ရှေ့တန်းကင်းထောက်များဆီမှ တုန်လှုပ်ချောက်ချားနေသော အသံများ ထွက်ပေါ်လာသည်။ မြို့ပြင်က အမှောင်ထုထဲတွင် အနီရောင်အလင်းစက်ကလေးပေါင်း ထောင်သောင်းချီ၍ ရုတ်တရက် ပွင့်လာကြသည်။ ၎င်းတို့သည် သာမန်ဖုတ်ကောင်များသာမဟုတ်ဘဲ အမှောင်ထုထဲမှ ထွက်ပေါ်လာသည့် ကြောက်မက်ဖွယ်ရာ အမှောင်ဒီရေများပင် ဖြစ်သည်။
အမြွှာကြယ်မျှော်စင်၏ ကွပ်ကဲမှုဗဟိုဌာနတွင် ယဲ့လန်နှင့် အခြားခေါင်းဆောင်များသည် တိုက်ပွဲနယ်မြေအသီးသီးကို ပြသနေသည့် မျက်နှာပြင်များကို ကြည့်ရှုနေကြပြီး ၎င်းတို့၏ အမူအရာများမှာ အလွန်ပင် လေးနက်နေကြသည်။
“မွန်းလွဲ ၄ နာရီတောင် မရှိသေးဘူး၊၊ မနေ့ကထက် ပိုမြန်နေတာ မဟုတ်လား”
ထိုအချိန်တွင် ဟွာကျန်းက ပြောလိုက်သည်။
“တွင်းနက်က မူလအရှိန်အတိုင်း နယ်မြေချဲ့ထွင်နေတာ မဟုတ်တော့ဘူး။ ဒီလိုဖြစ်လေလေ ငါတို့ စိုးရိမ်တာ မှန်ကန်ကြောင်း ပြနေလေပဲ”
ယဲ့လန်က နောက်သို့လှည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်၊၊
“သတိပေးချက်ထုတ်ပြန်လိုက်… တစ်မြို့လုံး တိုက်ပွဲအတွက် ပြင်ဆင်ကြ”
“ဟုတ်ကဲ့”
ဝူး... ဝူး... ဝူး...
ချက်ချင်းပင် အာနရုဏ်ဦးမြို့တော်တစ်ခုလုံးသို့ ကျယ်လောင်လှသော လေကြောင်းရန်သတိပေး အချက်ပေးသံကြီး လွှမ်းမိုးသွားတော့သည်။ ခံစစ်အခိုင်အမာတည်ဆောက်နေကြဆဲဖြစ်သော အသက်ရှင်ကျန်ရစ်သူများသည် အံ့အားသင့်စွာဖြင့် ကောင်းကင်ယံကို မော့ကြည့်လိုက်ကြသည်။
“အချက်ပေးသံ မြည်လာပြီ… မြန်မြန်။ ကိုယ့်နေရာကိုယ် အမြန်သွားကြ”
“လက်နက်အားလုံးကို အသင့်ပြင်”
“မှောင်လွန်းတယ်၊၊ မီးကျည်တွေ ပြင်ထား”
မကြာမီမှာပင် ခံစစ်လိုင်းရှိ တပ်ဖွဲ့ဝင်များမှာ တညီတညွတ်တည်း လှုပ်ရှားလာကြပြီး ခိုလှုံနေရာစခန်းများသို့ ဝင်ရောက်မည့် လူတန်းကြီးမှာလည်း စနစ်တကျဖြင့် အရှိန်မြှင့်တင်လိုက်ကြသည်။
“မြန်မြန်... အားလုံး အရင်ထဲဝင်ကြ”
“ဒါတွေကို ဂရုမစိုက်နဲ့တော့”
“ဂရုစိုက်နော် ယောကျ်ား”
“မေမေ...”
“မြန်မြန်၊ မြန်မြန်၊ မြန်မြန်”
“ခိုလှုံဖို့ နေရာရှာကြ”
ကလန် ကလန် ချွမ်
ထိုအချိန်တွင် ကောင်းကင်ယံရှိ တိတ်ဆိတ်မြို့တော်၏ ကောင်းကင်ငြိမ်သက်ခြင်းသင်္ဘောနှင့် ကုန်းပတ်ပေါ်ရှိ လေယာဉ်တပ်စုအားလုံးတွင် လက်နက်စင်များ အစီအရီထွက်ပေါ်လာသည်။ လျှပ်စစ်သံလိုက်အမြောက်များ၏ အပြာရောင်စွမ်းအင်တန်းများမှာ အားသွင်းစပြုလာပြီဖြစ်ပြီး ဒုံးကျည်စင်အဖုံးများပွင့်လာကာ ရှာဖွေရေးရေဒါများမှာလည်း အစွမ်းကုန်လည်ပတ်နေကြသည်။ ဒရုန်းတိုက်ခိုက်ရေးအုပ်စုများမှာလည်း အဆက်မပြတ် ပျံတက်နေကြပြီး ပထမအသုတ် ဝေဟင်ကင်းထောက်ယာဉ်များမှာလည်း အရှိန်အဟုန်ဖြင့် ထွက်ခွာသွားကြသည်။
ရှင်းဂျီသည် တိတ်ဆိတ်မြို့တော်ရှိ တိမ်စီရင်စု၏ ပင်မကွပ်ကဲမှုခန်းမတွင် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်နေသည်။ ကွမ်တမ်ဘစ်ပေါင်း သောင်းချီရှိသော ပြင်းထန်သည့် တွက်ချက်မှုစွမ်းအားဖြင့် တိတ်ဆိတ်မြို့တော်ရှိ လက်နက်စနစ်နှင့် အာရုံခံကိရိယာ ထောင်ပေါင်းများစွာကို စောင့်ကြည့်နေပြီး ဝေဟင်တစ်ခုလုံးကို ၃၆၀ ဒီဂရီ အနီးကပ် စောင့်ကြည့်နေသည်။
တစ်ချိန်တည်းမှာပင် အမြွှာကြယ်မျှော်စင်ရှိ ကွပ်ကဲမှုစခန်းတွင် ယဲ့လန်သည် ဖြည်းညင်းစွာ ထရပ်လိုက်သည်။ ကျန်းယွမ်သည် ကောင်းကင်ယံတွင် ရပ်နေပြီး ချန်ဆီရွှမ်က မိုးကုတ်စက်ဝိုင်းဆီသို့ လှမ်းကြည့်လိုက်သည်။ သယ်ယူပို့ဆောင်ရေးသင်္ဘောပေါ်ရှိ အားဖေးသည်လည်း ခေါင်းမော့ကြည့်လိုက်သည်။ ထိုလူအားလုံးသည် တစ်ချိန်တည်းမှာပင် တပြိုင်နက် ပြောလိုက်ကြသည်။
“ရောက်လာပြီ”
…
ဝူး...
လွင်ပြင်ထက်တွင် ညဥ့်သံမဏိဒိုင်းယာဉ်တန်းသည် ဖုန်တလုံးလုံးထနေအောင် မောင်းနှင်နေသည်။ ရှေ့မီးကြီးများကို အစွမ်းကုန် ဖွင့်ထားကာ အရှိန်ဖြင့် ပြေးလွှားနေကြသည်။ ယာဉ်ပေါ်တွင် မျက်စိမှိတ်အနားယူနေသည့် ကျိုးမင်ယွမ်သည် အာရုဏ်ဦးမြို့တော်မှ စူးရှသော လေကြောင်းရန် အချက်ပေးသံကို ကြားလိုက်ရသဖြင့် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“တိုက်ခိုက်မှု စတင်နေပြီလား”
“ဒီလောက်တောင် စောတာလား”
ဝမ်တုံကလည်း မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ သူသည် ယာဉ်၏ ရေဒါစနစ်ကို ချက်ချင်းဖွင့်လိုက်သည်၊၊
“တွင်းနက်က ကျုပ်တို့ကို ဝိုင်းထားတာဖြစ်ရမယ်။ ဒါပေမဲ့ ကျုပ်တို့သွားတဲ့ လမ်းကြောင်းကတော့ ဘေးကင်းပါတယ်။ ယာဉ်တန်းတွေ ထောင်နဲ့ချီပြီး ဒီလမ်းကို သုံးနေကြတာပဲ။ ကျုပ်တို့က တွင်းနက်ရဲ့ လမ်းကြောင်းနဲ့ အဝေးကို သွားနေတာပဲ”
“အင်း”
ကျိုးမင်ယွမ်က ခေါင်းညိတ်လိုက်သည်၊၊
“တကယ်လို့ ယဲ့လန်သာ အာရုဏ်ဦးမြို့တော်မှာ သေသွားရင် ဖီးနစ်ကတော့ အကြီးအကျယ် ဒုက္ခရောက်မှာပဲ”
ဝမ်တုံက လှောင်ပြုံးပြုံးလိုက်သည်။
“အဲဒါ ကျုပ်တို့နဲ့ ဘာမှမဆိုင်ဘူး”
ကျိုးမင်ယွမ်က ဝမ်တုံကို ကြည့်ကာ ချီးကျူးလိုက်သည်။
“မင်း စီစဉ်တာ တော်တော်ကောင်းတယ်။ ကံကောင်းလို့ ငါတို့ အရေးကြီးတဲ့အချိန်မှာ ဆုတ်ခွာနိုင်ခဲ့တာ။ နောက်ပြီးတော့...”
ဝုန်း...
သူ့စကားမဆုံးခင်မှာပင် ယာဉ်တစ်စီးလုံးသည် တစ်ခုခုနှင့် တိုက်မိသွားသကဲ့သို့ ပြင်းထန်စွာ တုန်ခါသွားသည်။ တန်ချိန်ဆယ်ဂဏန်းကျော် ကြီးမာသောအခြေစိုက်ယာဉ်ကြီးမှာ မမျှော်လင့်ဘဲ စောင်းထွက်ကာ တိမ်းမှောက်သွားတော့သည်။ ကျိုးမင်ယွမ်၊ ဝမ်တုံနှင့် လီကျန်းတို့မှာလည်း ဘာမှမတတ်နိုင်ဘဲ လွင့်စင်သွားကြသည်။
“ဘာဖြစ်တာလဲ”
ကျိုးမင်ယွမ်သည် အန္တရာယ်ကို အာရုံခံမိလိုက်သဖြင့် သူ၏ အားကောင်းသော စွမ်းအားကို အသုံးပြုကာ ကားတံခါးကို ဖွင့်၍ ပျံထွက်လိုက်သည်။ သို့သော် သူ၏ ယာဉ်တန်းတစ်ခုလုံးမှာ ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်နေပြီး သူ၏ယာဉ်တစ်စီးတည်းသာ ထိုနေရာတွင် တိမ်းမှောက်နေသည်ကို တွေ့လိုက်ရသည်။
“တစ်ခုခုကို တိုက်မိတာလား”
ဝမ်တုံ၏ ခေါင်းတွင် သွေးများထွက်နေသဖြင့် အလျင်အမြန် တွားထွက်လာသည်။ အပြင်ဘက်တွင် မိုးသည်းထန်စွာ ရွာသွန်းနေပြီး မွန်းလွဲ ၄ နာရီသာ ရှိသေးသော်လည်း လက်တစ်ကမ်းကိုပင် မမြင်နိုင်လောက်အောင် မှောင်မိုက်နေသည်။ ယာဉ်၏ ရှေ့မီးများကသာ လွင်ပြင်၏ တစ်စိတ်တစ်ပိုင်းကို ဖျော့တော့စွာ လင်းလက်နေသည်။
“သတိထား... ထူးဆန်းတဲ့ သတ္တဝါတစ်ခုခုရှိနေတာ သေချာတယ်”
ကျိုးမင်ယွမ်၏ မျက်နှာပျက်သွားပြီး သူ၏နှုတ်ခမ်းများမှာ တုန်ရီလာသည်။ သူသည် စိုးရိမ်တကြီးဖြင့် စွမ်းအားများကို စုစည်းလိုက်သည်။ သူသည် ဤခန္ဓာကိုယ်ကို ရရှိထားသော်လည်း တိုက်ခိုက်မှုတွင် ကျွမ်းကျင်သူမဟုတ်သလို ဤခန္ဓာကိုယ်၏ စွမ်းအားကိုလည်း ကောင်းကောင်း အသားမကျသေးပေ။
ဖျောက်...
ရုတ်တရက် အမှောင်ထုထဲမှ သစ်ကိုင်းခြောက်ကျိုးသံကဲ့သို့ အသံတစ်သံ ထွက်ပေါ်လာသည်။ ကျိုးမင်ယွမ်လည်း လန့်ဖျပ်သွားကာ သူ၏လက်ကို မြှောက်၍ ထိုလမ်းကြောင်းဆီသို့ လျှပ်စစ်တန်းဖြင့် ပစ်ခတ်လိုက်သည်။ တောက်ပသော လျှပ်စီးတန်းမှာ အရှိန်အဟုန်ဖြင့် ထွက်ပေါ်သွားပြီး မြေပြင်ပေါ်တွင် တွားသွားနေသည့် မီတာပေါင်းများစွာ မြင့်သော လူသားပုံစံ ထူးဆန်းသည့် သတ္တဝါတစ်ကောင်ကို လင်းထိန်သွားစေသည်။ ကျိုးမင်ယွမ်၏ လျှပ်စစ်စွမ်းအားကြောင့် ထိုသတ္တဝါ၏ ဦးခေါင်းနှင့် ကျောရိုးမှာ လုံးဝပွင့်ထွက်သွားခဲ့သည်။
ကျိုးမင်ယွမ်သည် အသက်ကို ပြင်းပြင်းရှူလိုက်သည်။ ထိုမွန်းစတားကို တစ်ချက်တည်းနှင့် သတ်ဖြတ်နိုင်သည်ကို မြင်လိုက်ရသောအခါ သူ၏ရင်ထဲက အပူလုံးကြီးမှာ ဖြည်းဖြည်းချင်း ငြိမ်သက်သွားသည်။ သူသည် သက်ပြင်းချလိုက်ပြီး သူ၏လက်များကို ဂုဏ်ယူစွာ ကြည့်လိုက်သည်။
“ဒီလောက် ပြင်းထန်တဲ့ စွမ်းအားမျိုးကို ငါ အစောကြီးကတည်းက ခံစားခဲ့သင့်တာ...”
“အား...”
ထိုအချိန်မှာပင် ဝမ်တုံက ရုတ်တရက် အော်ဟစ်လိုက်ပြီး ယာဉ်၏ရှေ့က ကောင်းကင်ယံကို လက်ညှိုးထိုးပြကာ ထိတ်လန့်တကြား အော်လိုက်သည်။
“အဲဒါ... အဲဒါ... အဲဒါ ဘာကြီးလဲ”
ကျိုးမင်ယွမ်သည် ထိုစကားကြောင့် မျက်မှောင်ကြုတ်လိုက်ပြီး ဘာမှမစဉ်းစားဘဲ လျှပ်စစ်တန်းကို ချက်ချင်း ထပ်မံပစ်လွှတ်လိုက်သည်၊၊
“ဘာပဲဖြစ်ဖြစ် သတ်ပစ်ရုံပဲ”
ဘွန်း...
မည်သူမျှမထင်ထားစွာပင်...လျှပ်စစ်တန်း ကောင်းကင်ယံသို့ ပျံတက်သွားသောအခါ တောက်ပသော အလင်းရောင်အောက်တွင် ကြောက်မက်ဖွယ်ရာ မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။ အခြေစိုက်ယာဉ်၏ ရှေ့မီးများ ပတ်ပတ်လည်တွင် တွန့်လိမ်ပုံပျက်နေသော မွန်းစတားအကောင်ပေါင်း သောင်းနှင့်ချီ၍ ဒီရေလှိုင်းကဲ့သို့ ဝိုင်းရံထားကြသည်။ လျှပ်စစ်အလင်းရောင်ကြောင့် လင်းထိန်သွားသော ကောင်းကင်ယံတွင် ကျိုးမင်ယွမ်နှင့် ဝမ်တုံတို့သည် ထိုသတ္တဝါ၏ ပုံစံအပြည့်အစုံကို သဲသဲကွဲကွဲ မမြင်လိုက်ရပေ။ သစ်ပင်ရိပ်များ၏ အထက် အမြင့်ပိုင်းတွင် ဧရာမ မျက်လုံးကြီးတစ်လုံး ကောင်းကင်၌ ချိတ်ဆွဲထားသကဲ့သို့ မြင်လိုက်ရသည်။
ထိုအကြည့်မှာ ငရဲပြည်မှ စီရင်ချက်ချလိုက်သကဲ့သို့ သူ့ကို စိုက်ကြည့်နေသည်။ ကျိုးမင်ယွမ်၏ မျက်နှာတစ်ခုလုံး ပြာနှမ်းသွားပြီး နှုတ်ခမ်းများ တုန်ရီနေသည်။ သူသည် မမြင်ရသော အမှောင်ထုကြီးကို ကြည့်ကာ ပြောလိုက်သည်၊၊
“မြန်မြန်... မြန်မြန်... ပြေးကြ”
သို့သော် နောက်တစ်မိနစ်မှာပင် လွင်ပြင်ထဲမှ အခြေစိုက်ယာဉ်၏ ရှေ့မီးများက ချက်ချင်း ငြိမ်းသတ်သွားတော့သည်။
အာရုဏ်ဦးမြို့တော်။
ဒက် ဒက် ဒက်... ဘွန်း ဘွန်း
ပထမဆုံး ပစ်ခတ်သံမှာ တိတ်ဆိတ်မြို့တော်နှင့် ဝေဟင်လေယာဉ်စုထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဧရာမ လျှပ်စစ်သံလိုက်အမြောက်ကြီးများ၏ အပြာရောင် အလင်းတန်းများမှာ ကောင်းကင်ယံကို လင်းထိန်သွားစေပြီး ကောင်းကင်ကို ဖြတ်သန်းသွားသော ဥက္ကာခဲများကဲ့သို့ လမ်းကြောင်းပေါင်း ဒါဇင်များစွာဆီသို့ တပြိုင်နက်တည်း ပစ်ခတ်လိုက်ကြတော့သည်။
ထို့နောက်တွင် ပထမမြို့ရိုးနှင့် အသက်ရှင်ကျန်ရစ်သူတစ်သန်းကျော်သည် Thor လျှပ်စစ်သံလိုက်အမြောက်၏ အလင်းတန်းအောက်၌ မယုံကြည်နိုင်ဖွယ်ရာ မြင်ကွင်းတစ်ခုကို တွေ့မြင်ခဲ့ရသည်။ အုံ့မှိုင်းနေသော ကောင်းကင်ယံထက်တွင် ပုံပျက်ပန်းပျက်နှင့် ထူးဆန်းသော လက်တံများရှိသည့် ကြောက်မက်ဖွယ်ရာ သတ္တဝါကြီးတစ်ကောင်မှာ တိမ်တိုက်များကြားတွင် ဝင်းခနဲ လက်ခနဲ ပေါ်လာသည်။ မြူခိုးများနှင့်အတူ ကောင်းကင်ယံမှ ဆင်းသက်လာသော ပျံသန်းနိုင်သည့် မွန်းစတားဒီရေလှိုင်းကြီးမှာ ကမ္ဘာပျက်ကပ် ရေလွှမ်းမိုးမှုကြီးကဲ့သို့ပင်။
နောက်တစ်မိနစ်တွင် ပထမမြို့ရိုးပေါ်ရှိ သောင်းနှင့်ချီသော Greatwall-50 အခြေစိုက်အမြောက်များနှင့် 1130 အမျိုးအစား အော်တိုစက်အမြောက်များအားလုံးသည် ပစ်ခတ်မှုထိန်းချုပ်ရေးစနစ်နှင့် တွက်ချက်မှုဗဟိုဌာန၏ လမ်းညွှန်မှုအောက်တွင် စတင်လည်ပတ်လာတော့သည်။ အင်ဂျင်သံများ ဟိန်းဟောက်လာပြီး အမြောက်စင်များ လည်ပတ်သွားကာ ပြောင်းဝအားလုံးမှာ ထိုအချိန်၌ တညီတညွတ်တည်း ဦးတည်လိုက်ကြသည်။ လူသားတပ်ဖွဲ့များထံမှ သံမဏိကျည်ဆန်မိုးများ တပြိုင်နက်တည်း ဟိန်းဟောက် ပွင့်ထွက်သွားတော့သည်။
***