ဟူတိုင်းပြည်အတွင်းတွင် ဒဏ္ဍာရီတစ်ခု ရှိခဲ့ဖူးသည်။
ချင်းလွမ်တောင်သည် မူလက ‘ချင်းလွမ်’ ဟုခေါ်သော နတ်ငှက်များ နေထိုင်ကျက်စားရာ နေရာဖြစ်ပြီး ချင်းလွမ်တောင်ဂိုဏ်းမှာလည်း ထိုနတ်ငှက်များ ချန်ရစ်ခဲ့သော တာအိုလမ်းစဉ်ဖြစ်သည်ဟု ဆိုကြသည်။
ရှေးဟောင်းစစ်ပွဲတစ်ခုအတွင်း နတ်ဘုရားဘုရင်တစ်ပါး ကျဆုံးသွားပြီး နတ်ဘုရားသားရဲများလည်း ပျောက်ကွယ်သွားခဲ့ကြသည်။ အထွတ်အမြတ်သားရဲဖြစ်သော ချင်းလွမ်နတ်ငှက်မှာလည်း ပြင်းထန်စွာ ဒဏ်ရာရရှိပြီး ချင်းလွမ်တောင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။ ရာစုနှစ်တစ်ခုကြာပြီးနောက် အမျိုးသမီးတစ်ဦးက ထိုတောင်ပေါ်မှ ထွက်ပေါ်လာကာ သူမသည် ချင်းလွမ်၏ အမွေဆက်ခံသူဖြစ်ကြောင်း ကြေညာပြီး ဂိုဏ်းတစ်ခုကို တည်ထောင်ခဲ့သည်တဲ့လေ။
...
ယွီလီချင်းက ဂိုဏ်းချုပ်နှင့် စကားများစွာ ဖလှယ်ခဲ့ကြပြီး ဂိုဏ်းချုပ်၏ စကားများက သူမကို စိတ်ခံစားမှုများစွာဖြင့် သက်ပြင်းချမိစေကာ သူမ ရောက်ရောက်ချင်း မေးရန် ရည်ရွယ်ထားခဲ့သော မေးခွန်းများကိုပင် မေ့သွားစေခဲ့သည်။
နေမင်းက အနောက်ဘက်သို့ ဖြည်းညင်းစွာ ရွေ့လျားသွားပြီး လှပသော နေဝင်ဆည်းဆာ အလင်းတန်းများ ထွက်ပေါ်လာသည်။ တတိယအကြီးအကဲပိုင်ဆိုင်သော အရံတောင်ထွတ်ပေါ်တွင်တော့ လုချန်က အပျင်းကြောဆန့်လိုက်သည်။
“ပြီးပြီဟေ့...”
တစ်ရက်ပင် မပြည့်သေးသည့် အချိန်အတွင်း ကြယ်တစ်ပွင့်အဆင့် ဆေးလုံး တစ်ထောင်ကို ဖော်စပ်နိုင်ခဲ့သည်။ ဤသည်မှာ လုံးဝကို အံ့မခန်း အမြန်နှုန်းပင် ဖြစ်သည်။
လုချန်ကိုယ်တိုင်ပင် ဒူးထောက်ကာ သူ့ကိုယ်သူ ဦးညွှတ်အရိုအသေပေးပြီး ‘လူကြီးမင်း... ပင်ပန်းသွားပါပြီ’ ဟု ပြောချင်စိတ် ပေါက်သွားရသည်။
အစပိုင်းတွင် သူက ကြယ်တစ်ပွင့်အဆင့် ဆေးလုံး ဆယ်လုံးကို နာရီဝက်နီးပါး အချိန်ယူ၍ ဖော်စပ်နိုင်ခဲ့သည်။ ဆက်တိုက် အကြိမ်အနည်းငယ် ကြိုးစားပြီးနောက် သူ၏ အမြန်နှုန်းက တိုးလာပြီး ဆေးလုံး ဆယ်လုံးကို နာရီဝက်၊ ထို့နောက် မိနစ်နှစ်ဆယ်၊ နောက်ဆုံးတွင် ဆယ်မိနစ်အထိ အချိန်ကို လျှော့ချနိုင်ခဲ့သည်။
ဤဆယ်မိနစ်ဆိုသည်မှာ ကန့်သတ်ချက်တစ်ခု ဖြစ်နေပြီဖြစ်ရာ လုချန် ဘယ်လောက်ပဲ အရှိန်မြှင့်ဖို့ ကြိုးစားကြိုးစား ဒီထက်ပိုမမြန်နိုင်တော့ပေ။ နောက်ဆုံးတွင် သူက အခြားနည်းလမ်းတစ်ခုကို ရှာတွေ့သွားခဲ့သည်။ အချိန်ကို တိုးတက်အောင် မလုပ်နိုင်ရင် အရေအတွက်ကို တိုးလုပ်လို့ရတာပဲလေ။
သူ၏ အဆင့်မြင့် မှော်ဆေးပညာရှင် စံနှုန်းဖြင့်ဆိုလျှင် ကြယ်တစ်ပွင့်အဆင့် ဆေးလုံးများက သူ့အတွက် ဘာအခက်အခဲမှ မရှိပေ။ ဆေးမီးဖိုထဲ ထည့်ရမည့် ပါဝင်ပစ္စည်း အရေအတွက်ကို တိုးလိုက်လျှင်တောင်မှ သူ အလိုရှိသလို ထိန်းချုပ်နိုင်စွမ်း ရှိနေဆဲပင်။ ရလဒ်အနေဖြင့် နောက်ဆုံးတစ်ကြိမ် ဖော်စပ်မှုတွင် ဆေးမီးဖိုထဲ၌ ဆေးလုံး သုံးဆယ့်ခုနစ်လုံးတိတိ ထွက်လာခဲ့လေသည်။
“လုချန်... အို လုချန်... မင်းက တကယ့်ကို ပါရမီရှင်ပဲကွ...”
သူ့ကိုယ်သူ အရှက်မရှိ ချီးကျူးလိုက်သော အသံတစ်သံ ထွက်ပေါ်လာသည်။
တစ်ရက်တည်းနှင့် မစ်ရှင်၏ ခုနစ်ပုံတစ်ပုံကို ပြီးမြောက်ခဲ့သဖြင့် လုချန်၏ စိတ်အခြေအနေက အလွန်ကောင်းမွန်နေသည်။ ယနေ့ အတွေ့အကြုံအရ ကျန်ရှိနေသော ဆေးလုံးများကိုလည်း ဤနည်းအတိုင်း ကိုင်တွယ်ဖြေရှင်းနိုင်မည် ဖြစ်သည်။
“ဆရာဦးလေးငယ်လု...”
သူ ဆေးဖော်စပ်ရေး အခန်းထဲမှ ထွက်လာသည်နှင့် တစ်ပြိုင်နက် ဟွာစစ်ဝေ့၏ အလျင်စလို အသံကို ကြားလိုက်ရပြီး သူမ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေသည့် အရိပ်အယောင်လေး ပေါ်လွင်နေသည်။
“ဒီနေ့အတွက် ကျင့်ကြံတာ နောက်ဆုံးတော့ ပြီးသွားပြီ။ အခု ကျွန်မကို ခေါ်ပြီး ကစားပေးလို့ ရပြီမလား...”
“ပြဿနာမရှိပါဘူး...”
လုချန်က လက်ယမ်းပြလိုက်သည်။
“ဒါပေမဲ့ တစ်ယောက်တည်း ကစားလို့တော့ မရဘူး။ နောက်ထပ် သခင်မလေး နှစ်ယောက်သုံးယောက်လောက် သွားခေါ်လိုက်ဦး...”
“ဟုတ်ကဲ့...”
ဟွာစစ်ဝေ့က လူသွားခေါ်ရန် ပျော်ရွှင်စွာ ပြေးထွက်သွားလေသည်။
လုချန်၏ နေအိမ်ထဲတွင်တော့ သစ်ပင်မိစ္ဆာက လုချန်ခိုင်းထားသော အလုပ်အားလုံးကို ပြီးစီးနေပြီ ဖြစ်သည်။ ၎င်းက ပက်လက်လှန်နေရင်း စားပွဲပေါ်ရှိ သစ်သီးပန်းကန်ထဲမှ သစ်သီးများကို မိုးမခကိုင်းများဖြင့် ဆွဲယူကာ ပါးစပ်ထဲသို့ သွတ်သွင်းနေပြီး လုံးဝ သာယာကျေနပ်နေပုံရသည်။
ထိုသို့ သာယာယစ်မူးနေစဉ်မှာပင် တံခါးဆီသို့ ချဉ်းကပ်လာသော ခြေသံများကို ကြားလိုက်ရသဖြင့် သူ၏ မောက်မာနေသော ဟန်ပန်ကို ချက်ချင်းစွန့်လွှတ်ကာ တံခါးနောက်သို့ ဝင်ပုန်းလိုက်သည်။
“ဆရာဦးလေးငယ်လု... ကျွန်မတို့ ဆရာဦးလေးငယ်ရဲ့ အခန်းထဲမှာ ကစားကြမှာလား...”
“ဘာကစားနည်းများလဲ... အရမ်း လျှို့ဝှက်ဆန်းကြယ်နေတာပဲ...”
လူငယ်သဘာဝ တက်ကြွမှုများ ပြည့်နှက်နေသည့် မတူညီသော အမျိုးသမီးအသံ သုံးသံ ထွက်ပေါ်လာသည်။
“မိုက်တယ်ဟေ့...”
သစ်ပင်မိစ္ဆာက ၎င်း၏ရှေ့တွင် မိုးမခကိုင်းကို လက်မထောင်သည့် ပုံစံလေး ကွေးပြလိုက်သည်။
‘သူရဲကောင်းကြီးက တကယ့်ကို သတ္တိရှိတာပဲ...’
‘ဟီး ဟီး ဟီး...’
သစ်ပင်မိစ္ဆာက ညစ်တီးညစ်ပတ် ရယ်မောလိုက်ပြီး နောက်ဆက်တွဲ ဘာတွေဖြစ်လာနိုင်မလဲဆိုတာကို ကြိုတင် စိတ်ကူးယဉ်နေလေပြီ။
လုချန်က တံခါးကို တွန်းဖွင့်လိုက်ပြီး သူ၏ အနောက်တွင် အမျိုးသမီး သုံးဦး လိုက်ပါလာသည်။
“ဝိုး... အရမ်းမိုက်၊ အရမ်းလန်းပဲ...”
သစ်ပင်မိစ္ဆာက တံခါးအကွဲကြောင်းမှ ချောင်းကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ လှပသော ပုံရိပ်သုံးခုကို အကဲခတ်ရင်း ၎င်း၏ အကြည့်များက တစ်ယောက်ချင်းစီအပေါ်တွင် ရစ်ဝဲနေလေသည်။
‘ဖြူဝင်းနေတဲ့ အသားအရေ၊ လှပတဲ့ မျက်နှာလေးတွေ... တစ်ယောက်ချင်းစီမှာ ကိုယ်ပိုင် ဆွဲဆောင်မှုတွေနဲ့ချည်းပဲ။ သူရဲကောင်းကြီးက အထင်ကြီးစရာပဲ။ တစ်ပြိုင်နက်တည်း မတူညီတဲ့ ပုံစံသုံးမျိုးကို ရထားတာပဲ။ သူ့ရဲ့ လုပ်ရပ်တွေက တကယ်ကို ငါတို့ခေတ်ရဲ့ စံပြပဲ...’
လုချန် အခန်းထဲသို့ ဝင်လာပြီး အထဲရှိ ကျောက်ပြားများ အားလုံးကို သစ်ပင်မိစ္ဆာ ထွင်းထုထားပြီးဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူ၏ တောင်းဆိုချက်အရ ပုံစံအမျိုးမျိုးကို ၎င်းတို့အပေါ်တွင် ထွင်းထုထားသည်။ သူက ကျောက်ပြားတစ်ချပ်ကို ကောက်ယူကာ လက်ထဲတွင် ကိုင်ထားပြီး လက်ချောင်းများဖြင့် ဆက်တိုက် ပွတ်သပ်ကြည့်လိုက်သည်။
“မဆိုးဘူး... အထိအတွေ့က အရမ်းကောင်းတာပဲ...”
“ဆရာဦးလေးငယ်လု... ကျွန်မတို့ကို ဘာကစားနည်း ခေါ်ကစားမလို့လဲ...”
“ကျွန်မတို့ တစ်ခါမှ မမြင်ဖူးတဲ့ ဟာလား...”
ဟွာစစ်ဝေ့နှင့် အခြားမိန်းကလေးတစ်ယောက်၏ စူးစမ်းချင်စိတ် ပြည့်နှက်နေသော အသံများ ထွက်ပေါ်လာသည်။
‘ဒါပေါ့... တမူထူးခြားတဲ့ ကစားနည်းမလို့ မင်းတို့ သဘောကျသွားမှာ သေချာတယ်...’
သစ်ပင်မိစ္ဆာက စိတ်ထဲမှ ညစ်တီးညစ်ပတ် ဝင်ဖြေလိုက်သည်။
“ဒါတွေက ကျောက်ပြားတွေလား။ အများကြီးပဲနော်။ ပြီးတော့ ကျွန်မ တစ်ခါမှ မမြင်ဖူးတဲ့ ပုံစံတွေလည်း ပါတယ်...”
အခြားမိန်းကလေးတစ်ယောက်က လုချန် ကိုင်ထားသည်ကို မြင်ပြီး ကိုယ်တိုင် ကျောက်ပြားတစ်ချပ် ကောက်ယူကာ ဟိုဘက်ဒီဘက် လှန်လှောကြည့်လိုက်သည်။
“ဟုတ်တယ်...”
လုချန်က ခေါင်းညိတ်လိုက်သည်။
“ဒါတွေက ကျောက်ပြားတွေပဲ။ ဒီနေ့ မင်းတို့ကို သင်ပေးမယ့် ကစားနည်းက မာကျောက် လို့ခေါ်တယ်...”
မာကျောက်။
ဒါက တကယ့်ကို နိုင်ငံ့ရတနာတစ်ခု သေချာပေါက် ဖြစ်သည်။ အရင်ခေတ်ကဆိုလျှင် တစ်နိုင်ငံလုံးရှိ လူတိုင်းနီးပါး ကစားခဲ့ကြသည်။ စားပွဲငယ်တစ်လုံး၊ အကွက်တစ်ရာကျော်နှင့် လူလေးယောက်ရှိရုံဖြင့် နေ့ရောညပါ အိပ်စရာမလိုဘဲ တိုက်ပွဲဝင်နိုင်ကြသည်ကို ကြည့်လျှင် မာကျောက်၏ ဆွဲဆောင်မှုက မည်မျှကြီးမားကြောင်း သိသာလှသည်။
ဤရိုးရှင်းသော်လည်း မရေမတွက်နိုင်သော အပြောင်းအလဲများ ပြည့်နှက်နေသည့် ကစားနည်းကို လူအများက အလွန် သဘောကျနှစ်သက်ကြသည်။
“မာကျောက်...”
ဤဝေါဟာရသစ်က မိန်းကလေးသုံးယောက်ကို အလွန် စူးစမ်းချင်စိတ် ဖြစ်သွားစေသည်။
“လာ... စားပွဲမှာ ထိုင်ကြ။ မင်းတို့ကို စည်းကမ်းတွေ ရှင်းပြမယ်...”
လုချန်က မာကျောက်၏ စည်းကမ်းများကို အလွန်တိုတောင်းရှင်းလင်းသော စကားလုံးများဖြင့် ရှင်းပြလိုက်သည်။ သူတို့က ယခင်က တစ်ခါမှ မကစားဖူးကြသဖြင့် လုချန်က အလွန်ရှုပ်ထွေးသော ကစားနည်းများကို မပြောပြဘဲ အရှေ့၊ တောင်၊ အနောက်၊ မြောက်၊ ဗဟို၊ ကံကြမ္မာ၊ အဖြူ နှင့် စာလုံး၊ ဝါး၊ အစက် အစရှိသည့် အခြေခံအကွက်များကိုသာ ရှင်းပြပြီး အခြားသော ပန်းအကွက်များ အားလုံးကို ချန်လှပ်ထားခဲ့သည်။ ထို့နောက် ‘ချီ (စားခြင်း)’ ဆိုတာ ဘာလဲ၊ ‘ဖုန် (တူညီသောအကွက် သုံးကွက်စုခြင်း)’ ဆိုတာ ဘာလဲ၊ ‘စုံ’ တစ်စုံ ဘယ်လိုဖွဲ့စည်းရမလဲနှင့် ‘နိုင်’ ဖို့ ဘယ်လိုလုပ်ရမလဲ ဆိုသည်တို့ကို ရှင်းလင်းစွာ ရှင်းပြလိုက်သည်။
မိန်းကလေး သုံးယောက်လုံးက ကျင့်ကြံသူများ ဖြစ်ကြရာ မှတ်ဉာဏ်ကောင်းပြီး ဉာဏ်ရည်ထက်မြက်ကြသဖြင့် လုချန် ရှင်းပြသော စည်းကမ်းများကို အလွယ်တကူ သဘောပေါက်သွားကြသည်။
“ငါ ဘယ်လောက်ပဲ ရှင်းပြ ရှင်းပြ၊ တစ်ပွဲလောက် ဆော့ကြည့်တာလောက် မကောင်းပါဘူး။ ဒီကစားနည်းကို မင်းတို့ သဘောကျသွားမယ်လို့ ငါ အာမခံတယ်...”
လုချန်က စားပွဲတွင် ထိုင်လိုက်ပြီး အတော်လေး စိတ်လှုပ်ရှားနေပုံရသည်။ မာကျောက် မကိုင်ရတာ ကြာပြီဖြစ်ရာ ဒီနေ့တော့ သူ စွဲလမ်းသွားမှာ သေချာပေါက် ဝန်ခံရမည်ဖြစ်သည်။
ပထမ အကြိမ်အနည်းငယ်တွင် မိန်းကလေးများက ပထမဆုံးအကြိမ် ထိတွေ့ဖူးခြင်းဖြစ်သဖြင့် အလွန်တုံးအလှပြီး နှေးကွေးစွာ ကစားကြသည်။ လုချန်က လူတိုင်း ဒီလိုအဆင့်ကို ဖြတ်သန်းရသည်ကို သိသဖြင့် စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပေးသည်။
နှစ်ပွဲလောက် ကစားပြီးနောက် မိန်းကလေး သုံးယောက်မှာ တဖြည်းဖြည်း ပိုမိုကျွမ်းကျင်လာကြပြီး အကွက်များကို မှတ်မိလာရုံသာမက ဘယ်လိုဆွဲရမလဲ ဆိုတာကိုပါ တတ်ကျွမ်းလာကြသည်။
သူတို့တစ်ယောက်ချင်းစီတိုင်းက အလွန် စိတ်အားထက်သန်နေကြသည်။
“ဒါက တကယ်ကို စိတ်ဝင်စားစရာကောင်းတဲ့ ကစားနည်းပဲ။ အရင်က တစ်ခါမှ မကြားဖူးဘူး...”
“တကယ်ပဲ...”
ဟွာစစ်ဝေ့က ခေါင်းညိတ်လိုက်သည်။
“ဒါပေမဲ့ ဆရာဦးလေးငယ်လု... ဒီကစားနည်းက မဆိုးပေမယ့် ဆရာဦးလေးငယ် ပြောသလောက် ဆွဲဆောင်မှုရှိတဲ့ပုံ မပေါ်ပါဘူး။ အစပိုင်းတော့ ပျော်စရာကောင်းသလို ခံစားရပေမယ့် နောက်ထပ် ပွဲနည်းနည်းလောက် ဆက်ကစားရင် ပျင်းစရာကောင်းသွားလောက်တယ်...”
“ဟား ဟား... ဆွဲဆောင်မှု မရှိဘူး ဟုတ်လား... အဲဒါက မင်းတို့ ကစားရမယ့် နည်းလမ်းမှန်ကို မတွေ့သေးလို့လေ...”
လုချန်က နှစ်ချက်မျှ ရယ်မောလိုက်သည်။ ဟွာစစ်ဝေ့၏ ပျင်းစရာကောင်းသည်ဆိုသော ခံစားချက်က ဘယ်ကလာသလဲဆိုတာကို သူ သဘာဝကျကျ နားလည်ထားသည်။ အဘယ်ကြောင့်ဆိုသော် သူတို့က လက်ရှိတွင် အလွတ်သက်သက်သာ ကစားနေကြခြင်း ဖြစ်သောကြောင့်တည်း။
မာကျောက်ကစားတာက လောင်းကြေးမပါဘဲ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
သင်ကြားမှုအပိုင်း ပြီးဆုံးသွားပြီဖြစ်ပြီး နောက်ဆက်တွဲ ပွဲစဉ်တိုင်းကို စိတ်ဝိညာဉ်ကျောက်တုံးများဖြင့် ရှင်းလင်းမည်ဖြစ်ကြောင်း လုချန်က ပြောလိုက်သောအခါ မိန်းကလေး သုံးယောက်၏ မျက်လုံးများ ချက်ချင်း အရောင်လက်သွားကြလေသည်။
မာကျောက်၏ အနှစ်သာရက ဒီမှာပဲလေ။
ထင်သည့်အတိုင်းပင် စိတ်ဝိညာဉ်ကျောက်တုံးများဖြင့် လောင်းကစားရန် အဆိုပြုလိုက်သည်နှင့် သူတို့၏ မျက်လုံးများထဲတွင် အသစ်တဖန် လေးနက်မှုများ ပေါ်လာပြီး သူတို့၏ စိတ်အားထက်သန်မှုက စောစောကထက် လုံးဝ သာလွန်သွားလေသည်။
“ဟား ဟား ဟား... စစ်ဝေ့... ဒီပွဲတော့ နင် သေချာပေါက် ရှုံးပြီပဲ...”
“မသေချာသေးပါဘူး... ငါ့ကိုသာ အနိုင်မခံလိုက်နဲ့...”
အခန်းထဲတွင် အကွက်များ ရောမွှေသံများက ရံဖန်ရံခါ ပဲ့တင်ထပ်နေလေသည်။
တံခါးနောက်တွင် ပုန်းအောင်းကာ ကြီးကျယ်ခမ်းနားသော မြင်ကွင်းတစ်ခုခုကို တွေ့ရမည်ဟု မျှော်လင့်စောင့်စားနေဆဲဖြစ်သော သစ်ပင်မိစ္ဆာမှာ မျက်လုံးများ ပြူးကျယ်နေသော်လည်း နောက်ဆုံးတွင်တော့ ၎င်းမျှော်လင့်ထားသော မြင်ကွင်းကို လုံးဝ မတွေ့ခဲ့ရပေ။
‘သူရဲကောင်းကြီး... ခင်ဗျားကတော့လေ... ဟူး...’
၎င်းက စိတ်ထဲမှနေ၍ လေးလေးနက်နက် သက်ပြင်းချလိုက်လေတော့သည်။
*