ယဲ့လန်က လင်းရှန်ကို စိုက်ကြည့်ကာ မေးလိုက်သည်၊၊
“မင်းပြောနေတာက ပျက်စီးသွားတဲ့ ယဉ်ကျေးမှုရှေ့ဆောင်သင်္ဘာကို ပြောတာလား”
“လခြမ်းကွေးစစ်ဆင်ရေးတုန်းက ကျုပ်ယဉ်ကျေးမှုရှေ့ဆောင်သင်္ဘောပေါ် တက်ခဲ့တယ်၊၊ အဲဒီတုန်းက အမှောင်တိုက်စားခြင်းဆဲလ်တွေ သိမ်းထားတဲ့ စမ်းသပ်ကိရိယာက အကာကွယ်ချိုးဖျက်ကိရိယာလို့ ကျုပ်ယုံကြည်ခဲ့တယ်၊၊ မလွှတ်တင်ခင်မှာ အနီရောင်ကမ္ဘာက လူတွေ ဒါကို လာပြီး ချိတ်ဆက်နိုင်မယ်လို့ ကျုပ်ခန့်မှန်းခဲ့တာကြောင့် အဲဒီပေါ်မှာ တစ်ခုခုထားခဲ့တယ်”
လင်းရှန်က ဘာမှဖုံးကွယ်မထားတော့ဘဲ လူတိုင်းကို ဝေ့ကြည့်ကာ ပြောလိုက်သည်။
“အဲဒါက ‘မျက်တောင်တစ်ခတ်ကျည်ဆန်’ လို့ခေါ်တဲ့ တားမြစ်ပစ္စည်းတစ်ခုပါ၊၊ ကျုပ်က အာ့ဒါကို ခဲသေတ္တာထဲ ထည့်ပြီး ယဉ်ကျေးမှုရှေ့ဆောင်သင်္ဘောပေါ်မှာ ဝှက်ထားခဲ့တယ်၊၊ ဒီတားမြစ်ပစ္စည်းက ကျုပ်ကို ဟင်းလင်းပြင်ကူးပြောင်းမှု လုပ်ဆောင်ပေးနိုင်တယ်၊၊ ဆိုလိုတာက ကျုပ်အခု စိတ်ကူးလိုက်တာနဲ့ ယဉ်ကျေးမှုရှေ့ဆောင်သင်္ဘောရဲ့ သိပ္ပံစမ်းသပ်ခန်းထဲကို ချက်ချင်း တည်နေရာကူးပြောင်းသွားနိုင်တယ်”
သူ၏ ကြိုတင်ပြင်ဆင်တတ်သော အလေ့အထက ယခုကဲ့သို့ အသုံးဝင်လာလိမ့်မည်ဟု လင်းရှန် တစ်ခါမျှ မတွေးခဲ့မိပေ။ မြို့တစ်ခုလုံးကို စကင်ဖတ်စစ်ဆေးမှု ပြုလုပ်စဉ်က သူသည် ချူယန်နှင့်အတူ ချိုးဖျက်ရေးကိရိယာကို ရှာဖွေရန်သာ အာရုံရောက်နေသဖြင့် ထိုကိစ္စကို မေ့နေခဲ့ခြင်း ဖြစ်သည်။
ချူယန်နှင့် စိတ်ဝိညာဉ်ချိတ်ဆက်မှုမှ ပြန်လာပြီးနောက်တွင်မှ ထိုအကြောင်းကို ပြန်သတိရလာခြင်းဖြစ်ကာ မူလကမူ ချူယန်ကို မည်သို့ကယ်ထုတ်ရမည်နည်းဟုသာ စဉ်းစားနေခဲ့ခြင်း ဖြစ်သည်။
“မင်း ဘာပြောလိုက်တာ…”
ထိုစကားကို ကြားလျှင် ချီနိုသည် ထိုင်ခုံမှ ဝုန်းခနဲ ထရပ်လိုက်သည်၊၊
“ဒါကို ဘယ်တုန်းက လုပ်လိုက်တာလဲ”
သူတစ်ဦးတည်းသာမက ကျန်ရှိသူများအားလုံး၏ မျက်နှာများတွင်လည်း မယုံကြည်နိုင်သည့် အရိပ်အယောင်များရှိနေကြသည်။ မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် ရှင်းဂျီ၏ နှုတ်ခမ်းထောင့်စွန်းများ ကွေးညွတ်သွားကာ မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားမှုအချို့ ဖြတ်ပြေးသွားသည်။
အလင်းတမန်ဝန်ကြီး လော့မင်က မျက်မှောင်ကြုတ်ကာ လင်းရှန်ကို ကြည့်လိုက်သည်၊၊
“ဒီတားမြစ်ပစ္စည်းရဲ့ မှတ်တမ်းကို ငါသိထားပါတယ်၊၊ ဒါပေမဲ့ မင်းက အဲဒီလောက်ဝေးတဲ့နေရာကို တကယ်ပဲ ကူးပြောင်းနိုင်မယ်ဆိုတာ သေချာလား”
“သေချာပါတယ်”
လင်းရှန်က ခေါင်းညိတ်ပြလိုက်သည်။ အဘယ်ကြောင့်ဆိုသော် ထိုကျည်ဆန်၏ တည်ရှိမှုကို သူ၏ စိတ်ထဲတွင် အမြဲတမ်း ခံစားသိရှိနေရသောကြောင့် ဖြစ်သည်။
“ကောင်းပြီ” လော့မင်က ခေါင်းညိတ်ပြီး ဆက်ပြောသည်၊၊
“ဒုတိယမေးခွန်းကတော့ မင်းအပေါ်ကို ရောက်သွားပြီဆိုရင်တောင် ဘယ်လိုပြန်ဆင်းလာမှာလဲ”
“ကောင်းကင်အကာကွယ်အလွှာက အချက်အလက်အားလုံးကို ဖြတ်တောက်ထားတယ်”
ထိုစဉ် မိုးကုတ်စက်ဝိုင်းလွန်စီမံကိန်း၏ အကြီးအကဲဟောင်း စုကျင်းက ဝင်ပြောလိုက်သည်၊၊
“ငါတို့ စမ်းသပ်ကြည့်ပြီးပြီ၊၊ နောက်ဆုံးအချိန်မှာ Natural Selection ကနေ ပေးပို့ခဲ့တဲ့ အားကောင်းတဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေတောင် နေရဲ့ အလင်းပြန်မှုကို သုံးထားတာပဲ၊၊ ပြီးတော့ အဲဒီအချိန်က ကောင်းကင်အကာကွယ်အလွှာရဲ့ ပေါက်ပြဲမှုနဲ့ ဆက်စပ်နေတယ်လို့ ငါတို့ယူဆထားတယ်၊၊ အခုဆိုရင် မင်းက အကောင်းပကတိအတိုင်း ရှိနေတဲ့ ယဉ်ကျေးမှုရှေ့ဆောင်သင်္ဘောပေါ်မှာ ရှိနေရင်တောင် အချက်အလက်တွေ ပြန်ပို့ဖို့ကတော့ လုံးဝမဖြစ်နိုင်ဘူး”
“သူက အချက်အလက်တွေ ပြန်ပို့ချင်တာ မဟုတ်ဘူး”
ထိုစဉ် တည်ငြိမ်သောအသံတစ်ခု ထွက်ပေါ်လာသည်။ ယဲ့လန်သည် လင်းရှန်ကို စိုက်ကြည့်ကာ ပေါ့ပါးစွာ ပြောလိုက်သည်၊၊
“မင်းက ချူယန်နဲ့အတူ အဲဒီမြူမီးခိုးမွန်းစတားကို လေထုထဲ ပြန်ပျံသန်းလာခိုင်းချင်တာ မဟုတ်လား”
လင်းရှန် ခဏမျှ ပြောစရာမဲ့သွားသည်။ သူ၏ အတွေးအားလုံးကို ယဲ့လန်က ထိုးဖောက်မြင်နေသကဲ့သို့ ခံစားလိုက်ရသော်လည်း သူ အံ့သြမနေတော့ဘဲ ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။
“စမ်းကြည့်သင့်တယ်မဟုတ်လား”
လင်းရှန်၏ အကြည့်က အနည်းငယ် ထက်ရှသွားပြီး ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
“အကယ်၍ ကျုပ်တို့သာ ဒီအချက်အလက်တွေကို ရလာမယ်ဆိုရင် တိတ်ဆိတ်မြို့တော်ရဲ့ Synergy နည်းပညာကို သုံးလို့ရမယ်၊၊ ကျုပ်ပြုပြင်ထားတဲ့ အာရုဏ်ဦးမြို့တော်ရဲ့ မြို့ပတ်ကွင်းကို Synergy မျှော်စင်အဖြစ်သုံးပြီး ဒီအမှောင်စွမ်းအင် အသွင်ပြောင်းလဲတဲ့ စွမ်းအားကို ထုတ်လွှတ်နိုင်မယ်၊၊ စွမ်းအင်သာ လုံလောက်မယ်ဆိုရင် အာရုဏ်ဦးမြို့တော်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး အမှောင်ကျူးကျော်မှု အားလုံးကို ကာကွယ်ထားနိုင်မှာပါ၊၊ ဒါ့အပြင် ကျုပ်တို့က ၃၈၅ မီတာရှည်ပြီး တန်ချိန် ၁၆၀၀၀ ရှိတဲ့ ဇီဝပေါင်းစပ်ယန္တရားမွန်းစတားကြီးကိုလည်း ပြန်ယူလာနိုင်ဦးမယ်၊၊ အဲဒါကို ဦးနှောက်ဆဲလ်နဲ့ ပြန်လည်အသက်သွင်းပြီး ကြယ်တာရာသင်္ဘော သံချပ်ကာတွေ တပ်ဆင်မယ်၊၊ သံမဏိအစောင့်တပ်ရင်းရဲ့ ယန္တရားအဖွဲ့၊ အစောင့်တပ်ရဲ့ ကာကွယ်ရေးလက်နက်တွေ၊ ပြီးတော့ အင်ပါယာစီမံကိန်းက အင်ပါယာအဆင့် မီကာစက်ရုပ် နှစ်ခုနဲ့ ပေါင်းလိုက်ရင် ကျုပ်တို့ တကယ်ပဲ…”
“ဖုတ်ကောင်သိုးထိန်းနဲ့ S-Class တွေကို ယှဉ်ပြိုင်မယ်မဟုတ်လား”
တိတ်ဆိတ်ခြင်း…
ထိုခဏ၌ အစည်းအဝေးခန်းမတစ်ခုလုံး အံ့သြစရာကောင်းလောက်အောင် တိတ်ဆိတ်သွားသည်။
ကမ္ဘာ့အဆင့်မြင့် ခေါင်းဆောင်အားလုံးသည် ထောင့်နားတွင် ထိုင်နေသည့် လူငယ်လေးကို မှင်သက်စွာ ကြည့်နေကြသည်။ သူက ယခုကဲ့သို့ အံ့မခန်းစီမံကိန်းကို အဆိုပြုလိမ့်မည်ဟု မည်သူကမျှ မယုံကြည်နိုင်ကြပေ။
ယဉ်ကျေးမှုရှေ့ဆောင်သင်္ဘောကို သွားပြီး အမှောင်ကျူးကျော်မှုကို စုပ်ယူနိုင်သည့် အမှောင်တိုက်စားခြင်းဆဲလ်များမှ စွမ်းအင်ဆိုင်ရာ အချက်အလက်များကို ပြန်ယူမည်၊၊ ထို့နောက် မြူမီးခိုးမွန်းစတားကို သုံးကာ လေထုထဲသို့ ပြန်လည်ဝင်ရောက်မည်၊၊ ဤနည်းဖြင့် ချူယန်ကို ကယ်တင်နိုင်မည့်အပြင် ချူကျင်းက လူသားမျိုးနွယ်အတွက် ချန်ထားခဲ့သည့် ရှင်သန်ခြင်းမျိုးစေ့ကိုပါ ပြန်လည်ရယူနိုင်မည်ဖြစ်သည်။
ဖြောင်း...ဖြောင်း... ဖြောင်း~
ထိုစဉ် ထူးဆန်းသော လက်ခုပ်သံတစ်ခု ထွက်ပေါ်လာသည်။ လင်းရှန် မျက်မှောင်ကြုတ်သွားသော်လည်း မည်သူဖြစ်မည်ကို ခန့်မှန်းနေစရာ မလိုပေ။
ရှင်းဂျီ။
ထိုသူ၏ မျက်နှာသည် ယခုအချိန်တွင် တက်ကြွနေသည်။
ယဲ့လန်က လင်းရှန်ကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်၊၊
“ကပ္ပတိန်လင်း၊၊ ဒါက တကယ့်ကို အရေးကြီးတဲ့ အဆိုပြုချက်ပဲ၊၊ အမှောင်သန္ဓေပြောင်းမှု ပြဿနာကို ဖြေရှင်းနိုင်မယ်ဆိုရင် ငါတို့အနိုင်ရနိုင်ခြေက အများကြီးမြင့်တက်သွားလိမ့်မယ်”
လူတိုင်း၏ မျက်နှာတွင် အံ့သြဝမ်းသာသည့် အရိပ်အယောင်များ ပေါ်လာသည်။ လင်းရှန်၏ စီမံကိန်းသည် အမှောင်ထုကြားထဲမှ ထိုးဖောက်လာသည့် အာရုဏ်ဦးအလင်းတန်းတစ်ခုကဲ့သို့ အစည်းအဝေး၏ လေးလံအုံ့မှိုင်းသောလေထုကို ဖယ်ရှားပေးလိုက်သည်။
“အဲဒီလိုသာဆိုရင်တော့ ကျုပ်တို့ အစွမ်းကုန်တိုက်ပွဲဝင်လို့ ရပြီ၊၊ ကျုပ်တို့ရဲ့သေခြင်းတရားကို ပြန်တိုက်ကြတာပေါ့”
လုထျန်းယဲ့က လင်းရှန်ကို အသိအမှတ်ပြုသည့် အကြည့်ဖြင့် ကြည့်ကာ ပြတ်သားစွာ ပြောလိုက်သည်။
“မှန်တယ်၊၊ အရင်းအမြစ်၊ ရေ၊ သန္ဓေပြောင်းမှု... ဒီပြဿနာတွေကိုသာ ဖြေရှင်းနိုင်မယ်ဆိုရင် ငါတို့အားလုံး ဒီမှာ သေသွားရင်တောင် တခြားဒေသက လူတွေက အသက်ဆက်နိုင်မယ်၊၊ အမှောင်ထုထဲမှာ ရှင်သန်နိုင်လိမ့်မယ်”
ရှုကျန်းယွဲ့ကလည်း ထောက်ခံလိုက်သည်။
“တကယ်ကို သတင်းကောင်းပဲ၊၊ ဒီကလေးကတော့ တော်တော်ဟုတ်တာပဲ”
ဗိုလ်ချုပ်ဟွာကျန်းနှင့် အခြားအဆင့်မြင့်အရာရှိများကလည်း တစ်ခဲနက် ထောက်ခံလိုက်ကြသည်။
ထိုစဉ် လင်းရှန်က ဖြည်းညင်းစွာ ထရပ်လိုက်ပြီး ယဲ့လန်ကို ကြည့်လိုက်သည်။
လူတိုင်းက သူထရပ်သည်ကို ကြည့်ကာ ပြန်လည်တိတ်ဆိတ်သွားကြသည်။
“ပရော်ဖက်ဆာယဲ့”
လင်းရှန်က အလွန်လေးနက်သော အမူအယာဖြင့် ပြောလိုက်သည်၊၊
“ကျုပ်မှာနောက်ထပ် အဆိုပြုချက်တစ်ခု ရှိသေးတယ်”
“ပြောပါ”
“ဒါတွေရှိရုံနဲ့တင် တွင်းနက်ရဲ့ စုံစမ်းစစ်ဆေးမှုကို ကျော်လွှားဖို့ မလုံလောက်ဘူးလို့ ကျုပ်ထင်တယ်”
ယဲ့လန်က သူဆက်ပြောမည်ကို စောင့်နေသော်လည်း လင်းရှန်ကမူ သူမ၏ အကြည့်ကို မြင်လိုက်ရုံဖြင့် သူပြောချင်သည့် အရာကို သူမ နားလည်သွားပြီဖြစ်ကြောင်း သိလိုက်သည်။
“ဟုတ်တယ်”
ယဲ့လန်က အသက်ကို ပြင်းပြင်းရှူကာ လေထဲကို ကြည့်ရင်း လေးနက်စွာ ပြောလိုက်သည်၊၊
“ဒါက ငါတို့လူသားတွေအပေါ် တွင်းနက်က စမ်းသပ်နေတဲ့ စမ်းသပ်ချက်ပဲ၊၊ ဒါကို ကျော်လွှားဖို့ဆိုတာ လုံလောက်တဲ့ လက်နက်အင်အား၊ ခိုင်မာတဲ့ ကာကွယ်ရေးနဲ့ အားနည်းသူတွေကို ကာကွယ်ပေးရုံနဲ့ မရဘူး၊၊ သံသယဆိုတာ အချက်ပြမှုတစ်ခု ဖြစ်သလို… ကြောက်ရွံ့မှုဆိုတာကလည်း အချက်ပြမှုတစ်ခုပဲ”
သူမသည် စကားပြောရင်း ဖြည်းဖြည်းချင်း ထရပ်လိုက်သည်၊၊
“ဖီးနစ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ ရေဒီယိုကို အခုချက်ချင်း ဖွင့်လိုက်ပါ၊၊ အာရှ-ပစိဖိတ်တိုက်ကြီးက လူတွေနဲ့ အာရုဏ်ဦးမြို့တော်ကနေ ထွက်သွားတဲ့သူတွေ အားလုံးကို ငါတို့ ခေါ်ယူရမယ်၊၊ ကြောက်ရွံ့မှုတွေကို ကျော်လွှားပြီး အဆုံးအဖြတ် တိုက်ပွဲကို ဆင်နွှဲကြဖို့ပဲ”
“အကယ်၍ ငါတို့ ရှုံးနိမ့်သွားရင်တော့ မနက်ဖြန်ရဲ့ အာရုဏ်ဦးက နောက်တစ်ကြိမ် ရောက်လာတော့မှာ မဟုတ်ဘူး၊၊ ဒါပေမဲ့ ငါတို့သာအောင်မြင်ခဲ့ရင် အာရုဏ်ဦးမြို့တော်နဲ့ တခြားသော အာရုဏ်ဦးနယ်မြေတွေအတွက် အချိန်နဲ့ ရှင်သန်ရေးအခွင့်အရေးကို ပြန်လည်ရယူနိုင်လိမ့်မယ်”
ဤစကားများ ထွက်ပေါ်လာသည်နှင့်အမျှ လူတိုင်း၏ ရင်ထဲတွင် ကြီးမြတ်သော တာဝန်သိစိတ်များ ကိန်းအောင်းသွားပြီးနောက် အာရုဏ်ဦးမြို့တော် ကာကွယ်ရေးတိုက်ပွဲအတွက် အစီအမံများကို အရှိန်အဟုန်ဖြင့် စတင်လိုက်ကြသည်။
***