“နာရီဝက် ဟုတ်လား... အဲဒီလောက် ကြာတယ်လား...”
လုချန်၏ စကားကြောင့် ကျန်သုံးယောက်မှာ မှင်တက်သွားကြသည်။
သူက ဘာကို ဆိုလိုတာလဲ။
“ကျွန်တော် ဆေးဖော်ရင် အလွန်ဆုံးမှ မိနစ်နှစ်ဆယ်ပဲ။ အို... ခင်ဗျားတို့က မိနစ်နှစ်ဆယ်ဆိုတာ ဘယ်လောက်လဲဆိုတာ သဘောမပေါက်လောက်ဘူး။ အမွှေးတိုင်တစ်ဝက်စာလောက် အချိန်ပေါ့...”
ထိုစကားကြောင့် သူတို့အားလုံး ဆွံ့အသွားကြသည်။
ထို့နောက် သခင်လေးကျန်းက အသံကျယ်ကြီးဖြင့် ရယ်မောလိုက်လေသည်။
“ဟား ဟား... ရယ်ရလွန်းလို့ သေတော့မယ်... မင်းက မျက်နှာလေး တစ်ချက်မပူဘဲနဲ့ ကြွားလုံးထုတ်နေတာပဲ။ အမွှေးတိုင်တစ်ဝက်စာ အချိန်အတွင်း ဆေးလုံးဖော်စပ်တယ် ဟုတ်လား။ ကြယ်ကိုးပွင့်အဆင့် မဟာဆရာသခင်ကြီးတောင် အဲဒီလို မလုပ်နိုင်ပါဘူးကွာ။ မင်းလုပ်နိုင်တယ်ဆိုတော့... လေတိုက်လို့ မင်းရဲ့ခါး ကျိုးမသွားအောင် သတိထားဦး...”
ချင်းလွမ်တောင်၏ ဂိုဏ်းချုပ်က သခင်လေးကျန်း၏ လေသံကို သဘောမကျသော်လည်း သူမကိုယ်တိုင်လည်း လုချန်၏ စကားကို မယုံကြည်နိုင်ဖြစ်နေမိသည်။ နှစ်ပေါင်းတစ်ရာကျော် ကျင့်ကြံလာခဲ့သည့်တိုင်အောင် တစ်စုံတစ်ယောက်က ထိုမျှမြန်ဆန်စွာ ဆေးဖော်စပ်နိုင်သည်ဟု သူမ တစ်ခါမှ မကြားဖူးခဲ့ပေ။
“ဘာလဲ... မင်းက ငါ့ကို မယုံဘူးလား...”
“မင်းကို ယုံရမယ် ဟုတ်လား... ကဲ ပြောစမ်းပါဦး... မင်းက အမွှေးတိုင်တစ်ဝက်စာ အချိန်အတွင်း ဆေးဖော်စပ်နိုင်တယ်ဆိုရင် တစ်ရက်ကို ဘယ်လောက်တောင် ဖော်စပ်နိုင်လို့လဲ...”
သခင်လေးကျန်းက လိမ်ညာမှုကို ဖော်ထုတ်ရန် ဆုံးဖြတ်ထားပြီး ပိုပိုသာသာ ဟန်ပန်ဖြင့် ဗိုက်ကိုနှိပ်ကာ ရယ်မောရင်း မေးလိုက်သည်။
“ငါ အရမ်းကြီး ကိုယ့်ကိုယ်ကိုယ် အတင်းဖိအားပေးပြီး မလုပ်ပါဘူး... တစ်ထောင်လောက်ပဲ...”
လုချန်က အမြန်တွက်ချက်ကြည့်လိုက်သည်။ သူက ကြယ်သုံးပွင့်အဆင့် ဆေးလုံးအချို့ကိုလည်း ဖော်စပ်ထားသေးသော်လည်း ထည့်ပြောဖို့ပင် အချိန်မဖြုန်းချင်တော့ပေ။
“တစ်ထောင်... တစ်ထောင်တဲ့... မင်းတော့ ငါ့ကို ရယ်သေအောင် လုပ်နေပြီ...”
သခင်လေးကျန်းက ပို၍ပင် အသံကျယ်ကျယ်ဖြင့် အော်ဟစ်ရယ်မောလိုက်သည်။
ဂိုဏ်းချုပ်ကိုယ်တိုင်ပင် လုချန်ကို ကြည့်ကာ ခေါင်းခါလိုက်မိသည်။
လုချန်က ဇယ်ထျန်းဆေးလုံးကို သူ ဖော်စပ်ခဲ့သည်ဟု ပြောစဉ်ကတည်းက လုံလောက်အောင် ကြွားလုံးထုတ်နေပြီဟု သူမ ထင်ခဲ့သော်လည်း အခုတော့ ဒါက အထွတ်အထိပ်သို့ ရောက်သွားပြီဖြစ်သည်။ ဒီလူ့မှာ စိတ်ထားကောင်းကောင်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူ၏ စိတ်ကတော့ ပုံမှန်မဟုတ်ကြောင်း သေချာလှသည်။
လုချန်က သူ့ကို လျစ်လျူရှုထားစဉ် အားရပါးရ ရယ်မောပြီးနောက် သခင်လေးကျန်းက နောက်ဆုံးတွင် ငြိမ်သက်သွားသည်။
“ဆေးလုံး တစ်ထောင်... အဲဒီအရေအတွက်က ဘာကိုဆိုလိုသလဲဆိုတာကိုရော မင်း သဘောပေါက်ရဲ့လား...”
“ဒါပေါ့...”
လုချန်က ခေါင်းညိတ်လိုက်သည်။
“ငါ ခုနလေးတင် မင်းကို ပြောလိုက်တယ်လေ... တစ်ရက်ကို တစ်ထောင်လို့...”
“ပေါက်ကရတွေ... မင်းက အခုလေးတင် ဖော်စပ်ထားတာလို့ ပြောတယ်မလား။ ဒါဆိုလည်း ထုတ်ပြလေ။ ဆေးလုံး တစ်ထောင်တဲ့လား။ မင်း တစ်သက်လုံး ဖော်စပ်ရင်တောင် အဲဒီလောက် အရေအတွက်ကို ရမှာ မဟုတ်ဘူး...”
သူက နောက်ဆုံးစကားကို အကြွင်းမဲ့ ယုံကြည်ချက်ဖြင့် ပြောလိုက်ခြင်း ဖြစ်သည်။
ဆေးလုံး တစ်ထောင်ဆိုသည်မှာ နက္ခတ္တဗေဒဆိုင်ရာ ကိန်းဂဏန်းကြီး တစ်ခုဖြစ်သည်။ မှော်ဆေးပညာရှင် အသင်းကြီးကိုယ်တိုင်ပင် ထိုအရေအတွက်ကို စုဆောင်းရန်အတွက် တစ်ရက်နီးပါး အချိန်ယူရမည်ဖြစ်ပြီး မရေမတွက်နိုင်သော မှော်ဆေးပညာရှင်များစွာက သူတို့၏ သိုလှောင်မှုများကို အကုန်ထုတ်ပေးရမည် ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် မည်သည့်ကြယ်အဆင့်ရှိ ဆေးလုံးမဆို ဖော်စပ်ရာတွင် ဆယ်နာရီကျော် အချိန်ယူရသည်လေ။ မှော်ဆေးပညာရှင် တစ်ယောက်က မရပ်မနား ဖော်စပ်ပြီး အောင်မြင်နိုင်စွမ်း ရာခိုင်နှုန်းပြည့်နှင့် တစ်ဖိုလျှင် ဆေးလုံး သုံးလေးလုံး ထွက်မည်ဆိုလျှင်တောင်မှ တစ်နှစ်တိတိ အချိန်ယူရမည်ဖြစ်သည်။
မဖြစ်နိုင်ပါဘူး... ဘယ်သူကများ တစ်နှစ်လုံးလုံး အစားမစား၊ အိပ်မအိပ်ဘဲ နေနိုင်မှာလဲ။ လူတစ်ယောက်ရဲ့ နတ်ဝိညာဉ်စွမ်းအားက အဲဒီမတိုင်ခင်ကတည်းက ပြိုလဲသွားမှာပဲလေ။ ပြီးတော့ ရာခိုင်နှုန်းပြည့် အောင်မြင်နိုင်စွမ်း ဟုတ်လား။ ကြယ်ကိုးပွင့်အဆင့် မဟာဆရာသခင်ကြီးတောင် အဲဒီလို မပြောရဲပါဘူးလေ။
“ငါ အခုချက်ချင်းတော့ ထုတ်မပြနိုင်ဘူး...” လုချန်က ပြန်ဖြေလိုက်သည်။ “ငါ ယူမလာခဲ့လို့လေ...”
“ဟွန့်...”
သခင်လေးကျန်းက သူ အနိုင်ရသွားသည့် မျက်နှာပေးဖြင့် ကြည့်လိုက်သည်။
“ထုတ်မပြနိုင်တာလား... ဒါမှမဟုတ် မရှိတာလား...”
“ထုတ်မပြနိုင်တာပါဆို... ဆေးလုံး တစ်ထောင်လောက်ကို ငါ့ဆီမှာ ဘယ်လိုလုပ် မရှိဘဲ နေမှာလဲ...”
“ကောင်းပြီ... ဆက်ပြီး လိမ်နေလိုက်ဦး။ ငါ ကျန်းထျန်းယိ ကတိပေးတယ်။ မင်းသာ ဆေးလုံး တစ်ထောင်ကို ထုတ်ပြနိုင်ရင် ဒီဆေးမီးဖိုက မင်းဟာပဲ။ တကယ်လို့ မထုတ်ပြနိုင်ဘူးဆိုရင်တော့ မင်း ငါတို့အားလုံးကို ရှင်းပြရမယ်။ အဲဒီဆေးလုံးတွေ ဘယ်မှာရှိလဲဆိုတာ ပြော... သွားယူဖို့ မင်းကို အချိန်ပေးမယ်...”
သူက လက်တစ်ချက် ယမ်းလိုက်ရာ မီတာဝက်ခန့် မြင့်သော ကြေးဝါဆေးမီးဖိုကြီးတစ်ခု ထွက်ပေါ်လာပြီး မြေကြီးပေါ်သို့ ‘ဒုတ်’ ခနဲ ကျသွားလေသည်။ ခြေတံသုံးချောင်းပါရှိပြီး မျက်နှာပြင်ပေါ်တွင် ရှုပ်ထွေးလှသော အကွက်အဆင်များ ထွင်းထုထားရာ သေးငယ်သော အစီအရင်များအဖြစ် ဖွဲ့စည်းထားလေသည်။
လုချန်၏ မျက်လုံးများ အရောင်လက်သွားသည်။ သူ၏ အဆင့်သုံး ဆေးမီးဖိုက ကြယ်ခုနစ်ပွင့်အဆင့် ဆေးလုံးများကို ဖော်စပ်ရာတွင် ရုန်းကန်ရမည်ဖြစ်ပြီး အချိန်ပိုကြာစေမည်ဟု သူ စိတ်ပူနေခဲ့သည် မဟုတ်ပါလား။ ယခုတော့ ဒီနေရာတွင် အဆင့်ငါး ဆေးမီးဖိုတစ်ခု ရှိနေလေပြီ။ ဒါက သူ အလိုအပ်ဆုံးအချိန်မှာ ရောက်လာတဲ့ လက်ဆောင်တစ်ခုပဲလေ။
“တကယ်ပြောတာလား... ငါသာ ဆေးလုံး တစ်ထောင်ကို ထုတ်ပြနိုင်ရင် ဒီဆေးမီးဖိုက ငါ့ဟာ ဖြစ်သွားမှာပေါ့...”
“လုံးဝ သေချာတယ်။ ဒါပေမဲ့ မင်း မထုတ်ပြနိုင်ဘူးဆိုရင်တော့ မင်းက ဘယ်လို လူလိမ်လူညာလဲဆိုတာကို ငါတို့ ဖော်ထုတ်ပြမယ်။ ပြီးတော့ စီနီယာကြီးနဲ့ လီချင်းလည်း မင်းရဲ့ မျက်နှာစစ်ကို မြင်သွားကြလိမ့်မယ်...”
“သဘောတူတယ်...” လုချန်က စိတ်အားထက်သန်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
“မင်း သွားရမယ့်နေရာကို သွားယူ... ငါ စောင့်နေမယ်...”
သခင်လေးကျန်းက လက်ပိုက်လိုက်ပြီး ပြက်လုံးတစ်ခုကို စောင့်ကြည့်ရန် အသင့်ပြင်လိုက်သည်။
“သွားစရာ မလိုပါဘူး... ဆေးလုံးတွေက ဆေးဖော်စပ်ရေး အခန်းထဲမှာပဲ ရှိတယ်။ ငါ့ရဲ့ ကျင့်ကြံခြင်းတွေ ပျောက်ဆုံးသွားလို့ သိုလှောင်လက်စွပ်ကို သုံးလို့ မရတော့ဘူးလေ...”
ပြုံးဖြီးဖြီးဖြင့် လုချန်က ဆေးဖော်စပ်ရေး အခန်းဘက်သို့ ပြေးသွားလေသည်။
ချင်းလွမ်တောင်၏ ဂိုဏ်းချုပ်က ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါလိုက်သည်။ ဤပြဇာတ်က နည်းလမ်းတစ်မျိုးတည်းဖြင့်သာ အဆုံးသတ်သွားမည် ဖြစ်သည်။
“လီချင်း... နင်က သခင်လေးကျန်းနဲ့ ရင်းနှီးတယ်မလား။ ခဏနေရင် ဆရာဦးလေးငယ်ကို အရမ်းကြီး အရေးမယူဖို့ သူ့ကို ဖျောင်းဖျပေးလိုက်ဦး။ သူ့မှာ ဘယ်လိုအားနည်းချက်တွေပဲ ရှိနေပါစေ... နင့်ရဲ့ ဆရာဦးလေးငယ်က ငါတို့အပေါ်မှာ ကျေးဇူးရှိခဲ့ဖူးတယ်လေ...”
“ဆရာ... အဲဒီလို လုပ်စရာ လိုမယ်မထင်ပါဘူး...”
“ဟင်...”
ဂိုဏ်းချုပ်က ဘာမှဆက်မပြောရသေးမီမှာပင် ပြင်းထန်လှသော ဆေးရနံ့တစ်ခုက သူမကို လာမှန်လေသည်။ ထိုအနံ့နောက်သို့ လိုက်သွားပြီးနောက် သူမ၏ သူငယ်အိမ်များ ကျုံ့ဝင်သွားလေသည်။
ဆေးဖော်စပ်ရေး အခန်းတံခါးအပြင်ဘက်တွင် ပြီးပြည့်စုံစွာ ဝိုင်းစက်နေသော ဆေးလုံးများက မြေပြင်ပေါ်တွင် ပြန့်ကျဲနေပြီး အချို့မှာ စင်္ကြံလမ်းပေါ်သို့ပင် လိမ့်ကျလာကြလေသည်။
ထူထပ်သော ဆေးလုံးပုံကြီးတစ်ခု... ဆေးလုံးတောင်ပို့လေးတစ်ခုပင်။
“ဒါတွေ... ဒါတွေအားလုံးက ဆေးလုံးတွေလား...”
မယုံကြည်နိုင်စွာဖြင့် သူမ မျက်လုံးများကို ပွတ်သပ်လိုက်မိသည်။
အကယ်၍ ၎င်းတို့က ဆေးလုံးများသာဆိုလျှင် တစ်ချက်ကြည့်ရုံဖြင့်တင် အလုံးရေ နှစ်ထောင်လောက်တော့ သေချာပေါက် ရှိရမည်။
ဆေးလုံး နှစ်ထောင်။
လုချန်က တံခါးဝတွင် ရပ်ကာ အားနာဟန်ဖြင့် ခေါင်းကုတ်လိုက်သည်။
“ကျွန်တော် လက်စွပ်ထဲမှာ သိမ်းလို့မရတော့ ဒီမှာပဲ ထားခဲ့လိုက်တာ။ ဒီနေ့ ဟွာစစ်ဝေ့ ရောက်လာတော့ အလောတကြီး ထွက်လာလိုက်ရလို့ မရှင်းလင်းရသေးဘူး။ ရှုပ်ပွနေတာအတွက် တောင်းပန်ပါတယ်ဗျာ...”
ဂိုဏ်းချုပ်သာမက ယွီလီချင်းကိုယ်တိုင်ပင် ဆေးလုံးတောင်ပို့လေးကို ကြည့်ကာ ဆွံ့အသွားလေသည်။
လုချန်၏ အမြန်နှုန်းက မြန်ဆန်ကြောင်း သူမ သိထားသော်လည်း ဤမျှလောက် မြန်လိမ့်မည်ဟုတော့ မထင်ထားခဲ့ပေ။
သူ စတင်ဆေးဖော်စပ်ခဲ့သည်မှာ နှစ်ရက်သာ ရှိသေးသည်။ နာရီသုံးဆယ်ပင် မပြည့်သေးပေ။ ထိုအချိန်များအတွင်း သူက မာကျောက်ကစားရန် အချိန်အတော်များများ ဖြုန်းတီးခဲ့သေးပြီး ဟွာစစ်ဝေ့၏ အပြောအရဆိုလျှင် သူတို့က ညသန်းခေါင်ကျော်သည်အထိ မအိပ်ဘဲ နေခဲ့ကြသေးသည်။ လက်တွေ့ ဆေးဖော်စပ်သည့် အချိန်မှာ ဆယ်နာရီခန့်သာ ရှိမည်ဖြစ်သည်။
အဲဒီအချိန်လေးအတွင်းမှာ သူက ဒါတွေအကုန်လုံးကို လုပ်ခဲ့တာလား။
သခင်လေးကျန်းက မယုံကြည်နိုင်စွာဖြင့် မျက်လုံးများကို ပွတ်သပ်လိုက်သည်။
လုချန်က တစ်သက်လုံး ဆေးဖော်စပ်ရင်တောင် ဆေးလုံး တစ်ထောင် မရနိုင်ဘူးဟု သူ ကျိန်တွယ်ပြောဆိုခဲ့သော်လည်း ယခုတော့ နေရာတစ်နေရာတည်းတွင် ဤမျှများပြားလှသော ဆေးလုံးများကို သူကိုယ်တိုင် တစ်ခါမှ မမြင်ဖူးခဲ့ပေ... ဆေးလုံးတောင်ပို့ကြီး တစ်ခုပါလား။
လုချန်က ပြုံးရွှင်စွာဖြင့် သခင်လေးကျန်းဆီသို့ ခုန်ဆွခုန်ဆွဖြင့် သွားလိုက်သည်။
“ငါတို့ရဲ့ လောင်းကြေးက အတည်ပဲမလား။ ဒီဆေးမီးဖိုက အခု ငါ့ဟာ ဖြစ်သွားပြီနော်...”
သူက ကြေးဝါဆေးမီးဖိုကို မတင်ရန် လက်လှမ်းလိုက်သည်။
“မထိနဲ့...”
လုချန်၏ လက်များက ကြေးဝါဆေးမီးဖိုအနီးသို့ ရောက်သွားချိန်လေးမှာပင် သခင်လေးကျန်းက အော်ဟစ်လိုက်သည်။ စိတ်ဝိညာဉ်ချီများက သူ့ထံမှ ပေါက်ကွဲထွက်လာပြီး လုချန်ကို ဝင်တိုက်လေသည်။
ကျင့်ကြံခြင်း မရှိတော့သော လုချန်အနေဖြင့် သူ၏ ခန္ဓာကိုယ်က မည်မျှပင် တိုးတက်လာခဲ့စေကာမူ ကျင့်ကြံသူတစ်ယောက်၏ စိတ်ဝိညာဉ်ချီကိုတော့ ယှဉ်နိုင်စွမ်း မရှိပေ။ သူက မြေပြင်တစ်လျှောက် လိမ့်ထွက်သွားလေတော့သည်။
“ကျန်းထျန်းယိ... ရှင် ဘာလုပ်တာလဲ...”
ယွီလီချင်းက အော်ဟစ်လိုက်သည်။
*