နံနက်မိုးသောက် အချိန်သို့ ရောက်ရှိလာခဲ့သည်။ ကောင်းမွန်စွာ အိပ်စက်အနားယူပြီးနောက် လုချန် နိုးလာသည်နှင့် ပထမဆုံး လုပ်ဆောင်လိုက်သည်မှာ Systemကို ဖွင့်လိုက်ခြင်းပင်။ Sign-in ဝင်လိုက်သည်။
အမည် - လုချန် ခွန်အား - ၂,၄၀၉,၇၆၁,၆၀၀ စိတ်ဝိညာဉ် - ၂,၄၀၉,၇၆၁,၆၀၀ ဝိညာဉ်စွမ်းရည် - အမြင့်ဆုံးအဆင့် နားလည်သဘောပေါက်နိုင်စွမ်း
သူ၏ အခြေခံခွန်အားက တန်ချိန် ၁.၉၂ ဘီလီယံသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ သူက မိမိ၏ စိတ်ဝိညာဉ်စွမ်းအားကို ချက်ချင်းပင် အာရုံခံကြည့်လိုက်သည်။ ၎င်းက မြေကမ္ဘာကို တုန်ဟိန်းစေမည့် အလှည့်အပြောင်းတစ်ခု ထပ်မံဖြစ်ပေါ်နေသည်။ သူ၏ အာရုံခံနိုင်စွမ်းက သူသိထားသမျှ သက်ရှိတို့၏ အကန့်အသတ်ကို ကျော်လွန်သွားခဲ့သည်။ စိတ်စွမ်းအားများ ပွင့်ထွက်လာသည်။
၎င်းက ရပ်တန့်မသွားဘဲ အပြင်ဘက်သို့ ဆက်လက်၍ ပြန့်ကားထွက်သွားသည်။ မဟာမိတ်အဖွဲ့ အဆောက်အအုံ၊ တစ်မြို့လုံးရှိ အခြေစိုက်မြို့တော်များ၊ တောင်တန်းများကို ဖြတ်ကျော်ကာ သမုဒ္ဒရာများအထိ လွှမ်းခြုံသွားခဲ့သည်။ ထို့နောက် နေရာတစ်ခု၊ အမှတ်တစ်ခုသို့ အားလုံး စုစည်းသွားကြသည်။ သူ၏ စိတ်စွမ်းအားက ကမ္ဘာ့မျက်နှာပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားကာ ဂြိုဟ်တစ်ခုလုံးကို ငုံ့ကြည့်နေသကဲ့သို့ ဖြစ်သွားသည်။
ကမ္ဘာဂြိုဟ်ပေါ်ရှိ လှုပ်ရှားမှုတိုင်းက သူ၏ မျက်စိအောက်သို့ ရောက်ရှိနေသည်။ အနုစိတ်ပိုင်းဆိုင်ရာများတွင်မူ မော်လီကျူးလေးများ၏ တုန်ခါမှု၊ အသွင်ကူးပြောင်းမှုနှင့် စွမ်းအင်များ လက်ခနဲ ဖြစ်သွားမှုတိုင်းကိုပင် သူ မြင်တွေ့နိုင်စွမ်း ရှိနေသည်။ ထို့နောက် သူ၏ အာရုံက သမုဒ္ဒရာအောက်ခြေရှိ အရာများဆီသို့ ရောက်ရှိသွားသည်။ ချက်ချင်းပင် သူ၏ စိတ်နှလုံးကို တုန်လှုပ်ခြောက်ခြားသွားစေသည့် မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။
လှိုင်းလုံးကြီးများ၏ အောက်ခြေတွင် ဖော်ပြရန်ပင် ခက်ခဲလှသည့် အတိုင်းအဆမရှိ ကြီးမားလှသော စစ်တပ်ကြီးတစ်ခုက တိုက်ခိုက်ရန် အသင့်ပြင်နေသည်။ သားရဲ များမှာ များပြားလှပြီး အဆုံးအစ မရှိပေ။ ဝေ့ဝဲကြည့်လိုက်ရုံဖြင့် အဆင့်C နှင့် အထက်ရှိသော သားရဲပေါင်း သောင်းနှင့်ချီ၍ ရှိနေသည်။ အဆင့်-B သားရဲများမှာလည်း အနည်းဆုံး သောင်းနှင့်ချီ၍ ရှိနေသည်။
ထိုပင်လယ်သားရဲ စစ်တပ်ကြီး၏ အလယ်ဗဟိုတွင် လူသားတို့၏ အခြေစိုက်မြို့တော်ခန့် အရွယ်အစားရှိသော ကွက်လပ်ကြီးတစ်ခု ရှိနေသည်။ ထိုနေရာကိုမူ သူ ဘာမှမမြင်ရပေ။ အကြောင်းမှာ သူ၏ စိတ်စွမ်းအားက ထိုနယ်မြေထဲသို့ ထိုးဖောက်ဝင်ရောက်နိုင်ခြင်း မရှိသောကြောင့် ဖြစ်သည်။ လုချန်၏ ကျောရိုးတစ်လျှောက် စိမ့်ခနဲ အေးသွားခဲ့သည်။ ထိုနေရာတွင် သူ၏ အာရုံခံနိုင်စွမ်းကို ပိတ်ဆို့ထားနိုင်သည့် အလွန်အစွမ်းထက်သော သက်ရှိတစ်ခု ရှိနေသည်။
လုချန်၏ မျက်နှာထားက တည်ကြည်လေးနက်သွားသည်။ အချိန်က မည်သူ့ကိုမျှ စောင့်ဆိုင်းနေမည် မဟုတ်ပေ။ သူက အခန်းထဲမှ တိတ်ဆိတ်စွာ ထွက်ခွာလာခဲ့သည်။ ထို့နောက် ကောင်စီအစည်းအဝေးခန်းမထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်လာခဲ့သည်။ လျိုချန်နှင့် ရှောင်ဝမ်လုံတို့ ရောက်နှင့်နေကြပြီ ဖြစ်သည်။ သူတို့က လုဟုန်တောက်နှင့် စကားပြောနေကြခြင်း ဖြစ်သည်။ လုချန်က အားလုံးနှင့် အပိုစကားများ ပြောမနေတော့ဘဲ လေးနက်သော လေသံဖြင့် တိုက်ရိုက်ပင် ပြောလိုက်သည်။
"ဥက္ကဋ္ဌ... လူသားမျိုးနွယ်ဟာ မျိုးတုံးပျောက်ကွယ်ခါနီး အချိန်ကို ရောက်နေပြီ..."
သူက စကားကို တည်ငြိမ်စွာ စတင်ပြောဆိုလိုက်သည့်အခါ သူတို့၏ မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားကြသည်။ အမွေအနှစ် လျှို့ဝှက်နယ်မြေ၊ ရှေးဟောင်းအပျက်အစီးများ၊ မူလအစ ကြယ်တာရာစနစ်ကြီး၏ အရှင်သခင်၊ အရင်းအမြစ် လက်ဆောင်များ နှင့် ပင်လယ်ရေနက်ပိုင်းတွင် ပုန်းအောင်းနေသည့် ကြောက်မက်ဖွယ် ရေနက်ပိုင်း စစ်တပ်ကြီးအကြောင်း.. သူ စကားဆုံးသွားသည့်အခါ အခန်းတစ်ခုလုံး သင်္ချိုင်းကုန်းတစ်ခုကဲ့သို့ တိတ်ဆိတ်သွားတော့သည်။
လုဟုန်တောက်က သူ့အား ကြောင်တောင်တောင်ဖြင့် ကြည့်နေမိသည်။ သူ၏ စိတ်ထဲတွင် နျူကလီးယားဗုံး နှစ်လုံး ပေါက်ကွဲသွားသကဲ့သို့ အမှန်တရား နှစ်ခုက ရိုက်ခတ်နေသည်။ ပထမအချက်မှာ သူ၏ မြစ်ဖြစ်သူ လုချန်က ယခုအခါ အဆင့်C သို့ ရောက်ရှိနေပြီ ဖြစ်ခြင်းနှင့် ဒုတိယအချက်မှာ ဤကမ္ဘာကြီးက ပျက်စီးတော့မည် ဖြစ်ခြင်းပင်။ တောင်ကြီး တောင်ခါးပြတ်သည့်တိုင် တည်ငြိမ်နေတတ်သော လျိုချန်ပင်လျှင် ယခုအချိန်တွင် အသက်ရှူသံများ ပြင်းထန်နေကာ မျက်နှာတစ်ခုလုံး ဖြူလျော့နေသည်။ သူ၏ စိတ်ထဲတွင် မကြုံစဖူးသော ကြောက်ရွံ့မှုများ ဖြစ်ပေါ်နေခဲ့သည်။
မနေ့က A အခြေစိုက်မြို့တော်ကို တိုက်ခိုက်ခဲ့ခြင်းမှာ တိုက်ဆိုင်မှု မဟုတ်ပေ။ ၎င်းက စစ်တပ်ကြီး မကျူးကျော်မီ လာရောက် စမ်းသပ်ခြင်းသာ ဖြစ်သည်။ အကယ်၍ လုချန်၏ ခန့်မှန်းချက်သာ မှန်ကန်ပါက အလွန်ဆုံး သုံးရက်အတွင်း သူတို့က ရေနက်ပိုင်းစစ်တပ်၏ ပထမဆုံး ကျူးကျော်မှုလှိုင်းနှင့် ရင်ဆိုင်ရတော့မည်။ သုံးရက်သာ ကျန်တော့သည်။ လူသားမျိုးနွယ်မှာ ပျက်စီးကိန်း ဆိုက်နေသည်။
"ခွေးသူတောင်းစားတွေ"
လျိုချန်က စားပွဲကို ဝုန်းခနဲ လက်သီးဖြင့် ထုချလိုက်ရာ စပ်ဟပ်သတ္တုဖြင့် ပြုလုပ်ထားသော စားပွဲကြီးမှာ အစအနများအဖြစ် ပြိုကွဲသွားခဲ့သည်။ လုချန်က အားလုံး၏ တုန်လှုပ်မှုကို ဂရုမစိုက်ဘဲ စိတ်ထဲမှနေ၍ အလင်း၇နှင့် ဆက်သွယ်လိုက်သည်။
"ဟိုခန်းမက္ကင်းလမ်းတွေမှာရှိတဲ့ မက်ချာတွေနဲ့ နန်းတော်ထဲက မက်ချာစစ်သည်တော် လေးယောက်ရဲ့ အစွမ်းက ဘယ်လောက်ရှိလဲ"
အလင်း၇၏ အသံ ထွက်ပေါ်လာသည်။
"မက်ချာစစ်သည်တော် ၈၀ကတော့ တစ်ယောက်ချင်းစီမှာ အဆင့်B သတ္တမအလွှာ စစ်သည်တော်တစ်ယောက်ရဲ့ စွမ်းအားရှိတယ်... မက်ချာနိုက်လေးယောက်ကတော့ အဆင့်B ရဲ့ အထွတ်အထိပ် ခွန်အားကို ထုတ်ဖော်နိုင်တယ်... လျိုချန်ထက်စာရင် အဲဒီ ရှောင်ဝမ်လုံဆိုတဲ့လူနဲ့ ပိုတူလိမ့်မယ်"
လုချန်က ခေါင်းညိတ်လိုက်သည်။ သူ၏ စိတ်ကူးများက လျင်မြန်စွာ လည်ပတ်နေသည်။ ထို့နောက် သူက အမိန့်ပေးလိုက်သည်။
"အဲဒီ နိုက်တွေရဲ့ တည်ဆောက်ပုံ အချက်အလက်တွေကို ငါ့ဆီ ပို့ပေးပါ"
ထို့နောက် သူက ခေါင်းမော့ကာ လျိုချန်ကို ကြည့်လိုက်သည်။
"ဥက္ကဋ္ဌ... ကျွန်တော့်မှာ အစီအစဉ်တစ်ခု ရှိတယ်... အဆင့်D အောက် စစ်သည်တော် ၃၀၀၀ ကို စုစည်းပေးပါ.. ဖြစ်နိုင်ရင် ဝိညာဉ်သခင်တွေဆို ပိုကောင်းမယ်... သူတို့ကို မက်ချာ မောင်းနှင်ဖို့ သင်တန်းပေးရမယ်.. မက်ချာကိစ္စကိုတော့ ကျွန်တော် တာဝန်ယူမယ်... ကျွန်တော်တို့ဆီမှာ အဆင့်C အထက် သားရဲအမြုတေတွေ ရှိလား"
လျိုချန်က ခေါင်းညိတ်လိုက်သည်။ လုချန်က လုဟုန်တောက်ဘက်သို့ လှည့်ကြည့်ကာ ပြောပြန်သည်။
"ဘိုးဘေးကြီး... ကျွန်တော့်အဖေကို ဖုန်းဆက်လိုက်ပါ... သူ့ကို မဟာမိတ် သုတေသန ဌာနချုပ်ကို ခေါ်သွားပေးပါ... အဲဒီက သိပ္ပံပညာရှင်တွေနဲ့ ပူးပေါင်းပြီး ဝိညာဉ်သခင်တွေကို သင်တန်းပေးဖို့ ပြောလိုက်ပါ"
အချိန်က မည်သူ့ကိုမျှ မစောင့်ပေ။ လုချန်က မက်ချာစစ်သည်တော် ၁၀၀ ကို ကိုယ်တိုင် ဖန်တီးရန်၊ မဟုတ်သေးပါ... ပုံတူကူးယူရန် ဆုံးဖြတ်လိုက်သည်။ တစ်ဖွဲ့လျှင် သုံးယောက်နှုန်းဖြင့် ဝိညာဉ်သခင် ၃၀၀ ကို မောင်းနှင်သူများအဖြစ် အမြန်ဆုံး သင်တန်းပေးရမည်။ ဤနည်းလမ်းဖြင့်သာ အချိန်တိုအတွင်း အဆင့်-B တိုက်ခိုက်ရေးစွမ်းအား အမြောက်အမြားကို ထုတ်လုပ်နိုင်မည် ဖြစ်သည်။
"ဥက္ကဋ္ဌ" လုချန်၏ အသံမှာ စတီးဓားသွားကဲ့သို့ ထက်ရှနေသည်။ "ကျွန်တော့်ကို ဘောလုံးကွင်းအရွယ်အစားလောက်ရှိတဲ့ ဘေးကင်းလုံခြုံတဲ့ နေရာတစ်ခုနဲ့ အဆင့်C အထက် သားရဲအမြုတေ အားလုံး လိုအပ်တယ်... ဥက္ကဋ္ဌတို့ဘက်က အစွမ်းကုန် ပံ့ပိုးပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်"
လျိုချန်နှင့် သူက မျက်လုံးချင်း ဆုံသွားကြသည်။ ဤအခိုက်အတန့်တွင် သူတို့အားလုံး နားလည်သွားကြသည်။ လူသားမျိုးနွယ်က သေမင်းနှင့် အပြိုင် ပြေးနေရပြီ ဖြစ်သည်။ အားလုံးက မိမိတို့ တတ်နိုင်သမျှကို အစွမ်းကုန် လုပ်ဆောင်ကြရပေမည်။ ရှောင်ဝမ်လုံက တောရိုင်းနယ်မြေရှိ စစ်သည်တော်အားလုံးကို အသင့်ပြင်ထားရန် ချက်ချင်း အကြောင်းကြားလိုက်သည်။ လျိုချန်ကမူ မဟာမိတ်အဖွဲ့ ဂိုဒေါင်မှ အဆင့်C နှင့် အထက် သားရဲအမြုတေများကို ရှာဖွေရန် ထွက်ခွာသွားခဲ့သည်။ လုချန်အတွက် သားရဲအမြုတေ ၃၀၀ လိုအပ်သည်။ အကယ်၍ မဟာမိတ် ဂိုဒေါင်တွင် မလုံလောက်ပါက လျိုချန်အနေဖြင့် တောရိုင်းထဲသို့ ကိုယ်တိုင်သွား၍ အမဲလိုက်ရန်မှတစ်ပါး အခြားနည်းလမ်းမရှိပေ။
လုဟုန်တောက်က လုယွမ်ကို ခေါ်ကာ မဟာမိတ် သုတေသန ဌာနချုပ်သို့ ပို့လိုက်သည်။ လုချန်ကမူ မက်ချာများ ထုတ်လုပ်မည့်နေရာသို့ သွားလိုက်သည်။ သူက စိတ်ထဲ၌ မက်ချာ ထုတ်လုပ်ရေး အချက်အလက်များကို ပြန်လည် စစ်ဆေးနေသည်။ သူ လျင်မြန်စွာ နားလည်နိုင်စေရန် အလင်း၇ကလည်း သုံးဖက်မြင်ပုံရိပ်များဖြင့် မက်ချာတစ်စီးကို အစမှအဆုံး တည်ဆောက်ပုံ အဆင့်ဆင့်ကို ပြသပေးနေသည်။
လုချန်က လုပ်ဆောင်ရမည့်အရာမှာ မြေကမ္ဘာ အတတ်ကို အသုံးပြု၍ အရာခပ်သိမ်းကို စုစည်းကာ အစိတ်အပိုင်းများကို ပုံတူကူးယူရန်ပင် ဖြစ်သည်။ သတ္တုဖြစ်စေ၊ ဆီလီကွန်ပြားများဖြစ်စေ မြေကမ္ဘာ အတတ် ဖြင့် မြေကြီးထဲတွင် ပါဝင်သမျှ အရာအားလုံးကို မိမိအသုံးချလိုသကဲ့သို့ အသွင်ပြောင်းလဲနိုင်ပြီး အကန့်အသတ်မဲ့သော စွမ်းအားကို ပိုင်ဆိုင်စေနိုင်သည်။
ခွန်အားကြီးမားလေလေ ထိုစွမ်းအားမှာ ပိုမိုနက်နဲဆန်းပြားလေလေ ဖြစ်သည်။ သူ၏ လက်ရှိခွန်အားဖြင့် အဆင့်B ကုန်ကြမ်းပစ္စည်းများကို ပေါင်းစုဖြစ်ပေါ်စေရန်မှာ အပြည့်အဝ ဖြစ်နိုင်ချေ ရှိနေပေသည်။
***