ထို့နောက် သူသည် ကြယ်တာယာစီးနင်းသူ မီကာ ၈စီးကို အခြေခံထားသည့် ဗျူဟာတစ်ခုကို စတင် မိတ်ဆက်ပေးသည်၊၊
(မီးနတ်ဘုရား စီးရီး)
(Iron Guard-3 စစ်တပ်သုံး ချေမှုန်းရေးအမျိုးအစား)
(ကာကွယ်သူ-X တိုက်ခိုက်ရေး အမျိုးအစား)
“ကျွန်တော်တို့မှာ အပြည့်အစုံ တပ်ဆင်ထားတဲ့ ကြယ်တာယာစီးနင်းသူ မီကာ ၈ စီး ရှိပါတယ်၊၊ ဒီမီကာတွေဟာ အမြင့် မီတာ ၆၀ ရှိပြီး စုစုပေါင်းအလေးချိန် ၄,၆၆၅ တန် ရှိပါတယ်၊၊ နူကလီးယား ပေါင်းစပ်ဓာတ်ပြုခြင်း အင်ဂျင်နဲ့ မောင်းနှင်တာဖြစ်ပြီး တစ်ဦးတည်းက အာရုံကြောစနစ်ကတစ်ဆင့် ထိန်းချုပ်မောင်းနှင်ရတာပါ၊၊ အဆင့်မြင့်ကာဗွန်အလွိုင်း သံချပ်ကာတွေ သုံးထားပြီး ကြိမ်နှုန်းမြင့်ချိန်းဓားသွားတွေ၊ ပလာစမာ လက်ကောက်ဝတ်အမြောက်တွေ၊ ‘လောင်ကျွမ်းသောလေ’ ထုတ်လွှတ်မှုစနစ်နဲ့ ဖျက်ဆီးရေးဒုံးကျည် ၁၆ လုံး တပ်ဆင်ထားပါတယ်၊၊ ဒါတွေဟာ ကျွန်တော်တို့ ဗျူဟာရဲ့ အမာခံတိုက်ခိုက်ရေး ယူနစ်တွေပါပဲ”
“ဒါဟာ ရှေ့တန်းကနေ တိုက်ခိုက်ဖို့အတွက် ငါတို့ လိုအပ်နေတဲ့အရာပဲ”
လုထျန်းယဲ့က ပြတ်သားသော အမူယာဖြင့် ခေါင်းညိတ်လိုက်သည်၊၊
“မြို့ရိုးတွေ မပြိုလဲသရွေ့တော့ ငါတို့ ဒီတိုက်ပွဲကို အသေအလဲတိုက်မှာပဲ”
“ပြီးတော့ တိတ်ဆိတ်မြို့တော်လည်း ပါဝင်လာပြီဆိုတော့ ကျုပ်တို့မှာ တကယ်ပဲ အင်အား အလုံအလောက် ရှိသွားပြီ”
ရှင်းဂျီကို ကြည့်ကာ ပြောလိုက်သည်၊၊
ရှင်းဂျီက လူတိုင်း၏ အကြည့်ကို ရင်ဆိုင်ရင်း ခေါင်းအသာဆတ်ပြသည်၊၊
“ငါ့ရဲ့ တိတ်ဆိတ်မြို့တော် အမှတ် ၂ က လူတွေကို ပြောင်းရွှေ့ပြီးပါပြီ၊၊ အမှတ် ၁ မှာရှိတဲ့ တိုက်ခိုက်ရေးအင်အားနဲ့ လက်နက်တပ်ဆင်မှုတွေ အားလုံးအဆင်သင့်ပါပဲ၊၊ တပ်ဖြန့်ဖို့ဖြစ်ဖြစ်၊ တိုက်ခိုက်ဖို့ဖြစ်ဖြစ် အကုန်ပြင်ဆင်ပြီးသားပါ၊၊ ဒါပေမဲ့ မြေပြင်အနေအထားအရ တိတ်ဆိတ်မြို့တော်ဟာ လေယာဉ်အုပ်စုနဲ့အတူ ပျံဝဲနေတဲ့ အနေအထားမှာပဲ ရှိနေလိမ့်မယ်၊၊ ဒါမှမဟုတ် အဲဒီ မိုးပျံသတ္တဝါကို ရင်ဆိုင်ဖို့အတွက် ပိုမြင့်တဲ့နေရာမှာ ရှိနေပါလိမ့်မယ်”
“လေကြောင်းတိုက်ပွဲလား၊၊ ကောင်းတာပေါ့”
ထိုစဉ် မြောက်အမေရိက ပူးပေါင်းတပ်ဦးမှ ရှုကျန်းယွဲ့က “ကျွန်တော်တို့ ပူးပေါင်းတပ်ဦးရဲ့ ယာဉ်တန်းနဲ့ ဖီးနစ်ရဲ့ ကောင်းကင်ငြိမ်သက်ခြင်းသင်္ဘော အားလုံးပေါင်းရင် လူဦးရေ ၁၆၀၀၀ ရှိပါတယ်၊၊ အဓိကတိုက်ခိုက်ရေးအင်အားကတော့ စွမ်းအားရှင်တပ်ဖွဲ့ဝင်တွေပဲ ဖြစ်ပါလိမ့်မယ်၊၊ ညလမ်းလျှောက်သူအဖွဲ့နဲ့ အလင်းတမန်ဌာနတို့ ပူးပေါင်းလှုပ်ရှားဖို့ ကျွန်တော် အကြံပြုချင်ပါတယ်၊၊ ပူးပေါင်းတပ်ဦးနဲ့ ဖီးနစ်အဖွဲ့ရဲ့ သံမဏိအစောင်တပ်ရင်း လေတပ်ကတော့ လေကြောင်းကနေ ပံ့ပိုးပေးမှာပါ၊၊ ဒါပေမဲ့ စောစောက ဆွေးနွေးခဲ့သလိုပဲ S-Class အဆင့် ရန်သူတွေ အလုံးအရင်းနဲ့ ဝိုင်းရံလာရင် အမှောင်ကျူးကျော်မှုဒဏ်က အတော်လေး ပြင်းထန်လိမ့်မယ်၊၊ မြို့ထဲမှာ သန္ဓေပြောင်းမှုတွေ အကြီးအကျယ် မဖြစ်အောင် ကျွန်တော်တို့ သေချာပေါက် တားဆီးရပါမယ်”
“ကျွန်တော့်မှာ အကြံတစ်ခုရှိပါတယ်”
ယခင် ဖက်ဒရေးရှင်း ကောင်စီဝင်ရှုယန်က “အခုဆိုရင် မြေအောက် မဟာဗျူဟာမြောက် ခံတပ်တွေကို အကုန်လုံး ပိတ်ဆို့ထားပြီးပါပြီ၊၊ အာရုဏ်ဦးမြို့တော်ရဲ့ မြေအောက် သယ်ယူပို့ဆောင်ရေးကွန်ရက်က ရှိနေဆဲဖြစ်သလို ထူးဆန်းတဲ့ သတ္တဝါတွေ ကျူးကျော်ဝင်ရောက်မလာအောင်လည်း တစ်ပိုင်းချင်းစီ ပိတ်ဆို့ထားပြီးသားပါ၊၊ ဒါကြောင့် မြို့ထဲမှာ သန္ဓေပြောင်းမှုတွေ အကြီးအကျယ် မပြန့်ပွားအောင် မြို့ထဲက တိုက်ခိုက်နိုင်စွမ်းမရှိတဲ့ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေကို အသုတ်လိုက် မြေအောက်ထဲ ပြောင်းရွှေ့ထားဖို့ အကြံပြုချင်ပါတယ်၊၊ ပြီးရင်တော့ နှစ်ဖက်စလုံးက စွမ်းအားရှင်အဖွဲ့တွေထဲက မျိုးဗီဇဆင့်ကဲပြောင်းလဲသူတွေ ဒါမှမဟုတ် မြို့ပြင်တိုက်ပွဲအတွက် မသင့်တော်သူတွေကို ရွေးထုတ်ပြီး အဲဒီလူတွေကို နေရာအလိုက် ကာကွယ်ပေးခိုင်းရပါမယ်၊၊ ဒါဆိုရင် အထိအခိုက် အကျအဆုံးနည်းသွားမယ့်အပြင် သန္ဓေပြောင်းမှုတစ်ခုခုဖြစ်လာရင်တောင် ဧရိယာအကျဉ်းလေးအတွင်းမှာပဲ ထိန်းချုပ်ထားနိုင်မယ်”
“ဒါ အကြံကောင်းပဲ”
ယဲ့လန်က ထိုအချိန်တွင် အမိန့်ပေးလိုက်သည်၊၊
“ဗိုလ်ချုပ်ရှု၊ ခေါင်းဆောင်ချီ၊ ဝန်ကြီးလော့…. မင်းတို့က ရှုယန်နဲ့ စုကျင်းတို့အတွက် လူအင်အားစီစဉ်ပေးလိုက်ပါ၊၊ လူတွေကို အသုတ်လိုက်ခွဲပြီး ကာကွယ်ပေးခြင်းအားဖြင့် သန္ဓေပြောင်းနိုင်ခြေကို အတတ်နိုင်ဆုံးလျှော့ချရမယ်”
“ဒါကတော့ လုပ်လို့ရပါတယ်၊၊ ဒါပေမဲ့ နောက်ထပ် ပြဿနာတစ်ခုရှိသေးတယ်”
ဗိုလ်ချုပ်ရှုက ဟွာကျန်းနှင့် လုထျန်းယဲ့တို့ကို ကြည့်လိုက်သည်၊၊
“ဗိုလ်ချုပ်တို့၊ မြို့ထဲကကိစ္စအပြင် ရှေ့တန်းက ကျွန်တော်တို့ စစ်သားတွေ ရင်ဆိုင်ရမယ့် စိတ်ပိုင်းဆိုင်ရာ ဖိအားနဲ့ အမှောင်ကျူးကျော်မှုက ပထမဆုံးစိန်ခေါ်မှုကြီးပဲ”
တိုက်ပွဲအတွေ့အကြုံများသော စစ်သားများသည် သာမန်အသက်ရှင်ကျန်ရစ်သူများထက် စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် စိတ်ဝိညာဉ်စွမ်းအားမြင့်မားကြသော်လည်း စစ်တပ်အတွင်း သန္ဓေပြောင်းမှု မဖြစ်နိုင်ဟု မဆိုလိုပေ။ ကမ္ဘာပျက်ကပ်နေ့က စတားဖလိ့၏ တိုက်ခိုက်ရေးစွမ်းရည်များ အစောပိုင်းမှာတင် ပြိုလဲသွားရခြင်းမှာ တပ်တွင်း သန္ဓေပြောင်းမှုများကြောင့်ပင် ဖြစ်သည်။
“မှန်တယ်”
ဟွာကျန်းက လေးနက်သောလေသံဖြင့် “ငါတို့မှာ အားအကောင်းဆုံးလက်နက်အင်အားတွေ ရှိနေတယ်၊၊ စစ်သည်အင်အား နှစ်သိန်းကျော် ရှိနေပေမဲ့ တကယ်လိုအပ်တာက တိုက်ပွဲဝင်စိတ်ဓာတ်ပဲ”
လုထျန်းယဲ့ကလည်း တည်ငြိမ်သော မျက်နှာအမူယာဖြင့် “လက်ရှိအခြေအနေနဲ့ တိုက်ပွဲပန်းတိုင်ကို စစ်သည်တိုင်း သိအောင် ရှင်းရှင်းလင်းလင်းပြောပြရမယ်၊၊ ငါ့တပ်ဖွဲ့ဝင်တွေကို ငါယုံကြည်ပေမဲ့ ဒါက တကယ့်ကို ကြီးမားတဲ့ ဖိအားတစ်ခုပဲ”
တိုက်ပွဲဝင်စိတ်ဓာတ်ရှိခြင်းနှင့် သေရမှာမကြောက်ခြင်းက သန္ဓေပြောင်းသွားပြီးနောက် ကိုယ့်ရဲဘော်ရဲဘက်များကို ပြန်မတိုက်ခိုက်တော့ဘူးဟု အာမမခံနိုင်ပေ။ ဘေးအန္တရာယ်က အတွင်းထဲကနေ မြစ်ဖျားခံလာခြင်းက ကြောက်စရာအကောင်းဆုံး ဖြစ်တတ်သည်။
ခဏတာမျှ အစည်းအဝေး ဆွေးနွေးခန်းမှာ တိတ်ဆိတ်သွားသည်။
“အဟမ်း... ကျုပ်တစ်ခုလောက် အကြံပေးလို့ ရမလား”
ထိုစဉ် လူအုပ်ကြားက ထောင့်တစ်နေရာမှာ ထိုင်နေသည့် လင်းရှန်က ရုတ်တရက် စကားပြောကာ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ လူပေါင်းများစွာ၏ အကြည့်များက သူ့ဆီသို့ ချက်ချင်း ကျရောက်သွားသည်။ တည်ငြိမ်စွာရှိနေသည့် ရှင်းဂျီ၏မျက်လုံးများ တောက်ပသွားပြီး လင်းရှန်ကို စိတ်ဝင်တစား ပြုံးကြည့်နေသည်။ ပြီးခဲ့သည့် တွင်းနက်ဖြတ်ကျော်ရေး စစ်ဆင်ရေးကတည်းက သူသည် လင်းရှန်၏ အကြံပြုချက်များကို အလွန်စိတ်ဝင်စားခဲ့သည်၊၊ အကြောင်းမှာ လင်းရှန်၏ အစီအစဉ်တိုင်းက သူ၏ တွက်ချက်မှုနှင့် ခွဲခြမ်းစိတ်ဖြာမှုများထက် သာလွန်နေသောကြောင့် ဖြစ်သည်။
ထိပ်ဆုံးခုံတွင် ထိုင်နေသည့် ယဲ့လန်က လင်းရှန်ကို ပြုံးကြည့်ကာ “ကပ္ပတိန်လင်း၊၊ မင်းက ဒီတိုက်ပွဲကို ဦးဆောင်မယ့် အရေးကြီးတဲ့ အဖွဲ့ဝင်တစ်ယောက်ပဲ၊၊ ဘယ်လိုအကြံပြုချက်ပဲဖြစ်ဖြစ် အားမနာတမ်း တိုက်ရိုက်ပြောနိုင်တယ်”
“အားနာလို့ မဟုတ်ပါဘူး၊၊ ဒီမှာရှိတဲ့ ဗိုလ်ချုပ်ကြီးတွေရဲ့ အရှိန်အဝါက ပြင်းလွန်းလို့ စကားပြောဖို့ နည်းနည်း လန့်နေတာပါ”
လုထျန်းယဲ့က သူ့ကို ကြည့်ပြီး အားပေးလိုက်သည်၊၊
“ကပ္ပတိန်လင်း၊၊ မင်းက ဧရာမနတ်ဘုရားတောင်ထိပ်က လွှတ်တင်ရေးစခန်းမှာ မြို့တစ်မြို့လုံးကို ကယ်တင်ခဲ့တဲ့ သူရဲကောင်းပဲ၊၊ မင်းက သူရဲဘောကြောင်တဲ့သူလို့ ငါမထင်ဘူး၊၊ ပြောစရာရှိတာသာ ပြောပါ၊၊ ဒီမှာရှိတဲ့သူ ဘယ်သူမှ မင်းရဲ့စကားကို အလေးမထားဘဲ မနေဘူး”
ထိုစကားကို ကြားသောအခါ ဟွာကျန်း၊ ရှုကျန်းယွဲ့၊ ချီနို၊ ရှုယန်၊ စုကျင်းနှင့် ကျန်ရှိသူများက ခေါင်းငြိမ့်ထောက်ခံကာ လင်းရှန်ကို အသိအမှတ်ပြုသည့် အကြည့်များဖြင့် ကြည့်လိုက်ကြသည်။
သူသည် ဤနေရာတွင် အသက်အငယ်ဆုံးဟု ထင်ရသော်လည်း မည်သူကမျှ သူ့ကို အထင်သေးခြင်းမရှိပေ၊၊
လင်းရှန်က အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် အမြွှာကြယ်မျှော်စင်ထိပ်တွင် သူစဉ်းစားခဲ့သည့် အကြံဉာဏ်ကို ထုတ်ဖော်ပြောကြားလိုက်သည်။
“အခုဆိုရင် ကျုပ်တို့က အမှောင်တိုက်စားခြင်းဆဲလ်တွေကို သုံးပြီး အမှောင်ကျူးကျော်မှုကို ခုခံနိုင်စွမ်းက ၁၈ ရာခိုင်နှုန်းအထိ ရှိနေပြီ၊၊ အကယ်၍ ကျုပ်တို့သာ ယဉ်ကျေးမှုရှေ့ဆောင်သင်္ဘောဆီက အမှောင်ကျူးကျော်မှုကို စုပ်ယူတဲ့ စွမ်းအင်ဆိုင်ရာ အချက်အလက်တွေကို ရနိုင်မယ်ဆိုရင် အဲဒီအမှောင်တိုက်စားခြင်းဆဲလ်တွေကို သုံးပြီး အမှောင်ကျူးကျော်မှုကို စွမ်းအင်အဖြစ် ပြောင်းလဲပစ်နိုင်မယ်၊၊ အဲဒါဆိုရင် ၁၀၀ ရာခိုင်နှုန်း ကာကွယ်နိုင်သွားမှာ မဟုတ်လား၊၊ ဒါဆိုရင် ဒီပြဿနာက ပြေလည်သွားပြီပေါ့”
“ဒါပေမဲ့ ယဉ်ကျေးမှုရှေ့ဆောင်သင်္ဘောက အခု ကောင်းကင်အကာကွယ်အလွှာရဲ့ အပြင်ဘက်မှာ ရှိနေတာလေ”
ရှုကျန်းယွဲ့က တည်ငြိမ်စွာ ပြောသည်။
“မင်းနဲ့ ချူယန်ကြားက စိတ်ဝိညာဉ်ချိတ်ဆက်မှုကနေတစ်ဆင့် အဲဒီအချက်အလက်တွေကို ရနိုင်လို့လား”
လင်းရှန်က ခေါင်းခါပြလိုက်သည်။
“အဲလိုသာရနိုင်ရင် ကျုပ်ယူလာခဲ့တာ ကြာလှပေါ့”
“ဒါဆို ဘာလို့ ဒါကို အကြံပြုရတာလဲ”
သံမဏိအစောင်တပ်ရင်းအဖွဲ့ခေါင်းဆောင် ဟွာကျန်းက နားမလည်နိုင်သလို မေးလိုက်သည်။
လင်းရှန်က ချောင်းတစ်ချက် ဟန်လုပ်ဆိုးလိုက်ပြီး အနည်းငယ် မဝံ့မရဲ ပြောလိုက်သည်။
“ချူယန်နဲ့ စိတ်ဝိညာဉ် ချိတ်ဆက်မှုကနေ အချက်အလက် မရနိုင်ပေမဲ့ ကျုပ်ကိုယ်တိုင်... ယဉ်ကျေးမှုရှေ့ဆောင်သင်္ဘောပေါ်ကို တိုက်ရိုက်တက်သွားလို့ ရတယ်”
ထိုစကားကို ကြားလိုက်ရချိန်တွင် အစည်းအဝေးခန်းမတစ်ခုလုံး တိတ်ဆိတ်သွားပြီး ရှင်းဂျီက မျက်မှောင်ကြုတ်သွားသည်။
***