လူတိုင်းက ဈေးခေါ်နေကြပြီး တစ်ယောက်ချင်းစီတိုင်းက သူတို့လိုချင်တာကို မရရအောင် ယူမည်ဆိုသော ခိုင်မာသည့် ရပ်တည်ချက်ကို ပြသနေကြသည်။
“မင်းတို့ကောင်တွေ အကုန်လုံး ပါးစပ်ပိတ်ထားကြစမ်း။ ဒီသခင်လေးက အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး ငါးဆယ် ပေးမယ်။ သေမှာမကြောက်တဲ့ကောင်ရှိရင် ငါနဲ့ ဆက်ပြိုင်ကြည့်လေ”
သခင်လေးကျိက စားပွဲကို ဘန်းခနဲ ထုလိုက်သည်။ သူ၏ဘေးရှိ ကိုယ်ရံတော်များကလည်း ချက်ချင်းပင် မျက်လုံးထဲ၌ ကြမ်းကြုတ်သော အရိပ်အယောင်များ ပေါ်လွင်လာကာ အခြားသူများကို စူးစူးဝါးဝါး ကြည့်လိုက်ကြသည်။
ကိုယ်ရံတော်များ၏ အကြည့်အောက်တွင် ဈေးခေါ်ရန် ပြင်ဆင်နေကြသူများမှာ တစ်ယောက်ပြီးတစ်ယောက် ပါးစပ်ပိတ်သွားကြပြီး ထပ်မပြောရဲကြတော့ပေ။
“သခင်လေးကျိ... မိန်းမလှလေးတစ်ယောက်ကို ရိုင်းရိုင်းစိုင်းစိုင်း မဆက်ဆံသင့်ဘူးလေ။ အလှလေးတစ်ယောက်နဲ့ ချိန်းတွေ့ရတယ်ဆိုတာကလည်း ရေစက်အပေါ်မှာ မူတည်ပါသေးတယ်။ ခင်ဗျားရဲ့ လုပ်ရပ်က စည်းကမ်းတွေနဲ့ မညီညွတ်ဘူး”
အခြားသူများက သခင်လေးကျိကို ကြောက်ကြသော်လည်း ပိုင်မုကတော့ မကြောက်ပေ။
“သခင်မလေး မြောင်ရွှမ်နဲ့ ကဗျာတွေ၊ ဂီတတွေအကြောင်း ဆွေးနွေးဖို့အတွက် သက်သက်ကို ကျုပ်က ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး ဆယ်တုံး ပေးမယ်”
“ပိုင်ဆိုတဲ့ကောင်... မင်းက ကိုယ့်အတွက်ကိုယ် ဆင်ခြေရှာဖို့ တော်တော် ကျွမ်းကျင်တာပဲ။ ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး အတုံး နှစ်ဆယ်။ မင်းမှာ စွမ်းဆောင်နိုင်ရည်ရှိရင် ငါနဲ့ လာပြိုင်ကြည့်လေ။ စစ်ရေးအမတ်ကြီး မိသားစုရဲ့ အိတ်ကပ်က ဘယ်လောက်တောင် နက်သလဲဆိုတာကို ငါ ကြည့်ချင်သေးတယ်”
“ကျုပ်အဖေက ရိုးသားတဲ့ အရာရှိတစ်ယောက်ပါ။ သူ့လစာကိုပဲ အားကိုးရမယ်ဆိုရင် ကျုပ်က အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ဆယ်တုံးတောင် ထုတ်နိုင်မှာ မဟုတ်ဘူး။ ကံကောင်းထောက်မစွာနဲ့ပဲ ကျုပ်အမေက စီးပွားရေးလုပ်ငန်းရှင်ဆိုတော့ အရင်းအနှီးတချို့ ရှိနေလို့ပေါ့။ ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး အတုံး သုံးဆယ်”
“ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး အတုံး လေးဆယ်”
သူတို့နှစ်ယောက် ဈေးတင်လိုက်တိုင်း ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး ဆယ်တုံးစီ တက်သွားသဖြင့် ပွဲကြည့်ပရိသတ်များမှာ အံ့အားသင့်သွားကြသည်။
“ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး အတုံး ငါးဆယ်”
လုချန်နှင့် ခပ်လှမ်းလှမ်းရှိ စားပွဲတစ်လုံးတွင် ဈေးခေါ်သံများ အဆက်မပြတ် ထွက်ပေါ်နေသည်။ ဤအချိန်တွင် လုချန်က အပိုလူတစ်ယောက်လို ဖြစ်နေသည်။
“ပိုင်ဆိုတဲ့ကောင်... မင်းက တော်တော် ချမ်းသာတာပဲ မဟုတ်လား။ ဒီနေ့ ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်ရာ့ငါးဆယ်ကွ။ မင်း ဒီထက်ပိုပြီး ထုတ်နိုင်သေးရင် မင်းကို ငါ အရှုံးပေးလိုက်မယ်”
သခင်လေးကျိက စားပွဲကို ထပ်မံထုလိုက်ရာ ကြီးမားသော စိတ်ဝိညာဉ်ကျောက်တုံးပုံကြီးတစ်ခုက အလင်းရောင်များ တောက်ပလျက် ထွက်ပေါ်လာသည်။
ပိုင်မုက သူ၏ရှေ့မှ မြင်ကွင်းကို ကြည့်လိုက်ပြီး ခေါင်းအနည်းငယ် ခါယမ်းကာ သူ၏ ခေါက်ယပ်တောင်ကို ညင်သာစွာ ခပ်လိုက်သည်။
“ကျုပ်အမေက စီးပွားရေးလုပ်ငန်းရှင်ဆိုပေမဲ့ ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်ရာ့ငါးဆယ်ဆိုတာက ကျုပ်တို့ရဲ့ အခြေခံအုတ်မြစ်ကို တုန်လှုပ်သွားစေဖို့ လုံလောက်နေပြီ။ ထားလိုက်ပါတော့လေ။ သခင်မလေး မြောင်ရွှမ်နဲ့ ကျုပ်ရဲ့ ရေစက်က မရောက်သေးဘူး ထင်ပါတယ်”
“ဟွန့်... ဘယ်သူတွေ မကျေနပ်သေးတာ ရှိလဲ။ ဘယ်သူက ဒီသခင်လေးကို စိန်ခေါ်ချင်သေးလဲ”
သခင်လေးကျိက မတ်တပ်ရပ်ကာ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။
ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်ရာ့ငါးဆယ်ဆိုသော ကြီးမားလှသည့် ပမာဏက ခြိမ်းခြောက်မှုတစ်ခုလို ဖြစ်နေသည်။
“ဘယ်သူမှ မရှိတော့ဘူး မဟုတ်လား။ ဒါဆိုရင် ဒီည မြောင်ရွှမ်က ဒီသခင်လေးအပိုင်ပဲ”
သခင်လေးကျိက ခေါင်းမော့ကာ လှေကားပေါ်သို့ တက်သွားတော့သည်။
ကျန်ရစ်သူများမှာ ကြည့်ရင်း ရင်ထဲတွင် သက်ပြင်းချလိုက်ကြသည်။ ဤသခင်လေးကျိက ဘယ်လိုလူမျိုးလဲဆိုတာကို လူတိုင်း သိကြသည်လေ။ နှမြောစရာပါပဲ။ ခေတ်တစ်ခေတ်ရဲ့ အလှလေး မြောင်ရွှမ်က သူ့လိုလူမျိုးကို ဧည့်ခံခွင့်ပြုရတော့မယ်တဲ့။
ယနေ့ညတွင် မြောင်ရွှမ်က သူမ၏ မျက်နှာကို တစ်ကြိမ်သာ ပြသခဲ့သော်လည်း ဒါက ကောင်းမွန်သော ဇာတ်လမ်းတစ်ပုဒ် ဖြစ်နေဆဲပင်။ လူအုပ်ကြီးက စကားတပြောပြောဖြင့် ပြန်ထွက်သွားကြသည်။
အဆောက်အအုံထဲရှိ လူအရေအတွက်က တဖြည်းဖြည်း နည်းပါးလာသော်လည်း လုချန်က ထိုရင်းနှီးနေသော ပုံရိပ်များကို မတွေ့ရသေးပေ။ သူက စတင်ရှာဖွေရန် ပြင်လိုက်ချိန်မှာပင် အသံတစ်သံကို ကြားလိုက်ရသည်။
“သခင်လေးက ဘယ်ကိုသွားမလို့လဲ။ အပေါ်ထပ်ကို တက်ပြီး အတူတူမဆုံကြဘူးလား”
ထိုအခိုက်အတန့်တွင် လုချန် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားသည်။ သူ လှမ်းကြည့်လိုက်ရာ အဖြူရောင်ပုံရိပ်တစ်ခု ရပ်နေသည်ကို တွေ့လိုက်ရသည်။ မြောင်ရွှမ်မှလွဲ၍ ဘယ်သူဖြစ်နိုင်ဦးမည်နည်း။
“ငါ့ကိုလား”
လုချန်က သူ့ကိုယ်သူ လက်ညိုးထိုးကာ အနည်းငယ် ဇဝေဇဝါဖြင့် မေးလိုက်သည်။
“ဟုတ်ပါတယ်”
လောကီနှင့် ကင်းကွာနေသော အသံလေးက သူ၏ နားအနီးတွင် မြည်ဟည်းသွားသကဲ့သို့ပင်။ ဤလှုပ်ရှားမှုတစ်ခုတည်းကပင် တစ်ဖက်လူမှာ သိသာထင်ရှားသော ကျင့်ကြံခြင်းအဆင့်ရှိသည့် ကျင့်ကြံသူတစ်ဦး ဖြစ်ကြောင်း သက်သေပြနေသည်။
လုချန် အလွန်အမင်း ရှုပ်ထွေးသွားသည်။ သူ၏ မှတ်ဉာဏ်ထဲတွင် ဤအမျိုးသမီးကို သူ မသိသလို စောစောကလည်း သူမအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း မရှိပေ။ သူမက သူ့ကို ဘာကြောင့် လာရှာရသနည်းဆိုသည်မှာ စဉ်းစားရခက်လှသည်။
အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးနောက် လုချန်က အပေါ်ထပ်သို့ တက်သွားပြီး အခန်းတစ်ခန်းထဲသို့ ဝင်သွားတော့သည်။
အထဲတွင် အဖြူရောင်ပုံရိပ်လေးက တင်ပျဉ်ခွေထိုင်နေပြီး မျက်နှာဖုံးပုဝါကို တပ်ဆင်ထားသည်။ အနီးကပ်ကြည့်လိုက်သောအခါ သူမတွင် လောကီအညစ်အကြေးများ ကင်းစင်နေပြီး ကောင်းကင်ဘုံမှ ဆင်းသက်လာသည့်အလား နတ်ဘုရားအငွေ့အသက်အချို့ပင် ရှိနေသည်ကို တွေ့လိုက်ရသည်။
“မြောင်ရွှမ်က အဲဒီလောက်တောင် ရွံစရာကောင်းနေလို့လား။ သခင်လေးက အပေါ်တက်လာဖို့ အချိန်အတော်ကြာအောင် တုံ့ဆိုင်းနေခဲ့တာပဲ”
အဖြူရောင်ဝတ်စုံအပြည့်နှင့် မြောင်ရွှမ်က ပြုံးကာ ပြောလိုက်သည်။
“မဟုတ်ပါဘူး... မင်းက အရမ်းလှလွန်းတော့ ငါက ငါ့ကိုယ်ငါ သိမ်ငယ်သွားလို့ပါ”
“လိမ်တာ”
မြောင်ရွှမ်၏ မျက်လုံးများတွင် ခံစားချက်များ လှိုင်းထသွားသည်။
သူမ၏ရှေ့တွင် ကျောက်စိမ်းဖြူစားပွဲတစ်လုံးရှိပြီး စားချင့်စဖွယ် ဟင်းလျာများနှင့် မွှေးကြိုင်လှသော ဝိုင်ကောင်းများ အပြည့်တင်ထားသည်။
“သခင်လေးက ဘာလို့မထိုင်တာလဲ။ မြောင်ရွှမ်က သခင်လေးကို စားပစ်မှာ ကြောက်လို့လား”
မြောင်ရွှမ်က ဝိုင်ငှဲ့ပေးလိုက်သည်။ ဤအချိန်တွင် လေညင်းလေးတစ်ခု တိုက်ခတ်လာပြီး သူမ၏ မျက်နှာဖုံးပုဝါကို ဖယ်ခွာသွားရာ ဆွဲဆောင်မှုရှိသော နှုတ်ခမ်းနီနီလေးများနှင့် တောက်ပသော သွားလေးများကို မြင်လိုက်ရသည်။ ၎င်းတို့က သူမ၏ လက်ထဲရှိ လင်းလက်နေသော ဖန်ခွက်နှင့် လိုက်ဖက်ညီစွာ တောက်ပနေသည်။
“ငါက ငါ့ကိုယ်ငါ မထိန်းချုပ်နိုင်ဘဲ မင်းကို ပြန်စားပစ်မိမှာ ကြောက်လို့ပါ”
လုချန်က ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး ကျောက်စိမ်းစားပွဲ၏ တစ်ဖက်တွင် ဝင်ထိုင်လိုက်သည်။
“သခင်လေးရဲ့ ထူးခြားတဲ့ သဘာဝအရသာ မြောင်ရွှမ်ကို စားချင်တယ်ဆိုရင် ခုနက ပိုင်ဆိုင်မှုတွေကို အများကြီး အသုံးပြုလို့ ရတာပဲဟာကို”
မြောင်ရွှမ်က ဝိုင်ခွက်ကို လုချန်၏ ရှေ့တွင် ချပေးလိုက်သည်။ သူမ၏ အခြားလက်တစ်ဖက်က မျက်နှာဖုံးပုဝါကို လှမ်းကိုင်လိုက်ပြီး အားဖြင့် ဆွဲချွတ်လိုက်သည်။
သူမ၏ ခေါင်းနောက်ဘက်တွင် အနက်ရောင် ဆံကေသာများက လွင့်ဝဲသွားသည်။
တစ်ချိန်တည်းမှာပင် လုချန်ကလည်း သူမ၏ အစစ်အမှန်မျက်နှာကို ရှင်းလင်းစွာ မြင်လိုက်ရသည်။
သူမ၏ မျက်လုံးများက ရေပြင်ကဲ့သို့ ကြည်လင်နေပြီး မျက်တောင်များက အလွန်ရှည်လျားကာ အသားအရေက နှင်းပွင့်များကဲ့သို့ ဖြူစင်တောက်ပနေသည်။ သူမ၏ မျက်ခုံးနှစ်ခုကြားတွင် လင်းလက်နေသော ပုလဲလုံးလေးတစ်လုံးက အလင်းရောင်များကို ရောင်ပြန်ဟပ်နေသည်။ သူမက မြင့်မြတ်ပြီး ခမ်းနားထည်ဝါကာ သွက်လက်ဖျတ်လတ်ပြီး ရင်သပ်ရှုမောဖွယ် ကောင်းလောက်အောင် လှပလွန်းသည်။
“မြောက်အရပ်မှာ အလှလေးတစ်ဦး ရှိတယ်... သူမက ပြိုင်ဘက်ကင်းပြီး တစ်ဦးတည်း ရပ်တည်နေတယ်။ သူမရဲ့ အပြုံးတစ်ချက်က မြို့တစ်မြို့ကို ပြိုကျစေနိုင်ပြီး... နောက်ထပ် အပြုံးတစ်ချက်က နိုင်ငံတစ်နိုင်ငံကိုတောင် ပြိုလဲစေနိုင်တယ်”
ပူးကပ်ခံထားရသည့်အလား လုချန်က ထိုစကားလုံးများကို ရေရွတ်လိုက်မိသည်။
“သခင်လေးမှာ ဒီလောက်တောင် စာပေအနုပညာ ပါရမီ ပါလိမ့်မယ်လို့ မထင်ထားဘူး။ မြောင်ရွှမ် ဒီစာသားတွေကို တစ်ခါမှ မကြားဖူးဘူး”
“ဒါက ကောက်နုတ်ထားတာပါ... ငါ့ကိုယ်ပိုင် လက်ရာ မဟုတ်ဘူး”
“သခင်လေးက တကယ်ကို ထူးဆန်းတာပဲ။ တခြားသူဆိုရင်တော့ ဒါကို သူတို့ရဲ့ ကိုယ်ပိုင်ဖန်တီးမှုအဖြစ် တိတ်တဆိတ် လက်ခံလိုက်ကြမှာပဲ”
လရောင်က ပြတင်းပေါက်မှတစ်ဆင့် ဖြတ်သန်းလာပြီး အိမ်မက်တစ်ခုပမာ အခန်းထဲသို့ ဖြာကျနေသည်။
“သခင်မလေး မြောင်ရွှမ်... ကျွန်တော့်ကို ဒီခေါ်လိုက်တော့ သခင်လေးကျိကို အချိန်အတော်ကြာအောင် စောင့်ခိုင်းလိုက်ရပြီ ထင်တယ်”
လုချန်က သူ၏ခွက်ကို အနည်းငယ် မြှောက်ပြလိုက်သည်။
“သူ စောင့်မှာ မဟုတ်ပါဘူး”
မြောင်ရွှမ်က ပြုံးလိုက်ပြီး သူမ၏ ဝိုင်ခွက်ကိုလည်း ကောက်ကိုင်လိုက်သည်။ သူမ၏ နှုတ်ခမ်းနီနီလေးများက ဝိုင်နှင့် ထိတွေ့သွားပြီး တောက်ပသွားသည်။
“သူ့ကို အဖော်ပြုပေးနေတဲ့သူ ရှိနေပါပြီ”
“ဒီတော့ သခင်မလေး မြောင်ရွှမ်က ကြိုတင်ပြင်ဆင်ထားပြီးသားပေါ့။ ဒီကလုကို ဘာလို့များ ခေါ်လိုက်ရတာလဲဆိုတာ သိချင်မိတယ်”
“ကျွန်မ နားမလည်တဲ့ ကိစ္စတစ်ခု ရှိလို့ပါ”
“ပြောပါဦး”
“သခင်လေးက ဘယ်ကလာတာလဲ”
မြောင်ရွှမ်၏ နှုတ်ခမ်းနီနီလေးများက အနည်းငယ် လှုပ်ရှားသွားပြီး မှော်ဆန်သော သံစဉ်တစ်ခုကဲ့သို့ ထွက်ပေါ်လာသည်။
“ဘယ်ကလာတာလဲ” ဆိုသည်မှာ မူလက သာမန်စကားစုတစ်ခု ဖြစ်သော်လည်း ယခုအချိန်တွင်တော့ လုံးဝ သာမန်မဟုတ်တော့ပေ။
ဤစကားကြောင့် လုချန်၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး ဝိုင်ခွက်ကို ကိုင်ထားသော လက်ကလည်း မသိစိတ်အရ တင်းကျပ်သွားသည်။
“သခင်လေး စိတ်လှုပ်ရှားစရာ မလိုပါဘူး။ မြောင်ရွှမ်က သခင်လေးဆီကနေ ကွဲပြားခြားနားတဲ့ အငွေ့အသက်တစ်ခုကို ခံစားမိရုံလေးတင်ပါ”
“ငါ့ကို ဘာလို့ ဒီလိုမေးရတာလဲ”
“ဘာလို့လဲဆိုတော့ သခင်လေးက ပတ်ဝန်းကျင်က အရာအားလုံးနဲ့ သဟဇာတ မဖြစ်နေလို့ပဲ။ အဲဒါက... သခင်လေးဟာ ဒီကမ္ဘာက လူတစ်ယောက် မဟုတ်သလိုပဲ...”
.........
လုချန်၏ သူငယ်အိမ်များက အလိုအလျောက် ကျယ်လာတော့သည်။
မြောင်ရွှမ်က တစ်ယောက်တည်း သောက်နေသည်။ နှစ်ခွက်မြောက် အပြီးတွင် သူမ၏ လှပသော မျက်ဝန်းများထဲ၌ ထူးဆန်းသော အလင်းရောင်များ လှိုင်းထသွားသည်။
ထိုအခါမှသာ လုချန်က တဖြည်းဖြည်း သတိပြန်ဝင်လာသည်။
“သခင်မလေး မြောင်ရွှမ်က နောက်နေတာပဲ ဖြစ်ရမယ်။ ငါက ဒီကမ္ဘာက မဟုတ်ရင် ဘယ်ကဖြစ်ရမှာလဲ”
“အဲဒီကဗျာက ဘယ်ကလာတာလဲ... အဲဒီနေရာက သခင်လေး လာတဲ့နေရာပဲ”
လက်ကြမ်းကြီးတစ်ဖက်က မြောင်ရွှမ်ဆီသို့ လှမ်းသွားပြီး သူမ၏ လည်ပင်းကို အလွန်လျင်မြန်စွာ ဆုပ်ကိုင်လိုက်သည်။ လုချန်က သူ၏ ခါးမှ ပန်းပုဓားကိုပင် ဆွဲထုတ်ထားပြီး ဖြစ်သည်။
“မင်းက ဘယ်သူလဲ။ မင်း ဘာတွေသိထားလဲ”
လုချန်၏ တင်းကျပ်စွာ ဆုပ်ကိုင်ထားမှုကြောင့် မြောင်ရွှမ်မှာ အသက်ရှူမဝတော့ဘဲ သူမ၏ မျက်နှာလေးမှာ နီရဲလာသည်။
လုချန်က လွှတ်ပေးလိုက်ရာ သူမက အသက်ကို လုရှူလိုက်ရသည်။
“သခင်လေး... သခင်လေး ကျွန်မကို နာကျင်အောင် လုပ်တယ်”
“မင်းက ဘယ်သူလဲ။ ပြောစမ်း... မင်း ဘာတွေသိထားလဲ”
ယခုအချိန်တွင် သူ၏ အတွေးများကို မည်သို့ဖော်ပြရမည်ကို လုချန်ကိုယ်တိုင်ပင် မသိတော့ပေ။ ရှန်းရှလောကသို့ ရောက်လာပြီးကတည်းက သူ့ကို ဒီစကားလုံးတွေ ပြောလာတာ ဒါပထမဆုံးအကြိမ်ပဲလေ။ ဒါက သူ့ကို အနည်းငယ် ထိတ်လန့်သွားစေသလို တစ်ချိန်တည်းမှာပင် အနည်းငယ် ဝမ်းသာသွားစေသည်။ သူမဆီကနေ သဲလွန်စတချို့များ ရှာတွေ့နိုင်မလား။
“သခင်လေး... အရင်ဆုံး ထိုင်ပါဦးလား”
မြောင်ရွှမ်က သူမ၏ ယခင်တည်ငြိမ်မှုကို ပြန်လည်ရယူလိုက်သည်။ သူမက ဝိုင်ထပ်ငှဲ့ပြီး တစ်ခွက်သောက်လိုက်သည်။ လုချန်ကို သူမ ပြန်ကြည့်လိုက်သောအခါ အရက်ကြောင့် သူမ၏ လှပသော မျက်နှာလေးမှာ နီရဲနေပြီး မျက်လုံးများက လှုပ်ရှားနေသည်။
“မြောင်ရွှမ်က သာမန်လူတွေနဲ့ မတူဘူးလေ။ သခင်လေးရဲ့ ထူးခြားမှုကို မြင်နိုင်စွမ်း ရှိတယ်။ တခြား ဘာမှမသိပါဘူး”
“ငါက မင်းကို ယုံမယ်ထင်နေလား”
“တကယ်လို့ မြောင်ရွှမ်က သခင်လေးကို လှည့်စားချင်တယ်ဆိုရင် သခင်လေးကို ဘာလို့ တမင်သက်သက် တားနေရဦးမှာလဲ။ ကောင်းပါပြီလေ... သခင်လေးက မြောင်ရွှမ်ကို မယုံဘူးဆိုရင်လည်း မြောင်ရွှမ် ရိုင်းစိုင်းသွားတာပါပဲ။ တောင်းပန်တဲ့အနေနဲ့ မြောင်ရွှမ်သိထားသလောက်ဆိုရင် သခင်လေး ရှာနေတဲ့သူက ဘေးခန်းထဲမှာ ရှိနေတယ်”
***