လော့နျန်ဝေက သူမ၏ လက်သီးများကို တင်းတင်းဆုပ်ထား၏။ ရင်ခုန်သံများက မြန်ဆန်လွန်းနေသဖြင့် အသက်ရှူရန်ပင် ခက်ခဲနေချေပြီ။ သူမ၏ စိတ်အစဉ်မှာလည်း ပုံမှန်အတိုင်း မတွေးတောနိုင်တော့ပေ။ ဤလူသား၏ အောင်မြင်မှုများမှာ ကမ္ဘာဂြိုဟ်ပေါ်ရှိ မည်သူ့ကိုမဆို ကျော်လွန်သွားခဲ့ပြီ ဖြစ်သော်လည်း သူမအပေါ်တွင်မူ မည်သည့်အခါမျှ မာန်မာန မထောင်လွှားခဲ့ပေ။ သူက အေးစက်လှသော ညဉ့်နက်သန်းခေါင်တွင် အနွေးထွေးဆုံးသော စောင်တစ်ထည်ကဲ့သို့ သူမအနားမှာ အမြဲရှိနေပေးခဲ့သည်။ "ငါတကယ်ပဲ သူနဲ့ ထိုက်တန်ရဲ့လား..." ဟူသော မေးခွန်းက သူမ၏ စိတ်ထဲတွင် စိုးရိမ်ပူပန်မှု၊ မရေရာမှုများနှင့်အတူ ဝဲလည်နေခဲ့သည်။
တစ်ဖက်တွင်မူ D6 အခြေစိုက်မြို့တော်၌ ကောဂျီမှာလည်း ခုန်ပေါက်မတတ် ပျော်ရွှင်နေသည်။ သူက ရူးသွပ်နေသူတစ်ယောက်ကဲ့သို့ အားရပါးရ ရယ်မောနေသည်။ စိတ်လှုပ်ရှားမှုကြောင့် သူ၏ အသံမှာပင် အက်ရှနေချေပြီ။
"ဟားဟားဟား ဒါ ငါ့ရဲ့ ဥက္ကဋ္ဌ... ငါ့ရဲ့ ဆရာကြီးပဲဟေ့ တစ်နေ့ကျရင် ငါက သူ့ရဲ့ အစွမ်းအထက်ဆုံး နောက်လိုက်ဖြစ်လာပြီး သူ့ကို မနာခံတဲ့ ဘယ်သူ့ကိုမဆို သုတ်သင်ပစ်မယ်"
တစ်ကမ္ဘာလုံးရှိ လူအသီးသီး၏ တုံ့ပြန်မှုများမှာ ကွဲပြားနေကြသည်။ ဂုဏ်ယူဝင့်ကြွားမှု၊ ကြောက်ရွံ့အားကျမှုတို့ဖြင့် စစ်မြေပြင်တွင်မူ လုဟုန်တောက်က သူ၏ မျက်နှာပေါ်က အပြုံးကို မထိန်းနိုင်တော့ပေ။ သို့သော် ပတ်ဝန်းကျင် အခြေအနေမှာ အလွန်ပင် စိုးရိမ်စရာကောင်းနေသဖြင့် သူ အကျယ်ကြီး ရယ်လိုက်ပါက လျိုချန်နှင့် ရှောင်ဝမ်လုံတို့က သူ့ကို ထိုနေရာတွင်ပင် ဝိုင်းရိုက်ကြပေလိမ့်မည်။ သူ မည်မျှပင် ထိန်းထားပါစေ ရှောင်ဝမ်လုံကတော့ လုဟုန်တောက်၏ မျက်လုံးထဲက အပြုံးကို မြင်သွားခဲ့သည်။
"မင်းလို အဘိုးကြီးက ဘာတွေ သဘောကျနေတာလဲ... ငါ သိထားတာက မင်းက သူတို့ မိသားစုကို ပစ်ပယ်ထားခဲ့တာပဲ မဟုတ်လား" ရှောင်ဝမ်လုံက အံကြိတ်ကာ ပြောလိုက်သည်။ "တောက် ငါ့မှာသာ အစကတည်းက သိခဲ့ရင် သူ့ကို ငါ့သားအဖြစ် မွေးစားလိုက်မှာ... ငါကတော့ တကယ်ကို လူအပဲ"
လုဟုန်တောက်၏ အပြုံးမှာ ပို၍ပင် ကျယ်ပြန့်လာခဲ့ပြီး လှောင်ပြောင်သကဲ့သို့ပင် ဖြစ်နေသည်။ ရှောင်ဝမ်လုံက စိတ်တိုတိုနှင့် ပြေးထုရန် ပြင်လိုက်သော်လည်း လျိုချန်က အကြည့်တစ်ချက်ဖြင့် တားဆီးလိုက်သည်။
ထိုအချိန်တွင် လုချန်၏ ကိုယ်ပွား ၃၀၀ ခန့်မှာ အပြည့်အဝ ဖြစ်တည်လာခဲ့ပြီ ဖြစ်သည်။ သူတို့က ခေါင်းအစ ခြေအဆုံး တောက်ပနေသော ဓာတ်သဘာဝ ကိုယ်ရံချပ်ဝတ်များ ဝတ်ဆင်ထားကြသည်။ သူ၏ စိတ်ဝိညာဉ်နယ်ပယ်အတွင်း၌ ထိုကိုယ်ပွားများမှာ မိမိတို့၏ စိုးမိုးနိုင်စွမ်းရှိသော ဖိအားများကို အစွမ်းကုန် ထုတ်ဖော်ထားကြသည်။ သူတို့ တစ်ဦးချင်းစီမှာ အဆင့်B တတိယအလွှာ၏ အငွေ့အသက်များကို ထုတ်လွှတ်နေပြီး ၎င်းက စစ်တပ်ကြီးတစ်ခုလုံးပေါ်သို့ ကယ်တင်ခြင်း အလင်းတန်းကြီး တစ်ခုကဲ့သို့ ကျရောက်သွားခဲ့သည်။
လုချန် ဤသို့လုပ်ဆောင်ရခြင်းမှာ စစ်တပ်၏ စိတ်ဓာတ်ကို မြှင့်တင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။ ဧရာမ သားရဲစစ်တပ်ကြီးက ဖိအားပေးလာသည့်အခါ လူတိုင်းမှာ မိမိတို့၏ အစွမ်းကုန် တိုက်ခိုက်ရန် လိုအပ်သည်။ လျိုချန်ကဲ့သို့ အဆင့်မြင့် အရာရှိကြီးများ၏ ကြိုးစားအားထုတ်မှုတစ်ခုတည်းနှင့် မလုံလောက်ပေ။ လုချန်၏ လုပ်ဆောင်ချက်မှာ လူတိုင်းကို စိတ်ဓာတ်တက်ကြွစေခဲ့သည်။ သူတို့အားလုံး မှင်တက်နေကြရသည်။ လျိုချန်ပင်လျှင် မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး သူ၏ တည်ငြိမ်သော မျက်နှာထားမှာ ပျောက်ကွယ်သွားခဲ့သည်။
“အားလုံးက သူရဲ့ကိုယ်ပွားတွေလား... ကိုယ်ပွားတွေကတောင် ဒီလောက် အစွမ်းထက်နေရင် သူ့ရဲ့ မူလခန္ဓာကိုယ်က ဘယ်လောက်တောင် အစွမ်းထက်နေမလဲ... ပြီးတော့ ဒီလောက်များပြားတဲ့ ကိုယ်ပွားတွေကို သူ ဘယ်လို ဖန်တီးလိုက်တာလဲ... ဒါက ဘာဓာတ်သဘာဝ ဝိညာဉ်စွမ်းရည်လဲ... ဘယ်ကနေ ရလာတာလဲ...”
သူ့စိတ်ထဲတွင် မေးခွန်းပေါင်း ထောင်ချီ၍ ပေါ်ပေါက်နေသော်လည်း အဖြေတစ်ခုမျှ မရှိပေ။ တစ်ချိန်တည်းမှာပင် အဝေးဆုံး၊ အနက်ရှိုင်းဆုံးသော နေရာ... လုချန်၏ စိတ်စွမ်းအားပင် ထိုးဖောက်၍မရသော နေရာတွင် အလျား ၁၅ ကီလိုမီတာခန့်ရှိသော ဧရာမ ပင်လယ်မြွေနဂါးကြီးက သားရဲအုပ်ကြီးကို ငုံ့ကြည့်နေသည်။ ၎င်း၏ သွေးရောင်လွှမ်းသော မျက်လုံးကြီးများမှာ အေးစက်သော အလင်းတန်းများဖြင့် တောက်ပနေသည်။ “အနှစ် ခုနစ်ဆယ် ရှိခဲ့ပြီ... အဲဒီခွေးသူတောင်းစား ပိုးကောင်တွေကို ဒီဂြိုဟ်ပေါ်ကနေ သုတ်သင်ရမယ့် အချိန်ပဲ...”
၎င်း၏ အေးစက်လှသော မျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှုနှင့် ကြောက်ရွံ့မှု အရိပ်အယောင် အနည်းငယ် ဖြတ်သန်းသွားခဲ့သည်။ ၎င်း၏ ကြီးမားလှသော စိတ်ဆန္ဒမှာ မြင့်တက်လာပြီး မမြင်နိုင်သော အသံလှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။
"စတင်ကြစို့"
သားရဲပေါင်း သန်းနှင့်ချီ၍ စတင်လှုပ်ရှားလာကြသည်။ ဧရာမ ရေဘဝဲကြီးများက သက်ရှိကျွန်းကြီးများကဲ့သို့ ရေနက်ပိုင်းတွင် ရွေ့လျားလာကြသည်။ လုချန်၏ ယခင်ဘဝက လင်းပိုင်ပြာများထက်ပင် ကြီးမားသော သားရဲငါးကြီးများမှာ လှိုင်းလုံးများကြားတွင် ကူးခတ်လာကြသည်။ ကမ္ဘာ့အကြီးဆုံး သင်္ဘောကြီးထက်ပင် ကြီးမားသော မိကျောင်းကြီးတစ်ကောင်မှာ ရှေ့သို့ တိုးဝင်လာခဲ့သည်။
ပင်လယ်မြွေနဂါးကြီး၏ ဖုံးကွယ်ထားသော နယ်ပယ် ပျောက်ကွယ်သွားသည့်အခါ လုချန်က အတွင်းပိုင်း မြင်ကွင်းတစ်ခုလုံးကို မြင်တွေ့လိုက်ရသည်။ သူ၏ မျက်နှာထားမှာ ချက်ချင်းပင် အလွန်အမင်း တည်ကြည်လေးနက်သွားခဲ့သည်။ ထိုပင်လယ်မြွေနဂါးကြီးမှာ အဆင့်B၏ အထွတ်အထိပ်သို့ ရောက်နေသည်မှာ သေချာလှသည်။ ၎င်း၏ သက်စောင့်စွမ်းအင်မှာ အလွန်တရာ ကြွယ်ဝလွန်းလှပြီး အခြေခံခွန်အားမှာ အနည်းဆုံး တန်ချိန် ၉ ထရီလီယံ ခန့် ရှိပေလိမ့်မည်။ လျိုချန် ၎င်းကို ဘယ်တုန်းကမှ မနိုင်ခဲ့သည်မှာ အံ့ဩစရာ မဟုတ်ပေ။
သို့သော် ဤမျှ အစွမ်းထက်နေပါလျက် အဘယ်ကြောင့် ယခုအချိန်အထိ စောင့်ဆိုင်းနေခဲ့သနည်း။ ထို့အပြင် အချို့သောအချက်များမှာ ကျိုးကြောင်းဆီလျော်မှု မရှိပေ။ ဤသားရဲများ မည်မျှပင် အစွမ်းထက်ပါစေ၊ တူညီသော အဆင့်ရှိ သာမန်လူသား စစ်သည်တော်တစ်ဦးထက် လေးငါးဆ ပိုအစွမ်းထက်လျှင်ပင် ထူးခြားနေပြီ ဖြစ်သည်။ အဆင့်B သားရဲတစ်ကောင်၏ အခြေခံခွန်အားမှာ အလွန်ဆုံး တန်ချိန် တစ်ထရီလီယံ သို့မဟုတ် နှစ်ထရီလီယံ ဝန်းကျင်သာ ရှိသင့်သည်။ ဤပင်လယ်မြွေနဂါးကြီးက ဘယ်လိုဖြစ်ပြီး ဒီလောက်အထိ အစွမ်းထက်နေရတာလဲ။
သို့သော် ယခုအချိန်တွင် ထိုအရာများကို စဉ်းစားနေရန် အချိန်မရှိပေ။ မကြာမီ သူ၏ အခြေခံခွန်အားမှာ တန်ချိန် ၁၅.၃၇ ဘီလီယံသို့ ရောက်ရှိတော့မည် ဖြစ်သည်။ နဝမအဆင့် အရပ်ဆယ်မျက်နှာ သုတ်သင်ခြင်း ဓားသိုင်း နှင့် ဒသမအဆင့် ကောင်းကင်ခွဲ နတ်ဓားသိုင်း တို့ကို ပေါင်းစပ်လိုက်ပါက သူ၏ စွမ်းအားမှာ တန်ချိန် ၅.၈ ထရီလီယံအထိ ရှိလာမည်။ ထို့အပြင် သူ၏ အဆင့်B ဓာတ်သဘာဝလက်နက်က ၉ ဆ ပံ့ပိုးပေးမည် ဖြစ်ရာ သီအိုရီအရ သူ၏ အမြင့်ဆုံး တိုက်ခိုက်ရေးစွမ်းရည်မှာ တန်ချိန် ၅၂.၀၂ ထရီလီယံအထိ ရှိလာပေလိမ့်မည်။ သို့သော် ထိုပင်လယ်မြွေနဂါးကြီးတွင် အခြားသော လှည့်ကွက်များ ရှိနေဦးမည်ကို သူက သေချာပေါက် သိနေသည်။ ပေါ့ဆ၍ မဖြစ်ပေ။
မိုးသောက်အလင်းတန်းများ ပေါ်ထွက်လာခဲ့သည်။ ရွှေရောင် နေခြည်တော်မှာ ခြောက်သွေ့သော သဲကန္တာရပေါ်သို့ ကျရောက်လာသည်။ လုချန်၏ အသံမှာ အေးစက်ပြတ်သားစွာ ထွက်ပေါ်လာသည်။
"စစ်သည်တော်တို့... ဟိ ရွံစရာကောင်းတဲ့ သားရဲတွေကို သတ်ဖြတ်ဖို့ အသင့်ပြင်ထားကြ... ငါတို့ သုံးရက်သုံးညတိုင်တိုင် မရပ်မနား ကျင်းပမယ့် ပင်လယ်စာ စားပွဲတော်ကြီးမှာ မင်းတို့အားလုံးနဲ့အတူ ဆင်နွှဲဖို့ ငါ မျှော်လင့်နေမယ်"
"ကောင်းပါပြီ"
အားလုံးက သူတို့၏ လက်သီးများကို မြှောက်ကာ တစ်ပြိုင်နက် အော်ဟစ်လိုက်ကြသည်။ ဟိန်းဟောက်သံများမှာ ကောင်းကင်သို့ ပျံ့လွင့်သွားသည်။ သူတို့၏ ကြောက်ရွံ့မှုများကို အကန့်အသတ်မဲ့သော စိတ်အားထက်သန်မှုများအဖြစ် ပြောင်းလဲလိုက်ကြသည်။ ယခုအခါ လုချန်၏ အစစ်အမှန် စွမ်းအားကို မြင်တွေ့ခဲ့ရပြီးနောက် သူတို့က သူ့အပေါ်တွင် နတ်ဘုရားတစ်ပါးကဲ့သို့ ကြည်ညိုအားကျစိတ်များဖြင့် ပြည့်နှက်နေတော့သည်။
***