ဖေကျောက်ယွမ် က ခရမ်းရောင်ပုံရိပ်၏ အမြန်နှုန်းကြောင့် အလွန်အမင်း အံ့ဩတုန်လှုပ်သွားသည်။
“အဆင့်C သုံးစွဲသူ တစ်ယောက်က ဘယ်လိုလုပ် ဒီလောက် အမြန်နှုန်းမျိုး ရှိနိုင်မှာလဲ...”
တစ်ဖက်လူက သူတို့ရဲ့ စွမ်းအားကို နှစ်ဆတိုးစေနိုင်တဲ့ ရတနာတစ်မျိုးမျိုးကို အသုံးပြုထားရင်တောင်မှ ထိုမျှမမြန်သင့်ပေ။
“ဒီအမြန်နှုန်းက အဆင့်C နဲ့ လုံးဝကို ကိုက်ညီမှု မရှိဘူး...”
“ဒီကောင်က အဆင့်B များလား”
“မဟုတ်သေးပါဘူး”
“အဲဒီ အဆင့်C သားရဲနဲ့ တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲကို သူ ကိုယ်တိုင် မြင်တွေ့ခဲ့ရတာလေ”
“အကယ်၍ သူသာ အဆင့်B ဆိုရင် အဲဒီတုန်းက တိုက်ပွဲတွေက ဒီလောက်ထိ ခက်ခဲနေခဲ့မှာ မဟုတ်ဘူး”
“ဒါက အပျက်အစီးနယ်မြေ ဒါမှမဟုတ် လျှို့ဝှက်နယ်မြေ တစ်ခုခုဆီကနေ သူရထားတဲ့ လျှို့ဝှက်သိုင်းကျင့်စဉ် တစ်ခုခုလည်း ဖြစ်နိုင်တာပဲ”
ဒါကို တွေးမိသောအခါ ဖေကျောက်ယွမ် ၏ ယုံကြည်မှုများ အနည်းငယ် ပြန်လည်ရရှိသွားသည်။ တစ်ချိန်တည်းမှာပင် လျှို့ဝှက်နယ်မြေထဲတွင် လုချန်က အဋ္ဌမထပ်ရှိ နောက်ဆုံး သားရဲကို သတ်ဖြတ်လိုက်သည်။ အလင်း၇က ထွက်ခွာသွားသော သူ၏ ကျောပြင်ကို ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေမိသည်။
"တခြား နည်းလမ်းမှ မရှိတော့တာ... ဒီကောင်က တကယ်ကြီး လုပ်နိုင်သွားတာပဲ... ခုကစပြီး ငါ သူ့ကို သခင်အဖြစ် အသိအမှတ်ပြုရတော့မယ်"
“ဒါတွေက ဧကရာဇ်အော်ရိုရာ ကိုယ်တိုင် ချမှတ်ထားတဲ့ စည်းမျဉ်းတွေလေ”
အကယ်၍ တစ်စုံတစ်ယောက်က အဋ္ဌမထပ်ကို ရှင်းလင်းနိုင်ခဲ့ရင် သူတို့ရဲ့ ကိုယ်ပိုင် Aiကို အခမဲ့ ရရှိလိမ့်မည်။ ဧကရာဇ်အော်ရိုရာ လက်အောက်ရှိ Aiများက အကြိမ်ကြိမ် အဆင့်မြှင့်တင်မှုများ ပြုလုပ်ထားပြီးဖြစ်သည်။ အလင်း၇က ဆယ့်ကိုးဆက်မြောက် မျိုးဆက်ဖြစ်သည်။ ၎င်းက ဂလက်ဆီတစ်ခုလုံး၏ အချက်အလက်များကို သီးခြားလွတ်လပ်စွာ ထိန်းသိမ်းလည်ပတ်နိုင်စွမ်း ရှိသည်။
ထို့ပြင် အချိန်နှင့်အမျှ ဆက်လက်၍ ဆင့်ကဲပြောင်းလဲနေသေးသည်။ လက်ရှိတွင် မျိုးဆက်(၂၀) မှ မျိုးဆက်(၂၁) သို့ ကူးပြောင်းမည့် အရေးကြီးသော အချိုးအကွေ့တစ်ခုသို့ ရောက်ရှိနေသည်။ ဤAiက သူ၏ တပည့်များအတွက် သူပေးနိုင်သော အကောင်းဆုံး လက်ဆောင်ပင်။ သို့သော် လုချန်က ရပ်တန့်မသွားခဲ့ပေ။
သူက စံချိန်သစ် တင်ချင်နေသည်။ နဝမအဆင့်ကို ရှင်းလင်းလိုက်သည်။ ဤသည်ကို မြင်သောအခါ အလင်း၇၏ မျက်လုံးများက ချက်ချင်း ပြူးကျယ်သွားသည်။
“ဒီကောင် ဘာလုပ်နေတာလဲ...”
“သူက အဋ္ဌမထပ်ကို ရှင်းလင်းပြီးပြီလေ...”
“ခုဆို ငါ့ကို အပြည့်အဝ ထိန်းချုပ်ခွင့် ရနေပြီ...”
“သူ ဘာလုပ်ချင်နေတာလဲ...”
“ငါ့ကို အပြတ်အသတ် အနိုင်ယူနိုင်ဖို့ သူ့ရဲ့ စွမ်းအားတွေကို ထုတ်ကြွားချင်နေတာလား”
အလင်း၇က အေးစက်စွာ နှာမှုတ်လိုက်သည်။
“သူ့ကို သင်ခန်းစာတစ်ခု ပေးဖို့ ငါ ဆုံးဖြတ်လိုက်ပြီ...”
၎င်းက စမ်းသပ်မှု မျှော်စင်၏ နောက်ကွယ်ရှိ အချက်အလက် စနစ်ထဲသို့ ဝင်ရောက်သွားသည်။
“အဲဒီသားရဲတွေရဲ့ စွမ်းအားကို အမြင့်ဆုံးအထိ မြှင့်တင်ပစ်ဖို့ပဲ...”
အခြားတစ်ဖက်တွင်မူ လုချန်က ဒီနေရာမှာ အချိန်ထပ်မဖြုန်းချင်တော့ပေ။ အဆင့်ကိုးဆင့်ပါဝင်သော အရပ်ဆယ်မျက်နှာ သုတ်သင်ခြင်း ဓားသိုင်းကို အသုံးပြုလိုက်သည်။ တိုက်ကွက်တစ်ကွက်တည်းဖြင့် အစွမ်းထက်သော တိုက်ခိုက်မှုတစ်ခုကို ဖော်ထုတ်လိုက်သည်။ နဝမထပ်ရှိ အဆင့်C နဝမအဆင့်သားရဲ အကောင် ကိုးဆယ်လုံးကို မြေမှုန့်အဖြစ် တိုက်ရိုက် ကြိတ်ခြေပစ်လိုက်သည်။
ထို့နောက် ဟက်စကီ၏ ပြူးကျယ်နေသော မျက်လုံးများရှေ့တွင် သူက ဒသမထပ်သို့ သက်တောင့်သက်သာပင် တက်လှမ်းသွားလေသည်။ အလင်း၇က အရှုံးပေးလိုက်ရသည်။
"သခင်... သခင့်ရဲ့ ချစ်စရာ Aiလေး အလင်း၇က အသင့်ရှိနေပါပြီ"
သူ ယုံကြည်သွားပြီ။
လုံးဝကို ယုံကြည်သွားပြီ။
“ဒီလောက် တော်လွန်း... အဲလေ... ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ယောက်ကို ဇာတ်လိုက်အဖြစ် အသိအမှတ်ပြုရတာ မဆိုးပါဘူး... ဒါက သူ့ရဲ့ ဂုဏ်ကျက်သရေတစ်ခုဖြစ်သလို အကောင်းဆုံး အဆုံးသတ်တစ်ခုလည်း ဖြစ်ပါတယ်...”
သူ တခြား Aiတွေနဲ့ တွေ့တဲ့အခါ သူ့ရဲ့ ကံကောင်းမှုတွေကို သူတို့ရှေ့မှာ ပွင့်ပွင့်လင်းလင်းနဲ့ ဂုဏ်ယူဝင့်ကြွားစွာ ကြွားလုံးထုတ်လို့ ရပြီ ဖြစ်သည်။ ဒသမထပ်၏ ပထမအဆင့်သို့ ရောက်ရှိလာသည်။ လုချန်က သားရဲများကို ချက်ချင်းသတ်ရန် သူ၏ အစွမ်းထက်ဆုံး တိုက်ကွက်ကို အသုံးပြုနေဆဲပင်။ သို့သော် ဒသမထပ်၏ ဒသမအလွှာကို ရှင်းလင်းပြီးနောက်တွင် သူက ချက်ချင်း အပြင်သို့ တယ်လီပို့စ် လုပ်မခံရပေ။
လွတ်ဟာနေသော နေရာတစ်ခုတွင် ရုတ်တရက် ပုံရိပ်တစ်ခု ပေါ်လာသည်။ ၎င်းက လူသားပုံစံ အရိပ်တစ်ခု ဖြစ်သည်။ မှိန်ဖျော့ဖျော့ အလင်းတန်းများ ဖြာထွက်နေသည်။ ထိုပုံရိပ်ကြီးက ဧရာမ အရွယ်အစားရှိသည်။ တစ်ဖက်လူ ဘယ်လိုပုံစံ ရှိသလဲဆိုတာကို လုချန် ခန့်မှန်း၍ပင် မရနိုင်ပေ။ ပုံရိပ်ကြီးက ခေါင်းငုံ့လာသည်။ လုချန်ကို အပေါ်မှ စီးမိုးကြည့်လိုက်သည်။
"ငါက အော်ရိုရာ... ဒီအမွေအနှစ် နယ်မြေရဲ့ အရှင်သခင်ပဲ... ဂုဏ်ယူပါတယ် ကလေးလေး... မင်းက စမ်းသပ်မှု မျှော်စင်ရဲ့ အထပ်ဆယ်ထပ်လုံးကို ရှင်းလင်းနိုင်ခဲ့ပြီ... သမိုင်းတစ်လျှောက်မှာ မင်းက ဒီလိုစွမ်းဆောင်နိုင်တဲ့ ဒုတိယမြောက် သက်ရှိပဲ"
"ဒုတိယမြောက်" လုချန်က မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။
“အလင်း၇ ပြောသလိုဆိုရင် နဝမအဆင့်ကိုတောင် ရောက်နိုင်တဲ့ သက်ရှိ မရှိဘူးဆိုတာ မဟုတ်ဘူးလား”
ထိုသူက ဆက်ပြောသည်။
"သူက မင်းရဲ့ စီနီယာအစ်ကိုပဲ... မင်းသာ ငါ့ရဲ့ တပည့်ဖြစ်လာရင် မင်းရဲ့ စီနီယာအစ်ကိုနဲ့ တွေ့ခွင့်ရလိမ့်မယ်"
အဆုံးမဲ့ အလင်းတန်းများ လွှမ်းခြုံထားသော ထိုပုံရိပ်ကြီး ရုတ်တရက် ပြုံးလိုက်သည်ကို လုချန်က ခံစားလိုက်ရသည်။ အလွန် ကြင်နာပြီး ဖော်ရွေသော အပြုံးတစ်ခုပင်။ သို့သော် ဘာကြောင့်မှန်း မသိပေ။ သူ၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသော အအေးဒဏ်ကို ရုတ်တရက် ခံစားလိုက်ရသည်။ နဖူးပေါ်တွင် ချွေးအေးများ သီးလာသည်။ လုချန်က လုံးဝ တွန့်ဆုတ်မနေပေ။ ချက်ချင်းပင် ရိုသေလေးစားစွာဖြင့် ဦးညွှတ်လိုက်သည်။
"သခင့်ရဲ့ အစွမ်းအထက်ဆုံး၊ အထူးချွန်ဆုံးနဲ့ ပါရမီအပါဆုံး တပည့်လေး လုချန်... ဆရာသခင်ကို ဂါရဝပြုပါတယ်"
ပုံရိပ်ထဲမှ ထိုသူ ကြားလိုက်ရသောအခါ သူ၏ နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားသည်။
“တကယ့် မျက်နှာပြောင်တိုက်လွန်းတဲ့ ကောင်စုတ်လေးပဲ”
သို့သော် သူက တည်ငြိမ်အေးဆေးစွာပင် နေလိုက်သည်။
"မင်း အဆင့်Aကို ရောက်တာနဲ့ မင်းရဲ့ Aiက ငါ့ရဲ့ ကျင့်စဉ်နယ်မြေဆီ လမ်းညွှန်ပေးလိမ့်မယ်"
"အဲဒီအနားမှာ ဥမင်လိုဏ်ခေါင်း တစ်ခုကို ငါ ချထားပေးမယ်"
"ဒသမထပ်ကို ရှင်းလင်းနိုင်တဲ့ မင်းရဲ့ ဆုလာဘ်အတွက်ကတော့... လျှို့ဝှက်သိုင်းကျင့်စဉ် တစ်ခုပဲ"
စကားသံ အဆုံးတွင် ထိုပုံရိပ်ကြီး ပျောက်ကွယ်သွားသည်။ လုချန်၏ လက်ထဲတွင် လျှို့ဝှက်သိုင်းစာအုပ် တစ်အုပ် ပေါ်လာသည်။
“ဟင်းလင်းပြင် တယ်လီပို့စ်”
ကျင့်ကြံမှု အောင်မြင်ခဲ့လျှင် မီတာ ၂၀ ပတ်လည်အတွင်း ချက်ချင်း ရွှေ့ပြောင်းနိုင်စွမ်း ရှိသည်။ လုချန်က စိတ်လှုပ်ရှားစွာဖြင့် ထိုစာအုပ်ကို သိမ်းဆည်းလိုက်သည်။ အဆင့်မြှင့်တင်ပြီးသား သိုင်းကျင့်စဉ်က ဘယ်လိုပုံစံ ဖြစ်လာမလဲဆိုတာကို သူ မစောင့်နိုင်တော့ပေ။ သို့သော် လုချန်က အနည်းငယ် စူးစမ်းချင်စိတ် ဖြစ်မလာဘဲ မနေနိုင်ပေ။ မူလအစ ကြယ်တာရာစနစ်ကြီးရဲ့ အရှင်သခင် ဧကရာဇ်အော်ရိုရာက သူ့ကို ဒီလို လျှို့ဝှက်သိုင်းစာအုပ်မျိုး ပေးခဲ့သည်။
ထို့နောက် ဥမင်လိုဏ်ခေါင်းတွေကိုလည်း အချိန်မရွေး ချထားပေးနိုင်သည်။ သူက ဟင်းလင်းပြင် သဘာဝနဲ့ ပတ်သက်ပြီး စွမ်းအားကြီးမားတဲ့ သက်ရှိတစ်မျိုးများ ဖြစ်နေမလား။ ထို့ပြင် တစ်ဖက်လူက ကြယ်တာရာစနစ် အမျိုးမျိုးကနေ ပါရမီရှင်တွေကို အဆက်မပြတ် စုဆောင်းနေသည်။ ဒါက သေချာပေါက် ဒီလောက် ရိုးရှင်းမှာ မဟုတ်ပေ။
“ဒီနောက်ကွယ်မှာ တခြား ရည်ရွယ်ချက် တစ်ခုခုများ ရှိနေမလား...”
သို့သော် လုချန်က ပြုံးလိုက်သည်။ ဒါတွေ အားလုံးက သူ့အတွက် အရမ်း ဝေးကွာလွန်းနေသေးသည်။
“လောလောဆယ်တော့ ငါ အရင်ဆုံး ခိုင်မာတဲ့ အခြေခံအုတ်မြစ်တစ်ခု တည်ဆောက်ဖို့ အာရုံစိုက်သင့်တယ်...”
ထိုအကြောင်းကို သူက ဆက်မပြောတော့ပေ။ သူတို့က စမ်းသပ်မှု မျှော်စင်ထဲမှ ထွက်လာခဲ့ကြသည်။ အလင်း၇က မြေပြင်ပေါ်တွင် ဒူးထောက်နေသည်။ ဟက်စကီတစ်ကောင် ဒူးထောက်နေပုံက တော်တော်လေး ရယ်စရာကောင်းလှသည်။ လုချန်မှာ ၎င်း၏ အမွေးပွနေသော ပါးပြင်လေးများကို ဆွဲညှစ်ချင်စိတ်ပင် ပေါက်သွားသည်။
လုချန် ထွက်လာသည်ကို မြင်သောအခါ အလင်း၇က ချက်ချင်း ခေါင်းမော့လာသည်။ အံ့အားသင့်ဝမ်းသာစွာဖြင့် အော်ဟစ်လိုက်သည်။
"ဂုဏ်ယူပါတယ် သခင်"
ထို့နောက် ဘောလုံးတစ်လုံးလို လိမ့်သွားသည်။ လုချန်၏ မျက်နှာက ရှုံ့မဲ့သွားသည်။ အရင်တုန်းက မောက်မာပြီး အထက်စီးဆန်နေတာ မဟုတ်ဘူးလား။ ဒီခေတ်ကြီးက ဘာတွေများ ဖြစ်နေတာလဲ။ Ai တစ်ခုတောင် ဒီလောက် ဖားတတ်နေသည်။ သူက ၎င်း၏ ချစ်စရာကောင်းသော အသွင်အပြင်ကို ကြည့်လိုက်သည်။ ခေါင်းယမ်းကာ ပြောလိုက်သည်။
"အလင်း၇... ထတော့ မင်း ငါ့ကို သခင်လို့ ခေါ်စရာ မလိုပါဘူး... ဘော့စ်လို့ပဲ ခေါ်"
***