သို့သော် ရှေ့နောက်မညီသည်မှာ အကယ်၍ ချူယန်သာ အတွေးခိုးယူမှုကို မလုပ်ဆောင်ခဲ့လျှင် ပစ်မှတ်အသတ်ခံရချိန်၌ သူမပါ အဘယ်ကြောင့် သေဆုံးသွားရသနည်း။
“ဒါက ယုတ္တိမရှိဘူး”
ထိုအချိန်တွင် လင်းရှန်သည် အေးခဲခန်းအတွင်း လဲလျောင်းနေသော ချူယန်ကို ကြည့်ကာ စိုးရိမ်တကြီးဖြင့် ရေရွတ်လိုက်သည်။
“ဘာလို့လဲ၊၊ ဘာလို့ သူမကသေသွားရတာလဲ”
“မင်း တစ်ခုခုကို လွတ်သွားတာ ဖြစ်နိုင်တယ်”
ယဲ့လန်က လင်းရှန်ကို တည်ငြိမ်စွာ ကြည့်နေသည်။
“မဖြစ်နိုင်တာ… ကျုပ်မျက်စိနဲ့ သူမသေတာကို မြင်ခဲ့တယ်လေ”
လင်းရှန်သည် ပတ်လျှောက်နေရင်း သူ၏အကြည့်မှာ ချူယန်ထံမှ မခွာပေ။ ချူယန် ပြောခဲ့သည့် စကားများကလည်း သူ၏နားထဲတွင် ဆက်တိုက် ပဲ့တင်ထပ်နေသည်။
“လခြမ်းကွေးစစ်ဆင်ရေးရဲ့ အဓိကရည်မှန်းချက်က သတင်းအချက်အလက် ရယူဖို့ပဲ၊၊ ပြီးတော့ ငါက အဓိကလုပ်ဆောင်ရမယ့်သူ”
“ငါ့စကားကို နားထောင်၊ ခဏနေရင် ဂျူးလိယပ်စ်ကို ငါထိန်းချုပ်ထားမယ်၊၊ နင်က သူ့ရဲ့မျက်ဝန်းကို ချက်ချင်း စကင်ဖတ်လိုက်”
“သူ့ဦးနှောက် သေသွားရင်တောင် ဦးနှောက်ဆဲလ်တွေက ချက်ချင်း ရပ်ဆိုင်းသွားမှာ မဟုတ်ဘူး၊၊ နျူရွန်တွေရဲ့ လျှပ်စစ်လှိုင်းလေးတွေက လုံးဝ ပြတ်တောက်သွားပေမဲ့ အတွေး၊ မှတ်ဉာဏ်၊ ဆုံးဖြတ်ချက်၊ အာရုံခံစားမှုတွေအားလုံးက မိနစ်အနည်းငယ်လောက် ဆက်ရှိနေဦးမှာ...”
“ဒါက... တစ်ခုတည်းသော... ရွေးချယ်မှုပဲ... လင်း... ငါ့ကို... လက်မလွှတ်ပါနဲ့...”
ချူယန် မသေဆုံးမီ ပြောခဲ့သည့် စကားများက လင်းရှန်၏နားထဲတွင် ခေါင်းလောင်းကြီးကဲ့သို့ မြည်ဟီးနေပြီး လင်းရှန်ကို နှုတ်ခမ်းများ ခြောက်သွေ့စေကာ တစ်နေရာတည်းတွင် အေးခဲရပ်တန့်သွားစေသည်။
“ငါ ဘာကို လွတ်သွားတာလဲ”
လင်းရှန် ခြေလှမ်းရပ်လိုက်သည်။
ဝုန်း။
ရုတ်တရက် လင်းရှန်၏ မျက်လုံးသူငယ်များကျယ်ပြန့်သွားပြီး ရှေ့ရှိ ရုံးခန်းမြင်ကွင်းမှာ အလင်းကို ဝါးမျိုသည့် တွင်းနက်ကြီးကဲ့သို့ ဆွဲဆန့်သွားသည်။ မှတ်ဉာဏ်အပိုင်းအစများအားလုံး နောက်ပြန်ရစ်သွားကာ ရှေ့တန်းစီမံကိန်း မစတင်မီ အာရုဏ်ဦးမြို့တော်သို့၊ အာရုဏ်ဦးမြို့တော်မှ လက်နက်များ အလုပ်မလုပ်တော့ဘဲ မြို့တစ်ခုလုံး ထိတ်လန့်နေချိန်သို့၊ ချူယန်မသေဆုံးမီ သူမမျက်နှာပေါ်မှ သွေးစက်များသို့၊ ဂျူးလိယပ်စ်၏ ပုံတူပွားရာပေါင်းများစွာ လွင့်မျောနေသည့် ခန်းမဖြူကြီးဆီသို့ အချိန်များက တရစပ်နောက်ပြန်ဆုတ်သွားပြီး ကျင်းဟိုင်မြို့ဆီသို့ ပြန်ရောက်သွားသည်။
တင်းကျန်းရီက သူ့ကို ပြောခဲ့သည်။
“အခု လူသားတွေက အမှောင်စွမ်းအင်ကို အေးခဲ-အမှောင် အမှုန်တွေထဲကနေ ခွဲထုတ်နိုင်ပြီ၊၊ ဒါက အမှောင်ကျူးကျော်မှုရဲ့ စွမ်းအင်အသွင်ပြောင်းလဲမှု ပုံစံတစ်မျိုးပဲ၊၊ လူသားတွေ စုပ်ယူနိုင်တဲ့ ပိုမိုသန့်စင်တဲ့ အေးခဲ-အမှောင်ဆေးရည်လို့ နားလည်လို့ရတယ်၊၊ ရှင်းဂျီရဲ့ တွက်ချက်မှုအရ ၁၈ ရာခိုင်နှုန်းက လက်ရှိ လူသားတွေအတွက် အကန့်အသတ်ပဲ၊၊ ဒီပမာဏက စွမ်းအားရှင်တွေရဲ့ ဆင့်ကဲပြောင်းလဲမှုအတွက် အရေးကြီးတဲ့ အမှတ်ပဲ၊၊ ဒါကြောင့် သီအိုရီအရ ပြောရရင် လူသားတွေက အတင်းအကျပ် စစ်ထုတ်တာကလွဲလို့ ဒီစွမ်းအင်ကို ခွဲထုတ်နိုင်တဲ့ ဒါမှမဟုတ် သိုလှောင်နိုင်တဲ့ ပစ္စည်းမျိုး လက်ရှိ ကမ္ဘာပေါ်မှာ မရှိသေးဘူး”
ရှင်းဂျီက ပြောခဲ့သည်။
“ဇီဝမျိုးစပ်သတ္တဝါနဲ့ ထိန်းချုပ်စက်တွေကို ကြည့်ရတာ အနီရောင်ကမ္ဘာက သူ့အတွက် သီးသန့်လုပ်ထားသလိုပဲ၊၊ ဒါပေမဲ့ ဒီသတ္တဝါကြီးက မူလကတည်းက သေနေတာပဲ၊၊ သူတို့တွေ ဒါတွေကို ဘာလို့ တပ်ဆင်ထားတယ်လို့ မင်းထင်လဲ”
ချူယန်က ပြောခဲ့သည်။
“ငါတို့ မြင်ရတဲ့ S-Class အဆင့် ဆိုတာ အနီရောင်ကမ္ဘာအတွက်တော့ ဘုရားသခင်လိုပဲ၊၊ အကယ်၍ နင်က အဲဒီလို ဘုရားသခင်မျိုးနဲ့ ချိတ်ဆက်ဖို့၊ တည်နေရာ အတိအကျမသိရတဲ့ သက်ရှိပုံစံနဲ့ ယဉ်ကျေးမှုကို ရှာဖွေဖို့ဆိုရင် သာမန်လူတွေ ဒါမှမဟုတ် စမ်းသပ်ခံတွေနဲ့ လုပ်လို့မရဘူး”
ကီကီက ပြောခဲ့သည်။
“ငါ နားလည်ပြီ၊၊ အနီရောင်သတ္တဝါလိုမျိုးပေါ့၊၊ သူတို့က S-Class အဆင့်နဲ့ ချိတ်ဆက်တာက သတင်းအချက်အလက်ဖလှယ်ဖို့တင် မဟုတ်ဘူး၊၊ သူတို့ကိုယ်တိုင် S-Class အဆင့် သက်ရှိဖြစ်လာဖို့ ဒီပုံစံကို သုံးချင်တာပဲ”
သူ့မှတ်ဉာဏ်များက ကီကီနှင့်အတူ လေထဲပျံတက်သွားပြီး ကျင်းဟိုင်မြို့အောက်ရှိ ဧရာမ ဇီဝမျိုးစပ်အလောင်းကြီးကို ကြည့်နေသည့်အချိန်သို့ ရောက်သွားသည်။ အဆိုပါအရာတွင် စွမ်းအင်ထုတ်လွှတ်မှု မရှိဘဲ ဇီဝစက်ကိရိယာများ၊ ထိန်းချုပ်စက်များနှင့်...
မှိုမျှင်ဦးနှောက်စက်ကိရိယာသာ ရှိသည်။
“ကျုပ် ဘာကို လွတ်သွားလဲဆိုတာ သိပြီ”
လင်းရှန်သည် တည်ငြိမ်မှု ကင်းမဲ့နေပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။
“ချိုးဖျက်ကိရိယာကို ရှေ့တန်းစီမံကိန်းရဲ့ နံပါတ် ၁ အစီအစဉ်အနေနဲ့ လွှတ်တင်ခဲ့တာက S-Class အဆင့် ဦးနှောက်ကို ပြန်နိုးထဖို့ ဒါမှမဟုတ် ပြန်ချိတ်ဆက်ဖို့ပဲ၊၊ သူတို့ စမ်းသပ်မှုမတိုင်ခင် ဦးနှောက်တစ်ဝက်ပဲ ချိတ်ဆက်ရသေးတယ်၊၊ ဂျူးလိယပ်စ်က ဒီတစ်ကြိမ်တင် ကိုယ်ပွား ၁၄၅ ယောက် သေသွားတယ်လို့ ပြောခဲ့တယ်၊၊ ကျုပ် အမြဲတမ်း စဉ်းစားနေတာ တစ်ခုရှိတယ်၊၊ အနီရောင်ကမ္ဘာက ကျုပ်တို့နဲ့ ဂလက်ဆီနှလုံးသား ဒါမှမဟုတ် အမှောင်သတင်းအချက်အလက်တွေအတွက် ပြိုင်ဆိုင်နေတာပဲဖြစ်ဖြစ်၊ မြို့တစ်ခုလုံးကို သိမ်းပိုက်ပြီး ယာဉ်တွေကို ဖျက်ဆီးချင်တာပဲဖြစ်ဖြစ်၊ ရှေ့တန်းမံကိန်းကို ဖျက်ဆီးဖို့ သူတို့ တစ်ခါမှ မခြိမ်းခြောက်ခဲ့ဘူး၊၊ ပြီးတော့ ချူကျောက်နန်က ဂျူးလိယပ်စ်က မြူမီးခိုးမွန်းစတားကို အနှောင့်ယှက်မရှိ လွှတ်တင်ခွင့်ပေးလိမ့်မယ်လို့ ဘာလို့ ဒီလောက်တောင် သေချာနေရတာလဲ”
“ဘာလို့လဲဆိုတော့... ဂျူးလိယပ်စ်ကိုယ်တိုင်က မြူမီးခိုးမွန်းစတားပေါ်မှာ ရှိနေလို့ပဲ”
လင်းရှန် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး ချူယန်ကို ကြည့်ကာ သက်ပြင်းချရင်း ရေရွတ်လိုက်သည်။
“အဲဒီအချိန်က မင်းရဲ့ တစ်ခုတည်းသော ရွေးချယ်မှုဆိုတာက လွှတ်တင်မှု စတင်ပြီးနောက်မှာ အထက်ကို တက်လှမ်းသွားတဲ့ ဂျူးလိယပ်စ်ရဲ့ စိတ်ဝိညာဉ်စွမ်းအင်လှိုင်းကို မင်းဖမ်းမိသွားလို့ပဲ၊၊ ဒါကြောင့် မင်း တကယ်တမ်း ကျူးကျော်ဝင်ရောက်ခဲ့တာက မြူမီးခိုးမွန်းစတားရဲ့ အသိစိတ်ပဲ”
ဟူး...
လင်းရှန် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ဆိုဖာပေါ်တွင် ပြန်ထိုင်ကာ မယုံနိုင်သလို ဖြစ်နေသည်။
ဦးနှောက်တစ်ဝက်လောက် ချိတ်ဆက်ရုံနဲ့တင် ကိုယ်ပွား ၁၄၅ ယောက်ကို ချက်ချင်းသတ်နိုင်တယ်ဆိုရင် ဒီလောက် အစွမ်းထက်တဲ့ ချူယန်က ဘာလို့ အဲဒီအချိန်မှာ သေသွားရသလဲဆိုတာ သူ အခုမှ နားလည်တော့သည်။ လင်းရှန်ကို ကူညီပြီး ဂျူးလိယပ်စ်ကို ဟန်ပြတိုက်ခိုက်ဖို့ ကြိုးစားချိန်မှာတင် သူမ ရင်ဆိုင်ရမယ့် ရလဒ်ကို သူမ သိထားပြီးသား ဖြစ်လိမ့်မည်။ အနီရောင်စွမ်းအားရှင်ကြောင့် သူမ သေတာမဟုတ်ဘဲ မြူမီးခိုးမွန်းစတား၏ ဝါးမျိုမှုကို ခံလိုက်ရခြင်းပင်။
တစ်စုံတစ်ခုကို တွေးမိကာ သူက ယဲ့လန်ကို ကြည့်ပြီး ရှုပ်ထွေးသည့် မျက်နှာအမူယာဖြင့် မေးလိုက်သည်။
“ခဗျားက ဒါကို ကြိုတွေးမိပြီးသားလား”
“ချူယန် ပြောဖူးတယ်၊၊ အကယ်၍ စစ်ဆင်ရေး ကျရှုံးခဲ့ရင် ဒါမှမဟုတ် ဂျူးလိယပ်စ်ဆီက သတင်းအချက်အလက်မရခဲ့ရင် နောက်ဆက်တွဲ စီမံကိန်းအနေနဲ့ S-Class အဆင့် ဦးနှောက်ထဲကို ကျူးကျော်ဝင်ရောက်မယ်တဲ့၊၊ သူမက သေမှာကို မကြောက်ဘူး၊၊ ရလာတဲ့ သတင်းတွေကို ဘယ်လိုပေးပို့ရမလဲဆိုတာပဲ စိုးရိမ်နေတာပဲ”
“ဒါကြောင့် သူက ကျုပ်ကို ရွေးခဲ့တာပေါ့”
လင်းရှန်က ရေရွတ်လိုက်သည်။
ယဲ့လန်က လင်းရှန်ကို ကြည့်လိုက်သည်၊၊
“သူမ ပြောတာတော့ မင်းအိပ်မောကျတဲ့ အချိန်ကျမှသာ မင်းရဲ့ အသိစိတ်က သူနဲ့ ချိတ်ဆက်မိတာတဲ့၊၊ ဒါက တူညီတဲ့ အချက်တစ်ခုဖြစ်နိုင်တယ်”
လင်းရှန် ထရပ်လိုက်ပြီး ပြတင်းပေါက်နားသို့ လျှောက်သွားကာ ပြာလွင်သော ကောင်းကင်ကို ကြည့်ပြီး ခါးသီးစွာ ပြုံးလိုက်သည်။
“ဒါကို အတည်ပြုဖို့ နည်းလမ်းတစ်ခုပဲ ရှိတယ်”
ပြောပြီးသည်နှင့် လင်းရှန်သည် ပြတ်သားသော မျက်လုံးများဖြင့် ချက်ချင်း လှည့်လာသည်၊၊
“ကြယ်ဆိပ်ကမ်းမှာ မပြီးသေးတဲ့ ကြယ်သင်္ဘောအသေးလေးတစ်စင်း ရှိသေးတယ်၊၊ အဲဒါကို ကျုပ်ကို ခဏ ငှားပေးပါ”
ယဲ့လန် သူ့ကို မတားမြစ်ခဲ့ပေ။
ထို့နောက် သူသည် ကြယ်ဆိပ်ကမ်းသို့ သွားကာ တည်ဆောက်ရေးဆိပ်ကမ်းတွင် မပြီးသေးသော Rayfish အဆင့် ကြယ်သင်္ဘောတစ်စင်းကို တွေ့လိုက်သည်။ ဤသင်္ဘောမှာ တန်ချိန် ၄၀,၀၀၀ အဆင့်ရှိသော်လည်း လက်ရှိတွင် အဓိက ကိုယ်ထည်သာ ပြီးစီးသေးသည်။ လင်းရှန်သည် ချက်ချင်းပင် လက်မြှောက်ကာ ကြယ်နက်ပန်းပဲဖိုကို အသက်သွင်းလိုက်ရာ ပြင်းထန်သော ဟင်းလင်းပြင်ယန္တရားတံခါးကြီး ပွင့်လာပြီး သင်္ဘောကြီးကို ဖြည်းဖြည်းချင်း ဝါးမျိုသွားလေသည်။
လင်းရှန်သည် အံကြိတ်ထားလိုက်မိသည်။ စွမ်းအင်များစွာ ဆုံးရှုံးသွားရသဖြင့် ကြယ်နက်ပန်းပဲဖို၏ ဧရာမတည်ဆောက်ရေးဟင်းလင်းပြင်ကို ကြည့်နေရင်း သူ၏အသက်ရှူသံများမှာ ပို၍ပင် ပြင်းထန်လာခဲ့သည်။ ဤလွှဲပြောင်းမှုကို သူပြီးမြောက်အောင်လုပ်နိုင်ပါ့မလား သို့မဟုတ် အောင်မြင်နိုင်ပါ့မလားဆိုသည်ကို သူ စဉ်းစားမနေတော့ပေ။
***