ဤအခိုက်အတန့်တွင် ဆေးလုံးကို လက်ထဲ၌ ကိုင်ထားရသော်လည်း ယွီလီချင်းမှာ အိပ်မက်မက်နေသကဲ့သို့ ခံစားနေရဆဲပင်။ ဤကိစ္စက ယုံကြည်နိုင်စရာ မရှိလွန်းလှပေ။
“သခင်လေးလု... ဒါက အရမ်း တန်ဖိုးကြီးလွန်းတယ်... ကျွန်မ လက်မခံရဲပါဘူး...”
“ငြင်းလို့ မရဘူးလေ...” လုချန်က ပြုံးယောင်သမ်းလိုက်သည်။ “ကျွန်တော်က မှော်ဆေးပညာရှင်လို့ ပြောပြီးပြီပဲ။ ဒီဇယ်ထျန်းဆေးလုံးက အလွယ်တကူ ဖော်စပ်ထားတာပါ။ စီနီယာအစ်မယွီက ကျွန်တော့်ကို မယုံလို့ အဆိပ်လို့များ ထင်နေတာလား...”
“မဟုတ်ရပါဘူး သခင်လေးလု... အထင်မလွဲပါနဲ့...”
“ခင်ဗျား လက်မခံရင် အဲဒီလိုပဲ သဘောထားရမှာပဲ...”
“သခင်လေးလု... ဒါက... ဟူး...” ယွီလီချင်းက သက်ပြင်းချလိုက်သည်။ အချို့သော ကိစ္စများတွင် သူမ၏ စိတ်နေစိတ်ထားက ကောင်းမွန်သည်ဟု အမြဲယုံကြည်ခဲ့သော်လည်း သခင်လေးလုနှင့် တွေ့ဆုံပြီးမှသာ အမှန်တကယ် ပွင့်လင်းမြင်သာစွာ လက်ခံနိုင်စွမ်းဆိုသည်ကို သူမ နားလည်သွားလေသည်။
“ဒါဆိုလည်း လီချင်း ရဲရဲဝံ့ဝံ့ပဲ လက်ခံလိုက်ပါတော့မယ်...”
“ကျွန်တော့်ကို မိတ်ဆွေတစ်ယောက်လို့ သတ်မှတ်ရင် အားနာမနေပါနဲ့...”
“သခင်လေးလု... ရှင် နိုးလာပြီဆိုတဲ့အကြောင်း သွားပြီး သတင်းပို့ရဦးမယ်...”
“ကောင်းပြီလေ...” လုချန်က ခေါင်းညိတ်လိုက်သည်။ ယွီလီချင်း၏ တုံ့ပြန်မှုက သူ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သည်။
ချက်ချင်း ပြေးထွက်သွားသော ယွီလီချင်းကို ကြည့်ရင်း သူ၏ ပြဇာတ်က အများအားဖြင့် ပြီးပြည့်စုံသွားပြီဖြစ်ကြောင်း လုချန် သိလိုက်သည်။ ကျန်တာကတော့ ချင်းလွမ်တောင်၏ ဂိုဏ်းချုပ် ဘာပြောမလဲဆိုသည့်အပေါ်တွင်သာ မူတည်တော့သည်။
ချင်းလွမ်တောင်ကို တောင်ထွတ်များစွာဖြင့် ခွဲခြားထားသည်။ သူရောက်နေသော နေရာက တတိယအကြီးအကဲ၏ နယ်မြေဖြစ်သော အရံတောင်ထွတ် ဖြစ်သည်။ ဂိုဏ်းချုပ် ရှိနေမည့်နေရာကတော့ သဘာဝကျကျပင် ပင်မတောင်ထွတ် ဖြစ်ပေမည်။ အကယ်၍ ထူထပ်သော မြူခိုးများ ဖုံးလွှမ်းမနေပါက ချင်းလွမ်တောင်တစ်ခုလုံး၏ ပုံစံမှာ အဝေးမှကြည့်လျှင် တရုတ်စာလုံး ‘တောင်’ (山) ပုံစံနှင့် တူညီပြီး ဘေးဘက်နှစ်ဖက်တွင် အနိမ့်တောင်ထွတ်များရှိကာ အလယ်တွင် အမြင့်ဆုံးတောင်ထွတ် ရှိလေသည်။
“စီနီယာအစ်မယွီ...”
ပင်မတောင်ထွတ်မှ တပည့်များက ယွီလီချင်းကို မြင်သောအခါ လက်နှစ်ဖက်ဆုပ်ကာ နှုတ်ဆက်ကြသည်။
“ဂိုဏ်းချုပ် ဘယ်မှာလဲ...”
“ကောင်စီခန်းမဆောင်ထဲမှာပါ...”
ယွီလီချင်းက မြေပြင်သို့ ဆင်းသက်လိုက်သည်။ ကောင်စီခန်းမဆောင်က ပင်မတောင်ထွတ်၏ အနောက်ဘက်တွင် တည်ရှိသည်။ ဂိုဏ်းအတွင်း ပြဿနာတစ်စုံတစ်ရာ ရှိလာပါက ထိုနေရာတွင်သာ ဆွေးနွေးလေ့ရှိကြသည်။ ယွီလီချင်း ရောက်သွားသောအခါ ချင်းလွမ်တောင်၏ ဂိုဏ်းချုပ်၊ တတိယအကြီးအကဲနှင့် ဟွာစစ်ဝေ့တို့ ခြောက်ယောက်အဖွဲ့မှာ ကောင်စီခန်းမဆောင်ထဲတွင် ထိုင်နေကြသည်။
ချင်းလွမ်တောင်၏ ဂိုဏ်းချုပ်မှာ တတိယအကြီးအကဲထက်ပင် ပို၍ အသက်အရွယ်ကြီးရင့်ပုံရသည်။ သူမက ခါးကိုကိုင်းကာ ထိုင်နေသည်။ အပြင်ပန်းကြည့်လျှင် သက်တမ်းကုန်ဆုံးခါနီး အဘွားအိုတစ်ဦးနှင့် တူသော်လည်း ဟူတိုင်းပြည်တစ်ခုလုံးတွင် သူမကို မည်သူကမျှ အထင်သေးရဲမည် မဟုတ်ပေ။ မဟာဟူဧကရာဇ်ကိုယ်တိုင်ပင် သူမကို မလေးမစား မဆက်ဆံရဲချေ။ အဘယ်ကြောင့်ဆိုသော် ချင်းလွမ်တောင်၏ ဂိုဏ်းချုပ်သည် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက မဟာယာနအဆင့်ကို ကျော်လွန်ကာ အရေးအကြီးဆုံး ခြေလှမ်းတစ်ခုကို လှမ်းနိုင်ခဲ့ပြီးဖြစ်သောကြောင့်တည်း။
“လီချင်း... နင် ဘာလို့ ဒီရောက်လာတာလဲ... သခင်လေးလုရော ဘယ်မှာလဲ...” ယွီလီချင်းကို မြင်သည်နှင့် တတိယအကြီးအကဲက ချက်ချင်း မေးလိုက်သည်။
“သူ နိုးလာပါပြီ...” ယွီလီချင်းက ဖြေလိုက်သည်။
“သခင်လေးလု အခြေအနေ ဘယ်လိုနေလဲ... သူ ရူးသွပ်နေသလား...” တတိယအကြီးအကဲက ခွေးခြေခုံပေါ်မှ ကမန်းကတန်း ထရပ်လိုက်ပြီး ကောင်စီခန်းမဆောင်ထဲမှ ထွက်ခွာရန် ပြင်လိုက်သည်။
“သူ အဆင်ပြေပါတယ်...” ယွီလီချင်းက ခါးသက်သက် ပြုံးလိုက်သည်။ “သူက ကျွန်မ တွေးထားတာထက် အများကြီး ပိုပြီး တည်ငြိမ်နေတယ်။ ဘာဝမ်းနည်းမှုမှ မပြဘူး။ အဲဒီအစား ကျွန်မတို့ကိုတောင် ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ဖို့ ပြန်ပြီး နှစ်သိမ့်ပေးနေသေးတယ်...”
“ဟင်...”
တတိယအကြီးအကဲမှာ ယွီလီချင်း၏ စကားကို ယုံကြည်နိုင်စရာ မရှိအောင် ဖြစ်သွားသည်။
သခင်လေးလုက သူတို့ကိုတောင် တက်တက်ကြွကြွ ပြန်နှစ်သိမ့်ပေးနေတယ် ဟုတ်လား။
“ဒါတင်မကဘူး... သူက ကျွန်မကို ဒါပါ ပေးလိုက်သေးတယ်...”
ယွီလီချင်းက လက်ဆန့်ထုတ်လိုက်ရာ သူမ၏ ဖြူဝင်းသော လက်ဖဝါးထက်တွင် အရောင်ခြောက်မျိုး လင်းလက်နေသော ဆေးလုံးတစ်လုံးက လူတိုင်း၏ မျက်စိရှေ့၌ ထွက်ပေါ်လာလေသည်။
“ကြယ်ခြောက်ပွင့်အဆင့် ဆေးလုံးပါလား...” ကောင်စီခန်းမဆောင်ထဲတွင် အာမေဋိတ်သံများ ချက်ချင်း ထွက်ပေါ်လာသည်။ ထိုနေရာတွင် ရှိနေသူအားလုံးက ကျင့်ကြံသူများ ဖြစ်ကြရာ ဆေးလုံးများ၏ တန်ဖိုးကို ကောင်းစွာ နားလည်ထားကြပြီး ကြယ်ခြောက်ပွင့်အဆင့် ဆေးလုံးက ဘာကို ကိုယ်စားပြုသလဲဆိုတာကို အထူးတလည် သိထားကြသည်။
ချင်းလွမ်တောင်၏ ဂိုဏ်းချုပ်ကိုယ်တိုင်ပင် ယွီလီချင်း၏ လက်ထဲရှိ အရာကို စိုက်ကြည့်သွားလေသည်။
“ဒါက ဘာဆေးလုံးလဲ... ငါ တစ်ခါမှ မမြင်ဖူးပါဘူး... ဘာလို့ အဲဒီသူရဲကောင်းလေးက နင့်ကို ဒီဆေးလုံး ပေးရတာလဲ...”
“သခင်လေးလုက သူက မှော်ဆေးပညာရှင် တစ်ယောက်ဖြစ်ပြီး ဒီဆေးလုံးကို သူကိုယ်တိုင် ဖော်စပ်ခဲ့တာလို့ ပြောတယ်။ နာမည်က ဇယ်ထျန်းဆေးလုံးတဲ့... သူ ကျွန်မကို ဒီဆေးလုံးပေးလိုက်တာက သူ့ရဲ့ ကျင့်ကြံခြင်းတွေ အားလုံး ဆုံးရှုံးသွားတာကို သူ သိပ်ဂရုမစိုက်ဘူးဆိုတာ တကယ် သိစေချင်လို့ ဖြစ်ပါလိမ့်မယ်...”
“ဇယ်ထျန်းဆေးလုံး ဟုတ်လား...” ဆေးလုံး၏ အမည်ကို ကြားသောအခါ တတိယအကြီးအကဲက သံသယဝင်ဟန် ပြလိုက်သည်။ “ဒီဆေးလုံးအကြောင်း ငါ တစ်ခါမှ မကြားဖူးပါဘူး... နင်တို့တွေရော ကြားဖူးကြလား...”
သူမက ဟွာစစ်ဝေ့နှင့် သူမ၏ အဖော်ခြောက်ယောက်ကို ကြည့်လိုက်သည်။ အမျိုးသမီး ခုနစ်ယောက်လုံးက မကြားဖူးကြောင်း ခေါင်းခါပြကြသည်။
“သခင်လေးလုက ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်မကို လိမ်ပြောစရာ အကြောင်းမရှိပါဘူး...”
“ဇယ်ထျန်းဆေးလုံး... တကယ်လို့သာ ဒါက ဇယ်ထျန်းဆေးလုံး အစစ်ဆိုရင် ဒီသခင်လေးလုမှာ ကြီးမားတဲ့ နောက်ခံတစ်ခု သေချာပေါက် ရှိရမယ်...”
‘ဇယ်ထျန်းဆေးလုံး’ ဆိုသော စကားလုံးကို ကြားပြီးနောက် ချင်းလွမ်တောင်၏ ဂိုဏ်းချုပ်က ခဏတာ တိတ်ဆိတ်သွားပြီးမှ နောက်ဆုံးတွင် စကားစလာလေသည်။
“စီနီယာအစ်မ... အစ်မက ဇယ်ထျန်းဆေးလုံးအကြောင်း သိလို့လား...” တတိယအကြီးအကဲက ဇဝေဇဝါဖြင့် မေးလိုက်သည်။
“ငါ မှတ်တမ်းတစ်ခုထဲမှာ ဖတ်ဖူးခဲ့တယ်။ အဲဒါက ကြယ်ခြောက်ပွင့်အဆင့် ဆေးလုံးတွေထဲမှာ အကောင်းဆုံး အရည်အသွေးပဲ။ သာမန်လူတွေ ဖော်စပ်ဖို့ အောင်မြင်နိုင်စွမ်း အရမ်းနိမ့်ရုံသာမကဘဲ ရွေးချယ်ရတဲ့ ပါဝင်ပစ္စည်းတွေကလည်း ကြယ်ခုနစ်ပွင့်အဆင့်တွေချည်းပဲ။ ဆေးလုံးဖော်မြူလာကတော့ ပျောက်ဆုံးသွားခဲ့ပြီလေ...”
“ကြယ်ခြောက်ပွင့်အဆင့် ဆေးလုံးကို ဖော်စပ်ဖို့ ကြယ်ခုနစ်ပွင့်အဆင့် ပါဝင်ပစ္စည်းတွေ လိုအပ်တယ် ဟုတ်လား... ဒီဇယ်ထျန်းဆေးလုံးရဲ့ အာနိသင်က တိတိကျကျဆို ဘာများလဲ...”
“သူ့နာမည်လိုပဲ... ဇယ်ထျန်းဆိုတာ ကံကြမ္မာကို ရွေးချယ်တာပဲ။ စားသုံးပြီးသွားရင် ပါရမီတစ်ခုကို ရွေးချယ်ခွင့်ရတယ်။ ဆေးဖော်စပ်တာပဲဖြစ်ဖြစ်၊ ကျင့်ကြံတာပဲဖြစ်ဖြစ်၊ လက်နက်သန့်စင်တာပဲဖြစ်ဖြစ်... ဘယ်ပါရမီကိုမဆို ရွေးချယ်လို့ရတယ်...”
“ပါရမီကို သတ်မှတ်နိုင်တယ် ဟုတ်လား... ဘယ်လိုလုပ် ဒီလောက်တောင် ကောင်းကင်ဘုံကို အံတုနိုင်ရတာလဲ...”
တတိယအကြီးအကဲ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ တကယ်လို့သာ ထိုသို့သော အာနိသင်မျိုး ရှိနေမည်ဆိုပါက ဇယ်ထျန်းဆေးလုံးက ကြယ်ခြောက်ပွင့်အဆင့်သာ ဖြစ်သော်လည်း ကြယ်ခုနစ်ပွင့်အဆင့် ဆေးလုံးထက်ပင် များစွာ ပို၍ အဖိုးတန်နေမည် ဖြစ်သည်။
ပါရမီဆိုသည်မှာ အဘယ်နည်း။ ၎င်းက ကိစ္စရပ်တစ်ခုခုတွင် ကောင်းကင်ဘုံ၏ အထူးမျက်နှာသာပေးမှုကို ခံရကြောင်း သက်သေပြနေခြင်းပင် ဖြစ်သည်။
မွေးရာပါ စွမ်းရည်များကို ပြောင်းလဲ၍မရနိုင်ဟု လူတိုင်းက ဆိုကြသည်။ သို့သော် ဇယ်ထျန်းဆေးလုံးကသာ ပါရမီကို ရွေးချယ်ခွင့်ပေးနိုင်သည်ဆိုလျှင် ဒါက မွေးရာပါ စွမ်းရည်ကို ပြောင်းလဲပစ်ခြင်းပင်။ ကြီးကြီးကျယ်ကျယ် ပြောရမည်ဆိုပါက ၎င်းတွင် ကောင်းကင်ဘုံကို အံတုပြီး ကံကြမ္မာကို ပြောင်းလဲပေးနိုင်သော အာနိသင် ရှိနေခြင်းပင်တည်း။
“တကယ်ကို ကောင်းကင်ဘုံကို အံတုနိုင်တာပဲ...” ချင်းလွမ်တောင်၏ ဂိုဏ်းချုပ်က ခေါင်းညိတ်လိုက်သည်။ “လီချင်း... အဲဒီဆေးလုံးကို ငါ စစ်ဆေးကြည့်ဖို့ ဒီကို ယူခဲ့စမ်း...”
“ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်...”
ယွီလီချင်းက ဆေးလုံးကို ကမ်းပေးလိုက်သည်။ ချင်းလွမ်တောင်၏ ဂိုဏ်းချုပ်က ဆေးလုံးကို ကိုင်ကာ အကြိမ်ကြိမ် အကဲခတ်ကြည့်ရှုပြီး ၎င်းပေါ်ရှိ ဆေးလုံးအကွက်အဆင်များကို ခံစားကြည့်ရန် စိတ်ဝိညာဉ်ချီကို အသုံးပြုလိုက်သည်။
“အကွက်အဆင်တွေနဲ့ အရှိန်အဝါက မှတ်တမ်းတွေထဲမှာ ဖော်ပြထားတာတွေနဲ့ အရမ်းဆင်တူတယ်။ တကယ်လို့ ဒါက တမင်တကာ ဖုံးကွယ်ပြီး အတုခိုးထားတာ မဟုတ်ဘူးဆိုရင်တော့ ဒါက တကယ့် ဇယ်ထျန်းဆေးလုံး အစစ်ပဲ...”
ယခုတော့ ယွီလီချင်းက ထိုဆေးလုံးကို ကြည့်ကာ ပြန်ယူရန်ပင် အနည်းငယ် ကြောက်ရွံ့နေမိသည်။
ကြယ်ခြောက်ပွင့်အဆင့် ဆေးလုံးက အလွန်အမင်း အဖိုးတန်လှပြီဟု သူမ ယူဆထားပြီးဖြစ်သည်။ သို့သော် ၎င်း၏ အာနိသင်ကို ကြားလိုက်ရပြီးနောက်... ၎င်းက ကြယ်ခြောက်ပွင့်အဆင့် ဆေးလုံးများထဲတွင်ပင် အကောင်းဆုံး အရည်အသွေးဟု သတ်မှတ်ခံရကြောင်း သိလိုက်ရသောအခါ အကြောင်းပြချက်မရှိဘဲ ဤမျှကြီးမားသော ကျေးဇူးကို လက်ခံရရှိလိုက်ခြင်းက သူမကို စိတ်မသက်မသာ ဖြစ်စေသည်။
“စီနီယာအစ်မ... ဒါကသာ တကယ့် ကြယ်ခြောက်ပွင့်အဆင့် ဆေးလုံးဆိုရင် သခင်လေးလုနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်သင့်တယ် ထင်လဲ။ သူ့ရဲ့ လက်ရှိ အသက်အရွယ်နဲ့ဆိုရင် သူက စွမ်းအားကြီးတဲ့ ကျင့်ကြံခြင်း ရှိရုံသာမက ကြယ်ခြောက်ပွင့်အဆင့် ဆေးလုံးတွေကိုတောင် ဖော်စပ်နိုင်တယ်။ သူ့ရဲ့ နောက်ခံအဆင့်အတန်းကို ခန့်မှန်းရ ခက်တယ်...”
“တတိယညီမ... နင် အရမ်းတွေးလွန်းနေပြီ...” ချင်းလွမ်တောင်၏ ဂိုဏ်းချုပ်က ခေါင်းအနည်းငယ် ခါယမ်းလိုက်သည်။ “နင်တို့ပြောတဲ့ သခင်လေးလုက မှော်ဆေးပညာရှင် တစ်ယောက် ဖြစ်နိုင်ပေမယ့် ဒီဇယ်ထျန်းဆေးလုံးကိုတော့ သူကိုယ်တိုင် ဖော်စပ်ခဲ့တာ လုံးဝ မဖြစ်နိုင်ဘူး။ ငါ သိသလောက်တော့ ဇယ်ထျန်းဆေးလုံးကို ဖော်စပ်ဖို့ အနည်းဆုံး ကြယ်ရှစ်ပွင့်အဆင့် မှော်ဆေးပညာရှင် ဖြစ်မှရမယ်။ ငါ နင့်ကို မေးမယ်... ဟူတိုင်းပြည်တစ်ခုလုံးမှာ ကြယ်ရှစ်ပွင့်အဆင့် မှော်ဆေးပညာရှင် ရှိလို့လား...”
“ကြယ်ရှစ်ပွင့်... အဲဒီအဆင့်လောက်ရှိတဲ့ သူဆိုတာ ရှေးဟောင်းမှတ်တမ်းတွေထဲမှာပဲ ရှိလောက်မှာပေါ့...”
“အဲဒါပဲလေ။ ဒါပေမဲ့ ဆေးလုံးကို သူကိုယ်တိုင် ဖော်စပ်ခဲ့တာ မဟုတ်ဘူးဆိုရင်တောင် သူ့နောက်ကွယ်မှာ စွမ်းအားကြီးတဲ့ မှော်ဆေးပညာရှင် တစ်ယောက် သေချာပေါက် ရှိရမယ်။ ဒါမှမဟုတ် ဆေးဖော်စပ်တဲ့ မိသားစုကြီးတစ်ခုခုလည်း ဖြစ်နိုင်တယ်။ ဒီကိစ္စကို ငါတို့ သေချာ ကိုင်တွယ်ဖြေရှင်းမှ ရမယ်...” ချင်းလွမ်တောင်၏ ဂိုဏ်းချုပ်က သူမလက်ထဲရှိ ဆေးလုံးကို စိုက်ကြည့်ကာ အချိန်အတော်ကြာ စဉ်းစားနေပြီးနောက် ဆေးလုံးကို ယွီလီချင်းထံသို့ ပြန်ကမ်းပေးလိုက်သည်။ “ဒီသူရဲကောင်းလေးက ငါတို့ ချင်းလွမ်တောင်က တပည့်တွေကို ကာကွယ်ပေးရင်း သူ့ရဲ့ ကျင့်ကြံခြင်းတွေ ဆုံးရှုံးသွားခဲ့တာ။ ငါတို့က သူ့ကို မောင်းထုတ်လို့ သဘာဝမကျဘူးလေ။ လီချင်း... သူ့ကို ငါ့ရဲ့ တပည့်အဖြစ် ခံယူချင်သလား သွားမေးကြည့်လိုက်...”
“ဘာ...” တတိယအကြီးအကဲမှာ အလွန်အမင်း လန့်ဖြန့်သွားသည်။ “စီနီယာအစ်မ... သူက ယောက်ျားလေးလေ...”
“စည်းမျဉ်းဆိုတာ လူတွေ သတ်မှတ်ထားတာပဲ။ သူ့ရဲ့ နောက်ခံက သာမန်မဟုတ်ဘူး။ ပြီးတော့ အခုတစ်ကြိမ် ငါတို့ ချင်းလွမ်တောင်က တပည့်တွေကို ကယ်တင်ရင်း သူ့ရဲ့ ကျင့်ကြံခြင်းတွေ ဆုံးရှုံးခဲ့ရတာ။ သူ့ကို အပြင်လူတစ်ယောက်လို ဆက်ဆံနေရင် မသင့်တော်ဘူး။ လီချင်း... သူ့ရဲ့ ဆုံးဖြတ်ချက်ကို သွားမေးကြည့်လိုက်...”
“ဟုတ်ကဲ့ပါ...” ယွီလီချင်းက အမိန့်ကို လက်ခံလိုက်သည်။
*