ပင်လယ်မြွေနဂါးကြီး၏ မျက်လုံးနှစ်လုံးမှ အလင်းတန်းနှစ်ခု ပစ်ထွက်လာသည်။ ထိုအနီရောင် အလင်းတန်းမှာ အလွန်တရာ တောက်ပလွန်းလှသဖြင့် ၎င်းတို့ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် ကောင်းကင်ယံမှာ ဖြူဖွေးသွားခဲ့သည်။
အလင်းတန်းများ အပြည့်အဝ ဖြစ်တည်မလာသေးမီမှာပင် လုချန်၏ ခန္ဓာကိုယ်က အလိုအလျောက် သတိပေးချက်များ ထုတ်လွှတ်နေပြီ ဖြစ်သည်။ သူ၏ ဦးနှောက်မှာ ကမ္ဘာပေါ်ရှိ မည်သည့် ကွန်ပျူတာထက်မဆို ပို၍ လျင်မြန်စွာ အလုပ်လုပ်နေသည်။ ထိုတိုက်ခွက်ထဲရှိ အက်တမ်တစ်ခုချင်းစီ၏ တုန်ခါမှု၊ ၎င်း၏ လမ်းကြောင်းနှင့် နောက်ဆက်တွဲ ရလဒ်များကို သူ ကြိုတင် ခန့်မှန်းနိုင်စွမ်း ရှိနေသည်။
အကယ်၍ ထိုအလင်းတန်းများ သူ့ကို တိုက်ရိုက်ထိမှန်ပါက အက်တမ်မှ ပြန်လည်မွေးဖွားခြင်း အတတ်ဖြင့်ပင် ပြန်လည်ကုစားရန် ခက်ခဲပေလိမ့်မည်။ သို့သော် သူ ရှောင်တိမ်းလိုက်လျှင်မူ သူ၏ နောက်ဘက် မိုင်ပေါင်းများစွာ အကွာတွင်ရှိသော အခြေစိုက်စခန်းမှာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားပေလိမ့်မည်။ အရေးကြီးသော အခိုက်အတန့်တွင် သူ၏ ဦးနှောက်မှာ အရှိန်ပြင်းစွာ အလုပ်လုပ်နေသည်။ စွမ်းအားများကို အသုံးချရန် လိုအပ်သလို ထိုစွမ်းအားများကို ခုခံပေးမည့် ပစ်မှတ်တစ်ခုလည်း လိုအပ်သည်။
“ဝုန်း...”
သူ၏ ခန္ဓာကိုယ်မှ ခွန်အားများ ပွင့်ထွက်လာသည်။ တစ်ချိန်တည်းမှာပင် စစ်မြေပြင်တွင် ရှိနေသော ကိုယ်ပွား ၂,၀၀၀ စလုံး ပျောက်ကွယ်သွားပြီး ထိုအလင်းတန်းများ မရောက်မီ ရှေ့တွင် ချက်ချင်း ပေါ်ထွက်လာကြသည်။ သူတို့က တစ်ဦးနှင့်တစ်ဦး ပခုံးချင်းယှဉ်ကာ တန်းစီရပ်လိုက်ကြသည်။ လူတိုင်း၏ ခန္ဓာကိုယ်ကို ဓာတ်သဘာဝ ကိုယ်ရံချပ်ဝတ်များဖြင့် ဖုံးလွှမ်းထားကာ ကိုယ်ပွားတစ်ခုစီကို သူ၏ စိတ်စွမ်းအား အစအနလေးများဖြင့် ခိုင်ခံ့အောင် ပြုလုပ်ထားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့က ဖောက်ထွက်၍မရသော တံတိုင်းကြီးတစ်ခုအဖြစ် ဖွဲ့စည်းလိုက်ကြသည်။ ထို့နောက် အလင်း၏ အရှိန်နှုန်းဖြင့် ကျရောက်လာသော တိုက်ကွက်နှင့် ထိပ်တိုက်တွေ့ကြတော့သည်။ နှစ်ဖက်စလုံး တိုက်မိသွားကြသော်လည်း မည်သည့် ပေါက်ကွဲသံမျှ ထွက်မလာပေ။ အကြောင်းမှာ ထိုအလင်းတန်းနှစ်ခုမှာ အလွန်မြန်ဆန်ပြီး အလွန်အစွမ်းထက်သောကြောင့် ဖြစ်သည်။ ကမ္ဘာကြီးက ၎င်း၏ အမှားတစ်ခုကို ပြန်လည် ပြင်ဆင်လိုက်သကဲ့သို့ပင်။ အလင်းတန်း လက်ခနဲ ဖြစ်သွားပြီးနောက် ကိုယ်ပွားများ၏ ခန္ဓာကိုယ်ကို ဝါးမြိုသွားခဲ့သည်။
အဆင့်B အထွတ်အထိပ် ခွန်အားရှိသော ကိုယ်ပွားများမှာ တစ်ခုပြီးတစ်ခု အငွေ့ပျံသွားကြသည်။ ထိုသွေးရောင် အလင်းတန်းအောက်တွင် သူတို့သည် အလင်းမှုန်များအဖြစ် အစိတ်စိတ်အမွှာမွှာ ကွဲအက်ကာ ဟင်းလင်းပြင်ထဲတွင် လုံးဝ ပျောက်ကွယ်သွားကြတော့သည်။ ပြင်းထန်လှသော တုန်ခါမှုလှိုင်းက စစ်မြေပြင်တစ်ခုလုံးကို ဆွဲဖြဲပစ်လိုက်သည်။ သဲသောင်ပြင်များမှာ မြေပြင်နှင့် တစ်သားတည်း ဖြစ်သွားကာ သားရဲအလောင်းများမှာလည်း အငွေ့ပျံကုန်ကြသည်။ သဲကန္တာရကြီးမှာ နက်မှောင်ပြီး ပုံဆောင်ခဲကဲ့သို့ ကြည်လင်နေသော ကမ္ဘာကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်။
သို့သော် ထိုကိုယ်ပွားများ၏ အသက်ပေးမှုက လုချန်၏ မူလခန္ဓာကိုယ်အတွက် အဖိုးတန်သော အချိန်တိုလေးကို ရရှိစေခဲ့သည်။ ပြင်းထန်သော စွမ်းအင်တန်းမှာ ပြန့်ကျဲသွားသဖြင့် ၎င်း၏ ဖျက်ဆီးအားမှာလည်း လျော့နည်းသွားခဲ့သည်။
လုချန်က အသက်ကို ခပ်ပြင်းပြင်း တစ်ချက် ရှူလိုက်သည်။ သူ၏ အသက်ရှူနှုန်းကို ပြန်လည် ချိန်ညှိလိုက်ပြီး သူ၏ လက်ထဲက ဓာတ်သဘာဝလက်နက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။ ဤအခိုက်အတန့်တွင် သူ၏ ခန္ဓာကိုယ်ထဲက ဆဲလ်တိုင်းမှာ ဟိန်းဟောက်နေကြကာ အဆုံးအစမရှိသော စွမ်းအင်များကို ထုတ်လွှတ်နေကြသည်။ ထိုစွမ်းအားများမှာ လက်နက်ထဲသို့ စီးဝင်သွားကာ ဖော်ပြရန်ခက်ခဲသော တောက်ပမှုများဖြင့် ပွင့်ထွက်လာခဲ့သည်။
သူ၏ ခွန်အားကို ၃၃ x ၁၁ x ၉ ဆအထိ မြှင့်တင်လိုက်ပြီး အားနည်းသွားသော အလင်းတန်းနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။ ဓားရှည်နှင့် အလင်းတန်းတို့ ထိတွေ့မိသည့် အမှတ်တွင် ဖြူဖွေးသော စွမ်းအင်လုံးကြီးတစ်ခု ပွင့်ထွက်လာကာ ပတ်ဝန်းကျင်သို့ ပြန့်ကားသွားခဲ့သည်။
သူ၏ ဘေးပတ်လည်တွင် မမြင်နိုင်သော အလင်းအကာအကွယ် ဒိုင်းကြီးတစ်ခု ဖြစ်ပေါ်လာကာ စစ်မြေပြင်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။ မည်သို့ပင်ဖြစ်စေ ထိုစွမ်းအင်များကို လုံးဝ ပျောက်ကွယ်သွားအောင် မလုပ်နိုင်ပေ။ ထိုအလင်းတန်းနှစ်ခု၏ ဖျက်ဆီးအားမှာ တန်ချိန် ၅၄ ထရီလီယံကျော် ရှိနေသည်။ သူ၏ တန်ပြန်တိုက်စစ်က ထိုစွမ်းအားများကို လမ်းကြောင်းလွှဲပေးကာ နှေးကွေးသွားအောင် လုပ်ဆောင်နိုင်သော်လည်း လုံးဝ သုတ်သင်နိုင်ခြင်း မရှိသေးပေ။ သူ၏ ခန္ဓာကိုယ်မှ သွေးရောင် အလင်းတန်းများ ဖြာထွက်လာကာ ကျန်ရှိနေသော တန်ချိန် ကုဋေကုဋာမကသည့် စွမ်းအားများက သူ၏ ဓာတ်သဘာဝ ကိုယ်ရံချပ်ဝတ်ကို အပိုင်းပိုင်း ဆွဲဖြဲပစ်လိုက်သည်။
လုချန်၏ အရေပြားမှာ ချက်ချင်းပင် မီးလောင်ကျွမ်းကာ အက်ကွဲပျက်စီးသွားခဲ့သည်။ သို့သော် သူ နာကျင်မှုကို မခံစားရမီမှာပင် အက်တမ်မှ ပြန်လည်မွေးဖွားခြင်း အတတ်က စတင် အလုပ်လုပ်လေသည်။ ပြာဖြစ်သွားသော ခန္ဓာကိုယ် အစိတ်အပိုင်းများမှာ ပြန်လည် ရှင်သန်လာကာ ကွဲအက်သွားသော နှလုံးသားမှာလည်း ပြန်လည် ဖြစ်တည်လာခဲ့သည်။ ပြင်းထန်သော ဖျက်ဆီးအားနှင့် မယုံနိုင်လောက်သော ပြန်လည်ကုစားနိုင်စွမ်းတို့ကြားတွင် ပြီးပြည့်စုံသော ဟန်ချက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
သို့သော်ငြားလည်း ပြင်းထန်လှသော ရိုက်ခတ်မှုဒဏ်ကြောင့် သူ၏ ခန္ဓာကိုယ်မှာ နောက်သို့ လွင့်ထွက်သွားကာ အရည်ပျော်နေသော သဲပြင်ထဲတွင် တစ်ဝက်ခန့် နစ်မြုပ်သွားခဲ့ရသည်။ ခေတ္တမျှ တစ်ကမ္ဘာလုံး ဝေဝါးသွားပြီးနောက်တွင်မှ ပြင်းထန်သော အလင်းတန်းမှာ နောက်ဆုံးတွင် ပျောက်ကွယ်သွားခဲ့သည်။ တစ်ကမ္ဘာလုံးမှာ သေလောက်အောင် တိတ်ဆိတ်ခြင်းထဲသို့ တစ်ဖန် ပြန်လည် ကျရောက်သွားပြန်သည်။ လုချန်၏ ရင်ဘတ်မှာ အနည်းငယ် နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။
"တောက်"
တိုက်ကွက်တစ်ချက်တည်းနှင့်တင် သူ ဤမျှအထိ အထိနာသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ အကယ်၍ သူသာ ကိုယ်ပွားများကို အနစ်နာမခံခဲ့လျှင်၊ အကယ်၍ သူ၏ တုံ့ပြန်မှုက အနည်းငယ် နှေးကွေးခဲ့လျှင် သူသည် ဤလောကမှ ထာဝရ ပျောက်ကွယ်သွားပေလိမ့်မည်။
သူ၏ ကိုယ်ပွားများကို ပြန်လည် စုစည်းရန် ကြိုးစားလိုက်သော်လည်း သူ၏ အတွင်းပိုင်းတွင် ဟာလာဟင်းလင်း ဖြစ်နေသည်ကို ခံစားလိုက်ရသည်။ ဝိညာဉ်သွေးကြောထဲရှိ စွမ်းအင်များမှာ အက်တမ်များကို ပြန်လည် ကုစားရာတွင် ကုန်ခမ်းသွားခဲ့ပြီ ဖြစ်သည်။ သူက မူလအစ ထာဝရဇာစ်မြစ် ကျင့်စဉ်ကို အသုံးပြု၍ စွမ်းအင်များကို အရင် ပြန်လည် ဖြည့်တင်းရပေမည်။ ထိုအခါမှသာ ကိုယ်ပွားများကို ပြန်လည် ဖန်တီးနိုင်မည် ဖြစ်သည်။
ဖန်သားပြင်ကဲ့သို့ ချောမွတ်နေသော မြေပြင်ပေါ်မှ သူ ဖြည်းညှင်းစွာ ထရပ်လိုက်သည်။ အက်တမ်ပြန်လည်မွေးဖွားခြင်း အတတ်က နောက်ဆုံး ဒဏ်ရာကို ကုသပေးပြီးသည့်အခါ သူ၏ အရေပြားပေါ်တွင် သွေးရောင် အလင်းတန်းလေးများ ကခုန်နေပြီးမှ ပျောက်ကွယ်သွားခဲ့သည်။
"သားရဲတစ်ကောင်က ဘယ်လိုဖြစ်ပြီး ခွန်အားမြှင့်တင်တဲ့ တိုက်ခိုက်ရေးပညာတွေကို သုံးနိုင်ရတာလဲ"
လုချန်က သူ၏ မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။ ထိုသားရဲတွင် ဘာလျှို့ဝှက်ချက်တွေ ရှိနေတာလဲ။ ပင်လယ်မြွေနဂါးကြီး၏ အေးစက်သော အကြည့်မှာ အဆုံးအစမရှိသော အသိဉာဏ်များဖြင့် ပြည့်နှက်နေပုံရသည်။ ၎င်းက လုချန်ကို ချက်ချင်းပင် လှမ်းကြည့်လိုက်သည်။
၎င်း၏ မျက်ဝန်းထဲတွင် သွေးရောင် အလင်းတန်းများ လက်ခနဲ ဖြစ်သွားခဲ့သည်။ ထိုမျှ ပြင်းထန်သော စွမ်းအားများကို ထုတ်လွှတ်ခဲ့သော်လည်း ၎င်း၏ ပုံစံမှာ မည်သို့မျှ ပြောင်းလဲသွားခြင်း မရှိပေ။ လုချန်ကို တိုက်ခိုက်ခဲ့သည့် ထိုတိုက်ကွက် နှစ်ခုမှာ ၎င်းအတွက် ပေါ့ပေါ့ပါးပါး လှုပ်ရှားလိုက်ရုံသာ ဖြစ်ပုံရသည်။ သို့သော်လည်း အမှန်တရားမှာ ထိုမျှ မရိုးရှင်းနိုင်ကြောင်း လုချန် ယုံကြည်သည်။ သူ ၎င်းကို နောက်ထပ် အလင်းတန်းများ အားမသွင်းနိုင်အောင် တားဆီးရပေမည်။ အကယ်၍ သူသာ ဆက်လက်၍ ခုခံနေမည်ဆိုပါက နောက်ထပ် ကျရောက်လာမည့် တိုက်ကွက်မှာ သူ့ကိုဖြစ်စေ၊ သူ့နောက်က မြို့တော်ကိုဖြစ်စေ မှုန့်မှုန့်ညက်ညက် ဖျက်ဆီးပစ်လိမ့်မည်။
လုချန်က လှုပ်ရှားလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူက ကီလိုမီတာ ဆယ်ဂဏန်းကျော် ဝေးသော နေရာသို့ ရောက်ရှိသွားခဲ့သည်။ ၎င်းမှာ ရန်သူ၏ တိုက်ကွက်များ လူသူမရှိသော သဲကန္တာရထဲသို့သာ ကျရောက်စေရန် သူ ရည်ရွယ်ချက်ရှိရှိ ရွေးချယ်လိုက်သည့် နေရာပင် ဖြစ်သည်။ သို့သော် အန္တရာယ်မှာ မပြီးဆုံးသေးပေ။ ပင်လယ်မြွေနဂါးကြီး၏ နောက်ကွယ်က ရေပြင်ထဲမှ ဧရာမ ပင်လယ်သားရဲကြီး သုံးကောင် ထပ်မံ ထွက်ပေါ်လာခဲ့သည်။
ရဲတိုက်တစ်ခုခန့် အရွယ်အစားရှိသော ပီရန်ဟာငါးကြီး တစ်ကောင်။ အားကစားကွင်းတစ်ခုထက် ပိုကြီးသော မိကျောင်းကြီး တစ်ကောင်။ ကျွန်းတစ်ကျွန်းနီးပါး ကြီးမားသော ဧရာမ ရေဘဝဲကြီး တစ်ကောင်။
သူတို့က ပင်လယ်ရေအောက်မှ ကြွတက်လာကြရာ ကီလိုမီတာပေါင်းများစွာ ရှည်လျားသော သမုဒ္ဒရာရေပြင်မှာ ဗလောင်ဆူသွားခဲ့တော့သည်။
***