ယွီလီချင်းက အရံတောင်ထွတ်သို့ သွားကာ လုချန်အား သတင်းပေးရန် ပြင်လိုက်ချိန်မှာပင် သူမကို ဂိုဏ်းချုပ်က ထပ်မံခေါ်ယူလိုက်သည်။
“နေဦး... သူ့ကို တိုက်ရိုက် သွားမမေးနဲ့။ နင်ပြောပုံအရဆိုရင် ဒီသူရဲကောင်းလေးက ငြင်းဖို့များတယ်။ ဒါကြောင့်မလို့ ငါတို့ ချင်းလွမ်တောင်က ဆေးလုံးအချို့ ဖော်စပ်ဖို့ သူ့ကို ဖိတ်ခေါ်ချင်လို့ ကူညီပေးနိုင်မလားလို့ပဲ သွားမေးလိုက်။ ကဲ... ကျန်တဲ့သူတွေလည်း သွားပြီး ကျင့်ကြံကြတော့...”
ဂိုဏ်းချုပ်က စကားပြောပြီးနောက် ဟွာစစ်ဝေ့နှင့် အခြားအမျိုးသမီးများကို ထွက်ခွာခွင့် ပြုလိုက်သည်။
လူအားလုံး ထွက်သွားပြီးနောက် တတိယအကြီးအကဲက ချက်ချင်း ဝင်ပြောလိုက်သည်။
“စီနီယာအစ်မ... အစ်မ ဘာသဘောလဲ။ သူ့ကို ဂိုဏ်းထဲမှာ ဆက်ထားဖို့ မလိုပါဘူး...”
“တတိယညီမ... ကိစ္စတော်တော်များများက အပြင်ပန်းကြည့်ရသလောက် မရိုးရှင်းဘူး။ လတ်တလော တိုင်းပြည်နှစ်ခု စစ်ဖြစ်နေတာကို အခွင့်ကောင်းယူပြီး ဝူဝေဓားဂိုဏ်းက ဂနာမငြိမ် ဖြစ်နေတယ်။ အကယ်၍ သူ့ကိုသာ ဂိုဏ်းထဲကနေ ဒီအတိုင်း ထွက်သွားခွင့် ပြုလိုက်ရင် ငါတို့ ချင်းလွမ်တောင်က ကျေးဇူးကန်းတယ်ဆိုတဲ့ နာမည်ဆိုး ထွက်သွားလိမ့်မယ်။ ဝူဝေဓားဂိုဏ်းကသာ ဒါကို အကြောင်းပြပြီး ပြဿနာရှာလာရင် ငါတို့ အကျပ်ရိုက်သွားလိမ့်မယ်...”
“ဒါဆို ကျွန်မတို့က စည်းမျဉ်းတွေကို ချိုးဖောက်တော့မှာလား...”
“ငါ ပြောပြီးပြီလေ... စည်းမျဉ်းဆိုတာ လူတွေ သတ်မှတ်ထားတာပဲလို့။ ပြီးတော့ ငါတို့က စည်းမျဉ်းတွေကို ချိုးဖောက်ဖို့ မလိုအပ်ပါဘူး...”
“စီနီယာအစ်မ... အစ်မ ဘာကို ဆိုလိုတာလဲ...”
တတိယအကြီးအကဲက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
“ချင်းလွမ်တောင်က ယောက်ျားလေးတပည့် လက်မခံဘူးဆိုပေမယ့် နင်နဲ့ငါ့မှာ ဂျူနီယာမောင်လေး ရှိလို့မရဘူးလို့ ဘယ်တုန်းကမှ မပြောခဲ့ဘူးလေ။ ဒီသူရဲကောင်းလေးကသာ ငါတို့နဲ့ မျိုးဆက်တူဖြစ်နေရင် အပြင်လူတွေက အတင်းအဖျင်း ပြောစရာ အကြောင်းမရှိတော့ဘူးပေါ့...”
...
ယွီလီချင်းနှင့် အခြားသူများက ဆွေးနွေးရေး ခန်းမဆောင်ထဲမှ ထွက်လာကြပြီး အရံတောင်ထွတ်ဆီသို့ တပြိုင်နက် ဦးတည်သွားကြသည်။
လမ်းတစ်လျှောက်တွင် ဟွာစစ်ဝေ့မှာ အနည်းငယ် စိုးရိမ်နေဆဲပင်။
“အစ်မကြီး... သခင်လေးလု တကယ်ပဲ အဆင်ပြေရဲ့လား...”
ယွီလီချင်းက ခေါင်းခါပြလိုက်သည်။
“ငါလည်း သေချာမသိဘူး။ ဒါပေမဲ့ သူ့ရဲ့ လက်ရှိ စိတ်အခြေအနေကို နင့်ကို ဘယ်လိုရှင်းပြရမလဲတောင် မသိဘူး။ နင် သူ့ကို မြင်ရင် နားလည်သွားလိမ့်မယ်...”
လုချန်ကတော့ ကျောက်တုံးတစ်တုံးပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ တည်ငြိမ်သော မျက်နှာထားဖြင့် ရှိနေလေသည်။
တကယ်တမ်းတွင် သူက အပြင်ပန်း၌ ဟိုယခင်က မြို့ရိုးပေါ်တွင် ကုချင်းတီးခတ်နေသော ကျူးကဲခုန်မင်ကဲ့သို့ တည်ငြိမ်နေပုံရသော်လည်း သူ၏ ရင်ထဲတွင်တော့ အလွန်အမင်း ပျာယာခတ်နေလေသည်။ ဤပြဇာတ်ကို သူ ကပြပြီးသွားပြီ။ အခုက ချင်းလွမ်တောင်က ထောင်ချောက်ထဲ တိုးဝင်မဝင်ဆိုသည့် အချက်အပေါ်တွင်သာ မူတည်တော့သည်။ အကယ်၍ သူတို့သာ သဘောမတူပါက ဝူဝေဓားဂိုဏ်းကို ရွေးချယ်ဖို့တောင် အချိန်လောက်တော့မည် မဟုတ်ပေ။
အမျိုးသမီးများက လေထဲမှတစ်ဆင့် ရောက်လာကြပြီး လုချန်ကို အဝေးမှနေ၍ လှမ်းမြင်လိုက်ကြသည်။
“ဟိုမှာကြည့်... သခင်လေးလု အတွေးသံသရာထဲ နစ်မွန်းနေတယ်...”
“ကြည့်ရတာ သူ့ရဲ့ ကျင့်ကြံခြင်းစွမ်းအားတွေ ဆုံးရှုံးသွားတာကို သူ ဟန်ဆောင်နေသလောက် အလွယ်တကူ လက်ခံနိုင်တာ မဟုတ်ဘူးထင်တယ်...”
ယွီလီချင်းက သက်ပြင်းချလိုက်သည်။
“သခင်လေးလုအတွက် အရမ်းခက်ခဲမှာပဲ။ ငါ့ရှေ့မှာ တမင်တကာ ဟန်ဆောင်ပြနေရတာ... အကယ်၍ သူ့ကိုသာ တောင်ပေါ်ကနေ ဒီအတိုင်း ထွက်သွားခိုင်းလိုက်ရင် သူ ဘယ်လောက်တောင် နာကျင်ရမလဲဆိုတာ တွေးကြည့်လို့တောင် မရဘူး။ ကံကောင်းလို့ ဂိုဏ်းချုပ်က သဘောထားကြီးလို့တော်တော့တယ်...”
အမျိုးသမီးများက မြေပြင်သို့ ဆင်းသက်လိုက်ပြီး အဝေးမှ လှမ်းခေါ်လိုက်ကြသည်။
“သခင်လေးလု...”
ထိုအသံကို ကြားလိုက်ရသောအခါ လုချန်၏ ရင်ထဲတွင် တင်းကျပ်သွားသည်။ ရလဒ်ထွက်ပေါ်လာမည့် အချိန်ရောက်ပြီဖြစ်ကြောင်း သူ သိလိုက်သည်။ အပြုံးတစ်ခုကို ဖန်တီးလိုက်ပြီး ကျောက်တုံးပေါ်မှ ထရပ်ကာ အမျိုးသမီးများဘက်သို့ လှည့်၍ လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပေးလိုက်သည်။
“သခင်မလေးတို့...”
အမျိုးသမီးများက မြေပြင်သို့ ဆင်းသက်ပြီးသည်နှင့် တစ်ပြိုင်နက် လက်နှစ်ဖက်ဆုပ်ကာ ဦးညွှတ်အရိုအသေပေးလိုက်ကြသည်။
“ကျွန်မတို့ရဲ့ အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်လေးလု...”
“ကိစ္စသေးသေးလေးပါ။ ကျွန်တော်တို့ ကျင့်ကြံတယ်ဆိုတာက ဒီကျယ်ပြောလှတဲ့ လောကကြီးမှာ တာဝန်တွေ ပိုပြီးထမ်းဆောင်နိုင်ဖို့ သက်သက်ပါပဲ။ အခု ကျွန်တော့်ရဲ့ မပြောပလောက်တဲ့ ကျင့်ကြံခြင်းလေးကို သခင်မလေးတို့ရဲ့ ဘေးကင်းလုံခြုံမှုနဲ့ လဲလှယ်လိုက်ရတာက အမြတ်ကြီး ထွက်တယ်လို့တောင် သတ်မှတ်လို့ရပါတယ်...”
“သခင်လေးလုရဲ့ စကားတွေက ကျွန်မတို့ကို တကယ်ပဲ ရှက်သွားစေပါတယ်...”
လုချန်က အားရပါးရ နှစ်ချက်မျှ အသံထွက်ရယ်မောလိုက်သည်။
“သခင်မလေးတို့ ရောက်လာကြပြီဆိုတော့ စီနီယာအစ်မယွီက ကျွန်တော် နိုးလာတဲ့အကြောင်း ဂိုဏ်းချုပ်ကို သတင်းပို့ပြီးလောက်ပြီ ထင်ပါတယ်။ ချင်းလွမ်တောင်ရဲ့ စည်းမျဉ်းတွေကို ကျွန်တော် ကောင်းကောင်း နားလည်ပါတယ်။ ဒါကြောင့် အပြင်လူတွေ အတင်းအဖျင်းပြောပြီး ချင်းလွမ်တောင်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမှာစိုးလို့ ကျွန်တော် ဆက်ပြီး မနှောင့်ယှက်တော့ပါဘူး...”
“ဘာတွေပြောနေတာလဲ သခင်လေးလုရယ်။ သခင်လေးလုသာ စိတ်ထဲမထားဘူးဆိုရင် ကျွန်မတို့ရဲ့ ချင်းလွမ်တောင်ဂိုဏ်းကို ဝင်လို့ရပါတယ်။ ပြီးရင် ကျွန်မတို့ ရှင့်ကို စောင့်ရှောက်ပေးမှာပေါ့...”
“မလုပ်ပါနဲ့... မလုပ်ပါနဲ့...” လုချန်က လက်ယမ်းပြလိုက်သည်။ “ယောက်ျားတစ်ယောက်အနေနဲ့ ချင်းလွမ်တောင်မှာ နေရတာ အတော်လေး အဆင်မပြေဖြစ်ပါလိမ့်မယ်...”
ယွီလီချင်းက ထိုစကားကို ကြားသောအခါ ဂိုဏ်းချုပ် ခန့်မှန်းထားသည့်အတိုင်း အတိအကျဖြစ်နေကြောင်း သိလိုက်သည်။ သခင်လေးလု၏ စရိုက်သဘာဝအရ သူက အခြားသူများကို အလွယ်တကူ ဒုက္ခပေးမည် မဟုတ်ပေ။
“သခင်လေးလု... တကယ်တော့ ကျွန်မတို့ ရှင့်ကို အကူအညီတောင်းစရာလေး တစ်ခုရှိလို့ပါ...”
ယွီလီချင်းက အားနာနေသည့် မျက်နှာထားဖြင့် ပြောလိုက်သည်။
ဤမျက်နှာအမူအရာက သူမကဲ့သို့ ရင့်ကျက်သော မိန်းမဆန်ဆန် ဆွဲဆောင်မှုအပြည့်ရှိသည့် မျက်နှာပေါ်တွင် ပေါ်လာသောအခါ ပို၍ပင် ဆွဲဆောင်မှုရှိနေစေသည်။
“စီနီယာအစ်မယွီ... ပြောစရာရှိရင် ပွင့်ပွင့်လင်းလင်းသာ ပြောပါ။ ကျွန်တော် ကူညီနိုင်သမျှတော့ သေချာပေါက် အစွမ်းကုန် ကူညီပေးပါ့မယ်...”
လုချန်က ပုံမှန်မျက်နှာထားဖြင့် ပြန်ဖြေလိုက်သော်လည်း သူ၏ ရင်ထဲတွင်တော့ အပျော်ကြီး ပျော်နေလေပြီ။
‘ကြည့်ရတာ ငါ့ရဲ့ ပြဇာတ်က အလုပ်ဖြစ်သွားပြီပဲ...’
“သခင်လေးလုက မှော်ဆေးပညာရှင် တစ်ယောက်လေ။ တိုက်တိုက်ဆိုင်ဆိုင် ကျွန်မတို့ ချင်းလွမ်တောင်က မကြာခင်မှာ ဆေးလုံးတချို့ ဖော်စပ်ဖို့ လိုအပ်နေလို့ ရှင်များ ကူညီပေးနိုင်မလားလို့ပါ...”
ယွီလီချင်းက စကားပြောပြီးနောက် လုချန်၏ အဖြေကို စောင့်နေလိုက်သည်။
ဟွာစစ်ဝေ့နှင့် အခြားအမျိုးသမီးများကလည်း လုချန် သဘောတူပါစေဟု မျှော်လင့်လျက် စိုးရိမ်တကြီး ကြည့်နေကြသည်။
“အင်း...”
လုချန်က အနည်းငယ် စဉ်းစားဟန်ဆောင်လိုက်သည်။
“သခင်လေးလု... ဒီဆေးလုံးတွေက ကျွန်မတို့ ချင်းလွမ်တောင်အတွက် တကယ်ကို အရေးကြီးလို့ပါ။ ရှင်သာ သဘောတူမယ်ဆိုရင် ရှင့်အတွက် ထိုက်တန်တဲ့ အကျိုးခံစားခွင့်တွေ ပေးပါ့မယ်...”
“အကျိုးခံစားခွင့်တွေက မလိုပါဘူး။ စီနီယာအစ်မယွီက အကူအညီတောင်းလာမှတော့ ပြီးတော့ ကျွန်တော့်ကိုလည်း အထင်ကြီးပေးတဲ့အတွက် ကျွန်တော် သဘာဝကျကျပဲ မငြင်းပါဘူး။ ဒါပေမဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဆေးဖော်မြူလာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်က ဒီတစ်ခေါက် အလောတကြီး ထွက်လာရလို့ မယူလာခဲ့ရဘူး။ ဒါကြောင့် ခင်ဗျားတို့ ဂိုဏ်းဘက်ကပဲ စီစဉ်ပေးဖို့ လိုလိမ့်မယ်...”
“အဲဒါက ပြဿနာမရှိပါဘူး...”
လုချန်၏ သဘောတူညီမှုကြောင့် အမျိုးသမီးများ၏ မျက်နှာပေါ်တွင် အလွန်အမင်း ဝမ်းသာပျော်ရွှင်မှုများ ချက်ချင်း ထွက်ပေါ်လာသည်။ ယွီလီချင်းက ဟွာစစ်ဝေ့နှင့် အခြားသူများကို လုချန်အား ဧည့်ခံစကားပြောရန် ထားခဲ့ပြီး သူမက ဂိုဏ်းချုပ်ထံ သတင်းပို့ရန် ထွက်သွားလေသည်။
“သခင်လေးလု... အရမ်းကောင်းတာပဲ။ ရှင်သာ ဂိုဏ်းမှာနေမယ်ဆိုရင် အခုကစပြီး ကျွန်မတို့က ဂိုဏ်းတူတွေ ဖြစ်သွားကြပြီပေါ့...”
“ကျွန်တော့်ကို အများကြီး လမ်းညွှန်ပေးဖို့ သခင်မလေးတို့ကို အားကိုးပါတယ်ဗျာ...”
“စိတ်မပူပါနဲ့...”
ဟွာစစ်ဝေ့က ရင်ဘတ်ကိုပုတ်ကာ လုချန်အား အာမခံလိုက်ရာ တလှုပ်လှုပ် တုန်ခါသွားမှုကြောင့် လုချန် မျက်စိကျိန်းသွားရသည်။
“ရှင်သာ ချင်းလွမ်တောင်ကို ဝင်လာရင် ရှင့်က ကျွန်မရဲ့ ဂျူနီယာမောင်လေး ဖြစ်လာမှာ။ ကျွန်မ ရှင့်ကို စောင့်ရှောက်ပေးပါ့မယ်...”
သူမက လေထုကို ပေါ့ပါးသွားစေရန် တမင်သက်သက် ရယ်စရာလုပ်ပြောလိုက်ခြင်း ဖြစ်သည်။
“စစ်ဝေ့... သခင်လေးလုက နင့်ရဲ့ ဂျူနီယာမောင်လေး မဟုတ်ဘူး...”
ဟွာစစ်ဝေ့၏ စကားသံဆုံးသွားသည်နှင့် သူမ၏ အနောက်ဘက်မှ ချင်းလွမ်တောင် ဂိုဏ်းချုပ်၏ အသံ ထွက်ပေါ်လာသည်။ စောစောကမှ ထွက်သွားသော ယွီလီချင်းမှာလည်း သူမ၏ ဘေးတွင် လျှောက်လာနေသည်။
“ဂိုဏ်းချုပ်...”
အမျိုးသမီးများက ကမန်းကတန်း လှည့်ကြည့်လိုက်ပြီး လက်နှစ်ဖက်ဆုပ်ကာ ဦးညွှတ်အရိုအသေပေးလိုက်ကြသည်။
ထိုအချိန်တွင် လုချန်ကလည်း ရောက်လာသူများကို မြင်တွေ့လိုက်ရပြီး လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပေးလိုက်သည်။
ဤသူကား ချင်းလွမ်တောင်၏ ဂိုဏ်းချုပ်၊ မဟာယာနအဆင့်ကို ကျော်လွန်ကာ ကောင်းကင်နှင့် မြေကြီးကိုပင် တုန်လှုပ်စေနိုင်သော စွမ်းအားကို ပိုင်ဆိုင်ထားသည့် မဟာပညာရှင်ကြီးပင် ဖြစ်သည်။
“သခင်လေးလု... ဒီလောက် အရိုအသေပေးစရာ မလိုပါဘူး။ မင်းက ငါတို့ ချင်းလွမ်တောင်အပေါ်မှာ ကျေးဇူးရှိတယ်။ အကယ်၍ အရိုအသေပေးရမယ်ဆိုရင် ဒီအဘွားအိုကပဲ မင်းကို ကျေးဇူးတင်ကြောင်း အရိုအသေပေးရမှာပါ။ မင်း အခုလို နေပေးဖို့ သဘောတူလိုက်တာက ငါတို့အတွက် ပိုပြီးတောင် ကြီးမားတဲ့ အကူအညီတစ်ခု ဖြစ်သွားပါသေးတယ်။ ဒါပေမဲ့ ငါတို့ ချင်းလွမ်တောင်မှာ ကိုယ်ပိုင် စည်းမျဉ်းစည်းကမ်းတွေ ရှိတယ်။ ဂိုဏ်းထဲမှာ ယောက်ျားလေးတပည့် လက်ခံလို့ မရဘူး။ ဒီအတွက်တော့ ငါတို့ကို ခွင့်လွှတ်ပေးပါ...”
မစ်ရှင် ပြီးဆုံးတော့မည်ဖြစ်၍ စိတ်လှုပ်ရှားနေခဲ့သော လုချန်၏ ရင်ထဲတွင် ထိုစကားကို ကြားလိုက်ရသည်နှင့် ချက်ချင်း အေးစက်သွားလေသည်။
“စီနီယာ... ဘာကို ဆိုလိုတာလဲ...”
“ချင်းလွမ်တောင်က ယောက်ျားလေးတပည့် လက်မခံနိုင်ဘူး။ ဒါပေမဲ့ ငါတို့ မျိုးဆက်မှာတော့ ကန့်သတ်ချက်မရှိဘူးလေ။ မင်းသာ ဒီမှာနေမယ်ဆိုရင် မင်းကို ငါ့ရဲ့ ဂျူနီယာမောင်လေးအဖြစ် သတ်မှတ်ပေးမယ်။ ပြီးတော့ ဂိုဏ်းထဲမှာ စတုတ္ထအကြီးအကဲအဖြစ် တာဝန်ယူရမယ်...”
“စစ်ဝေ့... နင်က ဂျူနီယာညီမလေး ဖြစ်နေတုန်းပဲ။ ရှေ့ရောက်အောင် အရမ်းမကြိုးစားနဲ့လေ...”
ယွီလီချင်းက ပါးစပ်ကိုအုပ်ကာ တိုးတိုးလေး ရယ်မောလိုက်သည်။
“ဟင်...”
ထိုစကားကို ကြားသောအခါ ဟွာစစ်ဝေ့၏ မျက်နှာပေါ်တွင် အနည်းငယ် စိတ်ပျက်သွားသည့် အရိပ်အယောင်များ ပေါ်လာသည်။ သူမက မူလက တတိယအကြီးအကဲ၏ အငယ်ဆုံးတပည့်ဖြစ်ပြီး ဒီတစ်ခါတော့ သူမအောက် အငယ်ဆုံးအဖြစ် နေရမယ့်သူ တစ်ယောက်ယောက် ရောက်လာပြီဟု ထင်ခဲ့မိသည်။ သို့သော် သခင်လေးလုက အငယ်ဆုံးနေရာကို ရှောင်လွှဲနိုင်ခဲ့ရုံသာမက သူမ၏ ဆရာဦးလေးငယ်ပင် ဖြစ်လာလိမ့်မည်ဟု သူမ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့မိပေ။
လုချန်၏ ရင်ဘတ်ထဲတွင်တော့ နှလုံးခုန်သံများ မြန်ဆန်လာပြီး နဖူးမှ ချွေးများ စီးကျလာလေသည်။
‘ဘုရားရေ... ပြောစရာရှိရင်လည်း တစ်ခါတည်း အကုန်ပြောပါလားဗျာ။ အဲဒီလို ရပ်ပြီး အချိုးအကွေ့အလှည့်အပြောင်း လုပ်လိုက်တာက ကျွန်တော့်ကို သေလုမတတ် လန့်သွားစေတာပဲ...’
“ချင်းလွမ်တောင်ရဲ့ စည်းမျဉ်းတွေကို ကျွန်တော် သိပါတယ်။ စီနီယာက အကုန်စီစဉ်ပြီးပြီဆိုမှတော့ ဒီအတိုင်းပဲ ဆက်လုပ်ကြတာပေါ့...”
ချင်းလွမ်တောင်၏ ဂိုဏ်းချုပ်က ခေါင်းညိတ်လိုက်သည်။
“ဒါဆိုရင် မင်း ငါ့ကို ခေါ်တဲ့ပုံစံ ပြောင်းရတော့မယ်။ စီနီယာလို့ ခေါ်နေတာက အရမ်းသူစိမ်းဆန်လွန်းတယ်...”
“စီနီယာအစ်မကြီး...”
*