ကျောင်းတျန်းဒဲလည်း အကွက်မြင်ပေသည်။ လင်းရန်ကို ရှယ်ယာ ၅ ရာခိုင်နှုန်း ပေးလိုက်ချိန်တွင် စတော့ရှယ်ယာက ၆ ယွမ်မှ ၃၆ ယွမ်သို့ ထိုးတက်သွား၏။ ၅၁ ရာခိုင်နှုန်း ထပ်ပေးလိုက်သောအခါ ၄၈၈ ယွမ်အထိ မိုးပျံသွားတော့သည်။
ကျောင်းမိသားစု ဆေးဝါးလုပ်ငန်းစု၏ လက်ရှိစျေးကွက်တန်ဖိုး ယွမ် ၈၀၀ ဘီလီယံအရဆိုလျှင် သူ့လက်ထဲတွင် ရှယ်ယာ ၄၀ ရာခိုင်နှုန်းသာ ကျန်တော့သော်လည်း ယွမ် ၃၂၀ ဘီလီယံ တန်ကြေးရှိနေဆဲဖြစ်ရာ သူ၏ ကြွယ်ဝမှုက အဆ ၃၀ ကျော် တက်သွားခဲ့ပြီ ဖြစ်၏။
လင်းရန်ကို ပေးလေလေ သူ့တန်ဖိုးက တက်လေလေပင်တည်း။
ထို့ကြောင့် သမီးနှစ်ယောက်အပေါ် သူ အလွန်ကျေးဇူးတင်နေမိသည်။ သမီးကြီး ကျောင်းမိန်ဖုန်းက လင်းရန်ကို ယူရန် ဆုံးဖြတ်ခဲ့ပြီး သမီးငယ် ကျောင်းမိန်နာက ရှယ်ယာ ၅ ရာခိုင်နှုန်း ပေးရန် ဖိအားပေးခဲ့၍သာ သူ ဤမျှ ချမ်းသာလာရခြင်း ဖြစ်၏။
စတော့ရှယ်ယာများ ဤမျှ ထိုးတက်သွားရခြင်းမှာ လင်းရန်၏ အံ့မခန်းစွမ်းရည်၊ သြဇာလွှမ်းမိုးမှုနှင့် ရှုံးနိမ့်ခြင်းကင်းသော ဂန္ထဝင်ဂုဏ်ပုဒ်များကြောင့်မှန်း ကျောင်းတျန်းဒဲ ကောင်းစွာ သိပေသည်။
ဆယ်စုနှစ်များစွာ ပင်ပန်းခံခဲ့ရမှ ဘီလီယံ ၂၀ သာ စုဆောင်းနိုင်ခဲ့ပြီး လုပ်ငန်းချဲ့ထွင်ရန်အတွက် အချစ်ရဆုံးသမီးကြီးကိုပင် စွန်းမိသားစုထံ ရှယ်ယာ ၄၉ ရာခိုင်နှုန်းဖြင့် ရောင်းစားလုနီးပါး ဖြစ်ခဲ့ရသည်။ ဘာအတွက်နည်း။ ငွေပိုရရန် မဟုတ်ပါလော။
သို့သော် သူ၏ တစ်သက်တာ ကြိုးစားမှုက ရွေးချယ်မှုမှန်တစ်ခုလောက်ပင် အရာမထင်ခဲ့ချေ။ လအနည်းငယ်အတွင်း သူ၏ ပိုင်ဆိုင်မှုက အဆပေါင်းများစွာ တိုးလာခဲ့၏။
ထိုအချက်ကို သဘောပေါက်သွားချိန်တွင် ပြိုင်ဘက်ကင်း ပညာရှင်တစ်ဦးရှေ့၌ သူ၏ ကြိုးစားမှုများက အချည်းနှီးသာဖြစ်ကြောင်း သိလိုက်ရပြီး စီးပွားရေးအပေါ် စိတ်ဝင်စားမှု လုံးဝ ပျောက်ဆုံးသွားတော့သည်။
အစွမ်းထက် ကျင့်ကြံသူဖြစ်လာသည့် သမီးကြီး ပြန်ရောက်လာချိန်တွင် သူက ရှယ်ယာများကို ဖက်တွယ်ထားပြီး ဘာလုပ်မည်နည်း။ စတော့တက်တာကို ကြည့်ပြီး အရူးတစ်ယောက်လို ပြုံးနေရုံသာ ရှိတော့မည်။ ဤမျှချမ်းသာနေချိန်တွင် ဂဏန်းများ အတက်အကျက ကစားပွဲတစ်ခုမျှသာ ဖြစ်ပေသည်။
ထို့ကြောင့် လင်းရန်မှ သမီးကြီးကို ကယ်တင်လာမည့်နေ့ကို စောင့်ကာ ပိုင်ဆိုင်မှုများကို သမီးနှစ်ယောက်ထံ တန်းတူခွဲဝေပေးပြီး စီးပွားရေးအားလုံးကို ကျောင်းမိန်ဖုန်းထံ လွှဲအပ်ရန် ဆုံးဖြတ်ထားခဲ့သည်။
အသက် ၅၀ အရွယ် ဖခင်တစ်ယောက်အနေဖြင့် မိသားစုကသာ အရေးအကြီးဆုံးဖြစ်ကြောင်း သူ သဘောပေါက်သွား၏။ သူ၏ ပိုင်ဆိုင်မှုက သမီးများအတွက် ဖြစ်သလို သမီးများ၏ ပိုင်ဆိုင်မှုကလည်း သူ့အတွက်ပင်။ သူ ငွေလိုလျှင် သမီးများက ငြင်းဆန်မည် မဟုတ်ချေ။
သမီးကြီးကို ရှယ်ယာ ၂၀ ရာခိုင်နှုန်း လက်ဖွဲ့ပေးလျှင်တောင် သမီးငယ်လက်ထဲတွင် ဘီလီယံ ၁၆၀ တန်သော ၂၀ ရာခိုင်နှုန်း ကျန်နေဦးမည်ဖြစ်ရာ သူ အလွန်ကျေနပ်နေပြီ ဖြစ်၏။
လင်းရန် ငြင်းဆန်ရခြင်းမှာ ပိုင်ဆိုင်မှုများကို မမက်မော၍မှန်း ကျောင်းမိန်ဖုန်း သိပေသည်။ ဤကြွယ်ဝမှုများကို သူမအတွက်သာ လင်းရန် ချန်ထားပေးလိုခြင်း ဖြစ်၏။
ယခုအခါ ကျောင်းမိန်ဖုန်းသည် ချီသန့်စင်ခြင်း အဆင့် ၃ အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်ရာ သူမ၏ အနာဂတ်မှာ ကျင့်ကြံခြင်းလမ်းစဥ်သာ ဖြစ်ပေမည်။ ထို့ကြောင့် ကြီးမားလှသော စီးပွားရေးကို သူမ စီမံနိုင်မည်မဟုတ်ဘဲ ယုံကြည်ရသူထံ လွှဲအပ်ရမည် ဖြစ်၏။
မည်သူ့ကို အယုံကြည်ရဆုံးလဲ။ မည်သည့်ကုမ္ပဏီက တန်ဖိုးအမြန်ဆုံး တက်မည်နည်း။ လင်းရန်နှင့် လင်းရန်အုပ်စ သာ ဖြစ်ပေမည်။ သူမက လင်းရန်၏ မိန်းမဖြစ်ရာ လင်းရန်က သူမကို ငွေပြတ်လပ်စေမည် မဟုတ်ချေ။
ကျောင်းမိန်ဖုန်း၏ လိမ္မာပါးနပ်သော အကြံအစည်ကို လင်းရန် ချက်ချင်း ရိပ်မိပြီး သဘောကျသွား၏။ တစ်ချိန်တည်းမှာပင် သူမကို အသစ်ပြန်လည် သိကျွမ်းရန် လိုအပ်နေသေးကြောင်း သဘောပေါက်သွားသည်။
တကယ်တမ်း သူတို့နှစ်ဦး ချင်းရွှေမြို့ ၌ တွေ့ဆုံချိန်မှစ၍ မိစ္ဆာနိုမ်နင်း အစည်းအဝေးအထိ အတူရှိခဲ့သော အချိန်မှာ ၁၅ ရက်ပင် မပြည့်ချေ။ ကောင်းကင်အက်ကြောင်းထဲ မဆင်းမီဆိုလျှင် တစ်ပတ်ခန့်သာ ရှိသေးသည်။ ထိုအချိန်တိုလေးအတွင်း လူတစ်ယောက်အကြောင်း ဘယ်လောက် သိနိုင်မည်နည်း။ ထို့အပြင် လင်းရန်က နေ့စဥ် ကျင့်ကြံနေရသဖြင့် သီးသန့်စကားပြောချိန်ပင် မရှိသလောက်ပင်။
လင်းမိသားစုသည် ယခုအခါ လုံလောက်အောင် ချမ်းသာနေပြီဖြစ်ရာ ကျောင်းမိန်ဖုန်း၏ ရှယ်ယာ ၂၀ ရာခိုင်နှုန်းကို မလိုချင်ခဲ့ပေ။ ကျောင်းတျန်းဒဲထံမှ ရထားသည်များပင် လွန်စွာများပြားနေပြီ ဖြစ်၏။ သို့သော် သူတို့က ခွဲခြား၍မရတော့သဖြင့် မိန်းမဖြစ်သူ သဘောအတိုင်းသာ လင်းရန် လွှတ်ထားလိုက်တော့သည်။
သို့တိုင် လင်းရန်ကို အံ့အားသင့်စေသည်မှာ ကျောင်းမိန်ဖုန်း၏ စီးပွားရေး ပါရမီပင်။ ကျောင်းတျန်းဒဲသည် အမှားလုပ်မိလုနီးပါး ဖြစ်ခဲ့သော်လည်း သမီးကောင်း တစ်ယောက်ကို ပြုစုပျိုးထောင်နိုင်ခဲ့ပေသည်။
လင်းရန်၏ ဘဏ်အကောင့်နှင့် စတော့အကောင့်များကို ကျောင်းမိန်ဖုန်းကသာ ကူညီဖွင့်ပေးခဲ့ခြင်း ဖြစ်သည်။ သူတို့နှစ်ဦး စီးပွားရေး အင်ပါယာတည်ဆောက်ရန် ရည်ရွယ်ခဲ့သော်လည်း ကောင်းကင်အက်ကြောင်းကြောင့် အရာအားလုံး ရပ်တန့်သွားခဲ့ရ၏။ ထို့ကြောင့် ထန်မန်းကို လွှဲအပ်ခဲ့ရသည်။ ထန်မန်းသည် ပါရမီရှိသော်လည်း အထက်တန်းအဆင့်သာ ရှိပြီး ပရော်ဖက်ရှင်နယ် အသိပညာ ကင်းမဲ့နေသေးသည်။
ယခု ကျောင်းမိန်ဖုန်း ပြန်ရောက်လာပြီဖြစ်ရာ လင်းရန် အနေဖြင့် သူမကို စီးပွားရေး အင်ပါယာတစ်ခု ပေးအပ်နိုင်ပြီ ဖြစ်၏။
"ဟွန့်... ကိုယ်လူတောင် မင်းလူ ဖြစ်နေပြီပဲ... ဘာတွေများ အကြံအစည် ရှိနေသေးလို့လဲ..." ကျောင်းမိန်ဖုန်းက ပြုံးကာ ပြောလိုက်သည်။ "လွန်ခဲ့တဲ့ နှစ်ရက်ကတည်းက ထန်မန်း မမဆီ ဖုန်းအကြိမ်ကြိမ် ဆက်နေတာ..."
"အိုး... တကယ်လား..." လင်းရန် အံ့အားသင့်သွား၏။ ထန်မန်းက ဤကိစ္စတွင် သူ့ထက်ပင် မြန်နေသေးသည်။
လင်းရန်က ပြုံးကာ မေးလိုက်သည်။ "အဲကောင်က မင်းကို ဘာပြောလို့လဲ..."
"ဘာပြောရမှာလဲ... မင်းလှည့်စားတာခံရပြီး အခု အနားမရဘဲ အလုပ်လုပ်နေရတယ်ဆိုပြီး ညည်းနေတာလေ... လင်းရန်အုပ်စုရဲ့ ဥက္ကဋ္ဌ နေရာကို ပေးချင်လို့ မမကို အပြင်ထွက်ခဲ့ဖို့ တောင်းပန်နေတာ..."
"ဟား ဟား ဟား..." လင်းရန် အော်ရယ်လိုက်မိသည်။ "အဲကောင်က ပိုက်ဆံဆို အရမ်းမက်တာလေ... သူပဲ ငါ့ကို ကုမ္ပဏီထောင်ဖို့ အတင်းလုပ်ခိုင်းခဲ့တာ... အခုတော့ ခံရပြီ မဟုတ်လား..."
ကျောင်းမိန်ဖုန်းက မျက်စောင်းထိုးလိုက်၏။ "ရှင်က တကယ်ပဲ... အဲဒီလောက် ကြီးမားတဲ့ လုပ်ငန်းစုကြီးကို ထန်မန်းလို ကောင်မျိုးလက်ထဲ အပ်ထားရဲတယ်... လက်ရှိ မင်းလုပ်ငန်းစုက ဘယ်လောက် တန်ကြေးရှိနေပြီလဲ ရှင် သိရဲ့လား..."
လင်းရန် တကယ်မသိသဖြင့် မေးလိုက်သည်။ "ဘယ်လောက်လဲ..."
ကျောင်းမိန်ဖုန်းသည် စာရင်းစစ်ပညာဖြင့် တွက်ချက်ကာ လေးနက်စွာ ပြောလိုက်၏။ "တခြားဟာတွေ ထားလိုက်ဦး... လင်ကျန်းမြို့သစ်က မင်း မြေဧက ၁၆၀၀ ကျော်ရဲ့ အနာဂတ် တန်ဖိုးကတင် ထရီလီယံ ကျော်ရုံထက် မနည်းဘူး... ကျောင်းဆေးဝါးလုပ်ငန်းရဲ့ ၈၀၀ ဘီလီယံကိုပါ ထည့်တွက်ရင် မင်း လင်းရန်အုပ်စုက အနည်းဆုံး ၂ ထရီလီယံလောက် တန်နေပြီ..."
လင်းရန် ဆွံ့အသွား၏။
ကျောင်းမိန်ဖုန်း ခပ်ဟဟသာ ရယ်မောလိုက်သည်။ "ယောကျ်ား... အပေါ်ယံ ပိုင်ဆိုင်မှုတွေအရ မင်း လင်းရန်အုပ်စု တစ်ခုတည်းကတင် ဟွာရှစက်မှုနဲ့ ကူးသန်းရောင်းဝယ်ရေး ဘဏ် (ICBC) နီးပါးလောက် တန်နေပြီ သိလား..."
အခန်း ၁၅၈၈ ပြီး