“ဝိုး... မြန်လှချည်လား...”
နာရီဝက်ပင် မပြည့်သေးမီ ဆေးလုံးဖော်စပ်မှု ပြီးစီးသွားခဲ့သည်။ ဤအမြန်နှုန်းက ယွီလီချင်းကို တကယ်ပင် အံ့ဩသွားစေပြီး သူမ၏ လှပသော မျက်နှာထက်တွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေလေသည်။
“ဒီအမြန်နှုန်းက မမြန်သေးပါဘူး... ဒီလိုဆေးလုံးမျိုးကို ပထမဆုံးအကြိမ် ဖော်စပ်တာမို့လို့ အချိန်တွေ အများကြီး ဖြုန်းတီးမိသွားတာ... နောက်တစ်ခါဆို ပိုမြန်လာလိမ့်မယ်...”
လုချန်က ပြောရင်း ဆေးမီးဖိုထဲမှ ဆေးလုံးဆယ်လုံးကို ထုတ်ယူလိုက်သည်။ တစ်ချိန်တည်းမှာပင် နောက်ထပ် ပါဝင်ပစ္စည်းတစ်ပုံကို ဆေးမီးဖိုထဲသို့ ပစ်ထည့်လိုက်သည်။
သူ့အတွက်တော့ ဤအမြန်နှုန်းက ဘာမှမဟုတ်သော်လည်း ယွီလီချင်း၏ အမြင်တွင်တော့ အလွန်အမင်း အထင်ကြီးစရာ ကောင်းနေလေသည်။
သူမက ဆေးဖော်စပ်ခြင်းအကြောင်းကို နားမလည်သော်လည်း လူတွေပြောကြသည်ကိုတော့ ကြားဖူးထားသည်။ ချင်းလွမ်တောင်၏ ပထမတပည့်ကြီးဆိုသော ဂုဏ်ပုဒ်နှင့် သူမ၏ အလှအပကြောင့် သဘာဝကျကျပင် ပိုးပန်းသူ များပြားလှပြီး ထိုအထဲတွင် မှော်ဆေးပညာရှင် အချို့လည်း ပါဝင်သည်။ ဆယ့်ခြောက်နာရီအတွင်း ဆေးလုံးတစ်လုံး အောင်မြင်စွာ ဖော်စပ်နိုင်ခြင်းကပင် အလွန်အံ့မခန်းဖြစ်ကြောင်း အစရှိသည့် ဆေးဖော်စပ်ခြင်းဆိုင်ရာ ကိစ္စများကို သူမရှေ့တွင် မကြာခဏ ကြွားလုံးထုတ်လေ့ရှိကြသည်။ သို့သော် စတုတ္ထဆရာဦးလေးငယ်နှင့် ယှဉ်လိုက်သောအခါ ထိုအံ့မခန်းဆိုသည်မှာ လုံးဝ အရေးမပါတော့သလိုပင်။
ယွီလီချင်း၏ အံ့ဩနေမှုကို လုချန် သိပ်ဂရုမစိုက်နေပေ။ သူ၏ စိတ်က လက်ရှိတွင် ဆေးဖော်စပ်ခြင်းအပေါ်၌သာ အာရုံစိုက်ထားသည်။ ဘာပဲဖြစ်ဖြစ် အခုအချိန်မှာ သူ့အတွက် ဒါက အရေးအကြီးဆုံးဖြစ်သည်။ တည်းခိုခန်းက တောင်းဆိုထားသော ‘ဆေးတစ်ဖို’ ဆိုသည့် အတိအကျ အရေအတွက်ကို စောစောကတိုင်အောင် သူ သေချာမသိခဲ့ပေ။ ဆေးလုံး ဆယ်လုံး ပြီးစီးသွားချိန်တွင် ကြယ်တစ်ပွင့်အဆင့် ဆေးလုံး ပြီးမြောက်မှုနှုန်းက ‘တစ်ရာခိုင်နှုန်း’ ဟုသာ ပြသနေရာ ဆေးတစ်ဖိုဆိုသည်မှာ ဆေးလုံး အလုံးရေ တစ်ထောင်တိတိ ဖြစ်နေလေသည်။
ကြယ်တစ်ပွင့်မှ ခုနစ်ပွင့်အထိ စုစုပေါင်း ဆေးလုံး ခုနစ်ထောင်ကို ဖော်စပ်ရမည်ဖြစ်သည်။ ဆေးလုံးဆယ်လုံးကို နာရီဝက် ကြာမည်ဆိုလျှင် နာရီပေါင်း ခုနစ်ရာတိတိ ကြာမြင့်မည်ဖြစ်သည်။
မစ်ရှင်အတွက် ပေးထားသော စုစုပေါင်းအချိန်က ဘယ်လောက်လဲ... ဆယ့်ငါးရက်တည်းသာ။
ဆယ့်ငါးရက်ဆိုသည်မှာ အများဆုံးမှ နာရီပေါင်း သုံးရာ့ခြောက်ဆယ်သာ ရှိသည်။ မစ်ရှင် ထုတ်ပြန်ပြီးကတည်းက နေ့တစ်ဝက်ကျော် ကုန်လွန်သွားခဲ့ပြီဖြစ်သည်။ လက်ရှိအမြန်နှုန်းနှင့်ဆိုလျှင် သူ လုံးဝ ပြီးမြောက်နိုင်မည် မဟုတ်ပေ။ သူ၏ ဆေးဖော်စပ်ချိန်ကို ထပ်မံ၍ တိုးတက်အောင် လုပ်ဆောင်ရမည်ဖြစ်သည်။
ဤအချိန်တွင် လုချန်က စက်ရုပ်တစ်ရုပ်လိုပင် ပါဝင်ပစ္စည်းများကို ဆေးမီးဖိုထဲသို့ ဆက်တိုက် ထိုးထည့်ကာ ပြင်းထန်သော မီးတောက်ကို အသုံးပြု၍ ဖော်စပ်လိုက်၊ ထိုလုပ်ငန်းစဉ်ကို ထပ်ခါတလဲလဲ လုပ်ဆောင်လိုက်နှင့် အလုပ်များနေလေသည်။
အဖိုးတန် ဆေးလုံးတစ်လုံးပြီးတစ်လုံး သူမ၏ မျက်စိရှေ့တွင် လျင်မြန်စွာ ထွက်ပေါ်လာသည်ကို ကြည့်ရင်း ယွီလီချင်းမှာ သူမ ထင်ယောင်ထင်မှားများ ဖြစ်နေသလားဟုပင် သံသယဝင်လာမိသည်။ ဤအမြန်နှုန်းက အရင်တုန်းက အခြားသူများ သူမကို ပြောဖူးသည့် ဆေးလုံးအနည်းငယ် ဖော်စပ်ရန် နာရီဆယ်ဂဏန်းကျော် အချိန်ယူရပြီး ကျရှုံးနိုင်ခြေလည်း မြင့်မားသည်ဆိုသော စကားများနှင့် ဘယ်နေရာများ တူနေလို့လဲ။
ကျေးဇူးပြုပြီး... ဒါက ရာခိုင်နှုန်းပြည့် အောင်မြင်နေတာလေ။
သူမက မူလက လုချန်နှင့် စကားအနည်းငယ် ထပ်ပြောချင်ခဲ့သော်လည်း သူ၏ အာရုံစိုက်နေသော မျက်နှာထားကို မြင်သောအခါ ယွီလီချင်းက သူမ၏ မရေမတွက်နိုင်သော သံသယများကို အတင်းအကျပ် ဖိနှိပ်ထားလိုက်ပြီး ဂိုဏ်းချုပ်ထံသို့ သွားကာ ရှင်းပြချက်တောင်းခံရန် ဆုံးဖြတ်လိုက်သည်။
“စီနီယာအစ်မ... ကျွန်မ အစ်မကို လာရှာမလို့ပဲ...”
ယွီလီချင်း ပင်မတောင်ထွတ်သို့ ရောက်ရောက်ချင်းမှာပင် တပည့်မလေးတစ်ဦးက သူမအား ပြောလာသည်ကို ကြားလိုက်ရသည်။
“ဘာဖြစ်လို့လဲ...”
“သခင်လေးကျန်း ရောက်နေတယ်။ အခု ဂိုဏ်းချုပ်နဲ့အတူ ကောင်စီခန်းမဆောင်ထဲမှာ...”
“သူက ဒီကို ဘာလာလုပ်တာလဲ...”
ယွီလီချင်းက ဇဝေဇဝါဖြင့် မေးလိုက်ပြီး ကောင်စီခန်းမဆောင်ဆီသို့ အလျင်စလို သွားလိုက်သည်။
ကောင်စီခန်းမဆောင်ထဲတွင် ချင်းလွမ်တောင်၏ ဂိုဏ်းချုပ်က ပင်မခုံတွင် ထိုင်နေသည်။ သူမ၏ အောက်ဘက်တွင် ရုပ်ရည်သန့်ပြန့်သော လူငယ်တစ်ဦး ထိုင်နေပြီး သူ၏ အပြာရောင်ဝတ်ရုံ ရင်ဘတ်ပေါ်တွင် ရွှေချည်မျှင်များဖြင့် ကြယ်ငါးပွင့်ပုံစံ သင်္ကေတများကို ထွင်းထုထားရာ ၎င်းက ကြယ်ငါးပွင့်အဆင့် မှော်ဆေးပညာရှင်တစ်ဦး၏ သင်္ကေတပင် ဖြစ်သည်။
“သခင်လေးကျန်း... ဒီတစ်ခေါက်တော့ မင်းကို အများကြီး ဒုက္ခပေးရတော့မယ်။ ဒီကြယ်ငါးပွင့်အဆင့် ဆေးလုံးက ငါတို့ ချင်းလွမ်တောင်အတွက် အရမ်းကို အဖိုးတန်လွန်းလို့ပါ...”
“စီနီယာ... စိတ်ချလက်ချသာ နေပါ။ ကျွန်တော် ထျန်းယိ အစွမ်းကုန် ကြိုးစားပေးပါ့မယ်...”
သခင်လေးကျန်းက ပြန်ဖြေလိုက်သည်။
ဤသခင်လေးကျန်းမှာ ဆေးဖော်စပ်ခြင်းက မည်မျှခက်ခဲကြောင်း ယွီလီချင်းအား မကြာခဏ လာရောက်ပြောပြလေ့ရှိသူပင် ဖြစ်သည်။
“လီချင်း ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်...”
ယွီလီချင်းက ကောင်စီခန်းမဆောင်ထဲသို့ ဝင်လာသည်။
သခင်လေးကျန်းက စောစောက ဂိုဏ်းချုပ်ဘက်သို့ မျက်နှာမူထားသော်လည်း ယွီလီချင်း၏ အသံကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် ခေါင်းကို ချက်ချင်း လှည့်လာပြီး ယွီလီချင်းကို အရောင်လင်းလက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။
“လီချင်း... မတွေ့ရတာ ကြာပြီနော်...”
“လီချင်း... နင်နဲ့ သခင်လေးကျန်းက ပထမဆုံးအကြိမ် တွေ့ဖူးတာ မဟုတ်လောက်ဘူး ထင်တယ်။ သခင်လေးကျန်းက ဒီတစ်ခေါက် အဝေးကြီးကနေ လာရတာဆိုတော့ ခရီးပန်းလာလောက်ပြီ။ သူ့အတွက် တည်းခိုဖို့ နေရာလေး စီစဉ်ပေးလိုက်ပါဦး...”
“ဟုတ်ကဲ့ပါ...”
ယွီလီချင်းက ခေါင်းညိတ်လိုက်သည်။
သခင်လေးကျန်း၏ မျက်နှာပေါ်တွင် အလွန်အမင်း ဝမ်းသာပျော်ရွှင်သွားသည့် အရိပ်အယောင်များ ပေါ်လာသည်။
သူတို့နှစ်ဦး ဂိုဏ်းချုပ်ထံမှ ခွင့်ပန်ပြီးနောက် ကောင်စီခန်းမဆောင်ထဲမှ ထွက်လာခဲ့ကြသည်။
“လီချင်း... မင်းကို မတွေ့ရတာ တကယ်ပဲ အတော်ကြာသွားပြီ။ ပြီးခဲ့တဲ့တစ်ခေါက် ငါတို့ ခွဲခွာပြီးကတည်းက မင်းအကြောင်းကို အမြဲတွေးနေမိတာ...”
“သခင်လေးကျန်း... ရှင်က ပိုပြောနေပါပြီ။ သခင်လေးကျန်းဆီကနေ အခုလို ဂရုစိုက်ခံရလောက်အောင် လီချင်းက ဘယ်လိုလုပ် ထိုက်တန်ပါ့မလဲ...”
ယွီလီချင်းက ယဉ်ကျေးစွာ ပြုံးပြလိုက်ရာ ထိုအပြုံးက တကယ်ကို ရင်သပ်ရှုမောဖွယ် ကောင်းလှသဖြင့် သခင်လေးကျန်းမှာ မှင်တက်သွားလေသည်။
ကြယ်ငါးပွင့်အဆင့် မှော်ဆေးပညာရှင်တစ်ယောက်အနေဖြင့် သခင်လေးကျန်းက အလှမယ်များစွာကို မြင်ဖူးခဲ့ပြီး မြင့်မြတ်သော သခင်မလေးများစွာက သူ့ကို သံယောဇဉ်တွယ်ကြောင်း တက်ကြွစွာ ပြသခဲ့ကြသော်လည်း ထိုအမျိုးသမီးများထဲမှ မည်သူကမျှ သူ့ရှေ့မှ အမျိုးသမီးနှင့် မယှဉ်နိုင်ပေ။ ရိုင်းစိုင်းမှုနှင့် အပြစ်ကင်းစင်မှု အနည်းငယ် ရောယှက်နေခြင်း၊ သင်းပျံ့သော ရနံ့လေး ထွက်ပေါ်နေသည့် လှပကျော့ရှင်းသော ခန္ဓာကိုယ်နှင့် သူမ၏ မပွင့်တပွင့် ဆွဲဆောင်မှုတို့က သူ၏ အာရုံကြောများကို အစဉ်အမြဲ လှုပ်ခတ်နေစေသည်။
“ဒီတစ်ခေါက် ချင်းလွမ်တောင်ပေါ်ကို တက်ခွင့်ရတာ ကျွန်တော့်အတွက် တကယ့်ကို ဂုဏ်ယူစရာပါပဲ။ နှစ်ပေါင်းများစွာအတွင်းမှာ ချင်းလွမ်တောင်ကို ဝင်ခွင့်ရတဲ့ ပထမဆုံး အမျိုးသားက ကျွန်တော်ပဲ ဖြစ်လောက်မယ် ထင်တယ်...”
“မဟုတ်ပါဘူး...”
ယွီလီချင်းက ခေါင်းခါလိုက်သည်။
“ကျွန်မတို့ဂိုဏ်းရဲ့ စတုတ္ထဆရာဦးလေးငယ်က အမျိုးသားပါ...”
“စတုတ္ထဆရာဦးလေးငယ် ဟုတ်လား... အဲဒါက ဘယ်စီနီယာကြီးလဲ။ ဘာလို့ ကျွန်တော် တစ်ခါမှ မကြားဖူးရတာလဲ...”
သခင်လေးကျန်းမှာ ဇဝေဇဝါ ဖြစ်သွားသည်။
“သူကလည်း မှော်ဆေးပညာရှင် တစ်ယောက်ပါ။ အခွင့်အရေးရရင် သခင်လေးကျန်းအနေနဲ့ မှော်ဆေးပညာနဲ့ ပတ်သက်ပြီး ဆရာဦးလေးငယ်နဲ့ ဖလှယ်လို့ ရပါတယ်...”
“အို... သူကလည်း မှော်ဆေးပညာကို ကျွမ်းကျင်တဲ့ စီနီယာကြီးတစ်ယောက်ပဲလား။ ဒါဆိုရင်တော့ သူလမ်းညွှန်ပေးတာကို ကျွန်တော် သေချာပေါက် ခံယူရမှာပေါ့...”
“အခွင့်အရေးရရင်ပေါ့။ ဆရာဦးလေးငယ်က ဒီရက်ပိုင်း ဆေးဖော်စပ်ရတာနဲ့ အလုပ်များနေတယ်ဆိုတော့ သူ့ကို သွားမနှောင့်ယှက်တာ ပိုကောင်းပါလိမ့်မယ်...”
ယွီလီချင်းက စောစောက လုချန် အလုပ်များနေသည့် ပုံစံကို ပြန်တွေးမိလိုက်သည်။
“စီနီယာကြီးရဲ့ အရေးကြီးကိစ္စတွေက ဦးစားပေးပေါ့။ ကျွန်တော်လည်း ဒီတစ်ခေါက် ရောက်လာတာက မင်းတို့ရဲ့ လေးစားရတဲ့ ဂိုဏ်းချုပ်က ဆေးလုံးတစ်လုံး ဖော်စပ်ပေးဖို့ အကူအညီတောင်းလို့ပါ...”
“သခင်လေးကျန်းကို အများကြီး ဒုက္ခပေးရတော့မှာပဲ...”
ယွီလီချင်းက သူနှင့် ယဉ်ကျေးဖွယ်ရာ စကားများပြောဆိုပြီးနောက် လမ်းပြအဖြစ် ချင်းလွမ်တောင်ပတ်လည်တွင် လိုက်လံပြသလိုက်သည်။ ထိုအချိန်တွင် သခင်လေးကျန်း၏ တည်းခိုရန်နေရာလည်း စီစဉ်ပြီးစီးသွားပြီ ဖြစ်သည်။
“သခင်လေးကျန်း... ဒီမှာနေရတဲ့ အချိန်အတွင်း အဆင်မပြေမှုတွေ ရှိခဲ့ရင် တောင်းပန်ပါတယ်နော်...”
“လီချင်းရယ်... ဘာတွေပြောနေတာလဲ။ ချင်းလွမ်တောင်က ရှုခင်းတွေ အရမ်းလှတာပဲ။ တောင်ထိပ်ပေါ်မှာ ဒီအတိုင်း ထိုင်နေရတာကတောင် သာမန်လူတွေထက် အများကြီး သာလွန်တဲ့ ကောင်းချီးတစ်ခုပါပဲ...”
သခင်လေးကျန်း၏ အကြည့်များက ယွီလီချင်းအပေါ်တွင် အမြဲတစေ ရစ်ဝဲနေပြီး ပြင်းပြသော ဆန္ဒများဖြင့် လောင်ကျွမ်းနေလေသည်။
သခင်လေးကျန်းကို ကမန်းကတန်း နှုတ်ဆက်ပြီးနောက် သူ၏ ပြင်းပြသော အကြည့်များကြောင့် ယွီလီချင်းမှာ အနေရခက်သွားသဖြင့် ဂိုဏ်းချုပ်ထံသို့ ပြန်လည်သတင်းပို့ရန် ထွက်လာခဲ့သည်။
“စီစဉ်ပြီးသွားတာ ကောင်းတယ်။ နင် လူတိုင်းကို သတိပေးထားသင့်တဲ့ ကိစ္စတစ်ခု ရှိတယ်။ သခင်လေးကျန်းရှေ့မှာ နင်တို့ရဲ့ ဆရာဦးလေးငယ်လု အကြောင်းကို တတ်နိုင်သမျှ မပြောမိအောင် ရှောင်ကြ။ သခင်လေးကျန်းရဲ့ မှော်ဆေးပညာက မနိမ့်ကျပေမယ့် သူက အရမ်း မာနကြီးတယ်။ နင်တို့ရဲ့ စတုတ္ထဆရာဦးလေးငယ်က သူ့အသက်အရွယ်လောက်ပဲ ရှိပြီး မှော်ဆေးပညာကိုလည်း လေ့လာလိုက်စားနေတယ်ဆိုတာ နင် သိတယ်မလား။ အဲဒါက ပြဿနာ အလွယ်တကူ ဖြစ်သွားနိုင်တယ်...”
“နားလည်ပါပြီ...”
ယွီလီချင်းက လက်နှစ်ဖက်ဆုပ်ကာ အမိန့်ကို လက်ခံလိုက်ပြီးနောက် မော့ကြည့်လိုက်သည်။
“ဂိုဏ်းချုပ်... လီချင်း နားမလည်တဲ့ ကိစ္စတစ်ခု ရှိလို့ပါ။ စတုတ္ထဆရာဦးလေးငယ်ကလွဲရင် ဘယ်အမျိုးသားမှ ကျွန်မတို့ တောင်ပေါ်ကို ဝင်ခွင့်မရဖူးပါဘူး။ ဒါပေမဲ့ ဒီသခင်လေးကျန်းကျတော့...”
“တခြားရွေးချယ်စရာ မရှိလို့ပါ လီချင်းရယ်။ နင်က ငယ်ငယ်လေးကတည်းက ငါ့ဂိုဏ်းထဲကို ဝင်လာခဲ့တာလေ။ နင်က တပည့်တစ်ယောက်ဖြစ်ပေမယ့် ဂိုဏ်းတွင်းက ကိစ္စတချို့ကို တတိယညီမတို့ထက် ပိုပြီး ရှင်းရှင်းလင်းလင်း နားလည်ပါတယ်။ လတ်တလော နောက်ဘက်တောင်က သိပ်မအေးချမ်းဘူး ဖြစ်နေတယ်...”
“နောက်ဘက်တောင်...”
“ဟုတ်တယ်။ မကြာသေးခင်က သူ့ရဲ့ အရှိန်အဝါတွေ တဖြည်းဖြည်း အားနည်းလာတာကို ငါ ခံစားနေရတယ်။ သူ့ရဲ့ သွေးမျိုးဆက်စွမ်းအားကို ပြန်ဖြည့်တင်းပေးဖို့ တစ်ခုခုကို မရှာနိုင်ဘူးဆိုရင် သူ တောင့်ခံနိုင်တော့မှာ မဟုတ်ဘူး။ သခင်လေးကျန်းကို တောင်ပေါ်တက်ခွင့်ပြုလိုက်တာကလည်း နောက်ဆုံး ရွေးချယ်စရာမို့လို့ပါ။ သွေးမျိုးဆက်ဆေးလုံးကပဲ သူ့ကို ကယ်တင်နိုင်မှာ။ ဆေးတစ်လုံးရဲ့ အာနိသင်က အနည်းငယ်ပဲ ဆိုပေမယ့် ငါတို့အတွက် အချိန်နည်းနည်း ပိုဝယ်ပေးနိုင်တယ်လေ...”
“ဆရာ... တကယ်ပဲ ကယ်တင်လို့ မရတော့ဘူးလား...”
“ပြောရခက်တယ်...”
*