အိမ်အပြင်ဘက်မှ လူသုံးယောက်က အထဲမှထွက်ပေါ်လာသော စကားသံများကို ရှင်းလင်းပြတ်သားစွာ ကြားနေရသည်။
“ငါ စားတယ်... ငါ စားတယ်ဟေ့... ငါ စားရမယ့် အလှည့်ပဲ။ တစ်ညလုံးစောင့်ပြီးမှ ဆရာဦးလေးငယ်ဆီကနေ နောက်ဆုံးတော့ စားရပြီ...”
ဟွာစစ်ဝေ့၏ အသံ ပဲ့တင်ထပ်လာသည်။
ထိုအသံက ယွီလီချင်း၏ ရင်ကို ချက်ချင်း ဆစ်ခနဲ ဖြစ်သွားစေသည်။ သူမကိုယ်တိုင် ဤကဲ့သို့သော ကိစ္စရပ်များကို မကြုံဖူးသေးသော်လည်း သူမ၏ အသက်အရွယ်နှင့်ဆိုလျှင် နားမလည်ဘဲတော့ မနေနိုင်ပေ။
သူမက ဂိုဏ်းချုပ်ကို မျက်လုံးထောင့်မှနေ၍ တိတ်တဆိတ် အကဲခတ်ကြည့်လိုက်ရာ ဂိုဏ်းချုပ်၏ မျက်နှာပေါ်တွင် ဒေါသတရားများ အထင်းသား ပေါ်လွင်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။
“ချင်းလွမ်တောင်မှာ ဒီလိုကိစ္စမျိုး ဖြစ်လာလိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးမိခဲ့ဘူး။ တကယ်ကို ငါ့ရဲ့ စိတ်ကူးယဉ်နိုင်စွမ်းထက် ကျော်လွန်နေတာပဲ...”
သခင်လေးကျန်းက အံ့ဩတကြီးဖြင့် တမင်သက်သက် သက်ပြင်းချလိုက်သည်။
“သခင်လေးကျန်း... ရှင် ဘာသဘောနဲ့ ပြောတာလဲ...”
အထဲမှ အသံများက နားထောင်ရတာ အနေရခက်ပြီး ရှက်စရာကောင်းနေသော်လည်း ယွီလီချင်းက သခင်လေးကျန်းကို ပြန်လည်အပြစ်တင်လိုက်သည်။
“ငါက တခြားရည်ရွယ်ချက် မရှိပါဘူး လီချင်းရယ်... အထင်မလွဲပါနဲ့။ ငါက လူတစ်စုအကြောင်း ပြောနေတာပါ...”
သခင်လေးကျန်း၏ အကြည့်များက ယွီလီချင်း၏ ခန္ဓာကိုယ်ပေါ်သို့ ရိုင်းစိုင်းစွာ ကျရောက်သွားသည်။
သူက စိတ်ထဲမှနေ၍ အဆက်မပြတ် လှောင်ပြောင်နေမိသည်။
‘ဒါက ချင်းလွမ်တောင်တဲ့လား။ အပြင်လောကမှာတော့ အရမ်းကို သန့်စင်မွန်မြတ်ပြီး အမျိုးသားတွေ တောင်ပေါ်တက်ခွင့်မရှိဘူးလို့တောင် သတင်းကြီးနေတာ။ အခုတော့ ဒီအသံတွေကို နားထောင်ကြည့်ရုံနဲ့တင် သူတို့ အထဲမှာ တော်တော်လေး အလုပ်ဖြစ်နေကြတယ်ဆိုတာ သိသာတယ်။ ကြည့်ရတာ ယွီလီချင်းကလည်း အပြင်ပန်းက ကြည့်ရသလောက် သန့်စင်မွန်မြတ်ပုံ မရပါဘူးလေ...’
ချင်းလွမ်တောင်၏ ဂိုဏ်းချုပ်က အံတင်းတင်းကြိတ်လိုက်သည်။
“ငါ သူ့ကို သွားသတ်ပစ်မယ်...”
“ဆရာ... ခဏနေပါဦး။ ဒါက အထင်လွဲတာလည်း ဖြစ်နိုင်တယ်လေ...”
ယွီလီချင်းက ကမန်းကတန်း ရှေ့တိုးကာ တားလိုက်သည်။
“ဖယ်စမ်း...”
အခန်းထဲတွင်တော့ လူလေးယောက်လုံးက မာကျောက်စားပွဲပေါ်တွင်သာ အာရုံအပြည့်အဝ ရောက်နေကြပြီး တံခါးအပြင်ဘက်တွင် လူသုံးယောက် ရပ်နေသည်ကို လုံးဝ သတိမထားမိကြပေ။
လုချန်၏ အိတ်ကပ်ထဲတွင် ပုန်းအောင်းနေသော သစ်ပင်မိစ္ဆာက ချဉ်းကပ်လာသော ပြင်းထန်သည့် သတ်ဖြတ်လိုစိတ် အရှိန်အဝါတစ်ခုကို ရုတ်တရက် အာရုံခံမိလိုက်သည်။
‘ဒုက္ခပဲ...’
အလောတကြီးဖြင့် ၎င်းက မိုးမခကိုင်းတစ်ကိုင်းကို ဆန့်ထုတ်ကာ သတိပေးသည့်အနေဖြင့် လုချန်၏ ခါးကို ပြင်းပြင်းထန်ထန် ထိုးဆွလိုက်သည်။
“အား... နာလိုက်တာ...”
လုချန်က ချက်ချင်း အော်ဟစ်လိုက်သည်။
ထိုအသံကို ကြားလိုက်ရသော ချင်းလွမ်တောင်၏ ဂိုဏ်းချုပ်အတွက်မူ ယမ်းအိုးကို လုံးဝ မီးရှို့လိုက်သကဲ့သို့ပင် ဖြစ်သွားသည်။
“လီချင်း... ဖယ်စမ်း...”
မွန်းကျပ်ဖွယ်ကောင်းသော စိတ်ဝိညာဉ်ချီများ ချက်ချင်း စုစည်းသွားပြီး နောက်တစ်စက္ကန့်မှာပင် သူမရှေ့ရှိ တံခါးချပ်ကြီးမှာ အပိုင်းပိုင်းအစစ ကွဲအက်သွားလေတော့သည်။
“ဘယ်သူလဲ...”
ဤမြင်ကွင်းကြောင့် မာကျောက်ကစားနေသော လူလေးယောက်လုံး လန့်ဖြန့်သွားကြသည်။ ဟွာစစ်ဝေ့က စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး တံခါးပေါက်ဘက်သို့ ကြည့်လိုက်သည်။
“ဂိုဏ်း... ဂိုဏ်းချုပ်...”
မူလက ဒေါသထွက်နေသော ချင်းလွမ်တောင်၏ ဂိုဏ်းချုပ်မှာ လုချန်ကို သတ်ပစ်ရန် ဆုံးဖြတ်ထားပြီးဖြစ်သော်လည်း တံခါးချပ်ကြီး ကွဲအက်သွားသည့် အခိုက်အတန့်မှာပင် သူမ မှင်တက်သွားလေသည်။
သူမ စိတ်ကူးယဉ်ထားသော ရှက်ဖွယ်ကောင်းသည့် မြင်ကွင်းက ပေါ်မလာခဲ့ပေ။ ထိုအစား စားပွဲတစ်လုံးတွင် လူလေးယောက် ထိုင်ကာ တစ်ခုခုကို အဆက်မပြတ် ကိုင်တွယ်လှုပ်ရှားနေကြသည်ကိုသာ သူမ မြင်တွေ့လိုက်ရသည်။
“ဒါက...”
သူမ၏ အရေးအကြောင်းများရှိသော မျက်နှာကြီးမှာ နီရဲသွားပြီး ဘာပြောရမှန်းပင် မသိတော့ပေ။
ယွီလီချင်းမှာလည်း စောစောက စိုးရိမ်ပူပန်မှုများမှ လွတ်ကင်းသွားကာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်သည်။
သခင်လေးကျန်းကတော့ လုချန်ကို ဇဝေဇဝါ မျက်နှာပေးဖြင့် ကြည့်နေမိသည်။ ဒီလူငယ်က ချင်းလွမ်တောင်ရဲ့ စတုတ္ထအကြီးအကဲ ဟုတ်လို့လား။ ဘယ်လိုလုပ် ဒီလောက် ငယ်ရွယ်နေရတာလဲ။
“စီနီယာအစ်မကြီး... ဒါက ဘာသဘောလဲ...”
လုချန်၏ မျက်နှာပေါ်တွင် မကျေနပ်သည့် အရိပ်အယောင်များ ပေါ်လာသည်။ ညဉ့်နက်သန်းခေါင်ကြီး တံခါးကို ဖြိုချတာက တစ်ပိုင်း၊ သူက အခုလေးတင် အကွက်ကောင်း တစ်ခု ရထားတာလေ။ အခုတော့ တံခါးချပ်ကြီး လွင့်စင်လာမှုကြောင့် သူ၏ အကွက်များပါ မတော်တဆ ပြန့်ကျဲကုန်ပြီဖြစ်သည်။
“မင်းတို့ ဘာလုပ်နေကြတာလဲ...”
ချင်းလွမ်တောင်၏ ဂိုဏ်းချုပ်က လုချန်ကို ဘယ်လို ပြန်ဖြေရမှန်းမသိသဖြင့် သူမ၏ ရှက်ရွံ့မှုကို ဖုံးကွယ်ရန်အတွက် မေးခွန်းတစ်ခုဖြင့်သာ တန်ပြန်တိုက်စစ်ဆင်လိုက်သည်။
“မာကျောက် ကစားနေတာလေ ဂိုဏ်းချုပ်... ဒါက စတုတ္ထဆရာဦးလေးငယ် ခုနလေးတင် သင်ပေးထားတဲ့ ကစားနည်းပါ။ တကယ်ပျော်စရာကောင်းတယ်။ ‘စား’ လို့လည်း ရတယ်၊ ‘ဖုန်’ လို့လည်း ရတယ်၊ ‘ကိုယ်တိုင်နှိုက်’ ပြီး နိုင်လို့လည်း ရတယ်။ ကိုယ်တိုင်နှိုက်ပြီး နိုင်ရတာက အခက်ဆုံးပဲ...”
ဟွာစစ်ဝေ့က အကွက်တစ်ကွက်ကို ကောက်ကိုင်ကာ ဂိုဏ်းချုပ်အား ရှင်းပြလိုက်သည်။
ဟွာစစ်ဝေ့၏ စကားကြောင့် တံခါးပေါက်ရှိ လူသုံးယောက်မှာ စောစောက သူတို့ကြားခဲ့ရသော အသံများက ဘယ်ကလာသလဲဆိုတာကို သဘောပေါက်သွားကြလေသည်။
ကံကောင်းစွာဖြင့် ယွီလီချင်းက အကင်းပါးလှသည်။
“ဆရာဦးလေးငယ်လု... စိတ်မဆိုးပါနဲ့။ ဆရာက စိတ်လောသွားလို့ပါ။ ဆရာဦးလေးငယ်ကို ဆေးလုံးတစ်လုံး ဖော်စပ်ပေးဖို့ အကူအညီတောင်းချင်လို့ပါ...”
ယွီလီချင်းက ဝင်ရောက်ရှင်းပြပေးလိုက်သဖြင့် ချင်းလွမ်တောင်၏ ဂိုဏ်းချုပ်မှာလည်း မျက်နှာပန်းလှသွားလေသည်။
“ဆေးဖော်စပ်မယ်... အခုချက်ချင်းလား...”
“ဟုတ်ပါတယ်... မဟုတ်ရင် ကျွန်မက စောစောက ဘာလို့ ဒီလောက် အလောတကြီး လုပ်ခဲ့ပါ့မလဲ...”
“ကောင်းပြီလေ...”
လုချန်က ခေါင်းညိတ်လိုက်ပြီး ဟွာစစ်ဝေ့နှင့် အခြားမိန်းကလေးများကို ပြောလိုက်သည်။
“ကြည့်ရတာ ဒီနေ့တော့ မင်းတို့သုံးယောက် အရှုံးပေါ်တာကို ပြန်ဆယ်ဖို့ အခွင့်အရေး မရတော့ဘူးထင်တယ်...”
“ဟွန့်... မနက်ဖြန် ဆက်ကစားမယ်...”
ဟွာစစ်ဝေ့နှင့် အခြားမိန်းကလေးနှစ်ဦးက နှုတ်ဆက်ကာ ထွက်သွားကြသည်။ လုချန်လည်း လူသုံးယောက်နှင့်အတူ ဆေးဖော်စပ်ရေး အခန်းဆီသို့ ထွက်လာခဲ့သည်။
“ဟေ့ကောင်... မင်းက ချင်းလွမ်တောင်ရဲ့ စတုတ္ထအကြီးအကဲလား...”
လုချန်က သခင်လေးကျန်းကို ဖြတ်ကျော်သွားချိန်တွင် သခင်လေးကျန်းက လှမ်းမေးလိုက်သည်။
ချင်းလွမ်တောင်၏ ဂိုဏ်းချုပ် ခန့်မှန်းထားသည့်အတိုင်းပင် သခင်လေးကျန်းက ချင်းလွမ်တောင်၏ စတုတ္ထအကြီးအကဲမှာ လူငယ်တစ်ယောက်မျှသာ ဖြစ်နေကြောင်း မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် ရန်စချင်စိတ်များ ချက်ချင်း ပေါက်လာခဲ့သည်။
“မင်းကရော ဘယ်သူလဲ...”
လုချန်က သူ့ကို ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။
“သူက သခင်လေးကျန်းပါ။ ဆရာက ဆေးဖော်စပ်ဖို့ သူ့ကို ဖိတ်ခေါ်ထားတာ။ သူက ကြယ်ငါးပွင့်အဆင့် မှော်ဆေးပညာရှင်လေ...”
ယွီလီချင်းက ရှင်းပြလိုက်သည်။
‘ကြယ်ငါးပွင့်အဆင့် မှော်ဆေးပညာရှင်’ ဆိုသော စကားလုံးကို ကြားလိုက်ရသောအခါ သခင်လေးကျန်း၏ မျက်နှာပေါ်တွင် မာနတရားများ ပြည့်နှက်သွားလေသည်။
“ဪ... ကောင်းပြီလေ...”
လုချန်က ဂရုမစိုက်ဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီး ဂိုဏ်းချုပ်ဘက်သို့ လှည့်ကြည့်လိုက်သည်။
“စီနီယာအစ်မကြီး... ဆေးဖော်စပ်ဖို့ တခြားသူကို ဘာလို့ ဖိတ်ရတာလဲ။ ကျွန်တော့်ကို ပြောလိုက်ရင် ရနေတာပဲဟာကို...”
“မင်း...”
သခင်လေးကျန်းက မယုံကြည်နိုင်သည့် လေသံဖြင့် ဝင်ပြောလိုက်သည်။
“ငါ ဖော်စပ်ရမှာက သွေးမျိုးဆက်ဆေးလုံးကွ... အဲဒါကို မင်း ဖော်စပ်နိုင်လို့လား...”
“အဲဒါက ဘာကြီးလဲ...”
“မင်းက သွေးမျိုးဆက်ဆေးလုံး အကြောင်းတောင် မကြားဖူးဘဲနဲ့ ဆေးဖော်စပ်တတ်တယ်လို့ ပြောရဲသေးတယ်ပေါ့...”
“ချီး... ငါ မကြားဖူးတာနဲ့ပဲ မဖော်စပ်နိုင်ဘူးလို့ မဆိုလိုပါဘူး။ မင်းကျတော့ရော... မင်း ကြားဖူးတယ်ဆိုတော့ မင်း ဖော်စပ်နိုင်လို့လား...”
လုချန်၏ မေးခွန်းကြောင့် သခင်လေးကျန်း ချက်ချင်း မှင်တက်သွားလေသည်။
“ဒါပေါ့... ငါ ဖော်စပ်နိုင်တာပေါ့...”
“ဒါဆို ဆေးလုံးက ဘယ်မှာလဲ။ မင်း ဖော်စပ်နိုင်တယ်ဆိုရင် ပြီးသွားတဲ့ ဆေးလုံးကို ထုတ်ပြလေ။ ငါ ကြည့်ရအောင်...”
ထိုစကားက သခင်လေးကျန်း၏ အနာကို ကွက်တိသွားထိလေသည်။ သူက ခုနလေးတင် ဆေးဖော်စပ်ရာတွင် ကျရှုံးခဲ့သည် မဟုတ်ပါလား။
သခင်လေးကျန်း နှုတ်ဆိတ်နေသည်ကို မြင်သောအခါ လုချန်က ရွံရှာဟန်ဖြင့် ခေါင်းခါလိုက်သည်။
“မင်းလို ကြွားလုံးထုတ်တဲ့ ကောင်တွေကို ငါ အမုန်းဆုံးပဲ။ တကယ် အရည်အချင်းမရှိရင် ဒီမှာ လာပြီး ပါးစပ်ဖွာမနေနဲ့...”
သခင်လေးကျန်း အောင်မြင်မှုမရခဲ့မှန်း သူ သဘာဝကျကျ သိနေသည်။ မဟုတ်လျှင် ဂိုဏ်းချုပ်က ဒီလောက် ညဉ့်နက်သန်းခေါင်ကြီး သူ့ဆီ လာရှာမည် မဟုတ်ပေ။
“စတုတ္ထဆရာဦးလေးငယ်... သွေးမျိုးဆက်ဆေးလုံးက ကြယ်ငါးပွင့်အဆင့် ဆေးလုံးလေ။ ရှင် ဖော်စပ်နိုင်ပါ့မလား...”
ယွီလီချင်းက လုချန်အနားသို့ လျှောက်လာပြီး တိုးတိုးလေး မေးလိုက်သည်။
“ရတယ်။ ဆေးဖော်မြူလာကို ပြကြည့်...”
“ဒီမှာပါ...”
လုချန်က ဆေးဖော်မြူလာကို ယူကာ နှစ်ခေါက်ခန့် ဖတ်ကြည့်လိုက်ပြီး ယုံကြည်မှု အပြည့်ရှိသွားသည်။
သွေးမျိုးဆက်ဆေးလုံးက ကြယ်ငါးပွင့်အဆင့် ဆေးလုံးဖြစ်သော်လည်း ၎င်း၏ ဖော်စပ်ရသည့် လုပ်ငန်းစဉ်က အတော်လေး ရိုးရှင်းလှသည်။ ၎င်း၏ အဓိက အာနိသင်က စားသုံးသူ၏ သွေးမျိုးဆက်စွမ်းအားကို မြှင့်တင်ပေးရန်ဖြစ်သည်။ အသုံးပြုထားသော ပါဝင်ပစ္စည်း အများစုမှာ သွေးမျိုးဆက်စွမ်းအားကို ပြန်လည်ဖြည့်တင်းပေးနိုင်သည့် အရာများဖြစ်ပြီး လိုအပ်သည်မှာ သန့်စင်ပြီး ဆေးလုံးအဖြစ် စုစည်းပေးရန်သာ ဖြစ်သည်။ အလွန် လွယ်ကူလှသည်။
“ကျွန်တော် လုပ်နိုင်တယ်။ သွားကြစို့...”
လမ်းတစ်လျှောက် လျှောက်လာစဉ် သခင်လေးကျန်းက လုချန်၏ အနောက်မှ လိုက်ပါလာပြီး သူ၏ မျက်နှာအမူအရာမှာ မှုန်ကုပ်နေသော်လည်း လောလောဆယ်တွင် လုချန်ကို တိုက်ခိုက်ရန် နည်းလမ်းကောင်း မရှိသေးပေ။
ရုတ်တရက် သူ တစ်ခုခုကို သတိရသွားပြီး လုချန်အား လှမ်းခေါ်လိုက်သည်။
“မင်းက ဆေးတစ်လုံးကို နာရီဝက်အတွင်း ဖော်စပ်နိုင်တယ်လို့ လီချင်း ပြောတာ ကြားလိုက်တယ်...”
“သူ လျှောက်ပြောတာတွေကို နားမထောင်ပါနဲ့ဗျာ...”
လုချန်က လက်ယမ်းပြကာ ထိရောက်စွာ ငြင်းဆိုလိုက်သည်။
“ဟွန့်... ငါ သိသားပဲ...”
သခင်လေးကျန်းက ‘ငါထင်တဲ့အတိုင်းပဲ’ ဆိုသော မျက်နှာထားမျိုး လုပ်ပြလိုက်သည်။
“ဆရာဦးလေးငယ်လု... ရှင် ဆေးလုံးကို နာရီဝက်အတွင်း ဖော်စပ်နိုင်တာကို အဲဒီနေ့က ကျွန်မ ရှင်းရှင်းလင်းလင်း မြင်ခဲ့ရတာပဲလေ...”
“လီချင်း... မင်း အလိမ်ခံလိုက်ရတာ နေမှာပါ။ နာရီဝက်အတွင်း ဆေးဖော်စပ်တယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီလောကမှာ လူတစ်ယောက်ရဲ့ မျက်နှာကို သိနိုင်ပေမယ့် စိတ်နှလုံးကိုတော့ သိဖို့ခက်တယ်။ မင်းရဲ့ ဒီဆရာဦးလေးငယ်က တမင်တကာ ကြွားလုံးထုတ်ပြီး မကောင်းတဲ့ အကြံအစည် တစ်ခုခုများ ကြံစည်နေတာလား ဘယ်သူသိမှာလဲ...”
သခင်လေးကျန်းက သရော်သည့်လေသံဖြင့် ပြောလိုက်သည်။
ချင်းလွမ်တောင်၏ ဂိုဏ်းချုပ် မျက်နှာပေါ်တွင် မကျေနပ်သည့် အရိပ်အယောင်လေး ပေါ်လာသော်လည်း သူမက နှုတ်ဆိတ်နေလိုက်သည်။ လုချန် သွေးမျိုးဆက်ဆေးလုံးကို ဖော်စပ်နိုင်မလား၊ မနိုင်ဘူးလား ဆိုသည်ကို သူမ အာမမခံနိုင်သေးပေ။ အကယ်၍ သူ မဖော်စပ်နိုင်ပါက သခင်လေးကျန်းအပေါ်တွင်သာ မျှော်လင့်ချက်ထားရဦးမည်ဖြစ်ရာ လောလောဆယ် သူ့ကို စိတ်အနှောင့်အယှက် မပေးရဲသေးပေ။
“သခင်လေးကျန်း... ရှင့်စကားတွေက နည်းနည်း လွန်ကဲနေပြီ...”
“ငါက လွန်ကဲတယ် ဟုတ်လား... ဒါဆို လီချင်း... သူက ဆေးတစ်လုံးကို နာရီဝက်အတွင်း အောင်မြင်အောင် ဖော်စပ်နိုင်တာကို မင်း ရှင်းရှင်းလင်းလင်း မြင်ခဲ့ရတယ်ဆိုပြီး အခုကျတော့ သူက ဘာလို့ ဝန်မခံရဲရတာလဲဆိုတာကို မင်း ဘယ်လို ရှင်းပြမလဲ...”
“ငါက ‘ဝန်မခံရဲတာ’ မဟုတ်ဘူး။ ငါက ငြင်းနေတာပါကွာ... ဟုတ်ပြီလား”
လုချန်က ရုတ်တရက် ရပ်လိုက်ပြီး နောက်သို့ လှည့်ကြည့်လိုက်သည်။
“မင်း ခေါင်းထဲမှာ တစ်ခုခုများ မှားနေလား။ နာရီဝက်အတွင်း ဆေးဖော်စပ်နိုင်တာကိုများ ငါက ကြွားလုံးထုတ်နေစရာ လိုလို့လား။ အဲဒီလောက် ကြာတဲ့ အချိန်ပမာဏကို ငါက ဘယ်လိုလုပ် ဂုဏ်ယူနေနိုင်မှာလဲ...”
*