လုချန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ မြို့ထဲတွင် အေးအေးလူလူ လမ်းလျှောက်နေသည်။
မဟာတောရိုင်းနယ်မြေတွင် တည်းခိုခန်း ဖွင့်ရခြင်းက ဤတစ်ကြိမ်အတွက် အရေးပါသော ခြေလှမ်းတစ်ခု ဖြစ်သဖြင့် သူ သေချာစဉ်းစားရမည် ဖြစ်သည်။
နေရာရွေးချယ်မှုနှင့် ပတ်သက်၍ တည်းခိုခန်းကိုယ်တိုင်က ကြမ်းခင်းဧရိယာ စတုရန်းမီတာ နှစ်ရာထက် မနည်းရမည့်အပြင် အလှဆင်ခြင်းတန်ဖိုးကိုလည်း တစ်ထောင်အထိ သတ်မှတ်ထားသည်။
မြို့ပျက်ကြီးနှင့် ရှအင်ပါယာ မြို့တော်တို့တွင် ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများအရ လုချန်က ဒီတစ်ကြိမ်တော့ ဖြစ်ကတတ်ဆန်း မလုပ်ဖို့ ဆုံးဖြတ်ထားသည်။ အခြားသူများက အပြင်ပန်းအသွင်အပြင်ကို ကြည့်ပြီး သူ့ကို အထင်မသေးစေရန် အနည်းဆုံးတော့ သေသေချာချာ အလှဆင်ဖို့ ရည်ရွယ်ထားသည်။
ထို့ကြောင့် သူ အလွန်အမင်း ကြီးမားသော အဆောက်အအုံကို ရှာရန် မလိုအပ်ပေ။ နှစ်ထပ်အဆောက်အအုံ စတုရန်းမီတာ နှစ်ရာဆိုလျှင် ကွက်တိပင် ဖြစ်သည်။
အလှဆင်ခြင်းတန်ဖိုးက ဘယ်လောက်တောင် ဈေးကြီးသလဲဆိုတာကို သူ အသိဆုံးဖြစ်သည်။ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ဆယ်တုံးမှ အလှဆင်ခြင်းတန်ဖိုး အနည်းငယ်သာ ရရှိပြီး ၎င်းမှာလည်း အဆင့်နိမ့် အလှဆင်မှုများအတွက်သာ ဖြစ်သည်။ ဒီတစ်ကြိမ်တော့ သူ အဆင့်မြင့် ရွေးချယ်မှုတွေကို သွားရမှာပေါ့။ အိမ်ကသာ အရမ်းကြီးနေရင် အလှဆင်ဖို့ သူ တတ်နိုင်မှာ မဟုတ်ဘူးလေ။
တဖြည်းဖြည်းနှင့် ကောင်းကင်ကြီး မှောင်မိုက်လာသည်။ လုချန်က ဘယ်နေရာတွေမှာ လူအများဆုံးလဲ၊ ဘယ်နေရာတွေမှာ လူသွားလူလာ အများဆုံးလဲဆိုတာကို ထောင့်ပေါင်းစုံမှ လေ့လာစူးစမ်းခဲ့ပြီး ညဉ့်နက်မှသာ သူ၏ စူးစမ်းလေ့လာရေး ခရီးစဉ်ကို အဆုံးသတ်လိုက်သည်။
“သူရဲကောင်းကြီး... တည်းခိုခန်း ဖွင့်ချင်တယ်ဆိုရင် လမ်းဘေးက သာမန်ပြည်သူတွေကိုချည်းပဲ ကြည့်နေလို့ မရဘူးလေ”
ညနေခင်းအချိန် လုချန် အနားယူရန် နေရာတစ်ခု ရှာတော့မည့်ဆဲဆဲမှာပင် သစ်ပင်မိစ္ဆာက ဝင်ပြောလိုက်သည်။
လုချန် တည်းခိုခန်း ဖွင့်တော့မည်ဆိုသည်ကို သိလိုက်ရသောအခါ ဤကောင်လေးက ထပ်မံစိတ်လှုပ်ရှားလာပြန်သည်။
တည်းခိုခန်းတဲ့။ မှောင်မိုက်တဲ့ ညတွေ၊ ပြင်းထန်တဲ့ လေတိုက်ခတ်မှုတွေ၊ ခုတင်ပေါ်မှာ လှဲလျောင်းနေတဲ့ မိန်းမလှလေးတွေ... တွေးကြည့်ရုံနဲ့တင် ရင်ခုန်စရာ ကောင်းလိုက်တာ။
“အို... ဒါဆိုရင် ငါ ဘာတွေကို ထပ်ကြည့်ရဦးမှာလဲ”
“သူရဲကောင်းကြီး... ခင်ဗျား မသိတဲ့အရာတစ်ခု ရှိတယ်။ ဒီကမ္ဘာကြီးမှာ ဘဝရဲ့ ဖိအားတွေကြောင့် အိုးမဲ့အိမ်မဲ့ လေလွင့်နေရတဲ့ သနားစရာလူတွေ အများကြီးရှိတယ်။ ခင်ဗျား တည်းခိုခန်း ဖွင့်တဲ့အချိန်မှာ သူတို့ကို ကူညီပေးနိုင်မယ်ဆိုရင် ဒါဟာ ကုသိုလ်ကောင်းမှုတစ်ခုပဲလေ”
“အို... မင်းရဲ့ အသိအမြင်က ဒီလောက်တောင် မြင့်မားသွားတာလား”
လုချန်က အနည်းငယ် အံ့သြသွားကာ နားထောင်လိုက်သည်။
“ဒါပေါ့။ ကျွန်တော်က အမြဲတမ်း ကရုဏာတရားကို လက်ကိုင်ထားတာလေ။ ဒီနေ့လည်း အတော်လေး မိုးချုပ်နေပြီဆိုတော့ သူရဲကောင်းကြီးအနေနဲ့ အဲဒီသနားစရာ လူတွေကို သွားမကြည့်ချင်ဘူးလား။ အခုလို ညဉ့်နက်နေပြီဆိုတော့ သူတို့ထဲက တချို့ဆို ထမင်းတစ်လုပ်တောင် စားရသေးမှာ မဟုတ်ဘူး”
လုချန်က သစ်ပင်မိစ္ဆာကို အိတ်ကပ်ထဲမှ ဆွဲထုတ်ကာ လက်ထဲတွင် ကိုင်ထားရင်း စိုက်ကြည့်လိုက်သည်။
“ကောင်စုတ်လေး မင်း ဘာအကြံအစည်တွေ ရှိနေတာလဲ”
“သူရဲကောင်းကြီး... ကျွန်တော့်ကို ဘယ်လိုများ ထင်နေတာလဲ။ ကျွန်တော်က ကောင်းကင်နဲ့ မြေကြီးရဲ့ အနှစ်သာရကို စုပ်ယူပြီး စိတ်ဝိညာဉ်ချီကို ထုတ်လုပ်ပေးတာလေ။ လူ့လောကရဲ့ အခြေအနေအမျိုးမျိုးကို ကျွန်တော် အသားကျနေတာ ကြာပါပြီ။ အဲဒီသနားစရာလူတွေအတွက် ကျွန်တော် အရမ်းကို စိတ်မကောင်းဖြစ်ရတယ်။ ကျွန်တော့်မှာသာ စွမ်းအားရှိမယ်ဆိုရင် မြင်သမျှလူတိုင်းကို သေချာပေါက် ကူညီပေးမှာပဲ”
သစ်ပင်မိစ္ဆာက အလွန်ရိုးသားလှသော လေသံဖြင့် ပြောလိုက်ရာ ၎င်း၏ အကျည်းတန်လှသော မျက်နှာလေးမှာ အတော်လေး သန့်စင်မွန်မြတ်သွားသယောင်ပင် ထင်ရသည်။
“ကောင်းပြီလေ။ မင်းမှာ ဒီလိုအသိတရားမျိုး ရှိနေတာ ရှားပါတယ်ဆိုတော့ အဲဒီသနားစရာလူတွေကို သွားကြည့်ဖို့ မင်းနဲ့ လိုက်ခဲ့ပေးမယ်”
ငါးမိနစ်ခန့်အကြာတွင် လုချန်က ထောင့်ချိုးတစ်ခု၌ ရပ်ကာ လမ်းတစ်ဖက်သို့ လှမ်းကြည့်နေသည်။
သစ်ပင်မိစ္ဆာက လုချန်၏ ပခုံးပေါ်တွင် ရပ်နေပြီး မျက်နှာပေါ်တွင် သနားစရာကောင်းသော အမူအရာဖြင့် ရှိနေသည်။
“သူရဲကောင်းကြီး... ကြည့်လိုက်စမ်းပါ၊ ဟိုမှာ သူတို့ပဲ။ ငယ်ငယ်ရွယ်ရွယ်နဲ့ အဝတ်အစားလေးတွေကလည်း ပါးပါးလျလျလေးတွေ ဝတ်ထားရရှာတယ်။ တကယ်တော့ သူတို့က အရမ်းလှပေမဲ့ သူတို့ရဲ့ မျက်လုံးတွေထဲမှာတော့ ဟာလာဟင်းလင်း ဖြစ်နေတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်လေးတွေက ချစ်စရာကောင်းပြီး သွယ်လျပေမဲ့ တကယ်တမ်းတော့ သူတို့က လမ်းလျှောက်နေတဲ့ အလောင်းကောင်တွေလိုပါပဲ။ သူတို့က ဘဝရဲ့ ဖိအားပေးမှုခံရတဲ့ အကူအညီမဲ့ဆုံး လူစုလေးတွေပါ။ အဲဒီမှာ မှီရပ်နေတာကို မြင်ရတာ ရင်ကွဲမတတ်ပဲ။ သူရဲကောင်းကြီး... ကျွန်တော်တို့ သွားပြီး မကူညီပေးကြဘူးလား”
ပြောပြီးသည်နှင့် သစ်ပင်မိစ္ဆာက လုချန်၏ ပခုံးပေါ်မှ ခုန်ဆင်းကာ သူ၏ရှေ့တွင် လေးနက်သော မျက်နှာထားဖြင့် ရပ်လိုက်သည်။
လုချန်က အရှေ့မှ မြင်ကွင်းကို တိတ်ဆိတ်စွာ စောင့်ကြည့်နေလိုက်သည်။ ထိုနေရာက သစ်ပင်မိစ္ဆာပြောသော နေရာဖြစ်ပြီး မိန်းကလေးငယ်အချို့မှာ နွေးထွေးမှုပေးနိုင်လောက်သည့် အဝတ်အစားများပင် မရှိကြပေ။
အချိန်အတော်ကြာပြီးနောက် လုချန် လှုပ်ရှားလိုက်ပြီး ရှေ့သို့ တစ်လှမ်း တိုးသွားလိုက်သည်။
“သူရဲကောင်းကြီး... အဆင်သင့်ဖြစ်ပြီလား။ ဒါဆို ကယ်တင်ဖို့ အတူတူ သွားကြ... အား...”
သစ်ပင်မိစ္ဆာ စကားမဆုံးမီမှာပင် လုချန်၏ ကြမ်းတမ်းလှသော ခြေကန်ချက်တစ်ခုက ၎င်း၏ မျက်နှာတည့်တည့်သို့ ကျရောက်သွားပြီး လွင့်စင်ထွက်သွားတော့သည်။
“အဲဒါ ဆောင်ကြာမြိုင်ကွ”
ထိုနေရာတွင် အမျိုးသမီးများက တောက်တောက်ပြောင်ပြောင် ဝတ်ဆင်ထားကြပြီး လက်ကိုင်ပဝါများကို ဝှေ့ယမ်းကာ လမ်းသွားလမ်းလာများကို အဆက်မပြတ် မျက်စပစ် ပြုံးရယ်ပြနေကြသည်။
“ဟီးဟီးဟီးဟီး”
သစ်ပင်မိစ္ဆာက ဖားယားသော အပြုံးဖြင့် ပြန်ရောက်လာသည်။ ၎င်း၏ ပုံသဏ္ဌာန်က မြက်ပင်တစ်ပင် ဖြစ်နေပါလျက် လူသားအမျိုးသမီးများအပေါ် အဘယ်ကြောင့် ဤမျှလောက် စွဲလမ်းနေရသနည်းဆိုသည်မှာ နားလည်ရန် အလွန်ခက်ခဲလှသည်။ လုချန်၏ အတွေးအရဆိုလျှင် ၎င်းက ထင်းရှူးပင်ကဲ့သို့သော အရာမျိုးကိုသာ စိတ်ဝင်စားသင့်သည် မဟုတ်ပါလား။
“သူရဲကောင်းကြီး... ‘ဆောင်ကြာမြိုင်’ ဆိုတာ နာမည်တစ်ခုသက်သက်ပါ။ ကျွန်တော်တို့ ကြည့်ရမှာက ကိစ္စရပ်တစ်ခုရဲ့ အနှစ်သာရကိုပဲ။ ဒီနေရာက ဘယ်လိုနေရာမျိုးပဲဖြစ်ဖြစ် အဆုံးမှာတော့ အထဲက မိန်းကလေးတွေအကုန်လုံးက သနားစရာလူတွေချည်းပါပဲ”
“အင်း... အဲဒါလည်း ဟုတ်တာပဲ။ သွားပြီး ဝင်ကြည့်ကြတာပေါ့”
လုချန် ခေါင်းညိတ်လိုက်သည်။
သစ်ပင်မိစ္ဆာ၏ မျက်နှာပေါ်တွင် အလွန်တရာ ဝမ်းသာပျော်ရွှင်မှုများ ချက်ချင်း ပြည့်နှက်သွားသည်။ ၎င်းက အစိမ်းရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး လုချန်၏ ရင်ဘတ်ထဲသို့ တိုးဝင်သွားကာ အလွန်အမင်း စိတ်လှုပ်ရှား တက်ကြွနေပုံရသည်။
အပေါက်ဝသို့ မရောက်မီမှာပင် တစ်စုံတစ်ယောက်က လုချန်ကို မြင်သွားခဲ့သည်။ ဆွဲဆောင်မှုရှိသော အဝတ်အစားများ ဝတ်ဆင်ထားသည့် အမျိုးသမီးငယ်နှစ်ဦးက ချက်ချင်းပင် သူ့အနားသို့ ဝိုင်းရံလာကြပြီး မွှေးကြိုင်သော ရနံ့များ သယ်ဆောင်လာကြသည်။
“သခင်လေး... မျက်နှာသစ်လေးပါလား။ အပန်းဖြေဖို့ လာတာလားဟင်”
“ဟွန့်... ဒီနေရာက အနာမည်ကြီးဆုံး ကြယ်ပွင့်ကို ခေါ်လာခဲ့စမ်း”
လုချန်၏ ကိုယ်ပေါ်မှ အသံတစ်သံ ထွက်ပေါ်လာသည်။
လုချန်ကို ဝိုင်းရံထားသော အမျိုးသမီးများမှာ အနည်းငယ် မှင်သက်သွားကြသည်။ အကြောင်းမှာ သူမတို့ရှေ့ရှိ လူငယ်လေး ပါးစပ်ဟလိုက်သည်ကို မမြင်လိုက်ရသောကြောင့်ပင်။
“ဘာတွေ ကြောင်ကြည့်နေတာလဲ။ မြန်မြန်သွားပြီး အနာမည်ကြီးဆုံး ကြယ်ပွင့်ကို သွားခေါ်ချေလေ”
လုချန်ထံမှ အသံ ထပ်ထွက်လာပြန်သည်။ စကားပြောသူမှာ သစ်ပင်မိစ္ဆာပင် ဖြစ်သည်။ ဤကောင်လေးက လုချန်၏ ရင်ဘတ်ထဲတွင် ပုန်းအောင်းနေပြီး အတော်လေး တက်ကြွကာ စိတ်လှုပ်ရှားနေသည်။
‘ကျင့်ကြံသူတစ်ယောက်ပဲ’
လုချန်ကို ကြိုဆိုနေသော အမျိုးသမီးက ရင်ခုန်သွားပြီး သူမ၏ အပြုံးက ပို၍ပင် ကျယ်ပြန့်လာသည်။
“သခင်လေး... အရင်ဆုံး အထဲဝင်ပါဦးရှင်”
လုချန် ခေါင်းညိတ်လိုက်ပြီး အထဲသို့ ဝင်သွားသည်။ အထဲရောက်သည်နှင့် သူ၏ မျက်လုံးများက ပတ်ဝန်းကျင်ကို စတင်အကဲခတ်တော့သည်။ သစ်ပင်မိစ္ဆာ၏ စကားကို နားထောင်ကာ ဤ ‘သနားစရာလူများကို ကူညီရန်’ ရွေးချယ်ခဲ့ရသည့် အကြောင်းရင်းမှာ သူ သိကျွမ်းသူအချို့ကို မြင်တွေ့ခဲ့ရသောကြောင့် ဖြစ်သည်။
‘ထူးဆန်းတယ်... သူတို့က ဘာလို့ ဒီကို ရောက်လာရတာလဲ’
သူ၏ မျက်လုံးများက အခန်းထဲကို အကဲခတ်လိုက်သော်လည်း ခုနက ပုံရိပ်များကို မမြင်ရတော့ချေ။ လုချန်က စားပွဲတစ်လုံးတွင် ရဲရဲဝံ့ဝံ့ ဝင်ထိုင်လိုက်ပြီး အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးကို စားပွဲပေါ်သို့ ဘန်းခနဲ ပစ်ချလိုက်သည်။ ကမန်းကတန်း ပြေးလာသော အပျော်မယ်ခေါင်းဆောင်မိန်းမကြီးက အဝေးမှနေ၍ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သူမက အလျင်အမြန် လျှောက်လာပြီး လုချန် စားပွဲပေါ် ပစ်ချလိုက်သော စိတ်ဝိညာဉ်ကျောက်တုံးကို သူမ၏ အိတ်ကပ်ထဲသို့ ကျွမ်းကျင်စွာ သိမ်းဆည်းလိုက်သည်။
“အိုကွယ်... သခင်လေး၊ ဘယ်လိုမိန်းကလေးမျိုးကို လိုချင်ပါသလဲရှင်။ ပြောသာပြောလိုက်ပါ”
“ဘာပဲဖြစ်ဖြစ်... အရင်ဆုံး သောက်စရာတွေ ယူလာခဲ့”
လုချန်က ခုနက လူများကို ရှာချင်သောကြောင့် ပင်မခန်းမဆောင်ထဲတွင် နေရာယူလိုက်ခြင်း ဖြစ်သည်။
“ဟဲ့... သခင်လေးအတွက် အကောင်းဆုံး ဝိုင်နဲ့ ဟင်းလျာတွေ ယူလာခဲ့ကြစမ်း”
အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးက အပျော်မယ်ခေါင်းဆောင်မိန်းမကြီးကို ဝမ်းသာအားရ ပြုံးရွှင်သွားစေပြီး အလွန်အမင်း ဖော်ရွေပျူငှာနေတော့သည်။ မကြာမီမှာပင် ကောင်းမွန်လှသော ဟင်းလျာများနှင့် ဝိုင်များ ရောက်ရှိလာပြီး မိန်းမလှလေးနှစ်ဦးက လုချန်၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ဝင်ထိုင်ကာ အဖော်ပြုပေးကြသည်။
“သခင်လေး... ဝိုင်လေး သုံးဆောင်ပါဦးရှင်”
မိန်းမလှလေး၏ အပြုံးက မက်မွန်ပန်းလေးတစ်ပွင့်ပမာ လှပနေပြီး သူမ၏ သွယ်လျသော ကျောက်စိမ်းရောင် လက်ချောင်းလေးများဖြင့် ခွက်ထဲသို့ ငှဲ့ပေးလိုက်သည်။
လုချန်လည်း ခွက်ကို မြှောက်ကာ တစ်ငုံမျှ သောက်လိုက်သည်။ အရသာကတော့ ကျေနပ်စရာ မကောင်းလှပေ။ ရေခဲနှလုံးသား ကျောက်စိမ်းဝိုင်နှင့် လုံးဝ နှိုင်းယှဉ်၍ မရနိုင်ချေ။
ဤအချိန်တွင် သစ်ပင်မိစ္ဆာက လုချန်၏ ရင်ဘတ်ထဲတွင် ပုန်းအောင်းနေပြီး နေရာကောင်းလေးတစ်ခုကို ရရှိထားသည်။
“အို...”
လုချန်၏ ဘေးမှ အမျိုးသမီးက လန့်ဖျပ်ကာ အော်လိုက်သည်။ သူမ၏ အရှေ့ဘက်မှ ပုံမှန်မဟုတ်သော အရာတစ်ခုကို သူမ သေချာပေါက် ခံစားလိုက်ရသည်လေ။ သူမ အောက်သို့ ငုံ့ကြည့်လိုက်သော်လည်း ဘာကိုမှ မမြင်ရပေ။ သူမ၏ အကြည့်က လုချန်ထံသို့ ရောက်သွားပြီး သူက ပတ်ဝန်းကျင်ကိုသာ အကဲခတ်နေသည်ကို မြင်လိုက်ရသောအခါ သူမ ရုတ်တရက် နားလည်သွားသည်။ ဒီလူငယ်လေးက ရှက်နေတာကိုး။
“သခင်လေးက ဆိုးလိုက်တာ... ကျွန်မကို အဲဒီလို အနိုင်ကျင့်နေတယ်ပေါ့လေ”
သစ်ပင်မိစ္ဆာမှာ အားအင်များ ဆုတ်ယုတ်သွားသလို ခံစားလိုက်ရသည်။ ၎င်းက လုချန်၏ အခြားတစ်ဖက်မှ အမျိုးသမီးထံသို့ လှည့်သွားပြီး မိုးမခကိုင်းလေးတစ်ခုကို ဆန့်တန်းလိုက်သည်။
“သခင်လေးက အရမ်းဆိုးတာပဲ”
အခြားတစ်ဖက်မှ အမျိုးသမီးကလည်း ရှက်သွေးဖြာကာ မျက်နှာလေး နီရဲသွားပြီး လုချန်၏ ကိုယ်ပေါ်သို့ မှီချလိုက်သည်။
*