မြို့တော်တစ်ခုလုံး ဆူညံသွားကာ အစောင့်တပ်၊ သံမဏိအစောင့်တပ်ရင်း၊ မြောက်အမေရိက ပူးပေါင်းတပ်ဦးတို့မှ အင်အားနှစ်သိန်းကျော်သည် သံမဏိခံစစ်တံတိုင်းကြီးကို စတင်တည်ဆောက်လိုက်ကြသည်။ လမ်းမများပေါ်တွင်လည်း စစ်သည်များ တင်ဆောင်လာသည့် ယာဉ်တန်းများ အဆက်မပြတ် သွားလာနေကြလေပြီ။
ဝုန်း... ဝုန်း... ဝုန်း...
ဟိုက်ဒရောလစ်သံလှုပ်ရှားသံများနှင့်အတူ စတားဖလိ့စစ်တပ်၏ သံချပ်ကာ မီကာတပ်ရင်းများက သံမဏိခြေလှမ်းများဖြင့် တစ်ညီတစ်ညာတည်း ချီတက်နေကြသည်။ ကောင်းကင်တွင်မူ ဧရာမတိတ်ဆိတ်မြို့တော်ကြီးက ပျံဝဲနေသလို ကောင်းကင်ငြိမ်သက်ခြင်းသင်္ဘော၊ မြောက်အမေရိက ပူးပေါင်းတပ်ဦးလေတပ်နှင့် အာရုဏ်ဦးမြို့တော် ကာကွယ်ရေးတပ်မှ ဒရုန်းအစင်းပေါင်း တစ်သိန်းကျော်မှာလည်း ဟိန်းဟောက်ပျံသန်းနေကြသည်။
မြေပြင်ပေါ်တွင်မူ လေကြောင်းရန်ကာကွယ်ရေး စခန်းများကို အလျင်အမြန်ပင် နေရာချထားကြလေပြီ။
အာရုဏ်ဦးမြို့တော်၏ မြောက်ဘက် ချင်းပိုနှင့် ငြိမ်းချမ်းရေးမြို့တော်၏ အရှေ့ဘက်တွင်မူ အကြီးအသေးယာဉ်တန်းပေါင်း ထောင်ချီ၍ အဝေးသို့ ဦးတည်မောင်းနှင်နေကြသည်။ ဧရာမယာဉ်တန်းကြီးများမှာ သံမဏိဒီရေလှိုင်းကြီးများအလား ဒလဟောစီးဆင်းနေပြီး အလတ်စားနှင့် အငယ်စားယာဉ်တန်းအချို့မှာမူ မိမိတို့အလိုအလျောက် ပူးပေါင်းကာ ယာယီမဟာမိတ်များ ဖွဲ့စည်းထားကြသည်။
လူဦးရေ သိန်းနှင့်ချီပါဝင်သော အာရုဏ်ဦးစောင့်ကြည့်သူမဟာမိတ်ယာဉ်တန်းသည်လည်း ဂြိုလ်ပတ်လမ်းရထားယာဉ်တန်းနှင့်အတူ မြောက်ဘက်သို့ အရှိန်အဟုန်ဖြင့် ဦးတည်နေသည်။ ယာဉ်တန်းခေါင်းဆောင် လင်းချင်ယွီသည် အခြေစိုက်ယာဉ်ပေါ်တွင်ထိုင်ကာ ပတ်ဝန်းကျင်ရှိ တပ်ခွဲများ၏ လှုပ်ရှားမှုကို အဆက်မပြတ် ညွှန်ကြားနေသည်။
ဘုံမဟာမိတ်အဖွဲ့မှ လဲ့ကျန်း၏ယာဉ်တန်းသည်လည်း တစ်ညအတွင်း လူဦးရေ ၈ သောင်းမှ ၁ သိန်း ၃ သောင်းနီးပါးအထိ တိုးပွားလာခဲ့သည်။ အများစုမှာ သူ၏ယာဉ်တန်းအရင်းအမြစ်ကို အသုံးချကာ စုစည်းထားသည့် ယာယီဖက်ဒရေးရှင်းအဖွဲ့ဝင်များ ဖြစ်ကြသည်။ လမ်းတစ်လျှောက်တွင်လည်း ယာဉ်တန်းများစွာ တစ်ခုပြီးတစ်ခု လာရောက်ပူးပေါင်းကြသည်။ လဲ့ကျန်းက လာရောက်ပူးပေါင်းသူများကို ပါးစပ်က ဆဲဆိုနေသော်လည်း မောင်းထုတ်ခြင်းမရှိဘဲ ဆက်သွယ်ရေးလှိုင်းများ ချိတ်ဆက်ပေးကာ စောင့်ရှောက်ရန် အဖွဲ့ဝင်များကို ညွှန်ကြားထားသည်။
Wind Speaker အဖွဲ့မှာမူ ပေါ့ပါးသွက်လက်သည့် အစီအစဉ်ဖြင့် ရွေ့လျားနေသည်။ ကင်းထောက်ဟောင်းဖြစ်သူ လောင်ဟန်သည် မြန်ဆန်ထိရောက်သော အရှိန်ဖြင့် ချီတက်နေသော်လည်း ထိုသို့ပေါ့ပါးလွန်းသဖြင့် အရင်းအမြစ်နှင့် အသက်ရှင်ကျန်ရစ်သူအနည်းငယ်သာ သယ်ဆောင်နိုင်ကာ လမ်းတစ်လျှောက်ရှိ အခြားယာဉ်တန်းများနှင့် အချက်အလက်များ အဆက်မပြတ်ဖလှယ်နေသည်။
သတ္တုရူးသွပ်ခြင်းအဖွဲ့မှ ဟန်တိုင်ဂီသည် စစ်သုံးသံချပ်ကာ ထရပ်ကားပေါ်တွင် ထိုင်နေသည်။ သူ၏ယာဉ်တန်းမှာ သွားလာနေသော လက်နက်တိုက်ကြီးတစ်ခုအလား စွမ်းအင်နှင့် လက်နက်တင်ယာဉ်များက အများစုဖြစ်သည်။ ယာဉ်တန်းများစွာက လက်နက်ခဲယမ်းဝယ်ယူရန် ချဉ်းကပ်လာကြရာ သူသည် စေ့စပ်တွက်ချက်တတ်သူဖြစ်သော်လည်း မနေ့ညက တိုက်ပွဲကြောင့် အားနည်းသွားသော ယာဉ်တန်းများကို ထည့်တွက်ကာ ဈေးနှုန်းချိုချိုဖြင့် အကုန်ရောင်းချပေးလိုက်သည်။ ဖက်ဒရေးရှင်း ပျက်စီးသွားချိန်တွင် အရင်းအမြစ်များလည်း တကွဲတပြားသွားပြီဖြစ်ရာ ကူညီလိုသောစိတ်ဖြင့် လျှော့ဈေးဖြင့် ရောင်းချပေးရန် ကြေညာလိုက်ခြင်းဖြစ်သည်။
ဂျစ်... ဂျစ်...
ထိုစဉ် ယာဉ်တန်း၏ ရေဒီယိုမှ ဆူညံသံအချို့ ထွက်ပေါ်လာပြီးနောက် တည်ငြိမ်အေးစက်သော်လည်း သြဇာအာဏာအပြည့်ရှိသော အမျိုးသမီးကြီးတစ်ဦး၏ အသံထွက်ပေါ်လာသည်။
“ဒါဟာ ဖီးနစ်အရဲ့ အမြင့်ဆုံးကွပ်ကဲမှုဌာနဖြစ်ပါတယ်၊၊ ကျွန်မကတော့ ယဲ့လန်ပါ”
“ဒီညမှာ တွင်းနက်က ကျွန်မတို့ရဲ့ နောက်ဆုံးမြို့တော် အာရုဏ်ဦးမြို့တော်ကို မကြုံစဖူး တိုက်ခိုက်မှုတွေ ပြုလုပ်ပါလိမ့်မယ်၊၊ ဒါဟာ သာမန်ဝင်ရောက်စီးနင်းတာမျိုးမဟုတ်ဘဲ လူသားယဉ်ကျေးမှုအပေါ် အမှောင်ယဉ်ကျေးမှုက ပြုလုပ်တဲ့ စုံစမ်းစစ်ဆေးမှု စာမေးပွဲတစ်ခုပဲဖြစ်တယ်၊၊ အကယ်၍ ကျွန်မတို့သာ နောက်ဆုတ်ခဲ့မယ်၊၊ ရှုံးနိမ့်ခဲ့မယ်ဆိုရင်... မနက်ဖြန်မှာ နေမင်းကြီးဟာ နောက်တစ်ကြိမ် ထွက်ပေါ်လာတော့မှာ မဟုတ်ပါဘူး”
“တွင်းနက်က လူသားတွေကို လေ့လာချင်နေတယ်၊၊ ကျွန်မတို့ရဲ့ အားနည်းချက်တွေကို ရှာဖွေပြီး ရှင်သန်ခြင်းတည်နေရာကို အတည်ပြုချင်နေတယ်၊၊ ကျွန်မတို့ နောက်ဆုတ်လေ… သူတို့က နယ်မြေချဲ့ထွင်လေဖြစ်မှာပဲ၊၊ ကျွန်မတို့က ကြောက်ရွံ့ပြီး ထွက်ပြေးလေ… အမှောင်ထုက လူသားတွေကို သန္ဓေပြောင်းစေလေဖြစ်လိမ့်မယ်၊၊ ဒါကြောင့် ကျွန်မ အခု ကမ္ဘာကြီးကို ပြောချင်တာက အာရုဏ်ဦးမြို့တော်တိုက်ပွဲဟာ လူသားတွေအတွက် နောက်ဆုံးခံစစ်ဖြစ်လာနိုင်ပါတယ်၊၊ အကယ်၍ ကျွန်မတို့ ရှုံးနိမ့်ခဲ့ရင် တွင်းနက်က အကန့်အသတ်မရှိ ပြန့်နှံ့သွားမှာဖြစ်ပြီး ကျွန်မတို့မှာ နောက်ထပ် ၁ နှစ်နဲ့ ၉၆ ရက်၊ နောက်ထပ် ၁၀ လ၊ နောက်ထပ် အာရုဏ်ဦးဆိုတာတောင် ရှိတော့မှာ မဟုတ်ပါဘူး”
“အာရုဏ်ဦးမြို့တော်မှာ အိုးမဲ့အိမ်မဲ့ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် မကာကွယ်နိုင်တဲ့သူ ၃ သန်း ရှိနေတယ်၊၊ သူတို့ဟာ လူကြီးတွေ၊ အမျိုးသမီးတွေ၊ ဒဏ်ရာရသူတွေနဲ့ ကလေးသူငယ်တွေ ဖြစ်ကြတယ်၊၊ သူတို့ဟာ ကျွန်မတို့ရဲ့ ဆွေမျိုးသားချင်းတွေပဲ၊၊ ဖီးနစ်က ဘယ်သူ့ကိုမှ စွန့်ခွာမှာ မဟုတ်ဘူး၊၊ အစောင့်တပ်၊ သံမဏိအစောင့်တပ်ရင်း၊ မြောက်အမေရိက ပူးပေါင်းတပ်ဦး၊ ညလမ်းလျှောက်သူအဖွဲ့အစည်းနဲ့ အလင်းတမန်ဌာနက အင်အား ၂ သိန်းဟာ အာရုဏ်ဦးမြို့တော်က နောက်ဆုံးတစ်ယောက်အထိ မကယ်တင်နိုင်မချင်း ခံစစ်တံတိုင်းကို ထိန်းထားပါလိမ့်မယ်၊၊ အခု ကျွန်မက အာရုဏ်ဦးမြို့တော်အနီးမှာ ရှိနေသူတွေရော၊ ထွက်ခွာသွားသူတွေပါ ဖီးနစ်ရဲ့ ကွပ်ကဲမှုအောက်မှာ အာရုဏ်ဦးမြို့တော်ဆီကို ပြန်လည်စုရုံးကြဖို့ တောင်းဆိုလိုက်ပါတယ်”
“ရဲဘော်တို့... လူသားတွေရဲ့ တန်ပြန်တိုက်စစ်ဟာ အာရုဏ်ဦးမြို့တော်ကနေ ဒီညစတင်ပါပြီ”
ရေဒီယိုမှ အသံများ တဖြည်းဖြည်း တိတ်ဆိတ်သွားပြီး ယာဉ်တန်းများစွာသည် ဖုန်လုံးကြီးများ ထအောင် မောင်းနှင်နေကြသည်။ ရေဒီယိုသံသည်လည်း တိတ်ဆိတ်စွာ ပျောက်ကွယ်သွားတော့သည်။
အာရုဏ်ဦးမြို့တော်၊၊ ကောင်းကင်ငြိမ်သက်ခြင်းသင်္ဘော။
ယဲ့လန်သည် ကမ္ဘာလုံးဆိုင်ရာ ရေဒီယိုကို ချထားလိုက်ပြီးနောက် ဟွာကျန်းကို ချက်ချင်း ပြောလိုက်သည်။
“ဗိုလ်ချုပ်ဟွာ… အင်ပါယာစီမံကိန်းအဖွဲ့ကို အကြောင်းကြားလိုက်ပါ၊၊ ယူနစ် ၀၂ ဗာမီလီယမ်နဲ့ ယူနစ် ၀၃ ရွှမ်းဝူတို့ကို လေကြောင်းကနေ အသင့်အနေအထား ပြင်ခိုင်းလိုက်… ယုံကျန်းဆိပ်ကမ်းက မဟာဗျူဟာမြောက် သယ်ယူပို့ဆောင်ရေးသင်္ဘောကို အသက်သွင်းလိုက်ပါ၊၊ နေမဝင်ခင်မှာ အဲဒီမီကာစက်ရုပ်တွေကို အာရုဏ်ဦးမြို့တော်ဆီ ရောက်အောင် ပို့ရမယ်”
တစ်ချိန်တည်းမှာပင် ယုံကျန်းဆိပ်ကမ်းရှိ ရှင်းဟွာစက်မှုလုပ်ငန်းကြီး၏ မဟာဗျူဟာမြောက် စက်ရုံအခြေစိုက်စခန်းတွင် အချက်ပေးသံများ ကောင်းကင်ယံအထိ ပျံ့လွင့်သွားသည်။
ဝူး... ဝူး...
အင်ဂျင်နီယာများ၏ ထိန်းချုပ်မှုအောက်တွင် သယ်ယူပို့ဆောင်ရေးပလက်ဖောင်းများ အခြေစိုက်စခန်းထဲသို့ ဝင်ရောက်လာကြပြီး ဧရာမတည်ဆောက်ရေးကျင်းနှစ်ခုအတွင်း၌ ‘ကောင်းကင်နတ်ဘုရား’ နှစ်ပါးက ဖြည်းဖြည်းချင်း နိုးထလာကြသည်။
[သတိပေးချက်၊ သတိပေးချက်၊၊ ဗာမီလီယံ အင်ဂျင်စတင်ပါတော့မည်၊၊ အပေါ်ထပ်ရှိ ဝန်ထမ်းများ ချက်ချင်း ဖယ်ရှားပေးကြပါ]
အမှတ် (၁) တည်ဆောက်ရေးကျင်းထဲတွင် ယူနစ် ၀၁ ထက် ပေပေါင်းများစွာ ပိုမိုမြင့်မားသည့် ဧရာမလူသားလက်နက်ကြီး ယူနစ် ၀၂ သည် အဝါရောင်စွမ်းအင်လှိုင်းများ စီးဆင်းလျက် နောက်မှ ချိတ်ဆက်ကြိုးများကို ဖြုတ်ချလိုက်သည်။
[ချင်မိသားစု ညီအစ်ကိုများ၊၊ နေရာယူပေးကြပါ၊ အာရုံကြောချိတ်ဆက်မှု စတင်ပါတော့မည်၊၊ တိုက်ခိုက်ရေးယူနစ်များ နေရာယူရန်၊ မသက်ဆိုင်သူများ ချက်ချင်း ဖယ်ရှားပေးကြပါ]
အမှတ် (၂) တည်ဆောက်ရေးတွင်းထဲ၌ သံချပ်ကာဝတ်စုံဝတ်ထားသည့် လူငယ်နှစ်ဦးမှာ ပြတ်သားသော မျက်နှာထားဖြင့် ဟန်ချက်ညီညီ လျှောက်လှမ်းလာကြသည်။ သူတို့သည် နျူကလီးယားစွမ်းအင်သုံးအင်ဂျင်နှစ်လုံး ဖြည်းညင်းစွာ လည်ပတ်နေသည့် နက်ပြာရောင် ဧရာမစက်ရုပ်ကြီးဆီသို့ ဦးတည်သွားနေကြသည်။
“S-Class အဆင့် ၄ ကောင်တောင်ဆိုတော့ ကြောက်နေပြီလား အစ်ကို”
ညီဖြစ်သူ ချင်ချွမ်းက ပြုံး၍ စနောက်လိုက်သည်။
“မင်းမေ့နေပြီလား”
အစ်ကိုဖြစ်သူ ချင်ယွဲ့က အေးစက်စွာ လျှောက်ရင်း ပြောလိုက်သည်၊၊
“နဂါးနိုင်ငံရဲ့ မီကာတွေဟာ မတ်တတ်ရပ်နေရင်လည်း မဟာတံတိုင်း… လဲကျသွားရင်လည်း မဟာတံတိုင်းပဲ”
***