ဘေးနားတွင် အသင့်အနေအထားဖြင့် စောင့်ကြည့်နေသော ယွီလီချင်းက ကျန်းထျန်းယိကို ထပ်မံရမ်းကားခွင့် ပေးမည်မဟုတ်ပေ။ သူမက လုချန်၏ရှေ့သို့ လျှပ်တစ်ပြက် ပြေးဝင်သွားကာ ထိုတိုက်ခိုက်မှုကို ကာကွယ်လိုက်သည်။
“ကျန်းထျန်းယိ... လူကို အနိုင်မကျင့်လွန်းနဲ့”
“သခင်လေးကျန်း... ချင်းလွမ်တောင်က ရှင် ထင်တိုင်းကျဲလို့ရတဲ့ နေရာများ မှတ်နေသလား”
“ခင်ဗျားတို့ ချင်းလွမ်တောင်က ကျုပ်ကို အကွက်ဆင်တာလေ... ကျုပ်ကို ရှင်းပြချက်ပေးရမယ်”
“စကားတွေ များနေတာပဲ... လျော်စရာရှိတာသာ လျော်လိုက်စမ်းပါ”
လုချန်က သူတို့နှစ်ယောက်၏ အနောက်မှနေ၍ ဝင်ပြောလိုက်သည်။
မျက်စိဖြင့်မမြင်နိုင်သော လောကကြီးထဲမှ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ရပ်က ကျန်းထျန်းယိအပေါ်သို့ လွှမ်းခြုံကျဆင်းလာပြီ ဖြစ်သည်။ သူ စကားပြန်ပြောရန် ဟန်ပြင်လိုက်ချိန်တွင် လည်ချောင်းထဲမှ အသံတစ်စက်မျှ ထွက်မလာတော့သဖြင့် ထိတ်လန့်တုန်လှုပ်သွားရသည်။ ဖော်ပြ၍မရနိုင်သော ခံစားချက်ကြီးတစ်ခုက သူ၏တစ်ကိုယ်လုံးကို ရစ်ပတ်သွားရာ ကြက်သီးမွေးညင်းများပင် ထသွားလေ၏။
နောက်တစ်စက္ကန့်မှာပင် သူ၏ သိုလှောင်လက်စွပ်က အလိုအလျောက်ပွင့်သွားသည်ကို မြင်လိုက်ရသည်။ အထဲတွင်ရှိသော ဆေးမီးဖိုက လေထဲတွင် ဝဲပျံလာပြီး လုချန်၏ရှေ့၌ ဖြည်းညင်းစွာ ကျဆင်းသွားသည်။
လုချန် သူ့ကို ဘာလုပ်လိုက်တာလဲဟု မေးမြန်းရန် သူ အသည်းအသန် ကြိုးစားပါသော်လည်း မည်သည့်အသံမှ ထွက်ပေါ်မလာချေ။
ထိုအချိန်မှာပင် သူ၏ ပခုံးနှစ်ဖက်ဆီမှ ဆွဲဆုတ်ခံလိုက်ရသည့်အလား ပြင်းထန်သော နာကျင်မှုကြီး ပေါက်ကွဲထွက်လာပြီးနောက် ကျန်းထျန်းယိထံမှ စူးရှသော အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။
သူ၏ လက်နှစ်ဖက်စလုံးကို ဧရာမလူကြီးတစ်ဦးက အတင်းအဓမ္မ ဆွဲခွာပစ်လိုက်သကဲ့သို့ ခံစားလိုက်ရကာ သွေးများ နေရာအနှံ့ ပန်းထွက်သွားသည်။ ထို့နောက် သူ၏ ဒန်တျန်နေရာမှ အပြာရောင်ပန်းပွင့်လေးတစ်ပွင့် ဖြည်းညင်းစွာ ပေါ်ထွက်လာသည်။ ထိုအရာက သူ၏ ဆန်းကြယ်မီးပင် ဖြစ်သည်။
ရေခဲပြာ သန့်စင်မီးတောက်။
ကျန်းထျန်းယိ၏ မျက်လုံးများက သွေးရောင်လွှမ်းနေပြီး နာကျင်မှုကြောင့် တဆတ်ဆတ်တုန်ရီနေကာ လုချန်ကိုသာ စူးစိုက်ကြည့်နေသည်။
မီးတောက်လေးက သူ့ထံမှ ဝဲလွင့်ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် မီးတောက်နှင့် သူ့အကြားရှိ ချိတ်ဆက်မှု လုံးဝပျောက်ကွယ်သွားပြီဖြစ်ကြောင်း သူ သဘောပေါက်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူ ပြန်လည်စကားပြောနိုင်သွားသည်။
“မင်း... မင်း ငါ့ကို ဘာလုပ်လိုက်တာလဲ”
ဆန်းကြယ်မီးကို လက်လွှတ်ဆုံးရှုံးလိုက်ရခြင်းက သူ့ကို ရူးသွပ်သွားစေမတတ်ပင်။
“လောင်းကြေးကို အကောင်အထည်ဖော်လိုက်တာလေ”
“ချီးပဲ... မင်း ငါ့ကို အကွက်ဆင်တာ”
ကျန်းထျန်းယိက ရှေ့သို့တစ်လှမ်းတိုးကာ တစ်ခုခုထပ်ပြောရန် ကြိုးစားလိုက်သော်လည်း ခေါင်းထဲမိုက်ခနဲဖြစ်သွားပြီး လဲကျသွားတော့သည်။
ကျန်းထျန်းယိဖြစ်စေ၊ ချင်းလွမ်တောင်၏ ဂိုဏ်းချုပ်ဖြစ်စေ၊ ယွီလီချင်းဖြစ်စေ... သူတို့ထဲမှ မည်သူကမျှ ဤမြင်ကွင်းမျိုးကို ကြိုတင်မျှော်လင့်မထားခဲ့ကြပေ။
ဆန်းကြယ်မီးတောက် လုယူခံလိုက်ရပြီး လက်နှစ်ဖက်စလုံး ဆွဲဖြဲခံလိုက်ရသည်လေ။
“စတုတ္ထဂျူနီယာမောင်လေး... အဲဒါ စာချုပ်ရဲ့ စွမ်းအားလား”
မဟာယာနအဆင့်ကိုပင် ကျော်လွန်နေပြီဖြစ်သော ချင်းလွမ်တောင်၏ ဂိုဏ်းချုပ်ကြီးအနေဖြင့် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကို အထူးတလည် ထိရှလွယ်သူဖြစ်သည်။
“ဟုတ်ပါတယ်”
လုချန် ခေါင်းညိတ်ပြလိုက်သည်။
“မယုံနိုင်စရာပဲ”
ဂိုဏ်းချုပ်က ထပ်ပြောစရာစကားရှာမရဘဲ တိုးတိုးလေး ရေရွတ်လိုက်မိသည်။
လူတစ်ယောက်က ပိုသိလေလေ၊ အချို့သော စွမ်းအားများကို ပိုကြောက်ရွံ့လေလေပင် ဖြစ်သည်။ အာကာသနှင့် အချိန်ကိုပင် ကျော်လွန်ကာ လျှို့ဝှက်ဆန်းကြယ်လွန်းလှပြီး ဝိညာဉ်နှင့် တိုက်ရိုက်ချိတ်ဆက်ထားသော စာချုပ်စွမ်းအားဆိုသည်မှာ သာမန်လူများ ဘယ်သောအခါမျှ အသုံးမပြုနိုင်သည့် အရာမျိုးဖြစ်သည်။
ထိုအခိုက်အတန့်၌ လုချန်၏ ထူးခြားမှုအပေါ် သူမ ပို၍ပင် သေချာသွားတော့သည်။
‘ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်တောင် အောင်မြင်နေရုံမကဘူး၊ တစ်ခါမှမကြားဖူးတဲ့ ဆေးဖော်စပ်ခြင်း ပညာရပ်တွေကိုလည်း ပိုင်ဆိုင်ထားသေးတယ်။ အခုလည်း စာချုပ်စွမ်းအားကို ထုတ်ပြလာပြန်ပြီ။ ဘယ်လိုမိသားစုမျိုးကများ ဒီလိုလူကို မွေးထုတ်နိုင်ခဲ့တာပါလိမ့်’
သွေးမျိုးဆက်ဆေးလုံး ခုနစ်လုံးက သူမ၏ လက်ထဲတွင် ရှိနေဆဲဖြစ်သည်။
“စတုတ္ထဂျူနီယာမောင်လေး... ဒီတစ်ကြိမ်တော့ မင်းကို တကယ် ကျေးဇူးတင်ရတော့မယ်”
“မလိုပါဘူး စီနီယာအစ်မကြီးရာ။ အစ်မကြီး အလုပ်များနေတယ်မလား... သွားစရာရှိတာ သွားပါ”
အချိန်လုနေရ၍သာ သန်းခေါင်ယံအချိန်ကြီး သူ့ကို လာရှာခြင်းဖြစ်ကြောင်း လုချန် သိထားသဖြင့် ဂရုမစိုက်ဟန်ဖြင့် လက်ဝှေ့ယမ်းပြလိုက်သည်။
“လီချင်း... သခင်လေးကျန်းကို တောင်အောက် လိုက်ပို့ပေးလိုက်ပါ”
ထိုသို့ပြောပြီးနောက် ဂိုဏ်းချုပ်မှာ နောက်ဘက်တောင်ဆီသို့ လျင်မြန်စွာ ထွက်ခွာသွားတော့သည်။
ယနေ့ည၏ ပြဇာတ်လေးကတော့ ပြီးဆုံးသွားပြီဖြစ်သည်။
နောက်ဘက်တောင်မှ ထွက်လာပြီး သွေးမျိုးဆက်ဆေးလုံး အနည်းငယ် ထပ်မံဖော်စပ်ပေးရန် လုချန်ကို တောင်းဆိုရန်အတွက် အရံတောင်ထွတ်သို့ ဂိုဏ်းချုပ် ခြေချလိုက်ချိန်တွင် ယွီလီချင်း၏ အသံကို ကြားလိုက်ရသည်။
“ဆရာ... ဒါက စတုတ္ထဆရာဦးလေးက ဆရာ့ကို ပေးခိုင်းလိုက်တဲ့ဟာပါ”
ယွီလီချင်းက သိုလှောင်လက်စွပ်တစ်ကွင်းကို မြှောက်ပြလိုက်သည်။
“အဲဒါ ဘာလဲ”
“သွေးမျိုးဆက်ဆေးလုံး အလုံးတစ်ထောင်ပါ”
...လုချန်အတွက်တော့ သွေးမျိုးဆက်ဆေးလုံး ဖော်စပ်ရသည်မှာ ကြယ်တစ်ပွင့်အဆင့် ဆေးလုံးများ ဖော်စပ်ရသည်ထက်ပင် လွယ်ကူနေသည်။ ပြီးခဲ့သည့်ညက ကြယ်ငါးပွင့်အဆင့် ဆေးမီးဖိုကို ရရှိပြီးနောက် သူ အလွန်အမင်း ဝမ်းသာပျော်ရွှင်သွားခဲ့သည်။ အဆုံးတွင်တော့ ထိုအရာက တကယ်ကို သူ့ကိုယ်ပိုင်ပစ္စည်း ဖြစ်လာခဲ့ပြီ မဟုတ်ပါလား။ ထို့ကြောင့် ဝမ်းသာအားရဖြင့် တစ်ညလုံး ဆေးလုံးများ ဖော်စပ်ရင်း အလုပ်ကို ပြီးစီးစေခဲ့ခြင်းဖြစ်သည်။
သုံးရက်သာ ကြာမြင့်သေးသော်လည်း သူ့တာဝန်၏ ခုနစ်ပုံ သုံးပုံခန့်ကို အပြီးသတ်နိုင်ခဲ့ပြီ ဖြစ်သည်။
“မကြာခင် တည်းခိုခန်း ဖွင့်လို့ရပြီပေါ့... ဒီ စောက်ရမ်းဆိုးရွားလှတဲ့ အစားအသောက်တွေနဲ့တော့ လမ်းခွဲပြီကွ”
နောက်ပိုင်းရက်များက သာယာဖွယ်ကောင်းလှသည်။ ဆေးဖော်စပ်လိုက်၊ သို့မဟုတ် မိန်းမလှလေးများ ဝိုင်းအုံ၍ မာကျောက်ကစားလိုက်ဖြင့်... ဘဝကြီးက ဒီထက်ပိုပြီး ကောင်းစရာ မရှိတော့ပေ။
အထူးပြောရမည်ဆိုလျှင် ရက်အနည်းငယ်ကြာပြီးနောက် “မာကျောက်” ဆိုသော စကားလုံးက ချင်းလွမ်တောင်တစ်ခုလုံးတွင် နာမည်ကြီးသွားခဲ့သည်။ တပည့်များမှာ အနားယူချိန်ရောက်တိုင်း မာကျောက်အကြောင်းမှလွဲ၍ အခြားဘာကိုမျှ မပြောကြတော့ပေ။
လုချန် ဖြတ်လျှောက်သွားရင်း မိန်းကလေးများ မာကျောက်အကြောင်း စကားစမြည်ပြောနေကြသည်ကို ကြားရတိုင်း သူ ပြုံးရုံသာ ပြုံးနေလိုက်သည်။
မာကျောက်၏ ဆွဲဆောင်မှုက လူတိုင်း ခံစားမိနိုင်သော အရာမျိုး ဖြစ်သည်။
မိုးရွာရွာ နေပူပူ၊ ပိုက်ဆံချေးပြီးဖြစ်ဖြစ် နှစ်ပွဲလောက်တော့ ကစားလိုက်ရမှ... လုံးဝကို ဆွဲဆောင်မှု အပြည့်ပဲလေ။
ယနေ့သည် လုချန် ချင်းလွမ်တောင်ပေါ်တွင် နေထိုင်သည့် ဆယ့်သုံးရက်မြောက်နေ့ ဖြစ်သည်။ ညနေခင်းရောက်တိုင်း အရံတောင်ထွတ်ပေါ်ရှိ ကျောက်တုံးတစ်တုံးပေါ်တွင် ထိုင်ကာ နေဝင်ဆည်းဆာ၏ အလင်းတန်းများကို သူ ထိုင်ကြည့်လေ့ရှိသည်။
လူတွေကတော့ သူ့ကို ရှုခင်းကို သဘောကျသည်ဟု ထင်ကြလိမ့်မည်။ တကယ်တမ်း၌ သူက နေဝင်ဆည်းဆာကို ကြည့်ရင်း သူ၏ အရင်ကမ္ဘာမှ လူစည်ကားလှသော လမ်းမများကို ပြန်လည်မြင်ယောင်နေခြင်းသာ ဖြစ်သည်။ အိမ်လွမ်းစိတ်ပင် ဖြစ်၏။
“ငါ တွက်ကြည့်ရသလောက်ဆိုရင် တစ်နှစ်တောင် ပြည့်သွားပြီပဲ။ ငါ ကျပန်းရွေးဝယ်ခဲ့တဲ့ ထီလက်မှတ်လေးလည်း သက်တမ်းကုန်သွားလောက်ရောပေါ့”
သူ ခေါင်းခါလိုက်ပြီး ဆည်းဆာအလင်းတန်းများ ပျောက်ကွယ်သွားသည်နှင့် ဆေးဖော်စပ်ရေးအခန်းထဲသို့ ဝင်သွားလိုက်သည်။
မစ်ရှင်ကို အပြီးသတ်ရန် သူ ကြယ်ခုနစ်ပွင့်အဆင့် ဆေးလုံး အလုံးလေးရာ လိုအပ်နေသေးသည်။
“သတိထားကြဟေ့... စတုတ္ထဆရာဦးလေး ဆေးဖော်ခန်းထဲ ဝင်သွားပြီ။ အကုန် ပုန်းကြတော့”
လုချန် အခန်းထဲသို့ ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် ထိုအော်ဟစ်သံကြီး ထွက်ပေါ်လာသည်။
လွန်ခဲ့သည့် နှစ်ရက်က သူ ကြယ်ခုနစ်ပွင့်အဆင့် ဆေးလုံး ဖော်စပ်လိုက်စဉ် ကောင်းကင်ယံမှ လျှပ်စီးများ ကျဆင်းလာခဲ့သည်။ ဂိုဏ်းချုပ်မှာ ရန်သူ ဝင်ရောက်တိုက်ခိုက်သည်ဟု ထင်ခဲ့သော်လည်း လုချန် ကြယ်ခုနစ်ပွင့်အဆင့် ဆေးလုံး ဖော်စပ်နေခြင်းသာ ဖြစ်ကြောင်း သိလိုက်ရသောအခါ အံ့အားသင့်လွန်း၍ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရသည်။
ထိုညက ချင်းလွမ်တောင်တစ်ခွင် လျှပ်စီးများ တလက်လက် တောက်ပနေခဲ့သည်။ သို့သော် နှစ်ရက်အကြာတွင်တော့ လူတိုင်း အသားကျနေပြီ ဖြစ်သည်။
နောက်တစ်နေ့ အရုဏ်တက်ချိန်တွင်တော့ လုချန်တစ်ယောက် လန်းဆန်းတက်ကြွစွာဖြင့် အခန်းထဲမှ ထွက်လာခဲ့သည်။
“ကျေနပ်စရာပဲ”
[မစ်ရှင် ပြီးမြောက်ပါပြီ။ ဆုလာဘ် - တည်းခိုခန်း ဖွင့်မည့်နေရာကို လွတ်လပ်စွာ ရွေးချယ်ခွင့်။]
[ပင်မမစ်ရှင် (၁၄) ထွက်ပေါ်လာပါပြီ - သုံးရက်အတွင်း တည်းခိုခန်း ဖွင့်လှစ်ပါ။ လိုအပ်ချက်များ - ကြမ်းခင်းဧရိယာ စတုရန်းမီတာ နှစ်ရာထက် မနည်းစေရ၊ အလှဆင်ခြင်း တန်ဖိုး တစ်ထောင်အထက် ရှိရမည်၊ ဖွင့်ပွဲတက်ရောက်သူ တစ်ရာအထက် ရှိရမည်။ ဆုလာဘ် - သရေစာ တစ်မျိုး။ ကျရှုံးပါက ပြစ်ဒဏ် - နေရာကို ကျပန်းရွေးချယ်မည်၊ အလှဆင်ထားသော တန်ဖိုးများကို ပြန်အမ်းမည် မဟုတ်ပါ။]
သူ ဆေးဖော်ခန်းတံခါးကို ပိတ်လိုက်ပြီးနောက် ဟွာစစ်ဝေ့ကို ခေါ်ကာ ဂိုဏ်းချုပ်ကို သွားခေါ်ခိုင်းလိုက်သည်။
“စီနီယာအစ်မကြီး... အစ်မကြီးကို ခေါ်ခိုင်းလိုက်တာ နှုတ်ဆက်ချင်လို့ပါ”
“နှုတ်ဆက်မယ်။ စတုတ္ထဂျူနီယာမောင်လေး... မင်း ဘာကိုဆိုလိုတာလဲ။ တောင်ပေါ်မှာ မင်း စိတ်တိုင်းမကျစရာ တစ်ခုခုများ ရှိလို့လား”
“လုံးဝ မဟုတ်ပါဘူး။ တကယ်တော့ ဒီရက်တွေက ကျွန်တော် မှတ်မိသလောက် အပျော်ဆုံးရက်တွေပါ။ လူတိုင်းကလည်း အရမ်းကောင်းကြတယ်။ ဒါပေမဲ့ လူတိုင်းမှာ ကိုယ်ပိုင်လမ်းစဉ်ဆိုတာ ရှိတယ်လေ။ ကျွန်တော် ဆေးဖော်စပ်နိုင်တယ်ဆိုပေမဲ့ ကျွန်တော့်ရဲ့ ရည်မှန်းချက်က မှော်ဆေးပညာရှင် ဖြစ်ဖို့ မဟုတ်ဘူး။ ကျွန်တော့်ရဲ့ စစ်မှန်တဲ့ အိပ်မက်နောက်ကို လိုက်ဖို့ ကျွန်တော် သွားတော့မယ်”
သူ၏ မျက်လုံးထဲမှ ဆုံးဖြတ်ချက် ခိုင်မာမှုကို မြင်လိုက်ရသဖြင့် ဂိုဏ်းချုပ်က ထပ်မံတားဆီးခြင်း မပြုတော့ချေ။
“ကောင်းပြီလေ။ မင်းမှာ တခြား ရည်မှန်းချက် ရှိနေမှတော့ ငါ မတားတော့ပါဘူး။ ဒါပေမဲ့ အနည်းဆုံးတော့ အားလုံးကို နှုတ်ဆက်သွားဦးပေါ့”
“အင်းပါ”
မကြာမီမှာပင် လုချန် ထွက်ခွာတော့မည့် သတင်းက ပြန့်နှံ့သွားသည်။
“စတုတ္ထဆရာဦးလေး... တကယ်ကြီး သွားတော့မှာလား”
ဟွာစစ်ဝေ့၏ မျက်လုံးများတွင် လွမ်းဆွတ်တမ်းတမှုများ ပြည့်နှက်နေသည်။
“အေး... ငါ့ရဲ့ အိပ်မက်နောက်ကို လိုက်ဖို့ ငါ ထွက်သွားတော့မယ်”
လုချန်က မျက်လုံးများကို ကျဉ်းမြောင်းကာ အဝေးသို့ ငေးကြည့်လိုက်သည်။
“ဆရာဦးလေးရဲ့ အိပ်မက်က မှော်ဆေးပညာရှင် ဖြစ်ဖို့ မဟုတ်ဘူးလား”
ယွီလီချင်းက မေးလိုက်သည်။
ပြီးခဲ့သည့်အကြိမ်က သူ ကြွားလုံးထုတ်စဉ်က သူမကို အတိအကျ ထိုအတိုင်း ပြောခဲ့ဖူးသည်လေ။
“အယ်...”
လုချန်တစ်ယောက် အထာဖမ်းရန် ကြိုးစားနေဆဲဖြစ်သော်လည်း အနည်းငယ် ပြာယာခတ်သွားသည်။
“အဲဒါ... အဲဒါက သေးငယ်တဲ့ အိပ်မက်လေးပါ။ တကယ့်ကို သေးသေးလေးပေါ့”
*