုံသော အသက်သုံးဆယ်အရွယ်က သူမ၏ ဆွဲဆောင်မှုအားလုံးကို ပေါ်လွင်စေပြီး မိန်းမပျိုလေးများ၏ နုနယ်မှုထက်ပင် ပို၍ ဖမ်းစားနိုင်စွမ်း ရှိနေသည်။ သို့သော် သူမကို အိမ်ထောင်သည်အမျိုးသမီးတစ်ဦးဟု သတ်မှတ်ဖို့ကလည်း ထိုသို့သော အငွေ့အသက်မျိုး သူမထံတွင် မရှိပေ။
သူမကို တင်စားရမည်ဆိုလျှင် လှပခမ်းနားသော နှင်းဆီပန်းတစ်ပွင့်လိုပင်။ သို့သော် တစ်ဝက်သာ ပွင့်သေးပြီး ကျန်တစ်ဝက်က ပွင့်အာလာဖို့ စောင့်ဆိုင်းနေဆဲ ဖြစ်သည်။
“ကျွန်တော် နိုးပါပြီ...”
လုချန်က သူမထံမှ အကြည့်လွှဲလိုက်ပြီး လေးနက်သော ဟန်ပန်ဖြင့် ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။ ထို့နောက် သူ၏ လက်နှစ်ဖက်ကို ဖြည်းညင်းစွာ မြှောက်ကာ စိုက်ကြည့်လိုက်ပြီး...
“နိုးလာပြီးတဲ့နောက်ပိုင်း နည်းနည်းတော့ အသားမကျသလို ဖြစ်နေတယ်...”
“ရှင့်ရဲ့ တုံ့ပြန်မှုက ကျွန်မ မျှော်လင့်ထားတာထက် ကျော်လွန်နေတယ်။ ရှင် ရူးသွပ်သွားလောက်ပြီလို့ ကျွန်မ ထင်နေခဲ့တာ...”
အမျိုးသမီးက ပြုံးလိုက်ရာ ပန်းတစ်ရာ ပွင့်အာသွားသကဲ့သို့ တကယ်ကို လှပလွန်းလှသည်။ သူမက စောစောက လူအုပ်ကို လူစုခွဲပေးခဲ့သော ချင်းလွမ်တောင်မှ စီနီယာအစ်မကြီးပင် ဖြစ်သည်။
လုချန်က ခါးသက်သက် ပြုံးလိုက်သည်။
“အမှန်တိုင်းပြောရရင် စောစောက အခန်းထဲမှာတင် ကျွန်တော် ရူးသွားခဲ့ပြီးပြီ။ ကျွန်တော် အခု ရောက်နေတာ ချင်းလွမ်တောင်လား...”
“ဟုတ်ပါတယ်...”
စီနီယာအစ်မကြီးက ခေါင်းညိတ်လိုက်သည်။
“ဟဲ ဟဲ... ဒီကံဆိုးမှုထဲကနေ အကျိုးအမြတ်တစ်ခုတော့ ရလိုက်တဲ့ပုံပဲ။ ကျွန်တော်လို ယောက်ျားတစ်ယောက် ချင်းလွမ်တောင်ထွတ်ပေါ်မှာ ရပ်နေတယ်ဆိုတာကို တခြားသူတွေသာ သိရင် ကျွန်တော့်ကို သေလောက်အောင် မုန်းကြလိမ့်မယ်...”
“သူတို့သာ သက်ဆိုင်ခြင်းမရှိတဲ့ သူတွေအတွက် အသက်စွန့်ရဲတယ်ဆိုရင်တော့ ကျွန်မတို့ ချင်းလွမ်တောင်က သူတို့ကိုလည်း ကြိုဆိုမှာပါပဲ။ မိတ်ဆက်ပေးပါရစေ... ကျွန်မနာမည် ယွီလီချင်းပါ...”
“စီနီယာအစ်မယွီပါလား... အစ်မရဲ့ နာမည်ကြီးမှုကို ကြားဖူးနေတာ ကြာပါပြီဗျာ...”
လုချန်က လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပေးလိုက်သည်။
“နာမည်ကြီးတာတွေ ထားလိုက်ပါတော့။ ရှင့်ရဲ့ ကိစ္စကိုလည်း စစ်ဝေ့နဲ့ ဝမ်ယွဲ့တို့ဆီက ကြားပြီးပါပြီ။ ဒီကိစ္စသာ မဖြစ်ခဲ့ဘူးဆိုရင် ရှင့်ရဲ့ စွမ်းအားက ကျွန်မထက်တောင် နိမ့်မှာ မဟုတ်ဘူး...”
“သခင်မလေးတို့က မြှောက်ပြောလွန်းပါပြီ...”
လုချန်က ခေါင်းအနည်းငယ် ခါယမ်းပြလိုက်ပြီး ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးသွားကာ အလွန် အထာကျသော ဟန်ပန်ဖြင့် အဝေးသို့ ငေးကြည့်လိုက်သည်။ ထို့နောက် ရုတ်တရက် လှည့်ကြည့်လိုက်ပြီး...
“စီနီယာအစ်မယွီ... ကျွန်တော်နဲ့အတူ လမ်းနည်းနည်းလောက် လျှောက်ပေးလို့ ရမလား...”
လုချန်၏ ရုတ်တရက် တောင်းဆိုမှုကြောင့် ယွီလီချင်း အနည်းငယ် အံ့ဩသွားသော်လည်း ချက်ချင်း ပြန်လည်ထိန်းချုပ်လိုက်ပြီး...
“ရတာပေါ့... ဝမ်းသာအားရပါပဲ...”
“ကျေးဇူးတင်ပါတယ်။ ကျွန်တော်က ချင်းလွမ်တောင်ကို တောင့်တနေခဲ့တာ ကြာပါပြီ။ အခုလို ချင်းလွမ်တောင်ရဲ့ ပထမတပည့်ကြီးကိုယ်တိုင် လိုက်လံမိတ်ဆက်ပေးတာက ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ...”
“သခင်လေးလု... ရှင်က ပိုပြောနေပါပြီ...”
ချင်းလွမ်တောင်က အခြားအရာအားလုံးကို ဘေးဖယ်ထားလိုက်လျှင်ပင် ရှုခင်းအလှအပအရ အလွန် ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။ အထူးသဖြင့် တစ်ဝက်ပွင့် တစ်ဝက်ငုံနေသော ပြိုင်ဘက်ကင်း အလှမယ်လေးတစ်ဦးက ဘေးမှလိုက်ပါလာသောအခါ ပို၍ပင် လန်းဆန်းဖွယ် ကောင်းလှသည်။
သူတို့နှစ်ဦး တောင်ထွတ်အစွန်းသို့ လျှောက်သွားကြသည်။ အောက်ခြေမမြင်ရသော ချောက်ကမ်းပါးကြီးကို ကြည့်လိုက်မိသောအခါ လုချန်မှာ မူးဝေသွားပြီး စိတ်ထဲမှနေ၍ ‘WTF(ဝှက်သယ်ဖက်)’ ဟု ကျိန်ဆဲကာ နောက်သို့ ခြေလှမ်းအနည်းငယ် အမြန်ဆုတ်လိုက်ရသည်။
‘သောက်ကျိုးနည်း... ငါက အမြင့်ကြောက်တတ်တာပဲ။ အရင်က လုံးဝ သတိမထားမိခဲ့ဘူး...’
သူ၏ တုံ့ပြန်မှုကို ကြည့်ကာ ယွီလီချင်းမှာ ခါးသက်သက်သာ ပြုံးနိုင်တော့သည်။ သစ်ပင်မိစ္ဆာကို အနိုင်ယူနိုင်ခဲ့သော သူရဲကောင်းလေးက အမြင့်ကို ကြောက်၍ နောက်ဆုတ်နေရသည်တဲ့လေ။ သူက အပြင်ပန်းတွင် အခြေအနေကို အလွယ်တကူ လက်ခံထားသယောင် ပြသနေသော်လည်း သူ၏ ရင်တွင်းမှ အမှန်တကယ် ခါးသီးမှုများကို သူကိုယ်တိုင်သာ သိနိုင်မည်ဖြစ်သည်။
‘သူက ငါတို့ကို အပြစ်ရှိသလို အရမ်းမခံစားစေချင်လို့ သူ့ရဲ့ ဝမ်းနည်းမှုတွေအားလုံးကို ရင်ထဲမှာ မြိုသိပ်ထားတာလား...’
“စီနီယာအစ်မယွီ...”
ယွီလီချင်း ထပ်မံ၍ ငေးမောနေသည်ကို မြင်သောအခါ လုချန်က သူမရှေ့တွင် လက်ယမ်းပြလိုက်သည်။
လုချန်၏ လုပ်ရပ်ကို ကြည့်ရင်း ယွီလီချင်းမှာ သူ့ကို ဘယ်လိုသုံးသပ်ရမည်မှန်း မသိတော့ပေ။ ယုတ္တိတန်တန် တွေးကြည့်မည်ဆိုလျှင် သူမက သူ့ကို နှစ်သိမ့်ပေးရမည် မဟုတ်ပါလား။ အခုတော့ သူမ စိုးရိမ်နေမည်စိုး၍ သူက လေထုကို ပေါ့ပါးအောင် ကြိုးစားလုပ်ဆောင်နေသည်။
“သခင်လေးလု... တောင်းပန်ပါတယ်။ ကျွန်မ စိတ်လွင့်သွားလို့ပါ...”
“ကိစ္စမရှိပါဘူး။ စီနီယာအစ်မယွီ... တကယ်တော့ ကျွန်တော် အစ်မကို မေးချင်တာတစ်ခု ရှိတယ်။ လူတွေက ဘာအတွက် အသက်ရှင်နေကြတယ်လို့ အစ်မ ထင်လဲ...”
“ကျင့်ကြံဖို့အတွက်ပေါ့...”
ယွီလီချင်းက တုံ့ဆိုင်းမနေဘဲ ဖြေလိုက်သည်။ သို့သော် မကြာမီမှာပင် သူမ စကားမှားသွားကြောင်း သတိပြုမိသွားသည်။ သူရဲကောင်းလေး၏ ရှေ့တွင် ထိုစကားလုံး နှစ်လုံးကို သူမ မပြောသင့်ခဲ့ပေ။
“ကျင့်ကြံဖို့ ဟုတ်လား...”
လုချန်က သိပ်ဂရုစိုက်ပုံ မရပေ။
“ဒါဆို စီနီယာအစ်မယွီ... ကျင့်ကြံတယ်ဆိုတာ ဘာအတွက်လဲ...”
“မိစ္ဆာတွေကို နှိမ်နင်းပြီး မကောင်းဆိုးဝါးတွေကို ဖယ်ရှားဖို့၊ ပြီးတော့ သာမန်ပြည်သူတွေကို အကျိုးပြုဖို့လေ...”
“ပြီးတော့ရော...”
“ကမ္ဘာလောကကြီး ငြိမ်းချမ်းဖို့ပေါ့...”
“မွန်မြတ်တဲ့ ရည်မှန်းချက်ပါပဲ...”
လုချန်က လက်မထောင်ပြလိုက်သည်။
“ဒါပေမဲ့ ကျွန်တော့်မှာတော့ အဲဒီလို ရည်မှန်းချက်မျိုး မရှိဘူး။ ကျွန်တော်က ပျော်ရွှင်ဖို့အတွက်ပဲ အသက်ရှင်တာ။ ကမ္ဘာလောကကြီး ငြိမ်းချမ်းတယ်ဆိုတာက လူတိုင်း ပျော်ရွှင်နေကြတဲ့ အခြေအနေတစ်ခု သက်သက်ပါပဲ...”
“သခင်လေးလု... ရှင်က...”
ယွီလီချင်း ဇဝေဇဝါ ဖြစ်သွားသည်။ သူရဲကောင်းလေးက ဘာကြောင့် ရုတ်တရက်ကြီး ဒီအကြောင်းကို ပြောလာမှန်း သူမ နားမလည်နိုင်ပေ။
“ကျွန်တော် ဆိုလိုချင်တာက ကျွန်တော့်မှာ ကျင့်ကြံခြင်း ရှိသည်ဖြစ်စေ၊ ဆက်ပြီး ကျင့်ကြံနိုင်သည်ဖြစ်စေ အဲဒါတွေက အရေးမကြီးဘူးလို့ ပြောချင်တာပါ။ အစတုန်းက ကျွန်တော် ကျင့်ကြံဖို့ ရွေးချယ်ခဲ့တာက ဒါက ကျွန်တော့်ကို ပျော်ရွှင်စေနိုင်တဲ့ လမ်းကြောင်းတစ်ခုလို့ ထင်ခဲ့လို့ပဲ။ အခု ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းက ပျက်စီးသွားပြီဆိုတော့ စိတ်ပျက်မိတာ မှန်ပေမယ့် ဒီကိစ္စအပေါ်မှာ အရမ်းကြီး တွယ်တာမနေချင်ဘူး။ ဘာလို့လဲဆိုတော့ အဲဒါက ကျွန်တော့်ရဲ့ ပျော်ရွှင်မှုကို ထိခိုက်စေလို့ပဲ။ ဒါကြောင့်မလို့ ဒီကိစ္စအတွက် ခင်ဗျားတို့ အရမ်းကြီး အပြစ်ရှိသလို ခံစားနေစရာ မလိုပါဘူး။ ကျွန်တော်က ပြင်ပကမ္ဘာရဲ့ လွှမ်းမိုးမှုကို အလွယ်တကူ ခံရတတ်တယ်။ အခုလို ခင်ဗျားတို့ အတင်းပြုံးပြနေတာက ကျွန်တော့်အမြင်မှာတော့ ဝမ်းနည်းနေသလိုပဲ။ ကျွန်တော် ဆိုလိုတာကို နားလည်လား...”
လုချန်၏ စကားများကြောင့် ယွီလီချင်းမှာ လုံးဝ ဆွံ့အသွားလေသည်။
သူမရှေ့ရှိ ဤအမျိုးသားက ဘယ်လိုဘဝမျိုးကို ဖြတ်သန်းခဲ့ရလို့များ ဒီလောက်တောင် ပွင့်လင်းမြင်သာစွာနဲ့ လက်ခံနိုင်စွမ်းရှိတဲ့ စကားမျိုးကို ပြောထွက်ရတာလဲ။
“ဟား ဟား ဟား... အစ်မရဲ့ မျက်နှာအမူအရာကို ကြည့်ရတာ အရမ်းကြီး မတွေးပါနဲ့ဗျာ။ ကျွန်တော်က သူတော်စင်မှ မဟုတ်တာ။ ကျင့်ကြံရတာကို သိပ်မကြိုက်ရုံပါ။ ကျင့်ကြံတာထက်စာရင် ဆေးဖော်စပ်ရတာကို ပိုသဘောကျတယ်...”
“ဆေးဖော်စပ်တာ... သခင်လေးလု... ရှင်က မှော်ဆေးပညာရှင် တစ်ယောက်များလား...”
“ဒါပေါ့... ဒီမှာ ကြည့်...”
လုချန်က အိတ်ကပ်ထဲနှိုက်ကာ လင်းလက်နေသော ဆေးလုံးတစ်လုံးကို လက်ဖြန့်ပြလိုက်သည်။ ၎င်းထက်မှ အရောင်ခြောက်မျိုး အလင်းတန်းက ယွီလီချင်း၏ အကြည့်များကို ဖမ်းစားသွားလေသည်။
“ကြယ်ခြောက်ပွင့်အဆင့် ဆေးလုံးပါလား...”
“အင်း... အစ်မအတွက် လက်ဆောင်...”
လုချန်က လက်ကမ်းပေးရင်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ ဤဆေးလုံးမှာ ဆေးတောင်ကြားတွင် သူ ဖော်စပ်ခဲ့သော ဇယ်ထျန်းဆေးလုံးပင် ဖြစ်သည်။
ယွီလီချင်းက လုံးဝ မယုံနိုင်အောင် ဖြစ်နေသည်။
ဒါက... သခင်လေးလုက ကြယ်ခြောက်ပွင့်အဆင့် ဆေးလုံးတစ်လုံးကို ငါ့ကို ပေးတာလား။
ယွီလီချင်းက သူမ အိပ်မက်မက်နေသလားဟုပင် သံသယဝင်သွားသည်။
အခု ဘာတွေ ဖြစ်နေတာလဲ။
သခင်လေးလုက သူမ၏ ဂျူနီယာညီမလေးကို ကယ်တင်ခဲ့သည်။
သခင်လေးလုက လူတစ်ယောက်ကို ကယ်တင်ခဲ့သောကြောင့် သူ၏ ကျင့်ကြံခြင်း ပျက်စီးသွားခဲ့သည်။
ကျင့်ကြံခြင်း ပျက်စီးသွားပြီးနောက် သခင်လေးလုက စိတ်ဓာတ်ကျမနေသည့်အပြင် သူမကိုတောင် ပြန်လည်နှစ်သိမ့်ပေးနေသေးသည်။
သခင်လေးလုက မှော်ဆေးပညာရှင် တစ်ယောက် ဖြစ်နေသည်။
သခင်လေးလုက သူမကို ကြယ်ခြောက်ပွင့်အဆင့် ဆေးလုံး ပေးချင်နေသည်။
ချင်းလွမ်တောင်၏ ပထမတပည့်ကြီးအနေဖြင့် ယွီလီချင်းမှာ ဆေးလုံးများနှင့် စိမ်းသက်နေသူ မဟုတ်ပေ။ သို့သော် ဤအရာက ကြယ်ခြောက်ပွင့်အဆင့်လေ။ ကြယ်ခြောက်ပွင့်။ ဂိုဏ်းချုပ်ကိုယ်တိုင်ပင် အဖိုးတန်ရတနာအဖြစ် တန်ဖိုးထားရမည့် အရာကို ဒီလို လွယ်လွယ်ကူကူကြီး ပေးပစ်နေတာလား။
ယွီလီချင်းမှာ ခေါင်းတွေပင် မူးဝေလာသလို ခံစားလိုက်ရသည်။
“ဘာလို့ ကြောင်ကြည့်နေတာလဲ... အားနာနေတာလား။ ကျွန်တော်က ဒီလိုဆေးလုံးမျိုးကို အလွယ်လေး ဖော်စပ်နိုင်ပါတယ်။ ယူသာယူလိုက်ပါ...”
လုချန်က တက်ကြွစွာ ရှေ့တိုးသွားပြီး မှင်တက်နေဆဲဖြစ်သော ယွီလီချင်း၏ လက်ထဲသို့ ဆေးလုံးကို အတင်းထည့်ပေးလိုက်သည်။ သူက ‘သားကို မရင်းဘဲ ဝံပုလွေကို ဖမ်းလို့မရဘူး’ ဆိုသည့် သီအိုရီကို အဆုံးစွန်ထိ အသုံးချနေခြင်းပင်။
‘အရမ်းမိုက်တယ်... တကယ်ကို လန်းလွန်းတယ်’
လုချန်ကိုယ်ပေါ်တွင် ပုန်းအောင်းနေသော သစ်ပင်မိစ္ဆာက ဤမြင်ကွင်းကို ကြည့်ကာ လုံးဝ အံ့ဩမှင်တက်သွားသည်။
ဒီအကွက်နဲ့ဆိုရင် ချင်းလွမ်တောင်ကတောင် ခြွင်းချက်ထားပေးပြီး ဒီသူရဲကောင်းကို လက်ခံသွားလောက်တယ်။
*