နေ့သစ်တစ်နေ့ စတင်လာပြီး နံနက်ခင်းနေမင်းက ယခုမှ ထွက်ပေါ်စပြုနေသည်။ လုချန်သည် သူ၏ တံခါးအပြင်ဘက်မှ ချင်းလွမ်တောင်မှ တပည့်မလေးများ၏ အုပ်စုလိုက် ကျင့်ကြံနေဟန်တူသော ကြည်နူးဖွယ်ကောင်းသည့် အသံများကြောင့် နိုးလာခဲ့သည်။
“သရဲ...”
လုချန်က အလန့်တကြား အော်ဟစ်လိုက်သည်။
တကယ်တော့ မိန်းမပျိုလေးများ၏ သာယာနာပျော်ဖွယ် အသံများဖြင့် နိုးထလာရသော လှပသည့် နံနက်ခင်းတစ်ခု ဖြစ်သင့်သော်လည်း မျက်လုံးဖွင့်လိုက်သည်နှင့် သူ့ကို အူကြောင်ကြောင် ပြုံးဖြီးဖြီးကြည့်နေသော ညစ်တီးညစ်ပတ် အစိမ်းရောင်မျက်နှာကြီးကို မြင်လိုက်ရသည်။
ထင်သည့်အတိုင်းပင် သစ်ပင်မိစ္ဆာမှာ လုချန်၏ ရိုက်ချခြင်းကို ခံလိုက်ရပြီး လွင့်ထွက်သွားလေသည်။
သူက မျက်လုံးများကို ပွတ်ကာ ထိုင်လိုက်သည်။
“သူရဲကောင်းကြီး... သူရဲကောင်းကြီး မျက်နှာသစ်ဖို့ ရေပြင်ထားပြီးပါပြီ... မျက်နှာသစ်ပါဦး...”
သူ ကုတင်ပေါ်မှ မဆင်းရသေးမီမှာပင် မိုးမခကိုင်းနှစ်ခုက ကြေးဇလုံတစ်ခုကို လုချန်၏ရှေ့သို့ ယူလာပေးပြီး အထဲတွင် ရေနွေးနွေးလေးများပင် ထည့်ထားပြီးဖြစ်သည်။
“ချီးပဲ... မင်းက တကယ့်ကို ဖားတဲ့နေရာမှာ အလားအလာရှိတာပဲ...”
“ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ် သူရဲကောင်းကြီး...”
လုချန် မျက်နှာသစ်ပြီးသွားသောအခါ အခြားမိုးမခကိုင်းတစ်ခုက သူ့ကို မျက်နှာသုတ်ပဝါတစ်ထည် ကမ်းပေးလာသည်။ ဝန်ဆောင်မှုက အလွန်စေ့စပ်သေချာလွန်းပြီး ဖားယားခြင်း၏ အဆုံးစွန်ကို ပြသနေလေသည်။
“သူရဲကောင်းကြီး... ခိုင်းထားတဲ့ တာဝန်ပြီးသွားပါပြီ... တစ်ချက်လောက် ကြည့်ပေးပါဦး...”
ကြေးဇလုံကို သိမ်းဆည်းလိုက်ပြီးနောက် သစ်ပင်မိစ္ဆာက အခန်းထောင့်တွင် ထားရှိသော ကျောက်ပြားများကို လုချန်အား ပြသလိုက်သည်။ ၎င်းတို့အားလုံးမှာ ချောမွေ့နေအောင် သွေးထားပြီး ၎င်း၏ တစ်ညတာလုံး အလုပ်လုပ်ထားသည့် ရလဒ်ပင်ဖြစ်သည်။
“ကြီးလွန်းနေတယ်... အားလုံးကို အလျား ၄.၄ စင်တီမီတာ၊ အနံ ၃.၃ စင်တီမီတာရှိတဲ့ အတုံးလေးတွေဖြစ်အောင် ထွင်းလိုက်... စုစုပေါင်း ၁၃၆ တုံး လိုတယ်။ ပြီးတော့ အလျား တစ်စင်တီမီတာပဲရှိတဲ့ အန်စာတုံးပုံစံ နှစ်တုံးလည်း ထွင်းပေးဦး... ဒါနဲ့ မင်း တစ်စင်တီမီတာဆိုတာ ဘယ်လောက်ရှည်လဲ သိလို့လား...”
သစ်ပင်မိစ္ဆာ၏ ဇဝေဇဝါဖြစ်နေသော မျက်နှာကိုမြင်သဖြင့် လုချန်က တစ်စင်တီမီတာ အရှည်ကို လက်ဖြင့် ပြသလိုက်သည်။ သစ်ပင်မိစ္ဆာက ခေါင်းတဆတ်ဆတ် ညိတ်ပြပြီး လုံးဝ အလွဲအချော် မရှိစေရပါဘူးဟု ကတိပေးလေသည်။
သစ်ပင်မိစ္ဆာအား ညွှန်ကြားချက်များ ပေးပြီးနောက် လုချန်က တံခါးကို ဖွင့်လိုက်သည်။ အပြင်သို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် ပွင့်အာနေသော ပန်းပွင့်လေးများလို လှပသည့် မြင်ကွင်းကြောင့် သူ မျက်စိကျိန်းသွားရသည်။
အစိမ်းရောင်ဝတ်ရုံများကို ဝတ်ဆင်ထားကြသော ငယ်ရွယ်လှပသည့် ချင်းလွမ်တောင်မှ တပည့်မလေးများမှာ တညီတညွတ်တည်း ကျင့်ကြံနေကြသည်။ ၎င်းတို့က တတိယအကြီးအကဲ၏ တပည့်များဖြစ်ကြပြီး အရေအတွက်အားဖြင့် ရာဂဏန်းခန့် ရှိသည်။
ဤလူရာပေါင်းများစွာက ချင်းလွမ်တောင် တပည့်များ၏ အစိတ်အပိုင်း အသေးစားလေးတစ်ခုသာ ဖြစ်သည်။ ယခုလို အတူတကွ ကျင့်ကြံနေကြသူများအပြင် အခြားများစွာသော တပည့်များမှာ မစ်ရှင်ထွက်နေကြခြင်း သို့မဟုတ် တံခါးပိတ်ကျင့်ကြံနေကြခြင်းများ ရှိသေးရာ ရေတွက်၍ပင် မရနိုင်အောင် များပြားလှသည်။
လုချန် အပြင်ထွက်လာသည်နှင့် တစ်ပြိုင်နက် ရေတွက်မရနိုင်သော အကြည့်များက သူ့ထံသို့ ချက်ချင်း စုပြုံကျရောက်လာသည်။ မနေ့က လုချန်၏ နာမည်ကို ကြားဖူးခဲ့ပြီး ဂိုဏ်းတွင် ဆရာဦးလေးငယ်တစ်ယောက် အသစ်ရောက်နေကြောင်း အချို့က သိထားကြသော်လည်း ဤသည်က သူ့ကို ပထမဆုံးအကြိမ် မြင်တွေ့ရခြင်းဖြစ်ရာ သူတို့၏ မျက်လုံးများထဲတွင် စူးစမ်းချင်စိတ်များ ပြည့်နှက်နေကြသည်။
“ရပ်...”
လူအားလုံး၏ ကျင့်ကြံမှုကို ကြီးကြပ်ပေးရသော တပည့်က လက်တစ်ဖက် မြှောက်လိုက်ရာ တပြိုင်နက် ကျင့်ကြံနေကြသော ရာနှင့်ချီသည့် အမျိုးသမီးငယ်လေးများ၏ လှုပ်ရှားမှုများက ရပ်တန့်သွားကြသည်။
နောက်တစ်စက္ကန့်မှာပင်...
“ဂါရဝပြုပါတယ် ဆရာဦးလေးငယ်လု...”
တညီတညွတ်တည်း အော်ဟစ်နှုတ်ဆက်သံကြီး ထွက်ပေါ်လာရာ လုချန် လန့်ခုန်သွားမတတ် ဖြစ်သွားသည်။ တစ်ချိန်တည်းမှာပင် သူ၏ ရင်ထဲတွင် ပြိုင်ဘက်ကင်းသော ကြည်နူးပီတိဖြစ်မှုကြီးတစ်ခု လွှမ်းမိုးသွားလေသည်။
လုချန်၏ အနောက်ဘက် အိမ်ထဲတွင်တော့ သစ်ပင်မိစ္ဆာက သေသပ်ညီညာပြီး နားထောင်လို့ကောင်းလှသော ထိုအသံကို နားထောင်ကာ မျက်နှာပေါ်တွင် သာယာယစ်မူးနေသည့် အမူအရာများ ပြည့်နှက်နေလေသည်။
“နေလို့ကောင်းလိုက်တာ... တကယ်ကို နေလို့ကောင်းလိုက်တာ...”
ဆန့်ကျင်ဘက်လိင်များစွာ၏ စိုက်ကြည့်ခြင်းကို ခံရသောအခါ မျက်နှာပြောင်တိုက်လေ့ရှိသော လုချန်ပင်လျှင် အနည်းငယ် အနေရခက်သွားသဖြင့် သူတို့အား လက်ယမ်းပြလိုက်သည်။
“ဆက်လုပ်ကြပါ... ဆက်လုပ်ကြပါ။ ငါက ဒီအတိုင်း လမ်းလျှောက်ထွက်လာရုံပါ...”
“ဆရာဦးလေးငယ်လု... မနေ့ညက အိပ်ပျော်ရဲ့လား...”
ယွီလီချင်းက အဝေးမှ လျှောက်လာသည်။ စီနီယာအစ်မကြီးဖြစ်သူမို့ သူမက အတော်လေး အားလပ်နေပုံရသည်။
“အရမ်းကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ပါတယ်...”
“ဒါဆိုလည်း ကောင်းတာပေါ့။ မနေ့ညက ဆရာက ဆရာဦးလေးငယ် နေသားမကျမှာ စိုးရိမ်လို့ ဒီနေ့မနက်စောစော လာကြည့်ခိုင်းတာပါ...”
“စီနီယာအစ်မရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်...”
ခဏတာ စကားစမြည်ပြောပြီးနောက်...
“ဒါနဲ့ ကျွန်တော် ဆေးဖော်စပ်ရမယ့်နေရာက ဘယ်မှာလဲ...”
ဒီလိုအလှလေးတစ်ယောက်နဲ့ စကားပြောရတာ ပျော်စရာကောင်းပေမယ့် ပျော်တာက ပျော်တာပေါ့၊ တာဝန်ကိုလည်း ပြီးအောင် လုပ်ရဦးမည် မဟုတ်ပါလား။
“ဟိုဘက်မှာပါ...”
ယွီလီချင်းက လက်ညှိုးထိုးပြလိုက်သည်။ ဤဆေးဖော်စပ်ရေး အခန်းကိုလည်း မနေ့ကမှ ပြင်ဆင်ထားခြင်းဖြစ်သည်။ လုချန် မရောက်လာခင်က ချင်းလွမ်တောင်ပေါ်တွင် မည်သူကမျှ ဆေးဖော်စပ်ခြင်းပညာကို မတတ်ကျွမ်းကြပေ။
ယွီလီချင်းနှင့်အတူ သူက ဆေးဖော်စပ်ရေး အခန်းသို့ ရောက်ရှိလာသည်။ ထိုနေရာတွင် ဆေးမီးဖိုတစ်ခုကို နေရာချထားပြီးဖြစ်သည်။ ဆေးတောင်ကြားရှိ သာမန်ဆေးမီးဖိုများနှင့် မတူဘဲ ဤဆေးမီးဖိုက အနည်းဆုံး အဆင့်သုံးရှိပြီး အပေါ်တွင် အစီအရင်များကို ထွင်းထုထားသည်။
အဆင့်သုံး ဆေးမီးဖိုတစ်ခုက မီးဖိုအတွင်းရှိ ဆေးအာနိသင် စုစည်းမှုအဆင့်ကို ပိုမိုကောင်းမွန်စွာ ထိန်းသိမ်းပေးနိုင်ပြီး ဆေးဖော်စပ်စဉ်အတွင်း အောင်မြင်နိုင်စွမ်းကို ပိုမိုမြင့်မားစေသည်။
အကယ်၍ အဆင့်သုံး မှော်ဆေးပညာရှင်တစ်ယောက်က အဆင့်နှစ် ဆေးလုံးများကို ဖော်စပ်ရာတွင် အောင်မြင်နိုင်စွမ်း ငါးဆယ်ရာခိုင်နှုန်း ရှိသည်ဆိုပါစို့။ အဆင့်သုံး ဆေးမီးဖိုတစ်ခုကို ပိုင်ဆိုင်ထားပါက ထိုဖြစ်နိုင်ခြေကို ဆယ့်ငါးရာခိုင်နှုန်းအထိ တိုးမြှင့်ပေးနိုင်သည်။ ၎င်းက အလွန် သိသာထင်ရှားသော ကိန်းဂဏန်းတစ်ခု ဖြစ်သည်။ လူတစ်ယောက်ကသာ အဆင့်ကိုး သို့မဟုတ် အဆင့်ဆယ် ဆေးမီးဖိုတစ်ခုကို ပိုင်ဆိုင်ထားမည်ဆိုလျှင် အောင်မြင်နိုင်စွမ်းက ရာခိုင်နှုန်းပြည့်နီးပါး ရှိနေမည်ကို စိတ်ကူးကြည့်နိုင်ပေသည်။
သေချာသည်ကတော့ ဤနေရာတွင် ဆွေးနွေးနေသည်များက ရှန်းရှလောကရှိ မှော်ဆေးပညာရှင်များနှင့်သာ သက်ဆိုင်သည်။ လုချန်က သူတို့အထဲတွင် မပါဝင်ပေ။ တည်းခိုခန်း၏ အဆင့်မြင့် ဆေးဖော်စပ်ခြင်းပညာရပ်၏ လေ့ကျင့်သင်ကြားမှုအောက်တွင် သူ၏ ဆေးဖော်စပ် အောင်မြင်နိုင်စွမ်းက ရာခိုင်နှုန်းပြည့် ဖြစ်နေပြီဖြစ်သည်။ ဒါက ဘယ်သူ့ကိုပြောပြော ယုံကြည်မည် မဟုတ်သော ကိန်းဂဏန်းတစ်ခုပင်။
ဆေးမီးဖို၏ အရှေ့တွင် အသစ်စက်စက် ထိုင်ဖုံတစ်ချပ်၊ ပုလင်းနှင့် အိုးများစွာအပြင် သိုလှောင်လက်စွပ် အချို့လည်း ရှိနေသည်။ ပါဝင်ပစ္စည်းများနှင့် ဆေးဖော်မြူလာများကို ၎င်းတို့ထဲတွင် သိမ်းဆည်းထားပုံရသည်။
“စီနီယာအစ်မယွီ... အထဲက ပစ္စည်းတွေ ထုတ်ပေးဖို့ အစ်မကို အကူအညီတောင်းရတော့မယ်...”
လုချန်က သူ၏ရှေ့ရှိ သိုလှောင်လက်စွပ်များကို လက်ညှိုးထိုးပြလိုက်သည်။
ယွီလီချင်းက သူမကိုယ်သူမ ပေါ့ဆသည်ဟု စိတ်ထဲမှ အပြစ်တင်လိုက်ပြီး ဒီကိစ္စကို ဘယ်လိုများ မေ့သွားရသလဲဟု တွေးလိုက်မိသည်။ သူမက အထဲမှ ပစ္စည်းများကို ကမန်းကတန်း ထုတ်ပေးလိုက်သည်။
လုချန်က စုစုပေါင်း ဆေးဖော်မြူလာ ခုနစ်ခုကို မြင်တွေ့လိုက်ရသည်။ အဆင့်တစ် သုံးခု၊ အဆင့်နှစ် သုံးခုနှင့် အဆင့်သုံး တစ်ခုတို့ ဖြစ်ကြသည်။ ပါဝင်ပစ္စည်းများကလည်း အဆင့်တစ်မှ အဆင့်သုံးအထိသာ ဖြစ်သည်။
‘ဘာလို့ အဆင့်မြင့်တာတွေ မပါလာရတာလဲ။ ချင်းလွမ်တောင်မှာ ပစ္စည်းမရှိလို့လား...’
သူ ဇဝေဇဝါဖြစ်သွားသော်လည်း ဘာမှတော့ ထုတ်မပြောလိုက်ပေ။ မစ်ရှင်က သူ့ကို အဆင့်တစ်မှ အဆင့်ခုနစ်အထိ တစ်ဖိုစီ ဖော်စပ်ရန် တောင်းဆိုထားသဖြင့် ဒါတွေ ပြီးသွားမှပဲ သူ ထပ်မေးတော့မည်။
တကယ်တမ်းတွင် ချင်းလွမ်တောင်၌ ပိုမိုမြင့်မားသော အဆင့်မြင့် ဆေးဖော်မြူလာများ မရှိ၍ မဟုတ်ဘဲ ချင်းလွမ်တောင်၏ ဂိုဏ်းချုပ်က လုချန် ဖော်စပ်နိုင်လိမ့်မည်ဟု မယုံကြည်သောကြောင့် ဖြစ်သည်။ သူ၏ အသက်အရွယ်နှင့်ဆိုလျှင် မှော်ဆေးပညာလမ်းစဉ်တစ်ခုတည်းကို သီးသန့် လေ့လာလိုက်စားခဲ့လျှင်တောင် အဆင့်သုံး ကျွမ်းကျင်မှုသို့ ရောက်ရှိနေခြင်းက အလွန် အထင်ကြီးစရာ ကောင်းနေပြီဖြစ်သည်။ ထို့အပြင် ချင်းလွမ်တောင် ဂိုဏ်းချုပ်၏ အမြင်တွင် လုချန်က ကျင့်ကြံခြင်း၌ ကြီးမားသော မွေးရာပါ ပါရမီရှင်တစ်ဦးဖြစ်ရာ ဤဆေးဖော်မြူလာများနှင့် ပါဝင်ပစ္စည်းများက သူ့အတွက် လုံလောက်ပြီဟု သူမ ထင်မြင်ထားသည်။ အကယ်၍ သူမက အဆင့်မြင့်တာတွေ ပိုထုတ်ပေးလိုက်ပြီး လုချန်က မဖော်စပ်နိုင်ခဲ့လျှင် အရှက်ကွဲစရာ ဖြစ်သွားမည် မဟုတ်ပါလား။
ထိုင်ဖုံပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး သူက ဆေးဖော်မြူလာများကို ဟိုဟိုဒီဒီ အကဲခတ်ကြည့်လိုက်သည်။ ယခုတစ်ကြိမ်တော့ အရင်တစ်ခေါက်ကလို လေ့လာဖို့အတွက် ဆယ့်တစ်နာရီကြာ အချိန်ပေးစရာ မလိုတော့ပေ။
အရင်တစ်ခေါက်က ဆေးဖော်မြူလာများက အဆင့်မြင့်ရုံသာမက ကန့်သတ်ချက်များကလည်း ကြီးမားလွန်းလှသည်။ အဆင့်ခြောက် ပါဝင်ပစ္စည်းများနေရာတွင် အဆင့်နှစ် ပါဝင်ပစ္စည်းများကို အစားထိုး အသုံးပြုရန်အတွက် လုချန် အချိန်ပိုယူကာ စဉ်းစားခဲ့ရသည်။ အခုတော့ တစ်ချက်ကြည့်လိုက်ရုံနှင့် လုံလောက်နေပြီ ဖြစ်သည်။
‘တည်းခိုခန်းက တကယ့်ကို ဆန့်ကျင်ဘက် အရှုပ်ထုပ်ကြီးပဲ။ အဆင့်မြင့် မှော်ဆေးပညာရှင်တွေက အဆင့်ခြောက်အောက် ဆေးလုံးတွေကို မဖော်စပ်သင့်ဘူးလို့ ပြောထားတယ် မဟုတ်ဘူးလား။ ငါကရော အဆင့်မြင့် မှော်ဆေးပညာရှင်လို့ သတ်မှတ်လို့ရသေးရဲ့လား...’
သူက စိတ်ထဲမှနေ၍ တီးတိုးရေရွတ်လိုက်သည်။
တိတိကျကျပြောရမည်ဆိုလျှင် အကယ်၍ သူက အဆင့်ခြောက်အောက် ဆေးလုံးများကို ဖော်စပ်ပါက မှော်ဆေးပညာရှင် အဆင့်သတ်မှတ်ချက် မှတ်တမ်းများအရ သူသည် အဆင့်လျှော့ချခံရမည် ဖြစ်သည်။
သို့သော် ဤစည်းမျဉ်းက သူ့အတွက်တော့ ကန့်သတ်ချက် သိပ်မရှိမှန်း ထင်ရှားလှသည်။ အဆင့်မြင့် မှော်ဆေးပညာရှင်တစ်ယောက်၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းခြင်းနှင့် တည်းခိုခန်း၏ မစ်ရှင်ကို ပြီးမြောက်အောင် လုပ်ဆောင်ခြင်း နှစ်ခုကြားတွင် ရွေးချယ်ရမည်ဆိုပါက ဤအရာက လုံးဝ အလကားရမည့် အမှတ်တစ်ခုသာ ဖြစ်လေသည်။
ဆေးဖော်မြူလာ ခုနစ်ခုလုံးကို လုချန်က အလျင်အမြန် ကျက်မှတ်လိုက်သည်။ ထို့နောက် သူ၏ လက်ထဲတွင် မီးတောက်တစ်ခု ထွက်ပေါ်လာပြီး လေထုထဲရှိ အပူချိန်က ရုတ်တရက် မြင့်တက်သွားလေသည်။
ယွီလီချင်းက အနီးအနားတွင် ရပ်ကာ စိတ်ဝင်တစား ကြည့်နေလေသည်။ ဒါက သူမဘဝတွင် တစ်စုံတစ်ယောက် ဆေးဖော်စပ်နေသည်ကို ပထမဆုံးအကြိမ် မြင်တွေ့ရခြင်းဖြစ်ပြီး သူမ၏ ရင်ထဲတွင် စူးစမ်းချင်စိတ်များဖြင့် ပြည့်နှက်နေသည်။
လုချန်က အဆင့်တစ် ဆေးလုံးတစ်လုံးကို ရွေးချယ်လိုက်သည်။ ဤအဆင့်ရှိ ပစ္စည်းများက သူ့အတွက် ဘာအခက်အခဲမှ မရှိပေ။ သူက ပါဝင်ပစ္စည်းတစ်ပုံကို အထဲသို့ ပစ်ထည့်လိုက်ပြီး ပြင်းထန်သော မီးတောက်ကို ညှိလိုက်သည်။ နာရီဝက်ပင် မကြာလိုက်ဘဲ လုချန်က ဆေးမီးဖိုကိုယ်ထည်ကို ပုတ်လိုက်သည်။ အဖုံးပွင့်သွားပြီး အထဲမှ ဆေးရနံ့များ သင်းပျံ့လာလေတော့သည်။
*