လော့နျန်ဝေကလည်း အလိုက်သင့်လေး ပြန်လည်တုံ့ပြန်လိုက်သည်။ ဤသည်မှာ သူတို့နှစ်ဦး၏ ပထမဆုံး အနမ်းပင် ဖြစ်သည်။ ၎င်းက ကောင်းကင်မှ မိုးကြိုးပစ်ချလိုက်သလို မြေပြင်မှ မီးတောင်ပေါက်ကွဲသွားသလို ပြင်းပြလှပြီး အချိန်အတော်ကြာအောင် ခွဲခွာ၍ မရနိုင်လောက်အောင် ဖြစ်နေခဲ့သည်။ သူတို့နှစ်ဦးက လေပေါ်တွင် ဟန်ချက်ညီစွာဖြင့် အချိန်အတော်ကြာအောင် ရပ်တန့်နေခဲ့ကြသည်။ မဟာမိတ်ဌာနချုပ် အဆောက်အအုံ၏ ခေါင်မိုးပေါ်တွင်မူ လျိုချန်နှင့် ရှောင်ဝမ်လုံတို့က ဤမြင်ကွင်းကို ကြည့်ရင်း အပြုံးချင်း ဖလှယ်လိုက်ကြသည်။
"ငယ်ရွယ်တာက တကယ်ကို ကောင်းတာပဲ"
ရှောင်ဝမ်လုံက မေးလိုက်သည်။ "အဖိုးကြီးလျို... မနက်ဖြန် တိုက်ပွဲက ဘယ်လိုဖြစ်လာမယ်လို့ မင်းထင်လဲ... ငါတို့မှာ အခွင့်အရေးရှိရဲ့လား"
လျိုချန်က သူ့ကို လှည့်မကြည့်ဘဲ ကောင်းကင်ပေါ်က လမင်းကြီးကိုသာ စူးစိုက်ကြည့်နေရင်း ပြောလိုက်သည်။
"ငါလည်း မသိဘူး... ဒါပေမဲ့ တစ်ခုတော့ ငါသိတယ်... မနက်ဖြန်ကျရင် ငါ့မှာရှိသမျှ အင်အားအကုန်သုံးပြီး တိုက်မယ်... အကယ်၍ မနက်ဖြန်က သားရဲတွေကို တိုက်ရမယ့် ငါတို့ရဲ့ နောက်ဆုံးတိုက်ပွဲ ဖြစ်ခဲ့မယ်ဆိုရင်တောင် ကောင်းကင်က ကြယ်တွေနဲ့ ဒီကမ္ဘာကြီးက ငါ့ရဲ့ အတောက်ပဆုံး... အပြောင်မြောက်ဆုံး ပုံရိပ်ကို မှတ်မိနေပါစေတော့"
ရှောင်ဝမ်လုံ ဘာမှ ထပ်မပြောတော့ပေ။ ထိုအချိန်တွင် လုချန် ကောင်းကင်မှ ဆင်းသက်လာခဲ့သည်။ သူက အပိုစကားများ ပြောမနေဘဲ လက်နက်များကို တိုက်ရိုက် ထုတ်ယူလိုက်သည်။ သူ၏ ဟင်းလင်းပြင်လက်စွပ်ထဲတွင် အဆင့်B ဓာတ်သဘာဝလက်နက် ၁၀ ခု ပါရှိသည်။ လုချန်က လျိုချန်ကို ခေါ်လိုက်ပြီး ခေါင်မိုးပေါ်သို့ သွားကာ ပြောလိုက်သည်။
"ဥက္ကဋ္ဌ... စိတ်မပူပါနဲ့... ဒီတိုက်ပွဲမှာ ကျွန်တော်တို့ ကျိန်းသေပေါက် အနိုင်ရလိမ့်မယ်... ဘာလို့လဲဆိုတာ ကျွန်တော် ရှင်းမပြတတ်ပေမဲ့ ကျွန်တော်တို့ နိုင်မယ်ဆိုတာ ကျွန်တော် သေချာပေါက် သိနေတယ်"
လျိုချန်က ပြုံးလိုက်သော်လည်း ဘာမှ မပြောခဲ့ပေ။ ထိုလျှို့ဝှက်နယ်မြေထဲ ဝင်နိုင်သည့် အရည်အချင်းရှိသူကို နောက်ထပ် မဟာမိတ်ဥက္ကဋ္ဌအဖြစ် သူ အဆိုပြုမည်ဟု ပြောခဲ့ဖူးသည်။ သို့သော်လည်း အချိန်က အလွန်တိုတောင်းလွန်းလှသည်။ ဤသည်မှာ ကံကြမ္မာ ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ လူသားမျိုးနွယ်၏ ဥက္ကဋ္ဌအဖြစ်နှင့်ပင် သူ ဂုဏ်သိက္ခာရှိရှိ သေဆုံးချင်တော့သည်။
လုချန်က အဆင့်B ဓာတ်သဘာဝလက်နက် ၉ ခုကို သူတို့ထံ ပေးအပ်လိုက်ပြီး တစ်ခုကိုမူ မိမိအတွက် သိမ်းထားလိုက်သည်။ မနက်ဖြန်တွင် သူ လိုအပ်လာနိုင်သောကြောင့် ဖြစ်သည်။ ယခင်ကမူ လျိုချန်၏ နဂါးစစ်စစ်ဓား တစ်ခုတည်းသာ မဟာမိတ်အဖွဲ့၏ တစ်ဦးတည်းသော အဆင့်B လက်နက် ဖြစ်ခဲ့သည်။ သို့သော် ယခုအခါ နောက်ထပ် ၉ ခု ရှိလာပြီ ဖြစ်သောကြောင့် လူသားဘက်မှ အဆင့်B ဒသမအလွှာအစွမ်းထက် စစ်သည်တော်တိုင်း တစ်ခုစီ ပိုင်ဆိုင်သွားကြပြီ ဖြစ်သည်။
"ကောင်းပြီ... ခံတပ်အပြင်ဘက်မှာ အသေခံတိုက်ကြတာပေါ့... ငါ အခု လူအားလုံးကို စုစည်းလိုက်မယ်... သူတို့ကို အပြင်မှာပဲ စောင့်နေကြမယ်"
သာမန်ပြည်သူများမှာမူ ဗုံးခိုကျင်းများနှင့် ဘေးကင်းရာ ခိုလှုံရာနေရာများထဲသို့ ဝင်ရောက်သွားကြပြီ ဖြစ်သည်။ လော့နျန်ဝေက မိသားစုနှင့်အတူ ခိုလှုံရာထဲသို့ မဝင်မီ လုချန်ဘက် လှည့်ကာ ပြောခဲ့သည်။
"ကျွန်မ ရှင်နဲ့အတူ ဘေးကင်းကင်း ပြန်လာခဲ့မယ်"
လုချန်က ခေါင်းညိတ်ပြလိုက်သည်။ သူ၏ မိခင်ဖြစ်သူ၏ မျက်လုံးများတွင်လည်း မျက်ရည်များ ပြည့်နေသည်။ သို့သော် သားဖြစ်သူ၏ စွမ်းဆောင်ရည်များကို သိပြီးနောက်တွင် မိမိသားကိုသာ ဆွဲထားရလောက်အောင် သူမ မတစ်ကိုယ်ကောင်းဆန်ရဲပေ။ ၎င်းက လူသားမျိုးနွယ်တစ်ခုလုံးအပေါ် ကျူးလွန်သည့် ပြစ်မှုတစ်ခု ဖြစ်သွားနိုင်သောကြောင့် ဖြစ်သည်။
အရာအားလုံး အဆင်သင့် ဖြစ်နေသည်။ မက်ချာစစ်သည်တော် တစ်ထောင်မှာ တန်းစီလျက် ရှိနေကြသည်။ သူတို့၏ ရှေ့တွင်မူ ခန့်ညားထည်ဝါသော မက်ချာနိုက်တစ်ရာ ရှိနေသည်။ ၎င်းတို့၏ ရှေ့တွင်မူ အခြေစိုက်မြို့တော် အသီးသီးမှ ပါရမီရှင် ဝိညာဉ်သခင်များ တန်းစီလျက် ရှိနေကြသည်။ လျိုချန်က တိုက်ခိုက်ရေး ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး ရင်ကိုကော့၊ ခေါင်းကိုမော့လျက် ရှိသည်။ လရောင်အောက်တွင် သူ၏ ပုံရိပ်မှာ အလွန်ပင် ခန့်ညားလှသည်။ သူက တိုတောင်းသော်လည်း စိတ်အားတက်ကြွဖွယ်ကောင်းသော စစ်ဆော်ဩမှု မိန့်ခွန်းကို ပြောကြားလိုက်သည်။
"နားထောင်ကြ... အပြင်က ကောင်တွေက ငါတို့ကို အဆုံးသတ်ပစ်ဖို့ ကြိုးစားနေကြတာ... ဒီနေရာမှာ သားရဲတွေရှေ့ ဒူးထောက်မယ့် သူရဲဘောကြောင်သူ တစ်ယောက်မှ မရှိဘူး... ငါတို့ အရှုံးမပေးဘူး ဘာလို့လဲဆိုတော့ လူသားမျိုးနွယ်ဟာ ဆက်လက်ရှင်သန်နေဦးမယ်ဆိုတာ ငါတို့ အခိုင်အမာ ယုံကြည်လို့ပဲ... ငါတို့ဟာ နောက်ဆုံးအထိ အသက်ရှင်ကျန်ရစ်မယ့်သူတွေ မဟုတ်ရင်တောင် အသက်ရှင်ကျန်ရစ်မယ့်သူတွေအတွက် မျှော်လင့်ချက် မီးရှူးတန်ဆောင်တွေ ဖြစ်ရမယ်... မင်းတို့ရဲ့ နေရာကို မြဲမြဲကိုင်ထားကြ အဲဒီသားရဲတွေရဲ့ မျက်လုံးတွေကို တည့်တည့်စိုက်ကြည့်ပြီး ဒီဂြိုဟ်ဟာ ငါတို့ပိုင်တဲ့ နေရာဆိုတာကို သူတို့ကို ပြလိုက်ကြစမ်း"
"အခု... သွားကြစို့"
လုချန်က အလင်း၇မှတစ်ဆင့် ချက်ချင်း အမိန့်ပေးလိုက်သည်။ တစ်စီးပြီးတစ်စီး မက်ချာနိုက်များက သူတို့၏ ဧရာမဓားကြီးများကို ကောင်းကင်သို့ မြှောက်ကိုင်လိုက်ကြသည်။ ဟိန်းဟောက်သံများမှာ မိုးခြိမ်းသံကဲ့သို့ပင်။
"မက်ချာစစ်သည်တော် အားလုံး... စုရုံးပြီး ချီတက်ကြ"
ဝိညာဉ်သခင်များမှာ စနစ်တကျဖြင့် မက်ချာများထဲသို့ ဝင်ရောက်သွားကြသည်ကို ကြည့်ရင်း လုချန် စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
“စစ်ပွဲကို စတင်ကြစို့...”
စစ်တပ်ကြီးတစ်ခုလုံး ရှေ့သို့ ချီတက်သွားကြသည်။ လုချန်က သားရဲများ၏ တည်နေရာနှင့် လမ်းကြောင်းကို အတိအကျ သိထားပြီးဖြစ်သည်။ သူတို့၏ အဓိက ရန်သူမှာ ပင်လယ်သားရဲများ ဖြစ်သော်လည်း ကုန်းနေသားရဲနှင့် ကောင်းကင်သားရဲ အမြောက်အမြားလည်း ထိုနေရာသို့ စုရုံးနေကြသည်။ ၎င်းတို့က အတောမသတ်နိုင်သော ဒီရေလှိုင်းကြီးကဲ့သို့ပင်။ မိုးကုပ်စက်ဝိုင်းတစ်ခုလုံးမှာလည်း မည်းမှောင်နေသည်။
လုချန် သတိပြုမိသည်မှာ ကမ္ဘာဂြိုဟ်ပေါ်ရှိ သားရဲအားလုံးက ပင်လယ်သားရဲများ ကမ်းတက်မည့် နေရာအနီးသို့ စုရုံးနေကြခြင်း ဖြစ်သည်။ သူတို့က သူတို့၏ အင်အားအားလုံးကို စုစည်းကာ အထွေထွေ စစ်ဆင်ရေးကြီး တစ်ခုကို ဆင်နွှဲရန် ရည်ရွယ်ထားပုံရသည်။ ထိုနေရာမှာ A1 အခြေစိုက်မြို့တော်တွင် ဖြစ်သည်။
တစ်စုံတစ်ယောက်သော အရှင်သခင်က သူတို့ကို စုစည်းပေးထားသကဲ့သို့ပင်။ ရန်သူ၏ ဗျူဟာမှာ လူသားမျိုးနွယ်၏ မီးရှူးတန်ဆောင်ဖြစ်သော ဤမြို့တော်ကို တစ်ချက်တည်းနှင့် ဖျက်ဆီးပစ်ရန် ဖြစ်နိုင်သလို၊ လျိုချန် ရှိနေသည့် နေရာသို့ အင်အားအကုန်သုံး၍ တိုက်ခိုက်ရန်လည်း ဖြစ်နိုင်သည်။ အကယ်၍ လူသားတို့၏ အစွမ်းအထက်ဆုံးဖြစ်သော လျိုချန်သာ ကျဆုံးသွားပါက လူသားမျိုးနွယ်တစ်ခုလုံးမှာလည်း လိုက်ပါ ပျက်စီးသွားပေလိမ့်မည်။ ဤသည်မှာ ထိုရေနက်ပိုင်း အရှင်သခင်၏ အစီအစဉ် ဖြစ်ရန် အလွန်ပင် သေချာလှသည်။
A1 အခြေစိုက်မြို့တော်မှ ကီလိုမီတာ ၃၀၀ အကွာတွင် A1 မြို့တော် လေးခုစာခန့် အရွယ်အစားရှိသော သဲကန္တာရကြီးတစ်ခု ရှိသည်။ လေပြင်းများကြောင့် ခြောက်သွေ့သော မြေဆီလွှာများမှာ ဖုန်မှုန့်များအဖြစ် ကောင်းကင်သို့ မြင့်မားစွာ လွင့်တက်နေသည်။ သားရဲလှိုင်းကြီး ရောက်မလာသေးသော်လည်း သူတို့က သဲကန္တာရ၏ တစ်ဖက်ခြမ်းတွင် စုရုံးနေကြပြီ ဖြစ်သည်။ သူတို့မှာ အိမ်မက်ဆိုးများဖြင့် ဖွဲ့စည်းထားသော စစ်တပ်ကြီးတစ်ခုကဲ့သို့ပင်။
အကယ်၍ လုချန်က သူ၏ စစ်တပ်ကို ထိုသဲကန္တာရထဲသို့ ဦးဆောင်ခေါ်သွားပါက နှစ်ဖက်စစ်တပ်မှာ ထိုနေရာတွင် ကျိန်းသေပေါက် ရင်ဆိုင်တိုက်ခိုက်ကြရပေလိမ့်မည်။ ဤနေရာက အကောင်းဆုံး စစ်မြေပြင်ပင်။ ၎င်းက မည်သည့်ခံတပ်၊ မြို့တော်နှင့်မဆို အလှမ်းဝေးလှသဖြင့် သာမန်ပြည်သူများ ထိခိုက်မှုကို ကာကွယ်နိုင်သည်။ ထို့အပြင် နေရာလွတ် အလွန်ကျယ်ဝန်းသဖြင့် အစွမ်းထက်သော လူသားများအနေဖြင့် သူတို့၏ စွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်ပေလိမ့်မည်။
ဤအခြေအနေများကို ကမ္ဘာတစ်ဝှမ်းသို့ တိုက်ရိုက် ထုတ်လွှင့်နေသည်။ ခိုလှုံရာနေရာ အသီးသီးရှိ သာမန်ပြည်သူများက တစ်ဦးနှင့်တစ်ဦး လက်ချင်းတွဲကာ သို့မဟုတ် စောင်များကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း တုန်ခါနေသော Screenများကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေကြသည်။ အဆင့်F သတ္တမအလွှာနှင့် အထက်ရှိသော စစ်သည်တော် အားလုံးမှာ တိုက်ပွဲသို့ သွားရောက်ကြပြီဖြစ်ကာ ထိုအောက် အဆင့်ရှိသူများသာ တိုက်ခိုက်နိုင်စွမ်းမရှိသော ပြည်သူများကို ကာကွယ်ရန် ကျန်ရစ်ခဲ့ကြသည်။
***