သဲကန္တာရထဲတွင် အလင်းတန်းများ လက်သွားခဲ့သည်။ ထိုလူသားပုံရိပ်များမှာ ထိုနေရာတွင် ဘယ်တုန်းကမှ ရှိမနေခဲ့သလိုမျိုးပင်။ သူတို့အားလုံးကို စကြဝဠာပေါင်းစုံ ကူးသန်းခြင်း အတတ် ဖြင့် ဘေးကင်းရာသို့ တယ်လီပို့ ပေးလိုက်ခြင်း ဖြစ်သည်။ လျိုချန်က လုချန်ကို ကြောင်တောင်တောင်ဖြင့် လှည့်ကြည့်လိုက်သည်။ “မင်း ဘာလုပ်ဖို့ ကြံနေတာလဲ...”
လုချန်က ပြန်မဖြေပေ။ သူက ရှေ့သို့ တစ်လှမ်း တိုးလိုက်ရုံဖြင့် ဟင်းလင်းပြင်ထဲသို့ လျှောက်လှမ်းသွားကာ အမြင့်ဆုံး အမှတ်တစ်ခုသို့ ရောက်ရှိသွားသည်။ ဤအခိုက်အတန့်တွင် လူသားဘက်ကရော၊ သားရဲ ဘက်ကပါ အားလုံး ခေါင်းမော့၍ သူ့ကို ငေးကြည့်နေကြမိသည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်မှ ထိတ်လန့်ဖွယ်ကောင်းသော လျှပ်စစ်စွမ်းအင်များ ပွင့်ထွက်လာသည်။ မှောင်မည်းနေသော တိမ်တိုက်ကြီးများက စစ်မြေပြင်တစ်ခုလုံးကို ချက်ချင်း ဖုံးလွှမ်းသွားခဲ့သည်။ ၎င်းက သားရဲအားလုံးကို ဝါးမြိုထားသကဲ့သို့ပင်။ ကောင်းကင်ကြီး တစ်ခုလုံး ပြိုကျလာတော့မည့်အတိုင်း အဆုံးအစမရှိသော မိုးကြိုးတန်းကြီးများ ပစ်ချလိုက်သည်။
သားရဲ များမှာ အော်ဟစ်လျက် နောက်သို့ ဆုတ်ခွာကုန်ကြသည်။ ဤသည်မှာ နတ်ဘုရားတို့၏ အာဏာစက်ပင်။ သူတို့၏ ခန္ဓာကိုယ်မှာ ဤတားဆီး၍မရသော စွမ်းအားရှေ့တွင် အလိုအလျောက် ထွက်ပြေးချင်စိတ်များ ဖြစ်ပေါ်နေသည်။ သို့သော်လည်း လုချန်က သူတို့အားလုံးကို သူ၏ စိတ်ဝိညာဉ်နယ်ပယ်ဖြင့် ပိတ်လှောင်ထားပြီး ဖြစ်သည်။ ပင်လယ်မြွေနဂါးကြီး၏ ဘေးနားက သားရဲ အနည်းငယ်မှလွဲ၍ ကျန်သားရဲအားလုံးမှာ မိုးကြိုးပစ်ခြင်းကို ခံလိုက်ရသည်။
ကုန်းနေသားရဲများမှာ ဝေဒနာကြောင့် မြေပြင်ကို တအားကုတ်ခြစ်နေကြကာ ကောင်းကင်ယံက ငှက်ရဲကြီးများမှာလည်း အလဟဿ အတောင်ပံ ခတ်နေကြရသည်။ ကြောက်လန့်တကြား ထွက်ပြေးရန် ကြိုးစားသော်လည်း ပြေးစရာ မြေမရှိပေ။
ကိုယ်ပွား ၂,၀၀၀ ထံမှ စွမ်းအားများမှာ သူ၏ ခန္ဓာကိုယ်ထဲသို့ စုစည်းရောက်ရှိလာသည်။ လုချန်က သူ၏ လက်ထဲက ဓားရှည်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။ ၎င်းမှာ မြေကမ္ဘာအတတ်ဖြင့် ဖန်တီးထားသော သာမန် ဓားရှည်တစ်ချောင်းသာ ဖြစ်သော်လည်း သူ၏ လှုပ်ရှားမှုကို မြင်လိုက်ရသည့်အခါ သားရဲများမှာ အကြောင်းရင်းမရှိဘဲ တုန်လှုပ်လာကြသည်။ ဤအခိုက်အတန့်တွင် သူတို့အားလုံး သေမင်း၏ အငွေ့အသက်ကို ခံစားလိုက်ရပြီ ဖြစ်သည်။
သူတို့က အုပ်စုလိုက် တော်လှန်ရန် ကြိုးစားကြသည်။ ဒေါသတကြီး ဟိန်းဟောက်သံများနှင့်အတူ အဆင့်C နှင့် အဆင့်B သားရဲပေါင်းများစွာက သူ့ထံသို့ လျှပ်စီးကဲ့သို့ ပြေးဝင်လာကြသည်။ သို့သော် လုချန်က ပို၍ မြန်ဆန်လှသည်။ သူ၏ ခွန်အားများကို အပြည့်အဝ စုစည်းပြီး ဖြစ်သလို ကိုယ်ပိုင် ဓားရည်ရွယ်ချက်ကိုလည်း ထည့်သွင်းထားပြီး ဖြစ်သည်။ ထို့နောက် သူ၏ အာရုံကို ဓားရှည်ပေါ်သို့ စုစည်းကာ နတ်မိုးကြိုး နယ်ပယ်နှင့် ချိတ်ဆက်လိုက်သည်။ စွမ်းအားနှစ်ခုမှာ တစ်ခုပေါ်တစ်ခု ထပ်ဆင့်သွားခဲ့သည်။ အသက်ရှူကျပ်မတတ် ဖိအားများ ပွင့်ထွက်မလာမီ တစ်စက္ကန့်အလိုတွင် သူ၏ အသံက ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။
"အရပ်ဆယ်မျက်နှာ သုတ်သင်ခြင်း"
“ဝုန်း...”
ကောင်းကင်ကြီးတစ်ခုလုံး မီးတောက်လောင်သွားသကဲ့သို့ပင်။ အဆုံးအစမရှိသော တောက်ပလွန်းသည့် အလင်းတန်းများ ပွင့်ထွက်လာခဲ့သည်။ ဗုံးခိုကျင်းနှင့် ခိုလှုံရာနေရာ အသီးသီးရှိ Screenများမှာလည်း ဖြူဖွေးသွားခဲ့သည်။ ကင်မရာမှန်ဘီလူး တိုင်းမှာ ထိုစင်ကြယ်သော အလင်းတန်းအောက်တွင် နစ်မြုပ်သွားခဲ့ကြသည်။
ခဏချင်းအတွင်းမှာပင် နေမင်းအသစ်တစ်စင်း ပေါ်ထွက်လာသကဲ့သို့ပင်။ ထိုအလင်းတန်းမှာ အပြင်ဘက်သို့ ပြန့်ကားသွားကာ အဆုံးအစမရှိသော မိုးကြိုးများကို သယ်ဆောင်သွားပြီး သားရဲတစ်ကောင်ချင်းစီ၏ အပေါ်သို့ ကျရောက်သွားခဲ့သည်။ သူတို့၏ အော်ဟစ်သံများမှာ သန်းနှင့်ချီ၍ ထပ်တူကျသွားကာ အလွန်ပင် စူးရှလှသည်။ ၎င်းမှာ အနက်ရှိုင်းဆုံးသော ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။
ဤအခိုက်အတန့်တွင် သူတို့၏ စွမ်းအားများ၊ အရေအတွက်များနှင့် အသိစိတ်များမှာ အဓိပ္ပာယ်မဲ့သွားခဲ့သည်။ အလင်းတန်းနှင့် ထိတွေ့မိသည်နှင့် သူတို့က ရေပူဖောင်းလေးများကဲ့သို့ အငွေ့ပျံ ပျောက်ကွယ်သွားကြသည်။ အဆင့်E၊ အဆင့်D၊ အဆင့်C နှင့် အဆင့်B သားရဲပေါင်း သန်းနှင့်ချီ၍ ဝါးမြိုခံလိုက်ရပြီ ဖြစ်သည်။ ထိုကြောက်မက်ဖွယ် အလင်းတန်းမှာ သူတို့ကို အရိပ်များကဲ့သို့ သုတ်သင်ပစ်လိုက်သည်။
အလင်းတန်းမှာ ဆက်လက် ပြန့်ကားနေဆဲ ဖြစ်သည်။ ၎င်းမှာ အလင်းကမ္ဘာသစ်တစ်ခုကို ဖန်တီးလိုက်သကဲ့သို့ပင်။ တောက်ပလွန်းသော အလင်းကြောင့် မိုးကုပ်စက်ဝိုင်း အစွန်းက ပင်လယ်မြွေနဂါးကြီးပင်လျှင် သူ၏ မျက်လုံးကြီးများကို လွှဲလိုက်ရသည်။ ထို့နောက် ရေပူဖောင်းလေး တစ်ခုကဲ့သို့ပင် အလင်းတန်းမှာ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ တိတ်ဆိတ်မှုက ကျရောက်လာသည်။
ကြီးမားလှသော ကောင်းကင်နှင့် မြေကြီးကြားတွင် အကြွင်းမဲ့ တိတ်ဆိတ်ခြင်းက လွှမ်းမိုးသွားခဲ့သည်။ ခြောက်သွေ့သော သဲကန္တာရမှာ မနေ့ကကဲ့သို့ပင် ပြန်လည် တည်ငြိမ်သွားခဲ့သည်။ သားရဲတစ်ကောင်မျှ ကျန်မနေခဲ့ပေ။ အရိုးလည်း မရှိ၊ သွေးလည်း မရှိ... မီးလောင်ထားသော သဲပြင်များသာ နံနက်ခင်း လေညင်းအောက်တွင် တဖြည်းဖြည်း အေးစက်သွားခဲ့သည်။
လုချန်သည် သူ၏ လက်ထဲက ဓားရှည်ကို ချလိုက်သည်။ သူ၏ အသက်ရှူသံမှာ မှန်မှန်လေး ဖြစ်နေသည်။ ဤတိုက်ကွက်တွင် တန်ချိန် ၅.၈ ထရီလီယံခန့်ရှိသော စွမ်းအား ပါဝင်ပြီး နတ်မိုးကြိုး နယ်ပယ် နှင့်ပါ ထပ်ဆင့်ထားခြင်း ဖြစ်သည်။ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားအောက်တွင် ထိုသားရဲများအတွက် အခွင့်အရေး မရှိခဲ့ပေ။ ကမ္ဘာအနှံ့အပြားရှိ ခိုလှုံရာနေရာများတွင် ပြည်သူများမှာ Screenကို ငေးကြည့်ရင်း မှင်တက်နေကြမိသည်။ သူတို့၏ မျက်လုံးများထဲတွင် ကြောက်ရွံ့အားကျမှုများဖြင့် ပြည့်နှက်နေသည်။ စစ်မြေပြင်က စစ်သည်တော်များမှာလည်း အိပ်မက်မက်နေသကဲ့သို့ ကောင်းကင်ယံကို ငေးမောကြည့်နေကြသည်။
လျိုချန်က သူ၏ လက်ထဲက ဓာတ်သဘာဝလက်နက်ကို ဆုပ်ကိုင်ထားရင်း မှင်တက်နေမိသည်။ သူသာ အစွမ်းကုန် တိုက်ခိုက်မည်ဆိုပါက ပြင်းထန်သော တိုက်ကွက်တစ်ခုကို ထုတ်ဖော်နိုင်သော်လည်း ၎င်းမှာ သားရဲသောင်းဂဏန်းလောက်ကိုသာ ထိခိုက်စေနိုင်သည်။ သို့သော် ယခု လုချန် လုပ်ဆောင်လိုက်သည်မှာ အဘယ်နည်း။ သူ ဘယ်လို တိုက်ခိုက်ရေးပညာကို ကျင့်ကြံထားသလဲ။
အခြားသူများမှာမူ ထိုမျှအထိ မတွေးနိုင်ကြတော့ပေ။ သူတို့ ခံစားနေရသည်မှာ ကြောက်ရွံ့အားကျမှု တစ်ခုတည်းသာ ရှိသည်။ လုချန်က သက်ပြင်းတစ်ချက် ရှူလိုက်သည်။
"ဟူးး... နောက်ဆုံးတော့ ငြိမ်သက်သွားပြီ... နောက်တစ်ခါကျရင် စိတ်ဝိညာဉ်ဗုံးလိုမျိုး တိုက်ကွက်တစ်ခုလောက် သင်ယူရမလား မသိဘူး"
သူက ပြုံးလိုက်မိသည်။ ဤအောင်ပွဲမှာ စိတ်ဓာတ်တက်ကြွဖွယ် ကောင်းလှသော်လည်း ပင်လယ်မြွေနဂါးကြီး၏ တုံ့ပြန်မှုကိုလည်း သူ သတိပြုမိလိုက်သည်။ ထိုမျက်လုံးများထဲတွင် ကြောက်ရွံ့မှု မရှိဘဲ လှောင်ပြောင်မှုနှင့် အထင်အမြင်သေးမှုများသာ ရှိနေသည်။ တစ်ဖက်လူ၏ မျက်လုံးထဲက လှောင်ပြောင်မှုကို မြင်လိုက်ရသည့်အခါ လုချန် အကြောင်းရင်းမရှိဘဲ စိတ်လှုပ်ရှားလာခဲ့သည်။ ဤသားရဲမှာ သူ အစွမ်းကုန် တိုက်ခိုက်ရမည့် ကမ္ဘာဂြိုဟ်ပေါ်ရှိ တစ်ခုတည်းသော သက်ရှိ ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ လုချန်လည်း ပြန်လည် ပြုံးပြလိုက်သည်။
“သွားကြစို့... မင်းမှာ ဘာတွေ ရှိနေသလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့...”
ပင်လယ်မြွေနဂါးကြီး၏ သွေးရောင်မျက်လုံးကြီးများမှာ သွေးရောင်လစန္ဒာ နှစ်စင်းကဲ့သို့ ချက်ချင်း တောက်ပလာခဲ့သည်။ မကောင်းသော အလင်းတန်းများ ပိုမို ပြင်းထန်လာသည်နှင့်အမျှ သမုဒ္ဒရာတစ်ခုလုံး တုန်ခါလာသကဲ့သို့ပင်။ လုချန် အသက်ရှူကျပ်မတတ် ဖိအားများကို ခံစားလိုက်ရသည်။ သူ၏ ဦးနှောက်မှာ အမြန်ဆုံး တွက်ချက်နေသည်။
"တောက်"
သူက ထိုအနံ့အသက်ကို ချက်ချင်း မှတ်မိလိုက်သည်။ ၎င်းမှာ ခွန်အားမြှင့်တင်ပေးသည့် ဝိညာဉ်စွမ်းရည်ပင် ဖြစ်သည်။ သာမန် ခွန်အားမြှင့်တင်မှုမျိုး မဟုတ်ဘဲ တစ်ဖက်လူ၏ အငွေ့အသက်မှာ ဒုန်းစိုင်း မြင့်တက်လာနေသည်။ ၎င်း၏ မျက်ဝန်းများဘေးရှိ ဟင်းလင်းပြင်များမှာပင် တုန်ခါနေသည်။ ၎င်း၏ တိုက်ကွက်မှာ အနည်းဆုံး ၆ ဆမျှ ပိုမို ပြင်းထန်လာသည်။
***