ယခင်က တွေ့ခဲ့ဖူးသော ကလုန်းနှင့် နှိုင်းယှဉ်လျှင် ဤဂျူးလိယပ်စ်မှာ ဆယ်နှစ်ခန့် ပိုအိုစာနေပုံရပြီး အနည်းငယ် ပိန်ချုံးနေသည်။ ၎င်းသည် ဇီဝအရည်ကြည်တစ်မျိုးထဲတွင် နစ်မြုပ်နေပြီး ဦးခေါင်းခွံမှာ အကုန်ပွင့်နေသည်။ ပွင့်လင်းမြင်သာသော အရည်ကြည်ကန်၏ အပြင်ဘက်တွင်မူ အဖြူရောင် မှိုမျှင်တန်းများစွာက ၎င်းအား ရစ်ပတ်ထားရာ ပိုးအိမ်တစ်ခုနှင့်ပင် တူနေတော့သည်။
[သူမက ဗိုင်အိုလာပဲ၊၊ ကျွန်မရဲ့ အွန်လိုင်းဗားရှင်းပေါ့၊၊ ဂျူးလိယပ်စ်က ဒစ်ဂျစ်တယ် အသိစိတ်တွေကို တင်သွင်းပြီး လူသားနဲ့ စက်ဝန်းတစ်ခုတည်းမှာ ဆင့်ကဲပြောင်းလဲထားတာပါ၊၊ သူမမှာ ကိုယ်ပိုင်အသိစိတ်ရှိပါတယ်၊၊ အဲဒီအသိစိတ်က အနီရောင်ကမ္ဘာရဲ့အချက်လက်ထဲမှာ သိမ်းဆည်းခံထားရပေမဲ့ သူမရဲ့ မှတ်ဉာဏ်ထဲမှာ ကျွန်မလိုမျိုး အော့ဖ်လိုင်းဗားရှင်း ရှိနေပါလိမ့်မယ်၊၊ဒါ့အပြင် သူမရဲ့ သံချပ်ကာ ပစ္စည်းတွေက ကျွန်မနဲ့ စံနှုန်းတူပြီး ‘ကချေသည် ၀၁’ ထက် ပိုအားကောင်းပါတယ်၊၊ သတိထားပါ]
“ဒါက လွယ်ပါတယ်”
လင်းရှန်သည် သူမ၏ ပင်မထိန်းချုပ်ရေး ကေဘယ်ကြိုးကို ဖြတ်တောက်လိုက်သည်၊၊
“ဂရေ့စ် သူမကို code ပြန်ရေးဖို့ ကူညီပါဦး”
[နားလည်ပါပြီ]
ဂရေ့စ်က လျှောက်လာပြီး သူမ၏ အာရုံကြောကေဘယ်ကြိုးများကို ဗိုင်အိုလာ၏ ဦးနောက်ပိုင်း ဒေတာဆုံချက်အတွင်းသို့ ထိုးသွင်းလိုက်ရင်း လင်းရှန်ကို ပြောလိုက်သည်။
[ဗိုင်အိုလာက ဒီသံချပ်ကာဝတ်စုံကြီး တစ်ခုလုံးရဲ့ ပင်မထိန်းချုပ်ရေး AI ပါ၊၊ သူမရဲ့ လှုပ်ရှားမှုစနစ်တွေကို ချန်ထားချင်ပါသလား]
“မလိုဘူး”
လင်းရှန် အသက်ပြင်းပြင်း ရှူလိုက်သည်။ သူယခင်က ထောင်ချောက်ထဲတွင် မိဖူးသဖြင့် မပေါ့ဆရဲတော့ပေ။
ဟွာရှောင်လင်းကိစ္စတွင် ထိခိုက်မှုမရှိခဲ့သော်လည်း ယခုကဲ့သို့ ဉာဏ်ရည်တု ဦးနှောက်များနှင့် ပတ်သက်လာလျှင် မိမိစိတ်ကြိုက် အပြည့်အဝထိန်းချုပ်နိုင်မှသာ ပိုကောင်းမည်ဟု လင်းရှန် ခံစားရသည်။
[ရှင့်ရဲ့ အစီအစဉ်က ဒီဇီဝသံချပ်ကာစနစ်ကို ပြန်လည်စတင်ပြီး လေထုထဲ ပြန်ဝင်ဖို့လား၊၊ ဒါက အလွန် အန္တရာယ်များပါတယ်၊၊ ရှေ့တန်းစီမံကိန်းရဲ့ မှတ်တမ်းတွေအရ အမှောင်မုန်တိုင်းတွေနဲ့ အကြီးစား သန္ဓေပြောင်းလဲမှုတွေဟာ ဒီ S-Classရဲ့ ကောင်းကင်အကာကွယ်ကို ဖောက်ထွက်တဲ့ အကျိုးသက်ရောက်မှုနဲ့ ဆက်စပ်နေဖို့ များပါတယ်၊၊ ဒီလိုအခြေအနေမျိုးမှာ အမှောင်ကျူးကျော်မှုက ရှင့်ကို ကူးစက်သွားနိုင်ခြေ အရမ်းများပါတယ်]
“ငါ သိပါတယ်၊၊ ဒါကြောင့် ငါ နည်းနည်း စမ်းသပ်ကြည့်ချင်လို့...”
လင်းရှန် မျက်နှာတွင် ချွေးစေးများ ထွက်နေသည်။ ကြယ်နက်ပန်းပဲဖိုတွင် သူပြုလုပ်ခဲ့သော ကိရိယာကို ထုတ်လိုက်သည်။ ၎င်းသည် ရှင်းဂျီတီထွင်ထားသော အမှောင်စွမ်းအင် ဟန်ချက်ညီစနစ်ကိရိယာပင်၊၊ ထို့နောက် လင်းရှန်သည် ထိုကိရိယာကို မြူမီးခိုး၏ ဦးနှောက်ဆဲလ်အတွင်းသို့ တိုက်ရိုက်ထည့်သွင်းလိုက်သည်။ ယခုအခါ သူ့တွင် ယဉ်ကျေးမှုရှေ့ဆောင်သင်္ဘောမှ ရရှိထားသော စွမ်းအင်ကူးပြောင်းမှုကိရိယာရှိနေပြီဖြစ်ရာ မြူမီးခိုး၏ဦးနှောက်ဆဲလ်ကို အသုံးပြု၍ အမှောင်စွမ်းအင်အသွင်ကူးပြောင်းမှုကို အပြည့်အဝ လုပ်ဆောင်နိုင်ပြီ ဖြစ်သည်။
ဝူး။
ထိုစဉ် သေးငယ်သော အသွင်ကူးပြောင်းခြင်းကိရိယာ လည်ပတ်သွားသည်။ လင်းရှန်သည် ဤ S-Class ဇီဝယန္တရားကြီး၏ ကိုယ်ထည်မှာ ပြင်းထန်စွာ တုန်ခါသွားပြီး မမြင်နိုင်သော အလင်းတန်းလေးတစ်ခု လျင်မြန်စွာ ပျံ့နှံ့သွားသည်ကို ခံစားလိုက်ရသည်။ ထို့နောက် သူ့အား ဖိနှိမ်နေသော အေးစိမ့်သည့် အမှောင်ကျူးကျော်မှုစွမ်းအင်များ ပျောက်ကွယ်သွားကာ ပြိုကွဲလုနီးပါးဖြစ်နေသော အသိစိတ်နှင့် ဝေဝါးနေသော အမြင်အာရုံများမှာ ချက်ချင်း ပြန်လည်ကြည်လင်လာတော့သည်။
“အောင်မြင်သွားပြီ... ဒါက တကယ် အလုပ်ဖြစ်တာပဲ” လင်းရှန် စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။
ထိုအချိန်တွင် ဂရေ့စ်သည် ဗိုင်အိုလာ၏ စနစ်တစ်ခုလုံးကို ပြန်လည်ရေးသားပြီးစီးသွားပြီဖြစ်သည်။
[ချူယန်ရဲ့ အသိစိတ်ကို ဗိုင်အိုလာထဲကို ထည့်သွင်းပြီး ဒစ်ဂျစ်တယ် အသိစိတ်အဖြစ် ရှင်သန်စေဖို့ ရှင်စီစဉ်နေတာလား]
လင်းရှန်သည် အသက်ကယ်တောင့်ထဲရှိ ဂျူးလိယပ်စ်ကို လေးနက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
“သူမကတော့ အဲဒီလိုမျိုး အစီအစဉ်ရှိမှာ မဟုတ်ဘူး...”
[ဒါဆို သူမကို ဘယ်လို ပြန်ခေါ်သွားမှာလဲ]
“လမ်းတစ်လမ်းပဲ ရှိတော့တယ်”
လင်းရှန်သည် ဂျူးလိယပ်စ်၏ အသက်ကယ်တောင့် နောက်ကွယ်မှ မှိုမျှင်တန်းများကို ကြည့်လိုက်သည်။ ထိုမှိုမျှင်တန်းများမှာ စနစ်ပိုက်လိုင်းများတစ်လျှောက် မြူမီးခိုး၏ ဦးနှောက်ဆဲလ်အထိ ဆက်သွယ်ထားခြင်း ဖြစ်သည်။
“ဂရေ့စ်”
လင်းရှန်က ဂရေ့စ်ကို လှမ်းခေါ်လိုက်သည်။
[ကျွန်မ ရှိပါတယ်]
“မင်းအတွက် တာဝန်တစ်ခုရှိတယ်၊၊ ဒါကို မင်းတစ်ယောက်ပဲ လုပ်နိုင်လိမ့်မယ်”
ဂရေ့စ်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ဘဲလေးကချေသည်တစ်ဦးကဲ့သို့ ကျော့ရှင်းစွာ ရပ်လျက် “ဂရေ့စ်အနေနဲ့ ဒီတာဝန်ကို ထမ်းဆောင်ရတာ ဂုဏ်ယူပါတယ်”
ရှူး။
အာကာသဟင်းလင်းပြင်ထဲတွင် လင်းရှန် ပြုလုပ်ပေးထားသော သေးငယ်သည့် တွန်းကန်စနစ်ကို တပ်ဆင်ထားသည့် ဂရေ့စ်သည် သင်္ဘောပျက်များကြားမှ ဖြတ်ကျော်ကာ ကီလိုမီတာ ထောင်ချီဝေးသော တောင်ဘက် ကောင်းကင်ဂိတ်ဆီသို့ ပျံသန်းသွားတော့သည်။
လေးလံသော အခန်းတံခါး ပိတ်သွားပြီး ဖိနှိမ်ကိရိယာမှာ နေရာတကျပြန်လည်ဝင်ရောက်သွားသည်။ ထိုအချိန်တွင် ထိန်းချုပ်အခန်းအတွင်း၌ ဧရာမ ယန္တရား သံချပ်ကာကြီး ဖုံးအုပ်ထားသော်လည်း လင်းရှန်သည် ဖော်မယ်ဒီဟိုက်နှင့် ပုပ်သိုးသောအနံ့ ရောနှောနေသည့် အနံ့တစ်ခုကို ရနေဆဲပင်။ လင်းရှန်သည် ဗိုင်အိုလာ၏ နောက်ဘက်သို့ သွားကာ ကေဘယ်ကြိုးကို ပြန်လည်တပ်ဆင်လိုက်ပြီး ယန္တရားစွမ်းအားကို အသုံးပြု၍ သူမကို ပြန်လည်နိုးထစေလိုက်သည်။
ဝူး~
ဗိုင်အိုလာ၏ ရင်ဘတ်ရှိ စွမ်းအင်ဗဟိုချက်က လင်းထိန်လာပြီး ကိုယ်ထည်၏ လှုပ်ရှားမှုအပိုင်းများအားလုံး တုန်ခါသွားကာ ကြီးမားသော တွက်ချက်မှုစွမ်းအားများ မြင့်တက်လာသည်။ မြူမီးခိုးယန္တရားစနစ်တစ်ခုလုံးကို လျင်မြန်စွာ ထိန်းချုပ်လိုက်ပြီးနောက် ဂရေ့စ်နှင့် အလွန်တူသော အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာသည်။
[မင်္ဂလာပါ လင်းရှန်၊၊ ကျွန်မက ဗိုင်အိုလာပါ၊၊ ဂရေ့စ်ရဲ့ စနစ်ဒေတာတွေကို ကူးယူထားပြီးပါပြီ၊၊ အခုကစပြီး ဂရေ့စ်ရဲ့ ကိုယ်စား ကျွန်မ ရှင့်ကို အမှုထမ်းပါ့မယ်]
လင်းရှန် အသက်ပြင်းပြင်း ရှူလိုက်ပြီး တည်ငြိမ်စွာဖြင့် သူကိုယ်တိုင် ထုတ်လုပ်ထားသော အသက်ကယ်တောင့် ဘေးသို့သွားကာ သူ့စွမ်းအားဝတ်စုံကို ချွတ်လိုက်သည်။
“ဗိုင်အိုလာ... သံချပ်ကာစနစ်နဲ့ မြူမီးခိုးမွန်းစတားရဲ့ အသက်လက္ခဏာတွေကို ရှာဖွေဆန်းစစ်ပါ”
[ဗိုင်အိုလာ နားလည်ပါပြီ၊၊ ရှာဖွေနေပါတယ်၊ လုံခြုံရေး စည်းမျဉ်းကို စတင်လိုက်ပါပြီ]
[အစီရင်ခံစာ - သံချပ်ကာ ကြံ့ခိုင်မှု ၉၂%၊ LCL တမန်တော်ဖိနှိမ်စနစ် ကောင်းမွန်သည်၊၊ ဖိနှိမ်ကိရိယာအတွင်း၌ အမည်မသိ ဇီဝလျှပ်စစ်လှိုင်း အများအပြား ချိတ်ဆက်နေသည်ကို ထောက်လှမ်းမိသည်။ ပလာစမာ တွန်းကန်စနစ် စွမ်းအင် ၃၄% ကျန်ရှိသည်၊၊ နံပါတ် ၁၊ ၄ နှင့် ၈ စနစ်များတွင် ပတ်လမ်းလောင်ကျွမ်းမှု ဖြစ်ပေါ်ထားပြီး နံပါတ် ၈ မှာ ရပ်ဆိုင်းနေသည်]
လင်းရှန်သည် ပြုပြင်ရေးနှင့် တည်ဆောက်ရေး ဒရုန်းများအားလုံးကို ချက်ချင်း လွှတ်တင်လိုက်သည်။ တစ်ချိန်တည်းမှာပင် ကြယ်နက်ပန်းပဲဖို၏ တည်ဆောက်မှု အစီအစဉ် ၆ ခုစလုံးကို အရန်ပစ္စည်းများ ထုတ်လုပ်ရန် စတင်လိုက်သည်။
“ဗိုင်အိုလာ၊၊ ပြုပြင်ဖို့ ကြာမယ့်အချိန်ကို တွက်ချက်ပေး”
[ရှင့်ရဲ့ ပြုပြင်မှုနဲ့ ထုတ်လုပ်မှု စွမ်းရည်ကို ထည့်သွင်းတွက်ချက်ရင် ခန့်မှန်းခြေ ၄ နာရီ ၁၂ မိနစ် ၅၁ စက္ကန့် ကြာပါလိမ့်မယ်]
လင်းရှန် အချိန်ကို ကြည့်ကာ တံတွေးတစ်ချက် မျိုချလိုက်ပြီး အသက်ကယ်တောင့်အတွင်းသို့ ဝင်ထိုင်လိုက်သည်။ ပြုပြင်ရေးတာဝန်များကိုမူ ဗိုင်အိုလာထံ လွှဲအပ်ထားလိုက်သည်။
“အခု ငါ ဦးနှောက်ဆဲလ်နဲ့ ချိတ်ဆက်မှုကို စမ်းသပ်ရမယ်၊၊ ငါ့ရဲ့ နှလုံးခုန်နှုန်း ဒါမှမဟုတ် အသက်လက္ခဏာတွေက ၃ မိနစ်ထက်ပိုပြီး ရပ်တန့်သွားရင် မှိုမျှင်ဦးနှောက်စက်နဲ့ ချိတ်ဆက်မှုကို ချက်ချင်းဖြတ်ပြီး ငါ့အတွက် နှလုံးနှိုးစက် AED စနစ်ကို စတင်ပေးပါ”
ဗိုင်အိုလာသည် တစ်စက္ကန့်မျှ တိတ်ဆိတ်သွားပြီးနောက် ချက်ချင်းပင် တုံ့ပြန်လိုက်သည်။
[ဗိုင်အိုလာ နားလည်ပါပြီ]
လင်းရှန်သည် အသက်ကယ်တောင့်အတွင်း ဖြည်းညှင်းစွာ လှဲလျောင်းလိုက်ရာ သူ့နှလုံးမှာ အလွန်အမင်း တုန်ရင်နေသည်။ ၎င်းသည် အသက်ရှူခြင်းကို ထိန်းချုပ်ကာ အာရုံစူးစိုက်ရန် ကြိုးစားနေသည်။ ထိုအချိန်တွင် မှိုမျှင်ဦးနှောက်ယန္တရားချိတ်ဆက်ကိရိယာက သူ့၏ ဦးခေါင်းနောက်ဘက်သို့ ဖြည်းညှင်းစွာ နေရာကျလာပြီး အသံတစ်ချက်နှင့် ဇီဝလျှပ်စစ်လှိုင်းများ ချက်ချင်း စီးဝင်သွားတော့သည်။ ထိုအခိုက်အတန့်တွင် လင်းရှန်၏ မျက်လုံးသူငယ်အိမ်များမှာ ချက်ချင်း ပြန့်ကားသွားပြီး မျက်လုံးများအတွင်းသို့ အဆုံးမရှိသော သွေးရောင်များ လွှမ်းမိုးလာလေသည်။
…
ည၊၊ အချိန် ၈:၀၅၊၊
အရုဏ်ဦးမြို့တော်တွင် မည်းမှောင်သော တိမ်တိုက်များ လိပ်တက်နေပြီး မိုးခြိမ်းသံများ ပေါက်ကွဲနေသည်။ ကောင်းကင်နှင့် မြေကြီးကြားတွင် ပျက်စီးခြင်းအသံများသာ ကျန်ရှိတော့ပုံရသည်။ ကောင်းကင်အထက်တွင် တိတ်ဆိတ်မြို့တော်နှင့် ကောင်းကင်ငြိမ်သက်ခြင်းသင်္ဘောတို့မှာ မြင့်မားသောကောင်းကင်ယံသို့ အချက်ပေါင်းများစွာပစ်ခတ်နေကြသည်။ တိမ်တိုက်လွှာများကြားမှ ဧရာမ ပေါက်ကွဲမှု မီးဟုန်းဟုန်းတောက်သံများ ထွက်ပေါ်နေပြီး ထိတ်လန့်ဖွယ် မိုးပျံသတ္တဝါကြီးများ၏ ပုံသဏ္ဌာန်မှာ ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်နေသည်။
တိတ်ဆိတ်မြို့တော်၏ ကုန်းပတ်ပေါ်တွင် တိုင်ရီလန်သည် စွမ်းအားဝတ်စုံကို ဝတ်ဆင်၍ ပျံသန်းနေပြီး ကျူးကျော်လာသော မိုးပျံသတ္တဝါများကို သံမဏိလက်သီးဖြင့် အဆက်မပြတ် ထိုးနှက်နေသည်။ ရူဂျီ၏ ပြင်းထန်သော ထိန်းချုပ်နယ်ပယ်မှာ ပြန့်ကားလာပြီး ပျံလွှားမွန်းစတားများကို အမှုန့်ဖြစ်အောင် ကြိတ်ခြေနေသည်။ ရွှန်းသည် တည်ငြိမ်သော အမူယာဖြင့် မီကာထောင်ပေါင်းများစွာကို စီစဉ်ညွှန်ကြားကာ တိုက်ပွဲဝင်နေသည်။ တိတ်ဆိတ်မြို့တော်၏ တိုက်ခိုက်ရေးအင်အား ထောင်သောင်းချီ၍ တိုက်ပွဲတွင် ပါဝင်လာကြပြီး ရှင်းဂျီ၏ ထိန်းချုပ်မှုအောက်ရှိ ဒရုန်းများနှင့် မြို့ပြလက်နက်များအားလုံး ပြန်လည်တိုက်ခိုက်နေကြသည်။
***