လုချန်က ယွီလီချင်းအား ဆေးလိပ်တစ်လိပ် ကမ်းပေးရန် ပြင်လိုက်သော်လည်း သူမက ဤအပြုအမူမှာ အတော်လေး ကြည့်ရဆိုးသည်ဟု ထင်သဖြင့် လက်ယမ်းကာ ငြင်းဆန်လိုက်သည်။
လုချန်က နံရံကို မှီကာ တစ်ယောက်တည်း ဆေးလိပ်ငွေ့များကို ဖြည်းညင်းစွာ မှုတ်ထုတ်နေလိုက်သည်။ သူက ဆေးဖော်စပ်ခြင်းကို အလေးအနက် မထားခြင်း မဟုတ်ဘဲ သွေးမျိုးဆက်ဆေးလုံး ဖော်စပ်ရသည်မှာ အလွန်လွယ်ကူလွန်းနေသောကြောင့် ဖြစ်သည်။
မူလကတော့ သန့်စင်ခြင်းနှင့် ဆေးလုံးဖွဲ့စည်းခြင်း လုပ်ငန်းစဉ်က ရိုးရှင်းသည်ဟု သူ ထင်ထားခဲ့သော်လည်း အစစ်အမှန် သမာဓိမီး လောင်ကျွမ်းသွားသောအခါ ၎င်းက အံ့ဩစရာကောင်းလောက်အောင် လွယ်ကူနေကြောင်း သူ သဘောပေါက်သွားလေသည်။
ဤဆေးလိပ်ကို မီးညှိလိုက်ခြင်းက အရသာခံရန်အတွက်ဖြစ်ပြီး အချိန်ကိုက်ရန်အတွက်လည်း ဖြစ်သည်။ ဆေးလိပ်တစ်လိပ် ကုန်သွားချိန်တွင် ဆေးလုံးလည်း ကျက်သွားမည်ဖြစ်သည်။
သေချာသည်ကတော့ ၎င်းက သဘာဝအတိုင်း ကုန်သွားခြင်းကို ဆိုလိုပြီး အငမ်းမရ ဖွာရှိုက်ပစ်လိုက်ခြင်းကို မဆိုလိုပေ။
လုချန်၏ လှဲလျောင်းကာ ဆေးဖော်စပ်သည့် နည်းလမ်းမှာ သူတို့သုံးယောက်အတွက်တော့ သေချာပေါက် ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင် ဖြစ်သည်။
‘အရင်ဆုံး အထင်သေးတဲ့ပုံစံ ဖမ်းတယ်။ ပြီးတော့ အမှားအယွင်းလေးတစ်ခု ဖြစ်သွားတယ်လို့ အကြောင်းပြပြီး လောင်းကြေးကို ဖျက်သိမ်းချင်တာမလား...’
သခင်လေးကျန်းက သရော်ပြုံး ပြုံးလိုက်သည်။ ဤနည်းလမ်းကို သူ အကြိမ်ပေါင်းများစွာ မြင်ဖူးရုံသာမက သူကိုယ်တိုင်လည်း အကြိမ်အနည်းငယ် အသုံးပြုခဲ့ဖူးသည် မဟုတ်ပါလား။
‘သူ့ဆီမှာ မှော်ဆေးပညာရဲ့ ဒဏ္ဍာရီလာ အထွတ်အမြတ် မီးတောက် ရှိနေရင်တောင် ဘာဖြစ်လဲ။ ဒီအစစ်အမှန် သမာဓိမီးက အနှေးနဲ့အမြန် ငါ့ဟာ ဖြစ်လာမှာပဲ’
ပထမစကားကို သူက လှောင်ပြောင်သည့်အနေဖြင့် ပြောလိုက်ခြင်းဖြစ်ပြီး ဒုတိယစကားကိုတော့ သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်ခြင်း ဖြစ်သည်။
လောကတွင် မရေမတွက်နိုင်သော ဆန်းကြယ်မီးတောက်များ ရှိသော်လည်း ဆေးဖော်စပ်ခြင်းနှင့် ပတ်သက်လာလျှင် အစစ်အမှန် သမာဓိမီးမှာ အငြင်းပွားဖွယ်မရှိသော ဘုရင်တစ်ပါးပင် ဖြစ်သည်။
သခင်လေးကျန်းက သူ အနိုင်ရပြီးနောက် သဘောထားကြီးသူတစ်ယောက်လို ဟန်ဆောင်ကာ လုချန်ကို ခွင့်လွှတ်ပေးလိုက်ပြီးနောက် သူ၏ ဆန်းကြယ်မီးတောက်ကို ယူရန် အဆိုပြုမည်ဟုပင် ကြိုတင် အစီအစဉ်ဆွဲထားပြီးဖြစ်သည်။ ထိုအချိန်ရောက်လျှင် ကိုယ်ပိုင် လက်နှစ်ဖက်ကို ချိုးပစ်ခြင်းနှင့် ဆန်းကြယ်မီးတောက်ကို စွန့်လွှတ်ခြင်း နှစ်ခုကြား ရွေးချယ်ရမည်ဆိုပါက သေချာပေါက် အလွယ်တကူ ဆုံးဖြတ်နိုင်မည့် ကိစ္စတစ်ခု ဖြစ်လာမည်လေ။
‘ကောင်လေး... မင်းက တကယ်ကို ငါ့ရဲ့ ကံကောင်းစေတဲ့ ကြယ်ပွင့်လေးပဲ’
ယွီလီချင်းနှင့် ဂိုဏ်းချုပ်တို့ကတော့ ဤအခိုက်အတန့်တွင် သခင်လေးကျန်း၏ စိတ်ထဲ၌ အတွေးများစွာ ရှိနေကြောင်းကို သဘာဝကျကျပင် မသိကြပေ။
“လီချင်း... နင့်ရဲ့ စတုတ္ထဆရာဦးလေးငယ်က အမြဲတမ်း ဒီလိုပဲ ဆေးဖော်စပ်နေကျလား...”
“အင်း... ကျွန်မလည်း အခုမှ ပထမဆုံးအကြိမ် မြင်ဖူးတာပဲ...”
ယွီလီချင်းကိုယ်တိုင်ပင် လုချန်၏ လှဲလျောင်းကာ ဆေးဖော်စပ်သည့် နည်းလမ်းကြောင့် ဆွံ့အသွားရလေသည်။
ဆေးလိပ်ငွေ့များကို ဖြည်းညင်းစွာ မှုတ်ထုတ်နေရင်း ဆေးလိပ်မှာ ကုန်လုနီးပါး ဖြစ်နေပြီဖြစ်သည်။
“ပြီးခါနီးပြီ...”
လုချန်က မီးတောက်များကို ထိန်းချုပ်ကာ အရှိန်မြှင့်လိုက်သည်။
သူ ဘာလုပ်မည်ကို ဘယ်သူမှ မစဉ်းစားမိမီမှာပင် သူက နောက်ဆုံး ဆေးလိပ်ငွေ့ကို ဖွာရှိုက်လိုက်ပြီးနောက် ဆေးလိပ်တိုကို မီးတောက်များထဲသို့ ပေါ့ပေါ့ပါးပါး ပစ်ထည့်လိုက်သည်။ ဆေးလိပ်တိုမှာ မြင့်မားသော အပူချိန်ကြောင့် ချက်ချင်း ပြာကျသွားပြီး တစ်ချိန်တည်းမှာပင် မီးတောက်များလည်း ငြိမ်းသွားလေသည်။
လုချန် ပါဝင်ပစ္စည်းများကို ထည့်လိုက်သည်မှ မီးတောက်များ ငြိမ်းသွားသည်အထိ လုပ်ငန်းစဉ်တစ်ခုလုံးမှာ ငါးမိနစ်ခန့်သာ ကြာမြင့်ခဲ့သည်။
ငါးမိနစ်ဆိုသည်မှာ သာမန် မှော်ဆေးပညာရှင် တစ်ယောက်အတွက် စတင်ရန်ပင် အချိန်မလောက်သေးပေ။ သို့သော် လုချန်အတွက်မူ ပြီးဆုံးသွားပြီဖြစ်သည်။
သူက နံရံကို မှီထားရာမှ ယိမ်းယိုင်စွာ ထရပ်လိုက်ပြီး ဆေးမီးဖိုဆီသို့ လျှောက်သွားလိုက်သည်။
“မင်း ဘာလုပ်နေတာလဲ...”
သခင်လေးကျန်းက သူ့ကို တားဆီးလိုက်သည်။
“ဆေးမီးဖိုကို ဖွင့်မလို့လေ...”
လုချန်က သူ့ကို အရူးတစ်ယောက်လို ကြည့်ရင်း ပြောလိုက်သည်။
“အဲဒီလိုမှ မဟုတ်ရင် ဘာလုပ်ရမှာလဲ။ ညစာစားဖို့ ခေါ်ရမှာလား...”
“ရယ်စရာပဲ... ဆေးမီးဖိုကို ဖွင့်မယ် ဟုတ်လား။ ငါးမိနစ်ပဲ ရှိသေးတာလေ။ ပါဝင်ပစ္စည်းတွေက အရည်တောင် မပျော်သေးဘူး။ အခု မင်းက ဆေးမီးဖိုကို ဖွင့်မယ်လို့ ပြောနေတာလား။ မင်း ဆေးဖော်စပ်တတ်ရဲ့လားလို့တောင် ငါ သံသယဝင်လာပြီ။ ဒီအခြေခံအချက်တွေကိုတောင် မင်း နားမလည်ဘူးလား...”
“အဲဒါ မင်းနဲ့ ဘာဆိုင်လို့လဲ။ ဖယ်စမ်းပါ...”
လုချန်က သူ့ကို မျက်နှာသာ မပေးပေ။
“ကောင်းပြီ... ကောင်းပြီ။ ငါက စေတနာနဲ့ အကြံပေးနေတာကို မင်းက နားမထောင်ဘူးပေါ့လေ... ဒါဆိုရင်လည်း လက်ဖက်ရည်တစ်ခွက်စာ အချိန်တောင်မရှိတဲ့ အချိန်တိုလေးအတွင်းမှာ မင်း ဘယ်လိုဆေးလုံးမျိုး ဖော်စပ်နိုင်မလဲဆိုတာကို ငါ ကြည့်ရသေးတာပေါ့...”
ငါးမိနစ်... ထိုမျှတိုတောင်းသော အချိန်အတွင်း မည်သူကမျှ ဆေးဖော်စပ်နိုင်လိမ့်မည်ဟု သခင်လေးကျန်း ဘယ်တော့မှ ယုံကြည်မည် မဟုတ်ပေ။ ကြယ်ကိုးပွင့်အဆင့် မှော်ဆေးပညာ မဟာဆရာသခင်ကြီးတောင် ငါးမိနစ်အတွင်း ကြယ်တစ်ပွင့်အဆင့် ဆေးလုံးတစ်လုံးကို ဖော်စပ်နိုင်မည် မဟုတ်ပေ။ ထို့ထက်ပို၍ ယခုဖော်စပ်နေသည်မှာ မြင့်မားသော သန့်စင်မှုနှင့် ဆေးလုံးဖွဲ့စည်းမှု လိုအပ်သည့် ကြယ်ငါးပွင့်အဆင့် သွေးမျိုးဆက်ဆေးလုံး ဖြစ်ပြီး အရေးအကြီးဆုံးအချက်မှာ အချိန်ပင်ဖြစ်သည်။
ထိုမျှ တိုတောင်းသော အချိန်ဆိုသည်မှာ သခင်လေးကျန်းအတွက်သာမက လုချန်ဘက်မှ ရပ်တည်နေကြသော ယွီလီချင်းနှင့် ဂိုဏ်းချုပ်တို့အတွက်ပင် ယုံကြည်နိုင်စရာ မရှိလှပေ။
သူက ဆေးမီးဖိုဘေးသို့ လျှောက်သွားကာ ဖွင့်ရန် ပြင်လိုက်သည်။ ထိုအခိုက်အတန့်တွင် မျက်လုံးသုံးစုံလုံးက လုချန်ထံသို့ စူးစိုက်ကြည့်နေကြသည်။
လုချန်က လက်ကို မြှောက်ကာ ဆေးမီးဖိုကိုယ်ထည်ကို ပြင်းပြင်းထန်ထန် ပုတ်ရန် ပြင်လိုက်သော်လည်း သူ၏ လက်ဖဝါးက ဆေးမီးဖိုကို ထိခါနီးလေးမှာပင် ရုတ်တရက် ရပ်တန့်သွားပြီး သူ၏ အကြည့်များက သခင်လေးကျန်းထံသို့ လှည့်သွားသည်။
“ဆေးမီးဖိုကို မဖွင့်ခင် နောက်တစ်ကြိမ်လောက် ထပ်အတည်ပြုပါရစေ... အရင်လောင်းကြေးက အတည်ပဲမလား...”
ထိုမေးခွန်းကြောင့် သခင်လေးကျန်းက ရယ်မောလိုက်သည်။
သူ့စိတ်ထဲတွင်တော့ ဤသည်မှာ လုချန်က ထပ်မံအတည်ပြုနေခြင်း မဟုတ်ဘဲ ကြောက်ရွံ့နေခြင်းသာ ဖြစ်သည်။
ဆေးမီးဖိုကို မဖွင့်ရဲဘဲ ခြောက်လုံးလှန့်လုံးများဖြင့် သူ့ကို ခြိမ်းခြောက်ရန် ကြိုးစားခြင်းက လောင်းကစားလောကတွင် အဖြစ်များသော လှည့်ကွက်တစ်ခုသာ ဖြစ်သည်။
“အတည်ပေါ့... ဘာလို့ အတည်မဖြစ်ရမှာလဲ။ ဒါတင်မကဘူး... မင်း တကယ် ယုံကြည်မှုရှိတယ်ဆိုရင် လောင်းကြေးကို ပိုပြီး မြှင့်လိုက်ကြမလား...”
“မြှင့်မယ် ဟုတ်လား...”
လုချန်၏ မျက်လုံးများထဲတွင် အထိတ်တလန့်ဖြစ်သွားသည့် အရိပ်အယောင်လေး ပေါ်လာသည်။ ဤအထိတ်တလန့်ဖြစ်မှုက တစ်ခဏမျှသာ ကြာသော်လည်း သခင်လေးကျန်းက ရှင်းရှင်းလင်းလင်း ဖမ်းမိလိုက်သဖြင့် သူ၏ ကိုယ်ပိုင်အတွေးများကို ပိုမိုခိုင်မာသွားစေသည်။
‘ဆက်ပြီး ဟန်ဆောင်နေလိုက်စမ်းပါ။ လက်ဖက်ရည်တစ်ခွက်စာ အချိန်အတွင်း နတ်ဘုရားတောင် ဆေးလုံး မဖော်စပ်နိုင်ပါဘူးကွာ...’
“ဟုတ်တယ်... မြှင့်မယ်။ မင်းက အရမ်း ယုံကြည်မှု ရှိနေတယ် မဟုတ်ဘူးလား...”
“ဒါဆို...”
လုချန်၏ မျက်လုံးများက ဟိုဟိုဒီဒီ ကစားသွားပြီးနောက် လက်မြှောက်အရှုံးပေးလိုက်သည့် မျက်နှာထားမျိုး ဖန်တီးလိုက်သည်။
“ကောင်းပြီလေ... မင်းက သေချင်နေမှတော့ မင်းဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့။ ပြောစမ်း... လောင်းကြေးကို ဘယ်လို ထပ်မြှင့်ချင်သေးတာလဲ...”
သူ၏ အသံက ကျယ်လောင်သော်လည်း သခင်လေးကျန်း၏ အမြင်တွင်တော့ အပြင်ပန်းသာ ကြမ်းတမ်းနေပြီး အတွင်းစိတ်က ကြောက်ရွံ့နေသည့် အရိပ်အယောင်များ ပါဝင်နေလေသည်။
“မင်းကိုယ်ပေါ်က ဆန်းကြယ်မီးတောက်နဲ့ လောင်းမယ်...”
“ဒါက သိပ်မကောင်းဘူး ထင်တယ်...”
စောစောက ကျယ်လောင်နေသော လုချန်၏ အသံက ရုတ်တရက် တိုးထွက်သွားသည်။
“မင်းနဲ့ငါက မှော်ဆေးပညာရှင်တွေပဲ။ ဆန်းကြယ်မီးတောက်ဆိုတာ မှော်ဆေးပညာရှင် တစ်ယောက်ရဲ့ အခြေခံအုတ်မြစ်ဆိုတာ သိကြပါတယ်။ ပြတ်သွားတဲ့ လက်နှစ်ဖက်ကို ကောင်းကင်နဲ့ မြေကြီး ရတနာတွေနဲ့ ပြန်ဆက်လို့ရပေမယ့် ဆန်းကြယ်မီးတောက် တစ်ခုကို အထုတ်ခံလိုက်ရပြီဆိုရင် နောက်တစ်ခါ ဘယ်တော့မှ ပြန်လည်အသိအမှတ်ပြုခံရမှာ မဟုတ်ဘူး။ တခြားတစ်ခုနဲ့ အစားထိုးလို့တောင် မရဘူးလေ။ ဒါနဲ့ တကယ်ပဲ လောင်းချင်တာလား...”
“ဘာလဲ... ကြောက်သွားပြီလား...”
“မကြောက်ပါဘူး... ဒီလောင်းကြေးက နည်းနည်း ရည်ရွယ်ချက် ဆိုးဝါးလွန်းတယ်လို့ ခံစားရလို့ပါ။ တခြားနည်းလမ်းနဲ့ ပြောင်းကြမလား...”
လုချန်က အကြံပြုလိုက်သည်။
“သခင်လေးကျန်း... မင်း အဆိုပြုလိုက်တဲ့ လောင်းကြေးက နည်းနည်းတော့ များလွန်းတယ်။ ဒီအဘွားအိုကလည်း ပြောင်းလဲဖို့ အကြံပြုပါတယ်...”
ချင်းလွမ်တောင်၏ ဂိုဏ်းချုပ်ကလည်း ဝင်ရောက် အကြံပြုလိုက်သည်။
“ပြောင်းစရာ မလိုပါဘူး။ ဒါနဲ့ပဲ လောင်းမယ်...”
သခင်လေးကျန်းက လက်ယမ်းပြလိုက်သည်။
“မင်း မလောင်းရဲဘူးဆိုရင် တစ်စုံတစ်ယောက်က ဆက်ပြီး ဟန်ဆောင်မနေနိုင်တော့ဘူးဆိုတာ သက်သေပြနေတာပဲ...”
“မင်း တကယ် လောင်းမှာလား...”
လုချန်က ထပ်မံ အတည်ပြုလိုက်ပြီး တစ်ချိန်တည်းမှာပင် လောင်းကစား စာချုပ်တစ်ခုကို ဝယ်ယူလိုက်သည်။
“လောင်းမယ်...”
သခင်လေးကျန်း၏ စကားတစ်ခွန်း ထွက်ကျလာသည်နှင့် သူတို့နှစ်ဦးကြားတွင် သိမ်မွေ့ပြီး မသိမသာသော ချိတ်ဆက်မှုတစ်ခု ဖြစ်ပေါ်လာလေသည်။
“ကောင်းပြီ...”
လုချန်က တုံ့ဆိုင်းမနေဘဲ ဆေးမီးဖိုကိုယ်ထည်ကို ပြင်းပြင်းထန်ထန် ပုတ်ချလိုက်ရာ ဆေးမီးဖိုအဖုံး ပွင့်သွားလေသည်။
ဆေးမီးဖို ပွင့်သွားသည့် အခိုက်အတန့်မှာပင် သွေးနံ့နှင့် ရောယှက်နေသော ပြင်းထန်သည့် ဆေးရနံ့တစ်ခုက ဆေးမီးဖိုထဲမှ လွင့်ပျံလာလေသည်။
“ဒီအနံ့က...”
ချင်းလွမ်တောင် ဂိုဏ်းချုပ်၏ မျက်နှာမှာ ချက်ချင်း သိသိသာသာ ပြောင်းလဲသွားပြီး သူမ၏ မျက်လုံးများထဲမှ ဖော်ပြ၍မရနိုင်လောက်အောင် အံ့ဩဝမ်းသာမှုများ ပေါက်ကွဲထွက်လာလေသည်။
“ဒီအနံ့က သွေးမျိုးဆက်ဆေးလုံးဆီကပဲ...”
သွေးမျိုးဆက်ဆေးလုံးတွင် စွမ်းအားကြီးမားသော သွေးမျိုးဆက်စွမ်းအားများ ပါဝင်သဖြင့် ပြင်းထန်သော သွေးနံ့ကို သယ်ဆောင်လာခြင်း ဖြစ်သည်။
“စီနီယာအစ်မကြီး... ဆေးလုံးတွေကို ယူလိုက်ပါဦး...”
လုချန်က အားရပါးရ နှစ်ချက်မျှ ရယ်မောလိုက်သည်။ သခင်လေးကျန်း၏ လုံးဝ မှုန်ကုပ်သွားသော မျက်နှာကြီးကို သူ မြင်လိုက်ရပြီဖြစ်ရာ အလွန်အမင်း ကျေနပ်မှုကို ခံစားလိုက်ရသည်။
ချင်းလွမ်တောင်၏ ဂိုဏ်းချုပ်က လက်ယမ်းပြလိုက်ရာ စိတ်ဝိညာဉ်ချီလှိုင်းတစ်ခုက ဆေးမီးဖိုထဲသို့ လှိမ့်ဝင်သွားသည်။ ထိုလှိုင်းများ ပြန်လည်ထွက်ပေါ်လာသောအခါ ဆေးမီးဖိုထဲရှိ အရာအားလုံးကို သယ်ဆောင်လာလေသည်။
“တစ်လုံး... နှစ်လုံး... ခုနစ်လုံး။ တကယ်ကြီး ခုနစ်လုံးတောင်ပါလား...”
ဆေးမီးဖိုထဲရှိ ဆေးလုံးအရေအတွက်က သူမကို အလွန်အမင်း စိတ်လှုပ်ရှားသွားစေသည်။
ယွီလီချင်းမှာလည်း ဤအခိုက်အတန့်တွင် သက်ပြင်းရှည်ကြီးတစ်ခုကို ဖြည်းညင်းစွာ ချလိုက်လေသည်။ သူမ၏ ဆရာဦးလေးငယ်က တကယ်ကို လူတွေကို စကားမပြောနိုင်အောင် လုပ်တတ်တာပဲ။
“ကောင်လေး... ရှင်းရမယ့် အချိန်ရောက်ပြီ...”
လုချန်က သခင်လေးကျန်းထံသို့ လက်ဖြန့်ပေးလိုက်သည်။
သခင်လေးကျန်းက ချင်းလွမ်တောင် ဂိုဏ်းချုပ်၏ လက်ထဲရှိ သွေးရောင်လွှမ်းနေသော ဆေးလုံး ခုနစ်လုံးကို ကြည့်လိုက်သည်။
“မဖြစ်နိုင်ဘူး... မဖြစ်နိုင်ဘူး။ ဒီလောက်တိုတောင်းတဲ့ အချိန်လေးအတွင်းမှာ ဘယ်သူမှ ဆေးမဖော်စပ်နိုင်ဘူး။ ပြီးတော့ တစ်ခါတည်းနဲ့ ခုနစ်လုံးတောင်။ မင်း လိမ်တာ... မင်း လိမ်ထားတာ သေချာတယ်...”
“ပေါက်ကရတွေ ပြောမနေနဲ့... ဘယ်တော့ ရှင်းပေးမလဲလို့ပဲ မေးနေတာ။ ဆေးမီးဖိုရယ်၊ ဆန်းကြယ်မီးတောက်ရယ်၊ ပြီးတော့ မင်းရဲ့ လက်နှစ်ဖက်ရယ်...”
“အိပ်မက်မက်နေလိုက်...”
သခင်လေးကျန်း၏ မျက်လုံးများ စူးရှသွားပြီး လုချန်ကို စိုက်ကြည့်လိုက်သည်။ တစ်ချိန်တည်းမှာပင် စိတ်ဝိညာဉ်ချီများကို လှည့်ပတ်ကာ လုချန်ဆီသို့ အားကုန်ထုတ်၍ လက်ဝါးတစ်ချက် ရိုက်ချလိုက်လေသည်။
*