ယနေ့တွင် လုချန် ထွက်ခွာတော့မည်ဆိုသော သတင်းကို ကြားသိလိုက်ရသောအခါ ချင်းလွမ်တောင်မှ တပည့်များအားလုံး အလွန် ဝမ်းနည်းပူဆွေးနေကြသည်။
“စတုတ္ထဆရာဦးလေး... အရံတောင်ထွတ်ပေါ်မှာ ယောကျ်ားလေးတစ်ယောက် ရှိနေတာကို သြော်... အခုမှ အသားကျခါစရှိသေးတယ်၊ အခု ထွက်သွားပြန်ပြီ”
“ဆရာဦးလေး လုပ်ရပ်က ဘယ်လောက်တောင် လွန်ကျူးနေလဲဆိုတာ သိရဲ့လား”
“ဆရာဦးလေး ထွက်သွားပြီးရင် ဘယ်တော့များမှ ပြန်တွေ့ရပါ့မလဲ မသိတော့ဘူး”
မိန်းကလေးများမှာ လုချန်ကို လုံးဝ ထွက်မသွားစေချင်ကြပေ။ သူက ဂျူနီယာညီမလေးများ၏ အသက်ကို ကယ်တင်ပေးခဲ့ရုံသာမက လွန်ခဲ့သည့်ရက်အနည်းငယ်ကလည်း စီနီယာအစ်မကြီးမှတစ်ဆင့် လူတိုင်းကို ဆေးလုံးတစ်လုံးစီ လက်ဆောင်ပေးခဲ့သေးသည်လေ။
ဆေးလုံးတစ်လုံးဆိုသည်မှာ အသက်ကယ်ရတနာတစ်ခု ဖြစ်သည်။ လူတိုင်းက လုချန်ကို ရင်ထဲမှလှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်နေကြသည်။
“စတုတ္ထဆရာဦးလေးသာ ထွက်သွားရင် ကျွန်မတို့တွေ ပျော်စရာတွေ အများကြီး ဆုံးရှုံးသွားတော့မလို ခံစားရတယ်”
“လေသံတွေ၊ မိုးကြိုးသံတွေကိုလည်း ကြားရတော့မှာ မဟုတ်ဘူး”
ဝမ်းနည်းကြေကွဲဖွယ် ခံစားချက်များက လူအုပ်ကြားတွင် ပြန့်နှံ့နေပြီး လူတိုင်းက အတော်လေး စိတ်ဓာတ်ကျနေပုံရသည်။
“လာကြ... ဖက်ကြရအောင်။ ငါက ငါ့ရဲ့ အိပ်မက်တွေနောက်ကို လိုက်ဖို့ ထွက်သွားတော့မှာဆိုတော့ ငါ့ရင်ထဲမှာ မင်းတို့ကို အမှတ်ရနေအောင် တစ်ခုခုတော့ ပေးလိုက်ကြပါဦး”
လုချန်က မိန်းကလေးများအနားသို့ လျှောက်သွားကာ အရှက်အကြောက်မရှိ လက်နှစ်ဖက်ကို ဆန့်တန်းလိုက်သည်။
သူ့ကို ပထမဆုံး ဖက်လိုက်သူမှာ ဟွာစစ်ဝေ့ ဖြစ်သည်။
သူက ဟွာစစ်ဝေ့၏ အသက်သခင်ကျေးဇူးရှင် ဖြစ်သည်။ သူ့ကို ထွက်မသွားစေချင်ဆုံးသူမှာလည်း သူမပင် ဖြစ်သည်။
မွှေးကြိုင်သော ရနံ့လေးတစ်ခု သူ၏ ရင်ခွင်ထဲသို့ တိုးဝင်လာချိန်တွင် လုချန် သူ၏ ပခုံးပေါ်မှ စိုစွတ်မှုကို ခံစားလိုက်ရသည်။
“ဆရာဦးလေး... ဆရာဦးလေးမှာ ကျင့်ကြံခြင်းအဆင့်မှ မရှိတော့တာ။ အပြင်ဘက်မှာ သွားလာတဲ့အခါ ဂရုစိုက်ရမယ်နော်”
ဟွာစစ်ဝေ့က ရှိုက်ကြီးတငင် ငိုကြွေးရင်း ပြောလိုက်သည်။
“တိတ်ပါ တိတ်ပါ... ကျင့်ကြံခြင်းလောကမှာ လျှောက်လှမ်းနေကြတဲ့ ငါတို့တွေက အသက်ကို ဖက်နဲ့ထုပ်ပြီး သွားနေကြတာချည်းပဲ မဟုတ်လား”
လုချန်က သူမ၏ ကျောပြင်လေးကို ညင်သာစွာ ပုတ်ပေးရင်း နှစ်သိမ့်စကား ဆိုလိုက်သည်။
ယွီလီချင်းက အနောက်ဘက်တွင် ရပ်နေသည်။ လုချန်တစ်ယောက် အသက်ကို ဖက်နဲ့ထုပ်ရမည့် အကြောင်းကို ဒီလောက် ပေါ့ပေါ့ပါးပါးနဲ့ ဂရုမစိုက်ဟန် ပြောနေသည်ကို မြင်လိုက်ရတော့ ထိုစကားလုံးများရဲ့ နောက်ကွယ်မှာ ဘယ်လောက်တောင် နာကျင်စရာတွေ ပုန်းကွယ်နေမလဲဟု သူမ တွေးမိသွားသည်။
မိန်းကလေးများကို တစ်ယောက်ပြီးတစ်ယောက် ဖက်နေစဉ်အတွင်း လုချန်က သူ၏နှလုံးသားသည် ပြိုင်ဘက်ကင်းအောင် ဖြူစင်ပါသည်ဟု ကျိန်တွယ်ဝံ့သည်။ သို့သော်လည်း အပြစ်အနာအဆာကင်းသော ခန္ဓာကိုယ်အချိုးအစားလေးများက သူ၏ ရင်ခွင်ထဲသို့ တစ်ယောက်ပြီးတစ်ယောက် တိုးဝင်လာသောအခါ သူတော်စင်တစ်ပါးပင်လျှင် စိတ်မလှုပ်ရှားဘဲ နေနိုင်မည် မဟုတ်ပေ။
“လန်းလိုက်တာကွာ... လန်းလိုက်တာ”
လုချန်၏ ကိုယ်ပေါ်တွင် ပုန်းအောင်းနေသော သစ်ပင်မိစ္ဆာက ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။
“သူရဲကောင်းကြီးရဲ့ နောက်ထပ် ပန်းတိုင်က ဘယ်နေရာများ ဖြစ်မလဲ မသိဘူး။ တော်တော်လေးကို မျှော်လင့်ချင်စရာ ကောင်းနေပြီ”
နောက်ဆုံးတွင်တော့ ယွီလီချင်းက လုချန်အနားသို့ လျှောက်လာခဲ့သည်။
လုချန်က လက်နှစ်ဖက်ကို ဆန့်တန်းပေးလိုက်သည်။
“ဆရာဦးလေး... နောက်ထပ် ဘယ်ကိုသွားမှာလဲ။ ကျွန်မတို့ လိုက်ပို့ပေးဖို့ လိုသေးလား။ ဆရာဦးလေးရဲ့ ရည်မှန်းချက်က ဒဏ္ဍာရီထဲက တားမြစ်နယ်မြေတွေထဲက တစ်ခုခုများလား၊ ဒါမှမဟုတ် ပိုမြင့်မားတဲ့ ကမ္ဘာတစ်ခုကို ရှာဖွေဖို့လား”
လုချန်ကို ကြည့်ရင်း ယွီလီချင်း၏ နှာခေါင်းဝလေးလည်း အနည်းငယ် ကျိန်းစပ်လာသည်။
သူမ တတ်နိုင်သမျှ ထိန်းချုပ်ထားသော်လည်း ကျင့်ကြံခြင်းအဆင့်မရှိတော့သော လုချန်တစ်ယောက် ခြေလှမ်းတိုင်းတွင် ရုန်းကန်နေရမည့် ပုံရိပ်က သူမ၏ စိတ်ထဲတွင် ပေါ်လာပြန်သည်။
ဤနေရာမျိုးတွင် ကျင့်ကြံခြင်းအဆင့်မရှိသော သာမန်လူတစ်ယောက် မည်သို့သော ကံကြမ္မာမျိုးနှင့် ကြုံတွေ့ရမည်ကို သူမ ကောင်းကောင်း နားလည်ထားသည်လေ။
“ဟုတ်တယ် ဆရာဦးလေး... ကျွန်မတို့ကို လိုက်ပို့ခွင့်ပြုပါ”
“ဒီမှာပဲ ဆက်နေလို့ မရဘူးလားဟင်”
မိန်းကလေးများက ဝိုင်းပြောကြပြန်သည်။
“မရဘူးလေ။ လူတစ်ယောက်ဆိုတာ ဘဝမှာ ရည်မှန်းချက်လေးတွေတော့ ရှိရမယ်လေ။ ငါ့ရဲ့ ရည်မှန်းချက်က တခြားလူတွေအတွက် အသေးအဖွဲလို့ ထင်ရပေမဲ့ ဒါဟာ ငါ့ရဲ့ အိပ်မက်ပဲ”
လုချန်က ခေါင်းခါပြလိုက်ပြီး အဝေးသို့ ထပ်မံငေးကြည့်လိုက်ပြန်သည်။
“ဆရာဦးလေး... ကျွန်မတို့ လိုက်ပို့ပေးပါရစေ”
ယွီလီချင်းက လုချန်ကို အရင်ဆုံး စတင်ဖက်လိုက်သည်။
ထိုကျော့ရှင်းလှပသော ကိုယ်နေဟန်ထားနှင့် သွယ်လျသော ခန္ဓာကိုယ်လေးကြောင့် ယခုလေးတင်မှ ငြိမ်သက်သွားသော လုချန်၏ ခန္ဓာကိုယ်တစ်နေရာမှ ပြန်လည်အသက်ဝင်လာပြန်သည်။
ယွီလီချင်းလည်း လုချန်ထံမှ ပုံမှန်မဟုတ်သော အခြေအနေကို ခံစားမိလိုက်သည်။ သူမ၏ လှပသော မျက်နှာလေးက ချက်ချင်းပင် နီရဲသွားပြီး ရှက်သွေးဖြာကာ အပြစ်တင်ချင်စရာ အကြည့်လေးဖြင့် ကြည့်လိုက်သည်။ လူတွေအများကြီး ရှေ့မှာမို့ ဘာမှပြောလို့ကလည်း မဖြစ်ပေ။
လုချန်လည်း ခေါင်းကိုကုတ်ကာ တဟဲဟဲနှင့် အရူးတစ်ယောက်လို ရယ်မောလိုက်သည်။
“ကဲပါ... မင်းတို့ရဲ့ စတုတ္ထဆရာဦးလေးကို သွားမနှောင့်ယှက်ကြပါနဲ့တော့”
ချင်းလွမ်တောင်၏ ဂိုဏ်းချုပ်က ဘေးမှနေ၍ ပြုံးကာ ကြည့်နေခဲ့သည်။
“စတုတ္ထဂျူနီယာမောင်လေး... မင်း ဘယ်ကိုပဲသွားသွား ငါ တစ်ထောက်လောက် လိုက်ပို့ပေးပါရစေ။ မဟာတောရိုင်းနယ်မြေဆိုတာ ခရီးရှည်ကြီးမို့လို့ မင်းအတွက် သွားလာဖို့ မလွယ်ကူလှဘူး”
“မလိုပါဘူး... မလိုပါဘူး။ တကယ် မလိုပါဘူး”
လုချန်က လက်နှစ်ဖက်ကို ကမန်းကတန်း ဝှေ့ယမ်းပြလိုက်သည်။
“ကျွန်တော်က ဒီတောင်အောက်က မြို့လေးမှာ တည်းခိုခန်း ဖွင့်ဖို့ စီစဉ်ထားတာပါ။ အခု တောင်အောက်ဆင်းရင် ညနေလောက်ဆို ရောက်ပါပြီ”
လုချန် စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် သူ၏ပတ်ဝန်းကျင်ရှိ လေထုက ချက်ချင်း ပြောင်းလဲသွားသည်ကို ခံစားလိုက်ရသည်။ လွန်ခဲ့သည့် တစ်စက္ကန့်လေးတင်ကမှ ဝမ်းနည်းနေကြသော မိန်းကလေးများမှာ ယခုအခါ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။
တည်းခိုခန်း ဖွင့်မယ်။
တောင်အောက်ခြေက မြို့လေးမှာပေါ့။
ဖော်ပြ၍မရနိုင်သော ခံစားချက်တစ်ခုက သူတို့၏ ရင်ထဲတွင် ပြန့်နှံ့သွားသည်။ ယွီလီချင်းက လုချန်၏ အရူးလို အပြုံးကြီးကို မြင်လိုက်ရသောအခါ ခုနက မိန်းကလေးများ သူ့ကို တစ်ယောက်ပြီးတစ်ယောက် ဖက်ခဲ့ကြသည်ကို သတိရသွားသည်။
“စတုတ္ထဆရာဦးလေး... ရှင်”
“ကဲကဲ... ငါ သွားတော့မယ်။ လိုက်မပို့နဲ့တော့”
အခြေအနေ မဟန်တော့သည်ကို မြင်လိုက်ရသဖြင့် လုချန် ခြေသလုံးအိမ်တိုင် ထွက်ပြေးတော့သည်။
“စတုတ္ထဆရာဦးလေး... အဲဒီမှာ ရပ်စမ်း”
လုချန် မီတာတစ်ရာကျော်လောက် ပြေးသွားပြီးမှသာ မိန်းကလေးများ သတိဝင်လာကြသည်။ သူတို့၏ မျက်နှာများမှာ နီရဲနေပြီး ခြေဆောင့်ကာ သူ့နောက်သို့ ပြေးလိုက်ကြတော့သည်။
အနည်းငယ် ခါးကိုင်းညွတ်နေသော ဂိုဏ်းချုပ်ကြီးက ပြေးလွှားဆော့ကစားနေကြသော လူအုပ်ကြီးကို ကြည့်ရင်း ကျေနပ်ပီတိဖြစ်နေသော အပြုံးတစ်ခု သူမ၏ မျက်နှာပေါ်တွင် ပေါ်လာသည်။
“ဒီကလေးတွေ ဒီလိုမပျော်ရတာ အတော်ကြာနေပြီပဲ”
သူတို့၏ နောက်ပြောင်ဆော့ကစားသံများက တောင်အောက်ဆင်းလမ်းတစ်လျှောက်လုံး ပဲ့တင်ထပ်နေသည်။ လုချန်က ခြေလှမ်းပေါ့ပါးစွာဖြင့် ရွေ့လျားနေပြီး သူ၏ အမြန်နှုန်းကလည်း မနှေးလှပေ။
“စီနီယာအစ်မကြီး... လာကြည့်ပါဦး”
ဂိုဏ်းချုပ်ကြီး ထွက်ခွာတော့မည့်ဆဲဆဲမှာပင် တတိယအကြီးအကဲက သူမကို တားလိုက်သည်။
“ဟိုဘက်ကို ကြည့်လိုက်”
တတိယအကြီးအကဲက ဆေးဖော်စပ်ရေးအခန်းဘက်သို့ လက်ညိုးထိုးပြလိုက်သည်။ ထိုနေရာတွင် အရောင်အသွေးစုံလင်လှသော အလင်းတန်းများ ပြန့်ကျဲစီးဆင်းနေပြီး တောင်ငယ်လေးတစ်လုံးပမာ ပုံပန်းသဏ္ဌာန် ဖြစ်ပေါ်နေသည်။ ဆေးလုံးပေါင်း လေးထောင်တိတိကို လုချန်က ဆေးဖော်စပ်ရေးအခန်းထဲတွင် ချန်ထားရစ်ခဲ့ခြင်းဖြစ်သည်။ ဒါက စောစောက အခန်းတံခါးကိုပိတ်ရန် သူ အသည်းအသန် ရုန်းကန်ခဲ့ရခြင်း၏ အကြောင်းရင်းပင် ဖြစ်သည်။
ယခုလေးတင် တံခါးက ပြည့်ကျပ်နေသော ဆေးလုံးများ၏ ဖိအားကို မခံနိုင်တော့ဘဲ ဟဟလေး ပွင့်သွားခဲ့သည်။ ပုံပုံကျနေသော ဆေးလုံးများက ထွက်ပေါက်တစ်ခု ရှာတွေ့သွားသည့်အလား အပြင်သို့ လျှံကျလာတော့သည်။
အရောင်အသွေးစုံလင်စွာဖြင့် တောက်ပနေသော ဤတောင်ငယ်လေးက ဂိုဏ်းချုပ်ကြီး၏ မျက်လုံးထဲတွင် အပြည့်အဝ စွဲထင်သွားသည်။
“စီနီယာအစ်မကြီး... ဒီအထဲမှာ ကြယ်ခုနစ်ပွင့်အဆင့် ဆေးလုံး အနည်းဆုံး တစ်ထောင်ပါတယ်။ ပြီးတော့ ကြယ်ခြောက်ပွင့်အဆင့်ကလည်း တစ်ထောင်ပါတယ်။ စတုတ္ထမောင်လေးက ဒါတွေအကုန်လုံး ချန်ထားရစ်ခဲ့တာ”
ထိုဆေးလုံးများကို ကြည့်ရင်း ဂိုဏ်းချုပ်ကြီးမှာ အချိန်အတော်ကြာ မှင်သက်နေပြီးမှ စကားပြောထွက်တော့သည်။
“စတုတ္ထဂျူနီယာမောင်လေးက... တကယ်ကို ငါတို့ ချင်းလွမ်တောင်ရဲ့ ကံကောင်းခြင်းကြယ်ပွင့်လေးပဲ”
...
ချင်းလျန်မြို့သည် ချင်းလွမ်တောင်တန်း၏ အောက်ခြေတွင် တည်ရှိသည်။ ချင်းလွမ်တောင်နှင့် အလွန်နီးကပ်သောကြောင့် ၎င်းကို စည်ကားတိုးတက်သော နေရာတစ်ခုအဖြစ် သတ်မှတ်ကြသည်။ စိတ်ဝိညာဉ်သားရဲများက ပြဿနာလာရှာဝံ့ခြင်း မရှိသလို လမ်းပိတ်ဓားပြတိုက်သူများကလည်း အနီးတစ်ဝိုက်တွင် ရမ်းကားရဲခြင်း မရှိပေ။
ချင်းလျန်မြို့လေး တည်ထောင်နိုင်ခဲ့ပြီး စည်ကားတိုးတက်လာရခြင်းမှာ ချင်းလွမ်တောင်၏ ကျေးဇူးကြောင့်ဟု ဆိုနိုင်သည်။
လှပသော အမျိုးသမီးငယ်တစ်စု ချင်းလျန်မြို့သို့ ရောက်ရှိလာကြသည်။ တစ်ယောက်ချင်းစီတိုင်းက ချစ်စရာကောင်းသော မျက်နှာလေးများနှင့် နတ်သမီးလေးများကဲ့သို့ ကိုယ်နေဟန်ထားများ ရှိကြပြီး ဆင်တူ အစိမ်းရောင်ဝတ်ရုံများကို ဝတ်ဆင်ထားကြသည်။ သူတို့၏ အသွင်အပြင်က လူအများ၏ အာရုံကို ချက်ချင်းပင် ဖမ်းစားသွားတော့သည်။
“စီနီယာအစ်မကြီး... စတုတ္ထဆရာဦးလေးက ဘယ်နေရာမှာ ပုန်းနေမယ်လို့ ထင်လဲ”
“ဘယ်သူသိမှာလဲ။ သူရဲ့ ကျင့်ကြံခြင်းသိုင်းလောကအတွေ့အကြုံက အရမ်းနက်ရှိုင်းလွန်းတော့ သူသာ ပုန်းနေမယ်ဆိုရင် ရှာဖို့ လွယ်မှာမဟုတ်ဘူး”
ဤမိန်းမလှလေးများအဖွဲ့မှာ လုချန်နောက်သို့ တောင်အောက်အထိ လိုက်လာကြသော ချင်းလွမ်တောင်မှ တပည့်များပင် ဖြစ်သည်။
သူတို့ လမ်းမများပေါ်မှ ဖြတ်လျှောက်သွားသောအခါ အနီးနားရှိ စားသောက်ဆိုင်များမှ အမျိုးသားများမှာ သူတို့ထံသို့ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြသည်။
“လှလိုက်တာကွာ။ တစ်ယောက်ယောက်များ ချင်းလွမ်တောင်က မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်ခွင့်ရမယ်ဆိုရင် ဘယ်လောက်တောင် ကံကောင်းလိုက်မလဲ”
“တွေးတောင်မတွေးနဲ့။ ငါတို့ ဟူတိုင်းပြည်မှာ ဘယ်သူကများ အဲဒီလောက် ဂုဏ်ကျက်သရေ ရှိနေလို့လဲ။ ငါထင်တာတော့ အဲဒီလို ကံကောင်းမှုမျိုးက ထိပ်သီးဂိုဏ်းကြီးတွေက တပည့်တွေပဲ ရနိုင်လိမ့်မယ်”
စားသောက်ဆိုင်မှ လူများက ချင်းလွမ်တောင်မှ တပည့်များကို ကြည့်ရင်း သက်ပြင်းချလိုက်ကြသည်။ သို့သော် ဤအမျိုးသမီးများအားလုံးက အမျိုးသားတစ်ဦးတည်းကို ရှာဖွေရန်အတွက် တစ်ပြိုင်တည်း ပေါ်လာကြခြင်းဖြစ်ကြောင်း သူတို့သာ သိလိုက်ရပါက မည်သို့များ တွေးကြမည်မသိပေ။
ချင်းလျန်မြို့၏ ထောင့်တစ်နေရာတွင် လုချန်က လမ်းပေါ်မှ ဖြတ်လျှောက်သွားသော မိန်းကလေးများကို ကြည့်ရင်း သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်သည်။
“သီသီလေး... သီသီလေးဟေ့။ ချီးပဲ... ငါ ခုနက တကယ်ကို အရှိန်လွန်သွားတာ။ ဘယ်လိုလုပ်ပြီး အဲဒီလိုစကားမျိုး လွှတ်ခနဲ ထွက်သွားရတာလဲ”
ထောင့်ချိုးလေးထဲမှ လစ်ထွက်လာပြီးနောက် လုချန်တစ်ယောက် မြို့ထဲတွင် စတင်လျှောက်လည်တော့သည်။
ဒီတစ်ကြိမ် တည်းခိုခန်းက သူ့ကို စုစုပေါင်း သုံးရက် အချိန်ပေးထားသည်။ သူ နောက်ဆုံးတော့ အားလပ်ချိန်လေး ခံစားခွင့်ရပြီလေ။
သာမန်ပြည်သူတွေရဲ့ လေထုကို ခံစားကြည့်လိုက်ရာ ချင်းလျန်မြို့မှ လူများက အလွန် သဟဇာတဖြစ်ကြပြီး လမ်းလျှောက်နေသူတိုင်း၏ မျက်နှာပေါ်တွင် အပြုံးကိုယ်စီ ရှိနေကြသည်ကို တွေ့လိုက်ရသည်။
“ဒီလိုလေထုမျိုးကို ငါ သဘောကျတယ်”
*