ထိုစကားကို ကြားသောအခါ အလင်း၇၏ အကြည့်များက ရုတ်တရက် နူးညံ့သွားလေသည်။
"ငါ့သခင်က အလွန်စွမ်းအားကြီးပေမဲ့ သူ့မှာ အမြဲတမ်း နောင်တတစ်ခု ရှိနေခဲ့တယ်... အဲဒါက သင့်တော်တဲ့ ဆက်ခံသူ မရှိခဲ့တာပဲ"
"ဒါကြောင့် သူက ကြယ်တာရာစနစ် အမျိုးမျိုးထဲက သက်ရှိတွေ မှီတင်းနေထိုင်တဲ့ ရှေးဟောင်းဂြိုဟ်တွေကို လိုက်လံရှာဖွေခဲ့တယ်"
"ရှေးဟောင်းဂြိုဟ် တစ်လုံးစီတိုင်းအတွက် သူက လျှို့ဝှက်နယ်မြေ တစ်ရာကို စေလွှတ်ခဲ့တယ်... အဲဒီအထဲက တစ်ခုကတော့ အမွေအနှစ် လျှို့ဝှက်နယ်မြေပဲ... ဒီနန်းတော်ကြီးလိုပေါ့"
"ဒါဆို ဒီနန်းတော်ကြီးက..."
လုချန်က မိမိကိုယ်ကိုယ် ရေရွတ်လိုက်သည်။
"ဒါက ငါ့သခင်ရဲ့ အမွေအနှစ်တွေ ကိန်းဝပ်နေတဲ့ လျှို့ဝှက်နယ်မြေပဲ"
အလင်း၇က အတည်ပြုပေးလိုက်သည်။
"မင်းတို့ လူသားတွေ အရင်က ရှာဖွေတွေ့ရှိခဲ့တဲ့ တခြား လျှို့ဝှက်နယ်မြေ ကိုးဆယ့်ကိုးခုကတော့ ဒါရဲ့ လက်အောက်ခံ လျှို့ဝှက်နယ်မြေတွေချည်းပဲ"
"အဲဒီအထဲမှာ သာမန်လူတစ်ယောက်ကို အဆင့်A အထိ ကျင့်ကြံနိုင်စေမယ့် အမွေအနှစ်တွေနဲ့ ရတနာတွေ အားလုံး ပါဝင်တယ်"
"ဒါကြောင့် အဲဒီလျှို့ဝှက်နယ်မြေတွေဆိုတာ အမွေဆက်ခံမယ့် ကိုယ်စားလှယ်လောင်းတွေကို ပြုစုပျိုးထောင်ပေးဖို့ ထောက်ပံ့ပေးထားတဲ့ အရင်းအမြစ်တွေပဲ"
လုချန်က သူ၏ မျက်နှာကို လက်နှစ်ဖက်ဖြင့် ခပ်ကြမ်းကြမ်း ပွတ်သပ်လိုက်သည်။ ယုံကြည်ရန် ခက်ခဲလွန်းနေသည်။
"မင်းက ဒီမှာနေလာတာ နှစ်ပေါင်း သုံးသိန်းတောင် ရှိပြီပေါ့... နှစ်ပေါင်း သုံးသိန်းလုံးလုံး မင်းက ဒီမှာ... စောင့်နေခဲ့တာလား"
"မမှားဘူး" အလင်း၇၏ အသံက အလိုအလျောက် တိုးဝင်သွားသည်။ "ဒါက ငါ မွေးဖွားလာရတဲ့ ရည်ရွယ်ချက်ပဲ... ဒီရှေးဟောင်းဂြိုဟ်ပေါ်မှာ စမ်းသပ်မှုကို အောင်မြင်နိုင်တဲ့ တပည့်တစ်ယောက် ပေါ်ထွက်လာတဲ့အထိပေါ့"
လုချန်က တိတ်ဆိတ်သွားသည်။ ဤအရာအားလုံး၏ နောက်ကွယ်မှ အမှန်တရားက တိမ်တိုက်များကြားမှ အမှောင်ထုကန့်လန့်ကာကြီးကို ဖယ်ခွာလိုက်သကဲ့သို့ သူ့အား လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် ဖုံးလွှမ်းသွားစေသည်။ အမှောင်ထုထဲတွင် အလင်း၇၏ မျက်လုံးများက မှိန်ဖျော့ဖျော့ တောက်ပနေသည်။
"ဒီဂြိုဟ်က မင်း ခုမြင်နေရသလိုမျိုး အမြဲတမ်း ဖြစ်မနေခဲ့ဘူး"
"မင်းတို့ လူသားတွေ မတိုင်ခင် အချိန်အကြာကြီးကတည်းက ဒီမှာ တခြားယဉ်ကျေးမှုတစ်ခု ရှိခဲ့ဖူးတယ်"
"သူတို့ရဲ့ ဂြိုဟ်ပေါ်ကနေ ထွက်ခွာနိုင်စွမ်းရှိပြီး တခြား ကြယ်တာရာစနစ်တွေက ယဉ်ကျေးမှုတွေနဲ့ ယှဉ်နိုင်တဲ့ နည်းပညာတွေ ပိုင်ဆိုင်ထားတဲ့ ယဉ်ကျေးမှုတစ်ခုပေါ့"
"သူတို့ဆီမှာ စွမ်းအားကြီးမားတဲ့ သက်ရှိတွေ အများကြီးရှိတယ်... ဒီနေ့ခေတ် ဂြိုဟ်ပေါ်က ဘယ်သက်ရှိထက်မဆို အများကြီး သာလွန်တယ်"
"ဒါပေမဲ့ သူတို့က ပိုပြီး စွမ်းအားကြီးတဲ့ ယဉ်ကျေးမှုတစ်ခုကို ရန်စမိခဲ့လို့ သူတို့ကိုယ်သူတို့ ဘေးဒုက္ခ ကျရောက်စေခဲ့တယ်"
"ရက်အနည်းငယ်အတွင်းမှာပဲ ယဉ်ကျေးမှုတစ်ခုလုံး ဖျက်ဆီးခံလိုက်ရတယ်... သူတို့နဲ့ ပတ်သက်တဲ့ အရာအားလုံး... တစ်ခါမှ မရှိခဲ့ဖူးသလိုမျိုး ဖျောက်ဖျက်ခံလိုက်ရတယ်"
လုချန်က ထိုမြင်ကွင်းကို စိတ်ကူးကြည့်လိုက်သည်။ မရေမတွက်နိုင်သော မိုးမျှော်တိုက်ကြီးများ ပြိုကျပျက်စီးသွားသည်။ ကောင်းကင်ပြင်ကြီးက မီးတောက်များဖြင့် လောင်ကျွမ်းနေသည်။ အဆုံးမဲ့ ပင်လယ်ပြင်ကြီးက တိုက်ကြီးတစ်ခုလုံးကို ဝါးမြိုသွားလေသည်။
"မင်းက သူတို့ ဒီလို သေသွားတာကို ထိုင်ကြည့်နေခဲ့တာလား"
"ငါ အစွမ်းကုန် ကြိုးစားခဲ့ပါတယ်" အလင်း၇က ပြောသည်။ "ငါက ပြင်ပကမ္ဘာကို အတင်းအကျပ် ဝင်ရောက်စွက်ဖက်လို့ မရဘူးလေ... သူတို့ထဲက ဘယ်သူမှ စမ်းသပ်မှုကို မအောင်မြင်နိုင်ဘဲ ပျက်စီးဖို့ ကံဖန်လာတယ်လို့ပဲ ပြောရမှာပေါ့"
"သူတို့ ပျက်စီးသွားပြီးနောက်မှာလည်း ငါ ဆက်ပြီး စောင့်ဆိုင်းနေခဲ့တယ်"
"နှစ်သောင်းချီ ကုန်လွန်သွားတယ်... နှစ်သိန်းချီ ကုန်လွန်သွားတယ်... ဒီဂြိုဟ်က အရင်ကလိုပဲ လူသူကင်းမဲ့ပြီး ခြောက်သွေ့နေဆဲပဲ... ဉာဏ်ရည်မြင့် လူမျိုးနွယ်တွေ ပေါ်မလာခဲ့ဘူး... ခေတ်သစ်လူသားတွေ နောက်ဆုံးမှာ ပေါ်ပေါက်လာတဲ့အထိပေါ့"
"ဒါဆို ဘာလို့ ခုချိန်ထိ စောင့်နေခဲ့တာလဲ"
လုချန်က မေးလိုက်သည်။
"ဘာလို့ လျှို့ဝှက်နယ်မြေကို စောစော မဖွင့်ပေးခဲ့တာလဲ"
"ဘာလို့လဲဆိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးသိန်းက ဖြစ်ပွားခဲ့တဲ့ ကပ်ဘေးကြီးက ဒီဂြိုဟ်ကို ပြင်ပစကြာဝဠာကြီးတစ်ခုလုံးရဲ့ စွမ်းအင်တွေနဲ့ အဆက်အသွယ် ဖြတ်တောက်လိုက်လို့ပဲ"
အလင်း၇က ရှင်းပြသည်။
"ပိုမှန်အောင် ပြောရရင် ကြယ်တာရာစနစ် တစ်ခုလုံးက စွမ်းအားတစ်မျိုးမျိုးနဲ့ ချိတ်ပိတ်ခံလိုက်ရတာ"
"လွန်ခဲ့တဲ့ နှစ်ပေါင်း ခုနစ်ဆယ်ကျော်က စကြာဝဠာစွမ်းအင်တွေ ဒီဂြိုဟ်ပေါ်ကို တစ်ဖန် ပြန်လည်ကျဆင်းလာတဲ့အထိပဲ... ချိတ်ပိတ်ထားတဲ့ စွမ်းအားတွေ အားနည်းသွားတော့မှ မင်းတို့ဂြိုဟ်ပေါ်ကို ငါက အဲဒီလျှို့ဝှက်နယ်မြေတွေ ဖွင့်ချပေးနိုင်ခဲ့တာ"
"ဒါဆို... အဲဒီ အပျက်အစီးနယ်မြေတွေကရော"
"မှန်တယ်"
အလင်း၇က လေးနက်တည်ကြည်စွာ ပြောလိုက်သည်။
"အဲဒါတွေက အရင်ယဉ်ကျေးမှုဟောင်းက ချန်ရစ်ခဲ့တဲ့ အကြွင်းအကျန်တွေပဲ... အဲဒီယဉ်ကျေးမှုက ဂြိုဟ်ပေါ်က သက်ရှိအားလုံးကို သုတ်သင်ပစ်ခဲ့ပေမဲ့ အဲဒါတွေကိုတော့ ဖျက်ဆီးမသွားခဲ့ဘူးလေ"
ဤစကားကို ကြားသောအခါ လုချန်က တိတ်ဆိတ်သွားပြန်သည်။ သူ၏ စိတ်ထဲတွင် အတွေးများ ကယက်ထနေသည်။ ပြိုကွဲနေသော တိုက်ကြီးပေါ်တွင် လူသားများ ရှာဖွေတွေ့ရှိခဲ့သည့် ဂြိုဟ်သားအာကာသယာဉ်များကို သူ ပြန်လည်သတိရသွားသည်။ ဤကမ္ဘာကြီး၏ သမိုင်းကြောင်းကို ပြန်လည်ရေးသားနိုင်ခဲ့သည်မှာ ထို အံ့မခန်း အပျက်အစီးနယ်မြေကြောင့်ပင်။ လူသားတို့၏ အသိပညာ ဗဟုသုတအားလုံးက ထိုနေရာမှ အစပြုခဲ့ခြင်း ဖြစ်သည်။
"ငါတို့ အရင်က တွေ့ခဲ့တဲ့ အဲဒီ အာကာသယာဉ်ကရော မင်းသခင် ချန်ရစ်ခဲ့တာလား"
"မဟုတ်ဘူး" အလင်း၇က ပြောသည်။ "အဲဒါက အရင်ယဉ်ကျေးမှုတွေနဲ့ ကုန်သွယ်ဖို့ ဒီကိုရောက်လာတဲ့ ကုန်သွယ်ရေး သင်္ဘောတစ်စင်း သက်သက်ပဲ"
"သူက အချိန်အခါမဟုတ် ဒီနေရာမှာ သေဆုံးသွားပြီး ဟင်းလင်းပြင်နယ်ပယ်ရဲ့ နက်ရှိုင်းတဲ့ နေရာမှာ ပုန်းကွယ်သွားခဲ့တာ တိုက်ဆိုင်မှုသက်သက်ပဲ"
"ဂြိုဟ်ရဲ့ စွမ်းအင်က အပြင်ဘက်က ကျယ်ပြောလှတဲ့ စကြာဝဠာကြီးနဲ့ ချိတ်ဆက်သွားတဲ့အခါ ဟင်းလင်းပြင်က နေရာရွေ့လျားသွားပြီး အဲဒါက ပြန်လည်ပေါ်ထွက်လာခဲ့တာပဲ"
သူက ခေတ္တရပ်သွားသည်။ လုချန်၏ မျက်လုံးများကို စိုက်ကြည့်ကာ ပြောသည်။
"ခု နားလည်ပြီလား... မင်းပြောတဲ့ အပျက်အစီးနယ်မြေတွေနဲ့ လျှို့ဝှက်နယ်မြေတွေထဲက တစ်ချို့က ယဉ်ကျေးမှုဟောင်းတွေရဲ့ အကြွင်းအကျန်တွေ ဖြစ်ပြီး ကျန်တာတွေကတော့ ငါ့သခင်ဆီက လက်ဆောင်တွေပဲ"
"မင်းတို့ လူသားတွေက အရမ်းကို အသိဉာဏ်နည်းလွန်းတော့ အဲဒါတွေကို မခွဲခြားနိုင်ခဲ့တာပါ"
လုချန်က အသက်ကို ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်သည်။
"ဒါဆို မင်းသခင်က ဒီလျှို့ဝှက်နယ်မြေတွေကို စေလွှတ်ခဲ့တာ... တပည့်တစ်ယောက် ရှာဖို့သက်သက်ပေါ့"
"မမှားဘူး" အလင်း၇က ပြောသည်။ "ရှေးဟောင်းဂြိုဟ်တစ်ခုကနေ မွေးဖွားလာတဲ့ တပည့်တစ်ယောက်ပေါ့"
"မုန်တိုင်းတွေကို ဖြတ်သန်းဖူးတဲ့ မျိုးစေ့တွေကသာ မိုးမခတောင်လို ကြီးမားတဲ့ သစ်ပင်ကြီးတွေအဖြစ် ကြီးထွားလာနိုင်မယ်လို့ ငါ့သခင်က ယုံကြည်ထားတာ"
"ခြောက်သွေ့တဲ့ ရှေးဟောင်းဂြိုဟ်တွေမှာ ကြီးပြင်းလာရတဲ့ သက်ရှိတွေက အကြောင်းပြချက်မရှိဘဲ ဘယ်အရာကိုမှ အလကားမရနိုင်ဘူးဆိုတာကို နားလည်ကြတယ်လေ"
"သူတို့ရဲ့ စရိုက်က ကြွယ်ဝချမ်းသာပြီး တိုးတက်တဲ့ ကြယ်တာရာ ယဉ်ကျေးမှုတွေကနေ အလိုလိုက်ခံထားရတဲ့ အမွေဆက်ခံသူတွေထက် ပိုခိုင်မာတယ်... သူတို့ရဲ့ စိတ်ဓာတ်တွေကလည်း ပိုပြီး ကြံ့ခိုင်တယ်"
လုချန်က ရင်ဘတ်ပေါ် လက်ပိုက်လိုက်သည်။ သူက အတွေးနက်သွားသည်။
“ခြောက်သွေ့တဲ့ ကမ္ဘာကြီးက ချိုးဖျက်မရနိုင်တဲ့ သံမဏိဆန္ဒကို ပုံဖော်ပေးတယ်...”
“မှန်လုံအိမ်ထဲမှာရော မိုးမျှော်သစ်ပင်ကြီးတွေ မကြီးထွားနိုင်ဘူးလား...”
“မူလအစ ဂလက်ဆီရဲ့ အမြင့်မြတ်ဆုံး အရှင်သခင်ကတောင် ဒီလို ပညာရေးဒဿနမျိုးကို လက်ခံထားတယ်ဆိုတာက အံ့ဩစရာပါပဲ...”
"ဒါဆို" သူက ကောက်ချက်ချလိုက်သည်။ "မင်းပြောခဲ့တဲ့ ဧကရာဇ်အော်ရိုရာ... မူလအစ ကြယ်တာရာစနစ်ကြီးရဲ့ အရှင်သခင်ဆိုတာ"
"ဒါက တကယ်တော့ ဘာကို ဆိုလိုတာလဲ... ပြင်ပဂြိုဟ် ယဉ်ကျေးမှုတွေကြားမှာ သူ့ရဲ့ ရပ်တည်ချက်က ဘယ်လိုရှိလဲ"
***