[ပင်မမစ်ရှင် ပြီးမြောက်သွားပါပြီ... ဆုလာဘ် - စနစ်တကျ သိုင်းပညာရပ် ကျမ်းစာအုပ်တစ်အုပ်]
[ဆယ့်သုံးဆင့်မြောက် ပင်မမစ်ရှင်ကို ထုတ်ပြန်လိုက်ပါပြီ... အချိန်ကန့်သတ်ချက် - ဆယ့်ငါးရက်... ကြယ်တစ်ပွင့်အဆင့်မှ ကြယ်ခုနစ်ပွင့်အဆင့်အထိ ဆေးလုံးများကို တစ်ဖိုစီ ဖော်စပ်ပါ... မစ်ရှင်ဆုလာဘ် - တည်းခိုခန်း ဖွင့်လှစ်မည့်နေရာကို ရွေးချယ်ခွင့်... ကျရှုံးမှုပြစ်ဒဏ် - တည်းခိုခန်းနေရာကို ကျပန်း သတ်မှတ်ပေးမည်]
လုချန်က အစကတည်းက မိန်းမပျိုလေးများ၏ သင်းပျံ့သော အငွေ့အသက်များ ပြည့်နှက်နေသည့် အခန်းထဲတွင် ထိုင်ကာ သူ၏ စိတ်ထဲ၌ ပဲ့တင်ထပ်နေသော အသံကို နားထောင်နေလိုက်သည်။
“ဖွင့်မယ့်နေရာကို ရွေးချယ်ခွင့် ဟုတ်လား... မဆိုးဘူးပဲ”
လုချန်က ဆုလာဘ်ကြောင့် သွေးဆွဲသွားသည်။ ဆိုင်ဖွင့်ဖူးသူတိုင်း ပထဝီဝင်အနေအထားက ဘယ်လောက်အရေးကြီးသလဲဆိုတာကို သိကြသည်။ အထူးသဖြင့် ရှန်းရှလောကတွင် ပို၍ပင် အရေးကြီးသေးသည်။ စည်ကားသော မြို့ပြတစ်ခုတွင် ဖွင့်လှစ်ခြင်းက သေမင်းတားမြစ်နယ်မြေလို နေရာမျိုးတွင် ဖွင့်ခြင်းထက် အဆပေါင်းများစွာ သာလွန်ပေသည်။ အကယ်၍ သူသာ ကံဆိုးပြီး ထိုကဲ့သို့သော နေရာမျိုးသို့ တည်းခိုခန်းသွားဖွင့်ရန် ပို့ဆောင်ခံလိုက်ရပါက နှစ်ရာချီကြာသည့်တိုင် လူရိပ်တစ်ခုကိုပင် မြင်ရမည်မဟုတ်ပေ။ အဲဒီလိုဆိုရင် ဘာဆက်လုပ်စရာ အကြောင်းရှိတော့မည်နည်း။ သူကိုယ်တိုင်ပင် ထိုနေရာမှ ထွက်ခွာနိုင်မည် မဟုတ်ပေ။
ချင်းလွမ်တောင်။
ဂိုဏ်းတွင် ယောက်ျားလေး ဆရာဦးလေးငယ်တစ်ယောက် အသစ်ရောက်လာပြီဆိုသည့် သတင်းက အလျင်အမြန် ပျံ့နှံ့သွားလေသည်။ အလွန်နည်းပါးသော တပည့်အချို့က လက်ခံရန် ခက်ခဲနေကြသော်လည်း လူအများစုကတော့ အလွန်ဝမ်းသာနေကြသည်။ ယခင်က ဂိုဏ်းအနေဖြင့် ဤကိစ္စကို မည်သို့ ကိုင်တွယ်ဖြေရှင်းမည်နည်းဆိုသည်ကို သူတို့ အုပ်စုဖွဲ့ကာ တီးတိုးဆွေးနွေးနေခဲ့ကြသည် မဟုတ်ပါလား။
ချင်းလွမ်တောင်တွင် စုစုပေါင်း တောင်ထွတ်သုံးခုရှိပြီး အားလုံးတွင် ပိုင်ရှင်ကိုယ်စီ ရှိကြသည်။ ထို့ကြောင့် လုချန်ကို တတိယအကြီးအကဲပိုင်ဆိုင်သော တောင်ထွတ်တွင်သာ နေရာချထားပေးခဲ့ပြီး တောင်ထိပ်တွင် သူ၏ အိမ်အသစ်တစ်ခုကိုပါ စီစဉ်ပေးခဲ့သည်။
ညနေစောင်းအချိန်တွင် လုချန်က တောင်ထိပ်၌ ထိုင်ကာ အဝေးမှ နေဝင်ဆည်းဆာအလင်းတန်းများကို ငေးကြည့်နေလိုက်သည်။ ၎င်းက မီးတောက်လို နီရဲနေပြီး လူကို ရစ်မူးသွားစေလောက်အောင် လှပလွန်းလှသည်။ ၎င်းက မိုးကုတ်စက်ဝိုင်းနှင့် ထိစပ်နေပုံမှာ လုချန်အား ဆွံ့အသွားစေပြီး ဤမြင်ကွင်းကို မည်သို့ ဖော်ပြရမည်မှန်းပင် မသိတော့ပေ။
“အရမ်းလှတယ် မလား...”
ယွီလီချင်းက ဘယ်အချိန်ကတည်းက လုချန်၏ ဘေးသို့ ရောက်နေမှန်းမသိဘဲ သူ၏ဘေးတွင် တင်ပျဉ်ခွေထိုင်လိုက်သည်။
“ကျွန်မ တောင်ပေါ်ကို ပထမဆုံးရောက်လာတဲ့နေ့ကလည်း ဒီနေဝင်ဆည်းဆာအလှမှာ မိန်းမောသွားခဲ့ရဖူးတယ်...”
“တကယ် လှတာပဲ...”
လုချန်က ခေါင်းလှည့်လိုက်ရာ သူ၏ အကြည့်များက စကားပြောလိုက်သူအပေါ်သို့ ကျရောက်သွားပြီး ထိုအခိုက်အတန့်လေးမှာပင် သူ၏ အကြည့်များက ခေတ္တမျှ ရပ်တန့်သွားလေသည်။
နေဝင်ဆည်းဆာအလင်းတန်းများက သဘာဝတရား၏ ဖော်ပြ၍မရနိုင်လောက်အောင် လှပမှုကို ကိုယ်စားပြုနေမည်ဆိုလျှင် ထိုအလင်းတန်းများအောက်တွင် စိမ်းပြာရောင်ဝတ်ရုံလေးနှင့် သူ၏ဘေး၌ ထိုင်နေသော ယွီလီချင်းမှာ ကြီးကျယ်ခမ်းနားသော ပန်းချီကားတစ်ချပ်ပေါ်မှ အဆွဲဆောင်နိုင်ဆုံးသော အလှဆင်ခြယ်သမှုတစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။
သူမ၏ တောက်ပသော မျက်လုံးများက အဆုံးအစမဲ့ ဟင်းလင်းပြင်ကြီးလို လင်းလက်နေသည်။ ဤနေရာတွင် ထိုင်နေခြင်းက မိုးကုတ်စက်ဝိုင်းပေါ်ရှိ နေဝင်ဆည်းဆာအလင်းတန်းများနှင့် ပြီးပြည့်စုံစွာ ပေါင်းစပ်သွားစေသည်။ သူမ၏ မျက်တောင်များ ခတ်လိုက်သည့်အခါ ရှည်လျားသော မျက်တောင်ကော့ကော့လေးများက အနည်းငယ် တုန်ခါသွားသည်။ သူမ၏ ပြီးပြည့်စုံလှသော ဘေးတစောင်း မျက်နှာသွင်ပြင်က လူကို သူမ၏ အလှတရားအား အရသာမခံဘဲ မနေနိုင်အောင် ဆွဲဆောင်နေလေသည်။
“ဆရာဦးလေးငယ်လု... ဘာတွေ ကြည့်နေတာလဲ...”
ယွီလီချင်းက လုချန်၏ စူးစူးစိုက်စိုက် ကြည့်ခြင်းကို ခံရသောအခါ အနေရခက်သွားပြီး သူမ၏ လှပသော မျက်နှာလေးပေါ်တွင် ရှက်သွေးဖြာသွားလေသည်။
“တောင်းပန်ပါတယ်။ ကျွန်တော် ရိုင်းသွားတယ်...”
လုချန်က ဘာကိုမှ ဖုံးကွယ်မနေဘဲ ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။
“စီနီယာအစ်မ... ဆရာဦးလေးငယ်လု... နေရာအနှံ့ လိုက်ရှာနေတာ မတွေ့လို့။ ဒီမှာ ရှိနေကြတာကိုး...”
လေထုက အနေရခက်လာပြီး နှစ်ယောက်သား ဘာပြောရမှန်းမသိ ဖြစ်နေချိန်လေးမှာပင် ဟွာစစ်ဝေ့၏ အသံက အနောက်ဘက်မှ ထွက်ပေါ်လာရာ သူတို့နှစ်ဦးလုံး တပြိုင်နက် သက်ပြင်းချလိုက်မိကြသည်။ လုချန်က သူ့ကိုယ်သူ အရမ်းအရှက်ရစရာကောင်းသည်ဟု စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။ တစ်နေ့လုံး အထာကျကျ တည်တည်ငြိမ်ငြိမ် နေလာခဲ့ပြီးမှ ညနေစောင်းကျကာမှ အချိုးပျက်သွားခဲ့ရသည် မဟုတ်ပါလား။
“ငါတို့ နေဝင်ဆည်းဆာအလှကို ကြည့်နေကြတာလေ။ ဘယ်လိုလဲ... အတူတူ ကြည့်မလား...”
“ဟင်... ပျင်းစရာကြီး။ ကျွန်မ မကြည့်ချင်ပါဘူး...”
ဟွာစစ်ဝေ့က ခေါင်းခါလိုက်သည်။ ဒီအရွယ် မိန်းကလေးများက အသစ်အဆန်းများကိုသာ စိတ်ဝင်စားတတ်ကြပြီး ကြီးကျယ်ခမ်းနားသော သဘာဝရှုခင်းများအပေါ်တွင်တော့ စိတ်အားထက်သန်မှု ကင်းမဲ့ကြသည်။
“တစ်ခုခု ပျော်စရာကောင်းတာလေး အတူတူ စဉ်းစားကြရအောင်။ နေ့တိုင်း ကျင့်ကြံနေရတာ အရမ်း ပျင်းစရာကောင်းလွန်းတယ်...”
“အင်း... မင်းက ဘာကစားချင်လို့လဲ...”
“ကျွန်မလည်း မသိဘူး။ အဲဒါကြောင့်မလို့ ရှင်တို့နှစ်ယောက်ကို လာရှာတာလေ။ ဆရာဦးလေးငယ်လုက အပြင်မှာ ခရီးထွက်တာ များတယ်ဆိုတော့ ပျော်စရာကောင်းတာတွေ အများကြီး သိမှာပဲ...”
“အင်း... နည်းနည်းပါးပါးတော့ သိပါတယ်...”
လုချန်က ခေါင်းညိတ်လိုက်သည်။ ပျော်ရွှင်စွာ ကစားဖို့ ကိစ္စတွေမှာတော့ သူက ဆရာတစ်ဆူပင် ဖြစ်သည်။
“အရမ်းကောင်းတာပဲ။ ဒါဆိုလည်း စိတ်ဝင်စားစရာကောင်းတာလေးတွေ ပြောပြပါလား...”
“ဒီနေ့တော့ အရမ်းနောက်ကျနေပြီ။ မနက်ဖြန်မှပေါ့။ ငါ အရင်ဆုံး ပစ္စည်းတချို့ ပြင်ဆင်ရဦးမယ်။ မနက်ဖြန်ကျမှ မင်းကို ခေါ်ပြီး ကစားပေးမယ်လေ...”
“ကတိနော်...”
ဟွာစစ်ဝေ့က မျက်လုံးလေးတွေ မှိတ်ကျသွားသည်အထိ ပြုံးလိုက်ပြီး ခုန်ဆွခုန်ဆွဖြင့် ထွက်သွားလေသည်။
ဟွာစစ်ဝေ့၏ ကျောပြင်ကို ကြည့်ရင်း ယွီလီချင်း၏ မျက်ဝန်းထဲတွင် အလိုလိုက် အချစ်ပိုနေသည့် အရိပ်အယောင်လေး ပေါ်လာသည်။
“ဒီကလေးကတော့ အရမ်းဆော့တာပဲ။ ဆရာဦးလေးငယ်လု... စိတ်မရှိပါနဲ့နော်...”
“ကျွန်တော်က ဘာလို့ စိတ်ရှိရမှာလဲ။ ဘယ်သူက ဆော့ရတာကို မကြိုက်ဘဲ နေမှာလဲ။ စီနီယာအစ်မယွီက ကျွန်တော့်ကို အရမ်း ရင့်ကျက်လွန်းတယ်လို့ ထင်နေပုံရတယ်။ ကျွန်တော်က ဒီနှစ်မှ အသက်နှစ်ဆယ့်ငါးနှစ်ပဲ ရှိသေးတာ...”
လုချန်၏ စကားကို ကြားသောအခါ ယွီလီချင်း အနည်းငယ် တုံ့ဆိုင်းသွားသည်။ သူပြောတာလည်း မှန်နေသလိုပင်။
လုချန်၏ ပွင့်လင်းမြင်သာစွာ လက်ခံနိုင်စွမ်းက သူမ၏ အမြင်တွင် လူ့လောကကြီးကို ထိုးထွင်းသိမြင်နေသည့် အရိပ်အယောင်များ အမြဲပါဝင်နေတတ်သဖြင့် သူ့ကို ရွယ်တူ (သို့မဟုတ်) သူမထက် အနည်းငယ် ပိုရင့်ကျက်သူတစ်ဦးအဖြစ် ဆက်ဆံမိနေခြင်း ဖြစ်သည်။ သို့သော် သေချာစဉ်းစားကြည့်မည်ဆိုပါက သူ၏ အသက်အရွယ်မှာ ဟွာစစ်ဝေ့နှင့် သိပ်မကွာခြားလှပေ။
“ဆရာဦးလေးငယ်လု ပြောတာ သဘာဝကျပေမယ့် ရှင်က ကျွန်မကို စီနီယာအစ်မလို့ ခေါ်နေတာကျတော့ နည်းနည်းလေး...”
“အို... ဘာကိစ္စရှိလို့လဲ။ ကျွန်တော်တို့ အားလုံးက ရွယ်တူတွေပဲလေ။ ကိုယ့်အမည်နာမနဲ့ ကိုယ်ပဲ ဆက်ခေါ်ကြတာပေါ့။ အစ်မက ကျွန်တော့်ကို ဆရာဦးလေးငယ်လို့ခေါ်၊ ကျွန်တော်က အစ်မကို စီနီယာအစ်မလို့ ခေါ်မယ်လေ။ ဒါက ရှလော့ရဲ့ မိသားစုလိုပါပဲ... သူတို့ဆီက ဆွေမျိုးစပ်တဲ့ အဆင့်သတ်မှတ်ချက်တွေက ပိုပြီးတောင် ရှုပ်ထွေးနေသေးတယ်...”
“ရှလော့ ဟုတ်လား... ဒီရှလော့က ဘယ်သူလဲ။ ရှင့်ရဲ့ သူငယ်ချင်းလား...”
“မဟုတ်ပါဘူး... သူက တကယ့်ကို လုပ်ရဲကိုင်ရဲတဲ့ လူကြမ်းကြီးပါ...”
နေဝင်ဆည်းဆာ အလင်းတန်းများ လုံးဝ ပျောက်ကွယ်သွားချိန်တွင် လုချန်၏ အိမ်အသစ်လည်း ဆောက်လုပ်ပြီးစီးသွားလေပြီ။ လူတိုင်းက ကျင့်ကြံသူများ ဖြစ်ကြသဖြင့် အိမ်တစ်လုံး ဆောက်လုပ်ရန်က မိနစ်ပိုင်းကိစ္စမျှသာ ဖြစ်သည်။ ပရိဘောဂများကို နေရာချထားရန်အတွက်သာ အချိန်အနည်းငယ် ယူရခြင်း ဖြစ်သည်။ မိန်းကလေးတစ်အုပ်က လုချန်၏ အိမ်သစ်လေးထဲသို့ တိုးဝှေ့ဝင်ရောက်လာကြပြီး စားပွဲ၊ ကုလားထိုင်များကို ဘယ်နေရာတွင် ထားသင့်ကြောင်း ကိုယ်ပိုင်ထင်မြင်ချက်များ ပေးကာ ဆူဆူညံညံ ပြောဆိုနေကြသည်။ သူတို့က အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ပြောင်းလဲနေရာချပြီးမှသာ ယာယီအဖြစ် အတည်ပြုနိုင်ခဲ့ကြပြီး တစ်ညလုံး အသေအချာ စဉ်းစားပြီးမှ မနက်ဖြန်ကျလျှင် ပြန်လာ၍ နေရာပြန်ချပေးမည်ဟု ဆိုကြလေသည်။
အခန်းထဲသို့ ဝင်လိုက်သည်နှင့် အမျိုးသမီးများစွာ ချန်ရစ်ထားခဲ့သော သင်းပျံ့သည့် ရနံ့လေးက ကျန်ရစ်နေဆဲပင်။
“ဝိုး... ဒီခံစားချက်က တကယ်ကို မိုက်လွန်းတယ်ဗျာ...”
လုချန် တံခါးကို ပိတ်လိုက်သည်နှင့် တစ်ပြိုင်နက် သစ်ပင်မိစ္ဆာက ထွက်လာပြီး ကုလားထိုင်တစ်လုံးပေါ်တွင် အရှင်သခင်တစ်ပါးလို လှဲလျောင်းကာ အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချလိုက်ရာ ၎င်း၏ မျက်နှာမှာ ကြည့်လို့အဆိုးဆုံး ဖြစ်နေလေသည်။
“မိုက်တာကတော့ မိုက်တာပေါ့။ အက်ကြောင်းထဲ ပြုတ်မကျသွားစေနဲ့ဦး...”
လုချန်က ၎င်းကို စိတ်အိုက်စွာဖြင့် မျက်စောင်းထိုးကြည့်လိုက်သည်။ ထို့နောက် အိတ်ကပ်ထဲမှ ကျောက်စိမ်းရောင် ပုလဲလုံးလေးဖြစ်သော သစ်ပင်မိစ္ဆာအနှစ်သာရကို ထုတ်ယူကာ သစ်ပင်မိစ္ဆာထံသို့ တိုက်ရိုက် ပစ်ပေးလိုက်သည်။
“ရော့... ယူလိုက်။ မင်းရဲ့ တာဝန် ပြီးပြီ။ အခု မင်း ထွက်သွားလို့ရပြီ...”
“နေပါဦးဗျ...”
မမျှော်လင့်ဘဲ သစ်ပင်မိစ္ဆာက သူ၏ ကိုယ်ပိုင်အနှစ်သာရကို လက်မခံဘဲ မိုးမခကိုင်းဖြင့် လုချန်ထံသို့ ပြန်ရိုက်ပို့လိုက်သည်။
“သူရဲကောင်းကြီး... ကျွန်တော့်ကို ဘယ်လိုလူမျိုး... အဲ... ဘယ်လို မိစ္ဆာမျိုး... အဲ... ဘယ်လို မြက်ပင်မျိုးလို့ ထင်နေတာလဲ။ ခင်ဗျား ခြိမ်းခြောက်လို့ ကျွန်တော် ကူညီပေးခဲ့တယ်လို့ ထင်နေတာလား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲဗျာ။ သူရဲကောင်းကြီးဆီမှာ ရှိနေတဲ့ ထူးခြားတဲ့ အရှိန်အဝါက ကျွန်တော့်ကို သဘောကျသွားစေပြီး နောက်ကနေ ထာဝရလိုက်ပါချင်စိတ် ပေါက်သွားစေတာပါ။ အခုကစပြီး ကျွန်တော်က သူရဲကောင်းကြီးရဲ့ နံပါတ်တစ် လက်ပါးစေပဲ။ ဒီအနှစ်သာရက ကျွန်တော့်ရဲ့ အာမခံချက်ပါပဲ...”
“ထွက်သွားစမ်း... မင်းကို သဘောကျသွားစေတာ ဟိုကောင်မလေးတွေမလား။ ငါ့မျက်စိရှေ့ကနေ ထွက်သွားစမ်း...”
လုချန်က သစ်ပင်မိစ္ဆာ ပြန်ရိုက်ပို့လိုက်သော အနှစ်သာရကို တစ်ချက်မျှပင် မကြည့်ဘဲ မြေကြီးပေါ်သို့ ပုတ်ချလိုက်သည်။
“အဲဒီလို မလုပ်ပါနဲ့ဗျာ...”
သစ်ပင်မိစ္ဆာက ဖားယားယား မျက်နှာပေးဖြင့် လုချန်၏ ရှေ့သို့ အမြန်ခုန်လာပြီး မိုးမခကိုင်းတစ်ကိုင်းကို ဆန့်ထုတ်ကာ လုချန် ပုတ်ချလိုက်သော အနှစ်သာရကို ကောက်ယူလိုက်သည်။ ထို့နောက် လုချန်၏ အိတ်ကပ်ထဲသို့ ဂရုတစိုက် ပြန်ထည့်ပေးလိုက်ပြီး ပြောရန် မမေ့ခဲ့ပေ။
“သူရဲကောင်းကြီးက ပုံမှန်ရက်တွေဆို တစ်ယောက်တည်း ပျင်းနေလောက်တယ်။ ပြီးတော့ ခစားဖို့ လက်ပါးစေတစ်ယောက်လည်း လိုအပ်နေလောက်မှာပဲ။ တိုက်ဆိုင်လိုက်တာဗျာ... ခွေးတစ်ကောင်လို သစ္စာရှိတဲ့ လက်ပါးစေလုပ်တဲ့ နေရာမှာတော့ ဒီမြက်ပင်က နံပါတ်နှစ်ဆိုရင် ဘယ်သူမှ နံပါတ်တစ်လို့ မပြောရဲဘူးဗျ။ စောစောက သူရဲကောင်းကြီးက ဟိုကောင်မလေးကို အပြင်ထွက်ကစားဖို့ တစ်ခုခု ပြင်ဆင်ပေးမယ်လို့ ကတိပေးထားတယ်မလား။ ဒီကိစ္စကိုသာ ကျွန်တော့်ဆီ လွှဲထားလိုက်ပါ။ ဘာတွေ ပြင်ဆင်ဖို့ လိုသလဲဆိုတာသာ ပြောလိုက်။ ကျွန်တော် ပြီးပြည့်စုံအောင် စီစဉ်ပေးပါ့မယ်...”
သစ်ပင်မိစ္ဆာ၏ ပုံစံကြောင့် လုချန် အနည်းငယ် ဆွံ့အသွားရသည်။
“ဒါဆိုရင်လည်း တောင်အောက်ကို အရင်ဆင်းသွားပြီး ငါ့အတွက် ကျောက်ပြား နည်းနည်းလောက် သွားထွင်းချေ...”
“အမိန့်အတိုင်းပါပဲ...”
သစ်ပင်မိစ္ဆာ၏ မျက်နှာလေး ဝမ်းသာအားရ လင်းလက်သွားပြီး ပြတင်းပေါက်မှနေ၍ ခုန်ဆွခုန်ဆွဖြင့် ထွက်သွားလေတော့သည်။
*