“ရှင်းဂျီ... အဲဒီကောင်ကြီးရဲ့ ကာကွယ်ရေးစွမ်းအင် နယ်ပယ်က အရမ်းကြီးလွန်းတယ်၊၊ ဒါက ဒီလောက်ကြာကြာ ခံနိုင်ရည်ရှိဖို့ မဖြစ်နိုင်ဘူး”
ရွှန်းက စက်ရုပ်များထံမှ ဒေတာများကို စစ်ဆေးရင်း မျက်မှောင်ကြုတ်လိုက်သည်။
“ငါတို့က S-Class တွေက မွန်းစတားဒီရေလှိုင်းတွေကို အမိန့်ပေးတာဟာ ညွှန်ကြားမှုလို့ပဲ အမြဲတွေးခဲ့ကြတယ်၊၊ ဒါပေမဲ့ အခုကြည့်ရတာ ဒါဟာ အကြောင်းပြချက်တွေထဲက တစ်ခုပဲ ဖြစ်လိမ့်မယ်”
ပင်မကွပ်ကဲမှုတံတားတွင် ရှင်းဂျီသည် လက်ကို နောက်ပစ်ကာ ရပ်နေပြီး မရေမတွက်နိုင်သော မွန်းစတားဒီရေလှိုင်း တိုက်ခိုက်မှုများကို တည်ငြိမ်စွာ ရင်ဆိုင်နေသည်။
“သန္ဓေပြောင်းမွန်းစတားတွေက အမှောင်ထုရဲ့ တိုက်ခိုက်မှုစွမ်းအားကို ကိုယ်ပိုင်အသုံးချဖို့ ပြောင်းလဲနိုင်ကြတယ်၊၊ ဒါကြောင့် အသတ်ခံလိုက်ရတဲ့ မွန်းစတားတွေဟာ ဒီဧရာမ S-Class မွန်းစတားကြီးတွေအတွက် စွမ်းအင် အရင်းအမြစ်တွေ ဖြစ်သွားတာပဲ။ ဒါဟာ ရန်သူကိုလည်း ဝါးမျိုရင်း ကိုယ့်ကိုယ်ကိုယ်လည်း ကြီးထွားအောင် လုပ်နေတာပဲ၊၊ ဒါဟာ အဆုံးစွန်ဆုံး ရိုးရှင်းတဲ့ အမဲလိုက်မှု သဘောတရားပဲ”
အမြွှာကြယ်မျှော်စင်ဝန်းကျင်တွင် အဖွဲ့အစည်းပေါင်းစုံမှ ဖွဲ့စည်းထားသော လေကြောင်းကင်းလှည့် တပ်စုပေါင်း တစ်ရာကျော်မှာ တိုက်ပွဲများကြောင့် လေထုထဲတွင် လောင်ကျွမ်းနံ့များ ပြည့်နှက်နေသည်။ ဒရုန်းများ၊ တစ်ကိုယ်တော် ပျံသန်းရေးကိရိယာများနှင့် ကောင်းကင်တိုက်လေယာဉ်များမှာ ကောင်းကင်ယံတွင် ဝဲပျံနေကြသည်။ မွန်းစတားအလောင်းများစွာ ကျဆင်းလာသလို လူသားတို့၏ တိုက်လေယာဉ်များမှာလည်း မီးလောင်ကာ ပျက်ကျနေကြသည်။ Rayfish အဆင့် ကြယ်သင်္ဘော တစ်စင်းမှာ မိုးသက်မုန်တိုင်းကြားမှ ဆင်းသက်လာပြီး ဒုံးကျည်များနှင့် ပင်မအမြောက်များဖြင့် ကောင်းကင်ယံကို ပစ်မှတ်ထား တိုက်ခိုက်နေသည်။ ထိုစဉ် မီးဟုန်းဟုန်းတောက်နေသော ဧရာမ လက်တံကြီးများမှာ တိမ်တိုက်များကြားမှ အရှိန်အဟုန်ဖြင့် ဆင်းသက်လာပြီး ထိုသင်္ဘော၏ ဦးပိုင်းနှင့် တွန်းကန်စနစ်ကို တစ်စစီဖြစ်သွားအောင် ချက်ချင်း ထိုးဖောက်ဖျက်ဆီးလိုက်လေသည်။
အုန်းး
တန်ချိန်သောင်းချီလေးလံသော သင်္ဘောကြီးသည် သေလုဆဲဆဲ အော်ဟစ်သံကြီးကဲ့သို့ တဒိန်းဒိန်းပေါက်ကွဲသံများ ထွက်ပေါ်လာပြီးနောက် သင်္ဘောကိုယ်ထည်နှင့် သံချပ်ကာပြားများ အလွှာလိုက်ပွင့်ထွက်သွားကာ စွမ်းအင်နှင့် လက်နက်ခန်းများပါ အဆက်မပြတ် ပေါက်ကွဲကုန်တော့သည်။ ခဏချင်းတွင်ပင် မိုးကုပ်စက်ဝိုင်း၌ ဧရာမ မှိုပွင့်ပုံစံ မီးခိုးလုံးကြီး ပေါ်ထွက်လာခဲ့သည်။
ထိုပေါက်ကွဲမှုမှ ထွက်ပေါ်လာသော မီးလျှံများမှာ ကောင်းကင်တစ်ဝက်ခန့်ကို လင်းထိန်သွားစေပြီး လေကြောင်းတပ်စု အများအပြားမှာလည်း ပေါက်ကွဲမှုဒဏ်မှ လွတ်ကင်းရန် အသည်းအသန် မောင်းနှင်နေကြရသည်။ တပ်မှူးများသည် မော်နီတာမှတစ်ဆင့် မိမိတို့၏ ရဲဘော်ရဲဘက်များ မိုးရေစက်များကဲ့သို့ မြေပြင်သို့ ကြွေလွင့်နေသည်ကို ကြည့်ရင်း စိတ်မကောင်းဖြစ်နေကြရသည်။ အချို့မှာ ပျက်စီးနေသော လောင်စာပိုက်များကို အသည်းအသန် ဆုပ်ကိုင်ထားကြပြီး အချို့မှာမူ မြေပြင်သို့ ပြုတ်ကျနေစဉ်မှာပင် သေနတ်များကို မြဲမြံစွာကိုင်စွဲ၍ မွန်းစတားများကို ပြန်လည်ပစ်ခတ်နေကြသည်။ ထိုမွန်းစတားအုပ်ကြီး၏ ဝိုင်းရံမှုအောက်တွင် လူသားထောင်ပေါင်းများစွာမှာ ပုရွက်ဆိတ်များကဲ့သို့ ချောက်နက်ကြီးထဲသို့ ပြုတ်ကျပျောက်ကွယ်သွားကြရလေသည်။
“အရေးပေါ်သတင်း... စောင့်ကြည့်သူသင်္ဘော ထိခိုက်ပျက်စီးပြီး ပျက်ကျနေပါပြီ။ အက်ကိုးတပ်စုအနေနဲ့ လေကြောင်းနယ်မြေ ၁၃ ကို အမြန်ဆုံးပြောင်းရွှေ့ပြီး နေရာအစားထိုးရပါမယ်။ ကာကွယ်ရေးလိုင်းကို ထိုးဖောက်ခံလို့မရနိုင်ပါဘူး”
ဝူး...
ဧရာမသင်္ဘောကြီး မြေပြင်သို့ ထိုးစိုက်ကျသွားမှုကြောင့် မြို့တွင်းလမ်းမများမှာ မီးပင်လယ်အဖြစ်ပြောင်းလဲသွားပြီး အဆောက်အအုံအများစုမှာလည်း အုတ်ပုံအတိ ဖြစ်သွားရသည်။ စောင့်ကြည့်သူသင်္ဘော၏ အကြွင်းအကျန်များ လောင်ကျွမ်းနေဆဲမှာပင် အခြားလေကြောင်းတပ်စုတစ်ခုမှာ အရှိန်အဟုန်ဖြင့် ရောက်ရှိလာပြီး ပစ်အားကွန်ရက်၏ ဟာကွက်များကို ပြန်လည်ဖြည့်ဆည်းလိုက်သည်။
မြို့တွင်းရှိ ရပ်ကွက်အသီးသီး၏ ကာကွယ်ရေးလိုင်းများမှာ ကမ္ဘာပျက်ကပ်မြင်ကွင်းကဲ့သို့ ဖြစ်နေသည်။ မွန်းစတားများကို မနှိမ်နင်းနိုင်သေးမီမှာပင် အသက်ရှင်ကျန်ရစ်သူများနှင့် စစ်သားများကြား၌ သန္ဓေပြောင်းလဲမှုများစွာ ဖြစ်ပေါ်နေပြီဖြစ်သည်။ အကယ်၍ ပြတ်သားသော အရေးယူဆောင်ရွက်မှုများ မပြုလုပ်ပါက ဤကွင်းဆက်တုံ့ပြန်မှုများမှာ စစ်ကြောင်းတစ်ခုလုံး သို့မဟုတ် စခန်းတစ်ခုလုံးကို ခဏချင်းအတွင်း ဖျက်ဆီးပစ်နိုင်ပေသည်။
ရှေ့တန်းလမ်းမများပေါ်တွင် တာလို့၊ လျန်လေး၊ လီကွမ်းဝမ်နှင့် အခြားသော အနီးကပ်တိုက်ခိုက်ရေး စွမ်းအားရှင်များသည် မွန်းစတားသွေးများဖြင့် တစ်ကိုယ်လုံး စိုရွှဲနေပြီး မြို့ရိုးပေါ်မှ ခုန်ဆင်းလာသော မွန်းစတားများကို အသည်းအသန် သတ်ဖြတ်နေကြသည်။ နာရီပေါင်းများစွာ ကြာအောင် တိုက်ပွဲဝင်ခဲ့ရသဖြင့် ဂတ်တလင်းစက်သေနတ်များမှာ ခဲယမ်းများ ကုန်ခန်းနေပြီ ဖြစ်သည်။
“ဒီကောင်တွေက များလွန်းတယ်”
လီကွမ်းဝမ်သည် အဆောက်အအုံခေါင်မိုးပေါ်တွင် ရပ်လျက်၊ သွေးများပေကျံနေသော မျက်နှာဖြင့် အော်ဟစ်လိုက်ပြီး လင်းနို့မွန်းစတားတစ်ကောင်ကို တုန်ခါလှိုင်းလက်သီးဖြင့် ပေါက်ကွဲစေလိုက်သည်။
“သတိထား”
နောက်ဘက်မှ လျန်လေးသည် တစ်ကိုယ်လုံး သံမဏိကိုယ်ထည်အဖြစ် ပြောင်းလဲထားပြီး ရှေ့သို့ပြေးထွက်ကာ အတောင်ပံပါသော မိစ္ဆာတစ်ကောင်ကို ပစ်ချလိုက်သည်။
“ဂရုစိုက်”
မမျှော်လင့်ဘဲ ကောင်းကင်ယံမှ မွန်းစတားတစ်ကောင်က ဝဲပျံဆင်းလာပြီး အက်ဆစ်ရည်များကို လျင်မြန်စွာ ထွေးထုတ်လိုက်သည်။ ထိုအချိန်တွင် တာလို့၏ သံမဏိဓားကြီးက လေထဲသို့ ပျံထွက်သွားပြီး ထိုမွန်းစတားကို နံရံတွင် ထိုးစိုက်သွားစေလိုက်သည်။
ဘန်း ဘန်း ဘန်း ဘန်း
ကာကွယ်ရေးလိုင်းတစ်ခု၏ နောက်ကွယ်တွင် ဟူလုရှို့သည် အဆင့်မြင့်တိုက်ပွဲဝင် သံချပ်ကာနှင့် သံမဏိဟဲလ်မက်ကို ဝတ်ဆင်ထားပြီး လမ်းကြားအတွင်းရှိ မွန်းစတားအုပ်ကြီးကို ရူးသွပ်စွာ ပစ်ခတ်နေသည်။
“လာစမ်း… မင်းတို့ကို အကုန်သတ်ပစ်မယ်”
ကလစ် ကလစ်...
သို့သော် ကျည်ဆန်ကုန်သွားပြီး ပစ်ခတ်မှု ရပ်တန့်သွားသည့်အခါ မွန်းစတားအုပ်ကြီးမှာ ၎င်းတို့၏ အဖော်အလောင်းများကို နင်းကာ ဟူလုရှို့ထံသို့ တဟုန်ထိုး ပြေးဝင်လာကြသည်။ ဟူလုရှို့၏ လက်များမှာ တုန်ရင်နေပြီး ပျာပျာသလဲ ကျည်ဖြည့်နေရင်း မျက်နှာမှာ ဖြူလျော့လျက် နောက်သို့ တရွေ့ရွေ့ ဆုတ်နေရသည်။
“နေ…နေဦး... ခဏလေး… ငါ ကျည်ဖြည့်ပါရစေဦး...”
လက်သည်းရှည်မွန်းစတားကြီးများက ဟူလုရှို့ကို ခုန်အုပ်တော့မည့်အချိန်မှာပင် အနီရောင်လျှပ်စစ်လှိုင်းများ ဖြတ်ပြေးနေသော ယန္တရားလက်သီးတစ်ချက်က တူကြီးဖြင့် ထုလိုက်သကဲ့သို့ ကျရောက်လာပြီး ရှေ့ဆုံးမှမွန်းစတားကို သွေးအိုင်အဖြစ် ပြောင်းလဲပစ်လိုက်သည်။ ပေါက်ကွဲမှုလှိုင်းကြောင့် လမ်းကြားအတွင်းရှိ မွန်းစတားအားလုံး လွင့်စင်သွားတော့သည်။
ဆန်းချန်သည် သူမ၏ သံလက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး မြေပြင်ပေါ်သို့ လဲကျနေသော ဟူလုရှို့ကို နောက်လှည့်ကြည့်ကာ တိုးညင်းစွာ ပြောလိုက်သည်၊၊
“သတိထားဦး”
“ကိုယ့်ကို ကယ်ပေးလို့… ကျေးဇူးပဲနော် မိန်းမ”
ဟူလုရှို့သည် နတ်ဘုရားမတစ်ပါးကဲ့သို့ ဆင်းသက်လာသော ဆန်းချန်ကို ကြည့်ရင်း မျက်ရည်များ ဝဲနေတော့သည်။
နံပါတ် ၁ မြို့ရိုးပေါ်တွင် သိပ်သည်းလှသော ပစ်ခတ်မှုများမှာ မြို့ပြင်ရှိ အမည်းရောင်ကုလားကာကြီးဆီသို့ ရေတံခွန်ကဲ့သို့ စီးဆင်းနေသည်။ မြို့ပြင်ပတ်ဝန်းကျင်မှာ သွေးပင်လယ်ဖြစ်နေပြီ ဖြစ်သည်။ ယန္တရားတပ်ဖွဲ့ဝင်များသည် အမြောက်များရှေ့တွင် ပုံနေသော အလောင်းပုံများပေါ်၌ ရပ်နေကြရပြီး မွန်းစတားအလောင်းများပေါ်သို့ ပို၍ မြင့်အောင် တက်နေကြရသည်။
ဂယား..
ရူးသွပ်နေသော အမည်းရောင် ပုရွက်ဆိတ်ကောင်ကြီးတစ်ကောင်က အလောင်းပုံများကြားမှ တိုးထွက်လာပြီး မီးနတ်ဘုရားမီကာတစ်ခုကို ကိုက်ဖြတ်ကာ မီကာအုပ်စုဆီသို့ တဟုန်ထိုး ပြေးဝင်သွားသည်။
ဘစ်ဇ်..
ထိုအချိန်တွင် အနီရောင်လေဆာတန်းတစ်ခုက ဖြတ်သန်းသွားပြီး ထိုအမည်းရောင် ပုရွက်ဆိတ်ကြီးကို အပိုင်းပိုင်း ပြတ်သွားစေသည်။ စွန်းယုကျန်းနှင့် အားဖေးတို့သည် လေထဲတွင် ပျံသန်းနေပြီး ၎င်းတို့၏ လေဆာစွမ်းအားများကို အပြည့်အဝ ထုတ်လွှတ်နေကြသည်။
“အဆုံးမဲ့ လောင်ကျွမ်းခြင်း နတ်ဘုရားမီးလျှံဓား”
ဧရာမ နီရဲသော မီးတိုင်ကြီးက စစ်မြေပြင်ကို လွှမ်းမိုးသွားပြီး ဓားသွားပေါင်း ထောင်သောင်းချီ၍ ဖွဲ့စည်းထားသော ဓားသွားမုန်တိုင်းကြီးကို ရှေ့သို့ တွန်းပို့လိုက်သည်။
“မီးတောက်... ကောင်းကင်ကို ကြည့်ဦး”
ကီကီက ၎င်းအား လှမ်းအော်ပြောလိုက်သည်။
မြို့ပြင် စစ်မြေပြင်တွင် မီးတောက်၊ ကီကီနှင့် ဖျက်ဆီးခြင်းအဆင့်စွမ်းအားရှင် ရာပေါင်းများစွာ၊ အိန်ဂျယ်အဆင့်စွမ်းအားရှင် အနည်းငယ်တို့သည် ၎င်းတို့၏ ကြောက်မက်ဖွယ် တိုက်ခိုက်ရေးစွမ်းရည်များကို ပြသနေကြသည်၊၊
အမြွှာကြယ်မျှော်စင်ကွပ်ကဲမှုအခန်းအတွင်း၌ တိုက်ပွဲအခြေအနေများကို အစဉ်တစိုက် အပ်ဒိတ်လုပ်နေသည်။
“အစီရင်ခံစာ... ကောင်းကင်ကင်းလှည့်ယာဉ်ကနေ မြို့ရဲ့ အရှေ့တောင်ဘက် ၃၅ ကီလိုမီတာအကွာမှာ ဇီဝအန္တရာယ် အမှတ် ၁၉ လေလွင့်သူကို ထောက်လှမ်းမိပါတယ်”
စစ်ဆင်ရေးပြမျက်နှာပြင်ပေါ်တွင် မီးခိုးများဖုံးလွှမ်းနေသော အပျက်အစီးများကြား၌ ထိတ်လန့်ဖွယ် ခြေလက်အများအပြားပါသော သတ္တဝါကြီးတစ်ကောင် ပေါ်လာခဲ့သည်။
ထိုဧရာမ သတ္တဝါကြီး၏ ခြေလှမ်းတိုင်းအောက်တွင် အဆောက်အအုံများမှာ တစ်ခုပြီးတစ်ခု ပြိုကျကုန်သည်။ ပြင်းထန်သော အက်ဆစ်လှိုင်းများကြောင့် ပတ်ဝန်းကျင်ရှိ သံမဏိနှင့် ကွန်ကရစ်အဆောက်အအုံများမှာ အရည်ပျော် ပျက်စီးကုန်လေသည်။
“အစီရင်ခံစာ... ကာကွယ်ရေးဇုန် ၈၊ ၄၅၊ ၄၆၊ ၄၇၊ ၄၈၊ ၅၁ နဲ့ ၅၂ တို့မှာ အချက်ပြလှိုင်းတွေ တစ်ပြိုင်နက် ပြတ်တောက်သွားပြီး ပြင်းထန်တဲ့ မြေငလျင်လှိုင်းတွေကို ထောက်လှမ်းမိပါတယ်။ ဇီဝအန္တရာယ် အမှတ် ၁၁ မြေကမ္ဘာရဲ့ ပုံရိပ်ကို ရှေ့တန်းကနေ မြင်တွေ့နေရပါပြီ”
ရှုကျန်းယွဲ့နှင့် အဆင့်မြင့်အရာရှိများစွာမှာ ယဲ့လန်ကို ဝိုင်းရံထားကြပြီး တင်းမာသော မျက်လုံးများဖြင့် ကွပ်ကဲရေးပြမျက်နှာပြင်ကို ကြည့်နေကြသည်။
“စွမ်းအားရှင်အဖွဲ့တွေ ပစ်အားစုလိုက်ကြစမ်း၊၊ မြေကမ္ဘာကို မြို့ရိုးမဖောက်စေနဲ့”
ရှုကျန်းယွဲ့က အမိန့်ပေးလိုက်သည်။
“ပစ်မှတ်ရဲ့ လမ်းကြောင်းကို ပြောင်းလဲဖို့ လူမဲ့ဝင်ရောက်စွက်ဖက်ရေး တပ်ဖွဲ့တွေကို စေလွှတ်လိုက်”
“အခု သန္ဓေပြောင်းလဲမှု အခြေအနေက ဘယ်လိုရှိလဲ” ယဲ့လန်က မေးလိုက်သည်။
“အဆင့် ၃ ဆိုးရွားတဲ့အခြေအနေကို ရောက်နေပါပြီ။ အကယ်၍ နောက်မွန်းစတားနှစ်ကောင်သာ ရောက်လာရင် အဆင့် ၄ ကို ရောက်သွားနိုင်ပါတယ်။ အဆင့် ၄ ရောက်ရင်တော့ ရှေ့တန်းတပ်ဖွဲ့တွေ အလွန်အမင်း အန္တရာယ်ရှိတဲ့ အခြေအနေနဲ့ ရင်ဆိုင်ရပါလိမ့်မယ်”
ရှုကျန်းယွဲ့က ပြန်ဖြေသည်။
ရှုကျန်းယွဲ့အပြင် ဗိုလ်ချုပ်များဖြစ်သော လုထျန်းယဲ့နှင့် ဟွာကျန်းတို့မှာလည်း ရှေ့တန်းတွင် ကွပ်ကဲနေကြသည်။ ယဲ့လန်သည် တည်ငြိမ်သော မျက်နှာထားဖြင့် စစ်ဆင်ရေးမျက်နှာပြင်ကို ကြည့်ရင်း ပြောလိုက်သည်။
“မြို့ပတ်လမ်း Synergyမျှော်စင်ရဲ့ ဖြန့်ကျက်မှုက ဘယ်လိုရှိလဲ”
“အကုန်ပြီးစီးသွားပါပြီ”
ဤတာဝန်ကို တာဝန်ယူထားသော ယခင် မိုးကုပ်စက်ဝိုင်းလွန်အဖွဲ့ခေါင်းဆောင် စုကျင်းက အစီရင်ခံသည်။
“စွမ်းအင်လိုင်းတွေ အများကြီးကို ချိတ်ဆက်ထားပြီးပါပြီ၊၊ တိတ်ဆိတ်မြို့တော်ရဲ့ တပ်ဆင်မှုတွေလည်း အသင့်ရှိနေပါတယ်၊၊ အမှောင်တိုက်စားခြင်း ဆဲလ်တွေကလည်း သက်ဝင်လှုပ်ရှားနေဆဲပါ။ လင်းရှန် ကောင်းကင်မျက်နှာကြက်ကို ဖောက်ထွက်ပြီး ဒေတာတွေ ပေးပို့တာနဲ့ အမှောင်စွမ်းအင်မျှော်စင်ကို ချက်ချင်း စတင်လည်ပတ်နိုင်မှာ ဖြစ်ပါတယ်”