လျှို့ဝှက်နယ်မြေတစ်ခု။
လုချန်က မျက်လုံးများကို ဖွင့်လိုက်သည်။ သူ၏ရှေ့မှောက်တွင် ပို၍ကြီးမားပြီး ခမ်းနားထည်ဝါသော နန်းတော်ကြီးတစ်ခု ရှိနေသည်။ ထိုနန်းတော်ကြီးက တောင်ခါးပန်းတွင် တည်ရှိသည်။ တစ်ခါတစ်ရံ ပေါ်လာလိုက်၊ တစ်ခါတစ်ရံ ပျောက်ကွယ်သွားလိုက်နှင့်။ နတ်ဘုရားများ၊ ပညာရှင်ကြီးများ နေထိုင်ရာ ဘုံဗိမာန်နှင့်လည်း တူသလို တောင်စောင်းတွင် တည်ဆောက်ထားသော ရဲတိုက်ကြီးတစ်ခုနှင့်လည်း ဆင်တူနေသည်။
သူက ရှေ့သို့ ယုံကြည်မှုအပြည့်ဖြင့် ခြေလှမ်းကျဲကြီးများလှမ်းကာ တက်လှမ်းသွားသည်။ ထို့နောက် ကျုံးမိသားစုက သူ့အား လက်ဆောင်ပေးထားသော အဆင့်D ဓာတ်သဘာဝလက်နက်ဖြစ်သည့် အေးစက်သောအလင်း ဓားကို ဆွဲထုတ်လိုက်သည်။ ဤလက်နက်က သူ၏ စွမ်းအားကို အဆသုံးဆယ်အထိ မြှင့်တင်ပေးနိုင်သည်။ လျှို့ဝှက်နယ်မြေထဲတွင် မျှော်လင့်မထားသော အခြေအနေများနှင့် ရင်ဆိုင်ရလျှင်ပင် ဖြေရှင်းရန် လုံလောက်သည်ထက် ပိုနေပြီဖြစ်သည်။
နန်းတော်ရှေ့သို့ သူ ရောက်ရှိသွားသောအခါ တင်းကျပ်စွာ ပိတ်ထားသော ဧရာမ တံခါးကြီးက သူ့အလိုလို ပွင့်ဟသွားသည်။ လုချန်က ကျယ်ဝန်းသော စင်္ကြံလမ်းတစ်လျှောက် ဝင်ရောက်သွားသည်။ နှစ်မိနစ်ခန့် လျှောက်လှမ်းပြီးနောက် ခမ်းနားကြီးကျယ်သော ပလ္လင်ကြီးတစ်ခုကို သူ မြင်လိုက်ရသည်။ ပလ္လင်ကြီး၏ ပတ်ပတ်လည်တွင် ဧရာမ မက်ချာ စက်ရုပ်စစ်သည်တော် လေးရုပ်က မတ်မတ်ရပ်နေကြသည်။ မြို့တော်ကို စောင့်ကြပ်နေသည့် သစ္စာရှိ သူရဲကောင်းလေးဦးနှင့် အလားသဏ္ဌာန်တူသည်။ စက်ရုပ်စစ်သည်တော် တစ်ရုပ်စီက မီတာငါးဆယ်ခန့် မြင့်မားသည်။ အနီ၊ အဝါ၊ အပြာနှင့် အစိမ်းဟူ၍ အရောင်လေးမျိုး ကွဲပြားနေကြသည်။
ထိုပလ္လင်ကြီးပေါ်တွင်တော့ ဧရာမ ပုံရိပ်ကြီးတစ်ခု ရှိနေလေသည်။ လုချန်၏ ရင်ခုန်သံများ မြန်ဆန်လာသည်။
ထိုပုံရိပ်က ဘယ်သူများလဲ။ ဤလျှို့ဝှက်နယ်မြေရဲ့ ပိုင်ရှင်က ဘယ်သူလဲ။ အကယ်၍ ကြီးမားတဲ့ တိုက်ပွဲကြီးသာ ဖြစ်လာခဲ့ရင် သူ အနိုင်ယူနိုင်ပါ့မလား။
လုချန်က ဖြည်းညင်းစွာ ချဉ်းကပ်သွားသည်။ သူ၏ ရင်ထဲမှ တင်းမာမှုက ပိုမို ပြင်းထန်လာသည်။ ခမ်းနားလှသော ပလ္လင်ကြီးဆီသို့ ခြေတစ်လှမ်းချင်းစီ သတိထားကာ တိုးသွားသည်။ သူ၏ ခြေလှမ်းတိုင်းက ခိုင်မာပြီး အားပါနေသည်။ နှေးကွေးလေးလံသော ဗုံတီးသံတစ်ခုကဲ့သို့ပင်။ သူ၏ ခြေသံက ဧရာမ နန်းတော်ကြီးတစ်ခုလုံးအတွင်း ပဲ့တင်ထပ်သွားလေသည်။
ပလ္လင်ကို ဝန်းရံထားသော အမှောင်ရိပ်များက ထိုပုံရိပ်၏ မျက်နှာနှင့် ခန္ဓာကိုယ်ကို ဖုံးကွယ်ထားသည်။ ၎င်းက အထူးပင် လျှို့ဝှက်ဆန်းပြားပြီး စိုးမိုးနိုင်စွမ်းရှိသော အငွေ့အသက်များ ထွက်ပေါ်နေသည်။ သူက လက်ထဲရှိ တောက်ပနေသော ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။ သူ၏ မျက်လုံးများက အရှေ့ဘက်ရှိ အရာကိုသာ စူးစိုက်ကြည့်နေသည်။ အမှောင်ထုထဲတွင် ဖုံးလွှမ်းနေသော ထိုပုံရိပ်ထံမှ မျက်တောင်တစ်ချက်ပင် မခွာဝံ့ပေ။
သို့သော် လုချန် အနီးသို့ ရောက်သွားသောအခါ သူ အံ့ဩတုန်လှုပ်စွာဖြင့် စိုက်မကြည့်ဘဲ မနေနိုင်တော့ပေ။ ပထမဆုံး မြင်လိုက်ရသည့် အကြည့်တွင် တစ်ဖက်လူ၏ ပုံရိပ်က တစ်ခုခု... ထူးဆန်းနေသလိုပင်။
လုချန်က မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။ သူ အနီးသို့ ရောက်သွားသည်နှင့်အမျှ ပလ္လင်ပေါ်ရှိ နက်ရှိုင်းသော အရိပ်မည်းကြီးက ဇာပုဝါတစ်ချပ်ကို ခွာချလိုက်သကဲ့သို့ အလွှာလိုက် အလွှာလိုက် ဖြည်းညင်းစွာ ကွာကျသွားသည်။ ထိုပုံရိပ်က ပိုမို ကြီးကျယ်ခမ်းနားလာခြင်း မရှိပေ။ ယင်းအစား အနည်းငယ် ရယ်စရာကောင်းသည့်ပုံစံ ဖြစ်လာသည်။
နောက်ဆုံး မီတာအနည်းငယ်အကွာသို့ ရောက်သောအခါ ရှင်းလင်းသော ပုံပန်းသဏ္ဌာန်က သူ၏ မျက်လုံးထဲတွင် ထင်ဟပ်သွားတော့သည်။ လုချန်၏ ခြေလှမ်းများ ရပ်တန့်သွားသည်။ သူက အံ့သုစွာ ကြည့်နေမိသည်။ အဲဒါက ဟက်စကီ ခွေးတစ်ကောင်ပင်။ ဝက်တစ်ကောင်လို ဝဖြိုးနေတဲ့ ဟက်စကီတစ်ကောင်ပင်။
ထို ကျိန်ဆဲချင်စရာကောင်းသော ခွေးဝက်ကြီးက ပလ္လင်ပေါ်တွင် ထိုင်နေခြင်းဖြစ်သည်။ နောက်ခြေထောက်များကို ချိတ်ထားသေးသည်။ ပြည့်အင်နေသော ဗိုက်ရွှဲကြီးက ပလ္လင်ပေါ်သို့ တွဲကျနေသည်။ မီးခိုးရောင် နားရွက်က ညင်သာစွာ တုန်ခါသွားသည်။ ကျဉ်းမြောင်းနေသော မျက်လုံးလေးများ ပွင့်လာသည်။ ထို့နောက် လုချန်ကို အထင်သေးဟန်ဖြင့် ကြည့်လိုက်သည်။ ဘုရင်တစ်ပါး၏ အထင်သေးမှုမျိုးနှင့်ပင်။
“ဒါက ဘာသောက်ချီးကောင်ကြီးလဲ...”
လုချန်က ဆက်၍ သည်းမခံနိုင်တော့ကာ ကျိန်ဆဲလိုက်မိသည်။ ဤစကားစုက ဗြောက်အိုးတစ်လုံးပမာ ဟက်စကီခွေးပေါ်သို့ ပေါက်ကွဲကျဆင်းသွားသည်။ လုချန် စကားပင် မဆုံးလိုက်သေးလင် ဟက်စကီက အံ့မခန်း အမြန်နှုန်းဖြင့် ပလ္လင်ပေါ်မှ ခုန်ဆင်းလာသည်။ ထို့နောက် သူ၏ရှေ့တွင် ကျက်သရေရှိစွာ ဆင်းသက်လိုက်သည်။
“ဘုန်း...”
ကြီးမားသော နောက်ခြေထောက်ကြီးများ သတ္တုကြမ်းပြင်ပေါ်သို့ ကျရောက်သွားသည့်အခါ ဧရာမ မြည်ဟည်းသံကြီးတစ်ခု ထွက်ပေါ်လာသည်။
"မောက်မာလှတဲ့ ပုရွက်ဆိတ်လေးတွေ"
ဟက်စကီက ကျယ်လောင်စွာ ဟောင်လိုက်သည်။ အမိုးခုံးပုံစံ နန်းတော်ကြီးထဲတွင် နက်ရှိုင်းသော အသံကြီးက ပဲ့တင်ထပ်သွားသည်။
"မင်းရှေ့မှာ ရပ်နေတာက ကြီးမြတ်လှတဲ့ အလင်း၇ပဲ"
လုချန်က မျက်တောင်ခတ်လိုက်သည်။ ထို့နောက် ထပ်ခါထပ်ခါ မျက်တောင်ခတ်မိသွားသည်။
"အလင်း၇ မင်းက... မင်းက ခွေးတစ်ကောင် မဟုတ်ဘူးလား"
"ငါက အလင်း၇ကွ"
ဟက်စကီက အော်ဟစ်လိုက်သည်။ ၎င်းတွင် အမွေးအမျှင်များ ထူထပ်နေပြီး မြေပြင်အထိ တွဲလွဲကျနေသော ဗိုက်အိုကြီး ရှိလေသည်။ သမုဒ္ဒရာလှိုင်းတံပိုးများ အနိမ့်အမြင့် ဖြစ်ပေါ်နေသကဲ့သို့ပင်။
"ကြီးမြတ်တဲ့ အလင်း၇ ရှေ့မှာ မင်းက ဘယ်လိုလုပ် ဒီလောက် ရိုင်းစိုင်းရဲရတာလဲ"
"ဒါပေမဲ့... မင်းကြည့်ရတာ ခွေးတစ်ကောင်နဲ့ တူနေတုန်းပဲ မဟုတ်ဘူးလား"
ဟက်စကီက ဒေါသတကြီးဖြင့် မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။ အက်ကွဲကြောင်းလေးတစ်ခုသာ ကျန်တော့သည်။ သူက လည်ချောင်းဟန့်လိုက်သည်။ သိသာစွာ အနေရခက်နေသည့်ဟန်ဖြင့် နှစ်ချက်ခန့် ချောင်းဆိုးလိုက်သည်။
"အဟမ်း အဟမ်း.. ဘာပဲဖြစ်ဖြစ် ငါက ကြီးမြတ်တဲ့ အလင်း၇ပဲ"
သူက မောက်မာစွာဖြင့် သူ၏ ဝတ်ရုံရှည်ကြီးကို ခါယမ်းလိုက်သည်။ လုချန်က အလွန် သေချာသွားသည်။ အဲဒါက သူ့မေးစေ့အောက်မှာ ထိုးထည့်ထားတဲ့ လက်သုတ်ပုဝါတစ်ထည်သာ ဖြစ်သည်။
“ငါ မင်းကို စောင့်နေခဲ့တာ... မင်းကို စောင့်နေခဲ့တာ နှစ်ပေါင်း သုံးသိန်းတောင် ရှိပြီ"
လုချန်က မျက်မှောင်ကြုတ်သွားသည်။
"ဟင် အနှစ် သုံးဆယ်"
ဟက်စကီက ဒေါသတကြီးဖြင့် ခြေဆောင့်လိုက်သည်။
"နှစ်ပေါင်း သုံးသိန်းကွ မင်း လူစကား နားမလည်ဘူးလား"
"ငါ နားလည်ပါတယ်... ဒါပေမဲ့ ဟက်စကီတစ်ကောင်က ဒီလောက်ကြာကြာ ဘယ်လိုလုပ် အသက်ရှင်နေနိုင်လဲဆိုတာ နားလည်ဖို့ ခက်နေလို့ပါ"
လုချန်က သတိထားကာ ပြောလိုက်သည်။ သူ၏ ရင်ဘတ်ထဲမှ အဆက်မပြတ် ထွက်ပေါ်လာတော့မည့် ရယ်မောသံများကို မနည်း ဖိနှိပ်ချုပ်တည်းထားရသည်။
"ငါက ဟက်စကီ မဟုတ်ဘူးကွ"
အလင်း၇က စွပ်စွဲချက်များကို ထပ်မံ၍ ပြင်းပြင်းထန်ထန် ငြင်းဆန်လိုက်သည်။ ခန့်ညားတည်ကြည်စွာဖြင့် ကြေညာလိုက်၏။
"ငါက ကြီးမြတ်တဲ့ Ai အလင်း၇ပဲ"
"ကြီးမြတ်တဲ့ Ai" လုချန်က မျက်ခုံးပင့်လိုက်သည်။ "အင်း... မင်္ဂလာပါ ကြီးမြတ်တဲ့ Aiကြီး ကျွန်တော်ကတော့ လုချန်ပါ"
ဟက်စကီက နှာမှုတ်လိုက်သည်။ ထို့နောက်မှ သူ၏ မေးစေ့ကို မောက်မာစွာ မော့လိုက်သည်။ သူက ဆက်ပြောသည်။
"လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးသိန်းတုန်းက ငါ့ရဲ့သခင်၊ မူလအစ ကြယ်တာရာစနစ်ကြီးရဲ့ အရှင်သခင်၊ သက်ရှိသတ္တဝါ ကုဋေကုဋာရဲ့ အုပ်စိုးသူ၊ အဆုံးမဲ့ ကြယ်တာရာကောင်းကင်ကြီးရဲ့ သခင်... ဧကရာဇ်အော်ရိုရာက ငါ့ကို ဒီဂြိုဟ်ဆီ စေလွှတ်ခဲ့တာပဲ"
"မူလအစ ဂလက်ဆီရဲ့ အရှင်သခင်၊ သက်ရှိကုဋေကုဋာရဲ့ သခင်၊ အဆုံးမဲ့ ကြယ်တာရာကောင်းကင်ရဲ့ အုပ်စိုးသူ..." လုချန်က လျှာခလုတ်တိုက်လောက်သည့် ဘွဲ့အမည်ကို ထပ်ခါတလဲလဲ ရွတ်ဆိုကြည့်လိုက်သည်။ “အဲဒီဘွဲ့က... တကယ်ကို ရှည်တာပဲ”
“ဒါပေါ့” အလင်း၇ က လေးနက်စွာ ပြောသည်။ “ငါ့သခင်က အသက်ရှင်နေတဲ့ ဒဏ္ဍာရီတစ်ခုပဲ... စကြာဝဠာထဲက အမြင့်မြတ်ဆုံး အုပ်စိုးသူတွေထဲက တစ်ပါးအပါအဝင်လေ... သူက ကြယ်တာရာစနစ် ဒါဇင်ပေါင်းများစွာကို အုပ်ချုပ်ခဲ့တာ”
လုချန်က မျက်မှောင်ကြုတ်သွားသည်။ “ဒါဆို သူက... အသက်ရှင်နေသေးတာလား”
"ဒါပေါ့... မူလအစ ကြယ်တာရာစနစ်ကြီးရဲ့ အရှင်သခင်အနေနဲ့ စကြာဝဠာနှစ်နဲ့ချီတဲ့ သက်တမ်းတစ်ခုကို ပိုင်ဆိုင်ထားတယ်ဆိုတာ မင်း နားလည်နိုင်စွမ်းထက် ကျော်လွန်နေတဲ့ ကိစ္စပဲ" အလင်း၇က လေးနက်တည်ကြည်စွာ ပြောလိုက်သည်။ "နှစ်ပေါင်း သုံးသိန်း ကြာပြီးမှ ငါ့သခင်ရဲ့ ကနဦး စမ်းသပ်မှုကို တစ်ယောက်ယောက် အောင်မြင်လိမ့်မယ်လို့ ငါ လုံးဝ မမျှော်လင့်ထားခဲ့ဘူး... မင်းသာ နောက်ထပ် စမ်းသပ်မှုကို အောင်မြင်ရင် ငါ့သခင်နဲ့ တွေ့ခွင့်ရလိမ့်မယ်"
လုချန်က အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။ တစ်ဖက်လူ ပြောသွားသော စကားအနည်းငယ်မှတစ်ဆင့် စကြာဝဠာကြီး၏ အဆုံးအစမဲ့ ကျယ်ပြောလှမှုကို သူ ခံစားလိုက်ရသည်။ ထို့ပြင် မိမိကိုယ်တိုင်၏ သေးသိမ်နုပ်ချာမှုလေးကိုပါ ခံစားလိုက်ရသည်။
"ဒါပေမဲ့ ဘာလို့ ဒီနေရာလဲ"
ခဏအကြာတွင် သူက မေးလိုက်သည်။
“ဘာကြောင့် ဒီဂြိုဟ်ကို ရွေးချယ်ခဲ့တာလဲ...”
***