တရုတ်စက်မှုနဲ့ ကူးသန်းရောင်းဝယ်ရေး ဘဏ် (ICBC)သည် တရုတ်ပြည်တွင် "ကမ္ဘာ့နံပါတ်တစ် ဘဏ်" ဟု တင်စားကြသော အင်အားကြီး လုပ်ငန်းတစ်ခု ဖြစ်၏။ စတော့စျေးကွက် ကျဆင်းနေချိန်တွင်ပင် ၎င်း၏ စျေးကွက်တန်ဖိုးက ယွမ် ၂ ထရီလီယံအထိ ရှိနေပေသည်။
"လင်းရန်အုပ်စုက ICBC နဲ့ ညီမျှတယ်... သိပ်မများပါဘူး... ပြီးတော့ အဲဒါက ခန့်မှန်းတန်ဖိုးပဲ ရှိသေးတာ..."
လင်းရန်သည် စတော့စျေးကွက်ကို စိတ်မဝင်စားချေ။ ၂ ထရီလီယံဆိုသည်မှာ သူ့အတွက် ဘာမှမဟုတ်ပေ။ သိုလှောင်လက်စွပ် အသေးစား တစ်ကွင်းလျှင်ပင် ဘီလီယံ တစ်ရာ တန်နေပြီ မဟုတ်ပါလော။
"ခန့်မှန်းတန်ဖိုးကို အထင်မသေးပါနဲ့... တချို့အချိန်တွေမှာ ခန့်မှန်းတန်ဖိုးက အစစ်အမှန် စျေးကွက်တန်ဖိုးထက် ပိုအဖိုးတန်တယ်... အမှန်က ရင်းနှီးမြှုပ်နှံမှုတွေ အများကြီးကို ဆွဲဆောင်နိုင်လို့ပဲ..."
"လင်းရန်အုပ်စု တန်ဖိုးရှိနေတာက ရှင် တစ်ယောက်တည်းကြောင့်ပဲ... မင်းကြောင့်သာ ဒီတန်ကြေး ရှိနေတာ... ရှင်သာ ဆက်ပြီး မားမားမတ်မတ် ရပ်တည်နိုင်ရင် အနာဂတ်မှာ လင်းရန်အုပ်စုက ICBC တစ်ရာထက်တောင် ပိုတန်ဖိုးရှိလာဦးမှာ..."
ကျောင်းမိန်ဖုန်းသည် လင်းရန်၏ တန်ဖိုးကို သေချာနားလည်ထားသဖြင့် အလွန်လေးနက်စွာ ပြောလိုက်ခြင်း ဖြစ်၏။
လင်းရန်သည် သေသူကို ရှင်စေနိုင်၏။ အဆင့်ခုနစ် ကုသခြင်း အဆောင်၊ ရုပ်ပျိုဆေးလုံး ၊ အလှအပဆေးလုံး နှင့် သိုလှောင်လက်စွပ်များသည် မည်မျှ တန်ကြေးရှိသနည်း။ သေချာပေါက် ထိုသို့ ယှဥ်တွဲနှိုင်းယှဥ်၍ မရပေ။ သို့သော် လင်းရန်၏ သိုလှောင်လက်စွပ်ထဲရှိ ရတနာများကို ငွေသားအဖြစ် ပြောင်းလိုက်လျှင် ICBC တစ်ရာစာမျှ တန်ဖိုးရှိပေလိမ့်မည်။
"ဒီလောက်ကြီးတဲ့ စီးပွားရေး အင်ပါယာကြီးကို ထန်မန်း တစ်ယောက်တည်းကို စီမံခိုင်းထားတာ ကလေးကစားစရာ သက်သက်ပဲ..."
ကျောင်းမိန်ဖုန်းက ပြုံးကာ ဆက်ပြော၏။ "သူ့ကို အရည်အချင်းမရှိဘူးလို့ ပြောတာ မဟုတ်ပါဘူး... သူ့ပါရမီကြောင့် အခုထိ အဆင်ပြေနေတာက အံ့ဖွယ်ပဲ... ဒါပေမဲ့ သူက အသက် ၁၈ နှစ် အထက်တန်းအဆင့်ပဲ ရှိသေးတယ်လေ... ပရော်ဖက်ရှင်နယ် အသိပညာ မရှိဘဲ သူ့ဉာဏ်လေးနဲ့ပဲ ရပ်တည်နေရတာဆိုတော့ နည်းနည်းတော့ လွန်နေပြီ..."
"အိုး..."
လင်းရန် စိတ်ဝင်တစား ပြုံးလိုက်၏။ "မိန်းမ ပြောပုံအရဆို မင်းက တောင်ပေါ်က ဆင်းချင်နေတာပေါ့လေ..."
"မင်း သဘောတူရင် အားတဲ့အချိန်မှာ လင်းရန်အုပ်စုကို မမ စီမံပေးနိုင်ပါတယ်... အခု မမမှာ နတ်ဘုရားအာရုံ ရှိနေပြီဆိုတော့ တွက်ချက်မှုနဲ့ မှတ်ဉာဏ်ပိုင်းမှာ အများကြီး ပိုအားကောင်းနေပြီလေ..."
ကျောင်းမိန်ဖုန်းသည် အလွန်နှိမ့်ချပြောဆိုနေခြင်း ဖြစ်၏။ နိုင်ငံတကာ အသိအမှတ်ပြု CPAနှင့် စာရင်းစစ် လက်မှတ်ရှိပြီး နတ်ဘုရားအာရုံ ပါ ပိုင်ဆိုင်ထားသူမို့ ကုမ္ပဏီစာရင်းများကို တစ်ချက်ကြည့်ရုံဖြင့် ကောက်ချက်ချနိုင်စွမ်း ရှိပေသည်။
လင်းရန်အုပ်စုကို ကိုင်တွယ်ရန် သူမထက် သင့်တော်သူ မရှိတော့ချေ။ ယခုအခါ သူမသည် ကျင့်ကြံခြင်းပိုင်းတွင် မိစ္ဆာဂိုဏ်း၏ သူတော်စင်မ၊ ယင်ချင်းရွှမ်၏ တပည့်ရင်း ရီရှင်းချန်ကို မယှဥ်နိုင်မှန်း သိထား၏။ ထို့ကြောင့် လင်းရန်၏ အမျိုးသမီးအနေဖြင့် သူမ၏ တန်ဖိုးကို စီးပွားရေးနယ်ပယ်၌ အပြည့်အဝ ပြသလိုခြင်း ဖြစ်ပေသည်။
သို့တိုင် လင်းရန် ဟန်ဆောင်ဒေါသထွက်ကာ ပြောလိုက်၏။ "ကိုယ် ယုံကြည်ရင် ဟုတ်လား... မင်းကို ကိုယ်က မယုံစရာ ဘာရှိလို့လဲ... ဒါနဲ့ ထန်မန်းကို ဘယ်လို ပြန်ပြောလိုက်လဲ..."
"အရာအားလုံးက မင်းရဲ့ သဘောပဲလို့ ပြောလိုက်တယ်..."
"ခွင့်ပြုတယ်..."
ကျောင်းမိန်ဖုန်း စိတ်ပြောင်းသွားမည် စိုးသဖြင့် လင်းရန် တစ်စက္ကန့်မျှ အချိန်မဆွဲဘဲ ချက်ချင်း ဆုံးဖြတ်လိုက်လေသည်။
ထို့နောက် လင်းရန်က သူမကို ပွေ့ချီကာ ဆိုဖာပေါ် ထိုင်လိုက်၏။ အခွင့်အရေးယူရင်း သူက ပြုံးကာ မေးလိုက်သည်။ "မိန်းမ... ဥက္ကဋ္ဌ လုပ်ချင်တာလား စီအီးအို လုပ်ချင်တာလား..."
"ဒီလို လာမထိနဲ့..." သူမက ရှက်သွေးဖြာစွာဖြင့် လင်းရန် လက်များကို ဖယ်ရှားလိုက်၏။ "လင်းရန်အုပ်စုရဲ့ ဥက္ကဋ္ဌ နေရာက မင်း အတွက်ပဲ... ထန်မန်းက ဥက္ကဋ္ဌ နေရာကို စွန့်လွှတ်ပြီး မမကို တာဝန်ယူစေချင်တာ..."
"သောက်ကျိုးနည်း... ဒီကောင်က အလုပ်ဝင်တာ တစ်လပဲ ရှိသေးတယ် ထွက်ချင်နေပြီလား... မင်းက ဥက္ကဋ္ဌ လုပ်တော့ သူက ဘာလုပ်မလို့လဲ..."
လင်းရန်၏ ဒေါသက ဟန်ဆောင်မှုသာ ဖြစ်၏။ သူသည် အမျိုးသမီး တစ်ဦးအတွက် ညီအစ်ကိုကို ပစ်ပယ်မည့်သူ မဟုတ်ချေ။
ကျောင်းမိန်ဖုန်းက ပြုံးကာ ရှင်းပြ၏။ "ထန်မန်းက မင်းကို စွန့်ပစ်တာ မဟုတ်ပါဘူး... သူက လုပ်ငန်းစုရဲ့ အုပ်ချုပ်ရေးနဲ့ ပြင်ပဆက်သွယ်ရေးကို တာဝန်ယူတဲ့ စီအီးအို လုပ်ချင်တာတဲ့... ဒါက သူ အကျွမ်းကျင်ဆုံးပဲလေ... ဘယ်လိုထင်လဲ..."
"ဟေး..."
လင်းရန် အံ့အားသင့်သွားပြီး ခပ်တိုးတိုး ရေရွတ်လိုက်၏။ "သောက်ကျိုးနည်း... ဒီကောင်က သူ့အတွက် အလုပ်ရှာတတ်သားပဲ..."
လုပ်ငန်းစုအတွင်း အာဏာကိုင်စွဲပြီး အပြင်က အကောင်ကြီးကြီးများနှင့် အချိတ်အဆက်လုပ်ရမည့် ထိုနေရာမှာ ထန်မန်းနှင့် အသင့်တော်ဆုံးပင်။ သို့သော် ဤကဲ့သို့ တိကျစွာ ရွေးချယ်နိုင်သည်မှာ ဦးလေးဖြစ်သူ လင်းရှောင်၏ လမ်းညွှန်မှုကြောင့်မှန်း လင်းရန် သိပေသည်။
"မင်းက ဥက္ကဋ္ဌ လုပ်... ထန်မန်းက စီအီးအို လုပ်... ပြီးပြည့်စုံတယ်... ဒါဆို ဆုံးဖြတ်ပြီးပြီ..."
လင်းရန်က ခေါင်းငုံ့ကာ သူမ၏ ရင်သားများပေါ် လက်တင်ပြီး ပြုံးလိုက်၏။ "အခုကစပြီး မင်း ကြိုးစားရတော့မယ်... ငါ့ရဲ့ လှပတဲ့ စီအီးအို ဇနီးလေး..."
"သွားစမ်းပါ..."
ကျောင်းမိန်ဖုန်း မျက်နှာရဲသွားပြီး လေးနက်စွာ ပြောလိုက်၏။ "ဒါက ပင်ပန်းတဲ့ အလုပ်မှ မဟုတ်တာ... နောက်နှစ်နှစ်အတွင်းမှာ ရှင်ဝယ်ထားတဲ့ အလတ်စားနဲ့ အသေးစား လုပ်ငန်းတွေကို ပေါင်းစည်းမယ်... သီးခြား စာရင်းဝင် ကုမ္ပဏီတွေ ဖြစ်လာအောင်လုပ်ပြီး တစ်နိုင်ငံလုံးနဲ့ နိုင်ငံခြားအထိ စီးပွားရေး ချဲ့ထွင်မယ်..."
"ထန်မန်းလည်း ပိုအလုပ်များလာမှာပါ... သူက ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီ ၅၀၀ နဲ့ ပူးပေါင်းဖို့ ညှိနှိုင်းရလိမ့်မယ်... နောက်နှစ်အနည်းငယ်ကြာလို့ လုပ်ငန်းတွေ လမ်းကြောင်းမှန်ပေါ် ရောက်သွားပြီး သူပိုရင့်ကျက်လာရင် ထန်မန်းဆီ ဥက္ကဋ္ဌ နေရာ ပြန်လွှဲပေးမယ်..."
လင်းရန် ခေါင်းတစ်ဆက်ဆက် ညိတ်လိုက်၏။ ကျောင်းမိန်ဖုန်း၏ မဟာဗျူဟာမှာ အပြစ်ပြောစရာ မရှိအောင် ပြည့်စုံလွန်းနေ၏။ သို့သော် ဤကိစ္စလေးများလောက်နှင့်တော့ သူမ၏ အရည်အချင်းကို ဖြုန်းတီးရာ ကျပေလိမ့်မည်။
"မိန်းမ... မင်းရဲ့ မဟာဗျူဟာတွေက ပြီးပြည့်စုံပါတယ်... ဒါပေမဲ့ လုံးဝ မလုံလောက်သေးဘူး..."
"ဟင်..." ကျောင်းမိန်ဖုန်း အံ့အားသင့်သွား၏။
လင်းရန်က ရယ်မောလိုက်သည်။ "မိန်းမ... မင်းယောက်ျားရဲ့ တခြား ကိုယ်ပိုင် အမှတ်အသား တစ်ခုကို မေ့နေပြီလား... ကိုယ်က လင်းရန်အုပ်စုရဲ့ ဥက္ကဋ္ဌ တင်မကဘူး... လင်းမိသားစုရဲ့ ခေါင်းဆောင်လည်း ဖြစ်တယ်လေ..."
လင်းရန်အုပ်စုသည် လှေငယ်လေးသာ ဖြစ်ပြီး လင်းမိသားစု၏ ပိုင်ဆိုင်မှုများက လေယာဥ်တင် သင်္ဘောအုပ်စုကြီး တစ်ခုပင် ဖြစ်ချေသည်။
"လင်းမိသားစုရဲ့ ခေါင်းဆောင်..." ကျောင်းမိန်ဖုန်း တွေဝေသွား၏။
"မင်းမိသားစုကို အနိုင်ကျင့်ခဲ့တဲ့ စွန်းမိသားစု နဲ့ မြို့တော်က ချန်မိသားစု ကိုပါ ကိုယ် အမြစ်ဖြတ် ချေမှုန်းပစ်ခဲ့ပြီ..."
"အဲဒီ မိသားစုနှစ်ခု ပိုင်ဆိုင်ခဲ့တဲ့ လုပ်ငန်းတွေ အားလုံးက အခု လင်းမိသားစု ပိုင်ဖြစ်သွားပြီ... အဲဒီအရွယ်အစားနဲ့ ယှဥ်ရင် လင်းရန်အုပ်စုက သေးသေးလေးပဲ..."
လင်းရန်၏ မျက်လုံးများ လင်းလက်သွား၏။ "ငါတို့ လင်းမိသားစုက အခုမှ စတင် တက်လှမ်းလာတာ... ဒီလောက် လုပ်ငန်းကြီးတွေကို ကိုယ်တို့ချည်းပဲ အကုန် လက်ခံနိုင်မှာ မဟုတ်ဘူး... ဒါကြောင့် လင်းရန်အုပ်စုကို သုံးပြီး အဲဒီ လုပ်ငန်းတွေကို အမြန်ဆုံး လွှဲပြောင်း ပေါင်းစည်းနိုင်ဖို့ ကိုယ့်ဦးလေးကို မင်း ကူညီရလိမ့်မယ်... အဲဒီ မိသားစု နှစ်ခုက စာရင်းဝင် ကုမ္ပဏီ ဒါဇင်ပေါင်းများစွာကို ပိုင်ထားတာလေ..."
လင်းရန်က စွန်းနှင့်ချန် မဟာမိတ်အဖွဲ့ကို ချေမှုန်းခဲ့သည်မှာ ၂၄ ရက်သာ ရှိသေး၏။ မြွေတစ်ကောင်က ဆင်ကို မျိုချရန် လွယ်သော်လည်း အစာချေဖျက်ရန်ကား ခက်ခဲလှပေသည်။
"ဟင်..."
ကျောင်းမိန်ဖုန်း လုံးဝ အံ့အားသင့်သွားပြီး ဦးနှောက်များ အူသွားတော့သည်။ လင်းရန် ပေးမည့် အလုပ်မှာ သူမထင်ထားသည်ထက် များစွာ ကြီးမားနေခဲ့၏။
သူမ ချက်ချင်း မတ်မတ် ထိုင်လိုက်ကာ ဒေါသတကြီး အော်လိုက်သည်။ "စိတ်လေတယ်... အဲဒီ ထန်မန်းက ငါ့ကို လှည့်စားရဲတယ်ပေါ့လေ..."
"ဟဲဟဲ... အရည်အချင်းရှိသူကို နေရာပေးရမယ်တဲ့လေ..." လင်းရန် ယုံကြည်မှု အပြည့်ဖြင့် ရယ်မောလိုက်၏။ "မကြာခင် ကိုယ့်ဦးလေး မင်းကို လာတွေ့လိမ့်မယ်... ကိုယ်ရဲ့ လှပတဲ့ စီအီးအို ဇနီးလေး... အကောင်းဆုံးသာ ကြိုးစားပါ... ကိုယ် သေချာပေါက် မင်းကို အားပေးနေမယ်..."
"ဘာ... ရှင် ပြောတာက မင်းဦးလေးက မမကို လာတွေ့မယ်ဆိုတဲ့ သဘောလား..."
ရုတ်တရက် လင်းရန်ထံမှ ဤစကားကို ကြားလိုက်ရသောအခါ ကျောင်းမိန်ဖုန်း၏ ရင်ခုန်သံများ မြန်လာပြီး စိတ်လှုပ်ရှားလာတော့သည်။
သူမ ဘယ်လိုလုပ် မစိုးရိမ်ဘဲ နေနိုင်မည်နည်း။ ဤကိစ္စ၏ အရေးပါမှုက အလွန်ကြီးမားလွန်းနေသည် မဟုတ်ပါလော။
"စကားပြောတာ ဆင်ခြင်ဦး..."
လင်းရန် ပြုံးကာ အရင်ဆုံး ပြင်ပေးလိုက်၏။ "ကိုယ့်ဦးလေး မဟုတ်ဘူး... ကိုယ်တို့ဦးလေး..."
"အခု လင်းမိသားစုက အရေးပေါ် ပြန်လည်တည်ဆောက်ဖို့ လိုအပ်နေတာလေ... လင်းမိသားစုရဲ့ ခေါင်းဆောင်အနေနဲ့ ကိုယ်က ဘာကိုမှ ဂရုမစိုက်ဘဲ အလုပ်တွေကို လွှဲထားတဲ့သူဆိုတော့ လင်းမိသားစုရဲ့ လောကီရေးရာ အကြီးအသေး အားလုံးက ကိုယ့်ဦးလေးရဲ့ ပခုံးပေါ် ကျရောက်သွားတာပေါ့... သူက အခု လင်းမိသားစုကို တာဝန်ယူထားပြီး နေ့တိုင်း အရမ်းအလုပ်များနေတာ... အခုချိန်မှာ သူက အရည်အချင်းရှိတဲ့ သူတွေကို တကယ် လိုအပ်နေတာလေ..."
"ကိုယ့်ခန့်မှန်းချက်အရဆို ကိုယ့်ဦးလေးက မင်းကို ဆက်သွယ်မလာသေးပေမဲ့ အဲဒီ ထန်မန်း ကောင်လေးက သူ့ဘေးမှာ အမြဲရှိနေတာပဲ... လွန်ခဲ့တဲ့ နှစ်ရက်အတွင်း ထန်မန်းက မင်းကို အကြိမ်ကြိမ် ဆက်သွယ်ပြီး လင်းရန်အုပ်စုရဲ့ ဥက္ကဋ္ဌ နေရာကိုတောင် လွှဲပေးဖို့ ကမ်းလှမ်းခဲ့တာ အားလုံး ကိုယ့်ဦးလေးရဲ့ အစီအစဥ်ပဲ ဖြစ်ရမယ်... ဒါကြောင့် မင်း လင်းရန်အုပ်စုရဲ့ ဥက္ကဋ္ဌ နေရာကို တာဝန်ယူလိုက်တာနဲ့ ကိုယ့်ဦးလေးက မင်းနဲ့ အရေးကြီးကိစ္စတွေ ဆွေးနွေးဖို့ ကိုယ်တိုင်ကိုယ်ကျ သေချာပေါက် လာတွေ့လိမ့်မယ်..."
လင်းရန် အရာအားလုံးကို ကောင်းစွာ နားလည်သဘောပေါက်ထားပေသည်။ ဤသည်မှာ အမှန်ဖြစ်ကြောင်း သေချာနေသောကြောင့် ထန်မန်း သို့မဟုတ် လင်းရှောင်ထံ ဖုန်းဆက်မေးမြန်းနေရန်ပင် မလိုတော့ချေ။
လင်းရှောင်သည် လင်းမိသားစု၏ မဟာဗျူဟာမှူး ဖြစ်ပြီး မိသားစုတွင်း ပြင်ပ ကိစ္စအဝဝကို တာဝန်ယူထားသူ ဖြစ်၏။ သေချာပေါက် သူသည် လင်းရန်၏ အခြေအနေကို အချိန်ပြည့် စောင့်ကြည့်နေပေမည်။ ထန်မန်း ရှိနေသရွေ့ လင်းရန် ချင်းရွှေမြို့တွင် တွေ့ဆုံခဲ့ဖူးသူ မည်သူမျှ လင်းရှောင်၏ စောင့်ကြည့်မှုမှ လွတ်ကင်းနိုင်မည် မဟုတ်ချေ။
ယခုဆိုလျှင် မိစ္ဆာနိုမ်နင်း အစည်းအဝေး ပြီးဆုံးသွားသည်မှာ လေးရက်ရှိပြီဖြစ်ရာ လင်းရှောင်သည် ညီလာခံအတွင်း ဖြစ်ပျက်ခဲ့သမျှကို သဘာဝကျစွာပင် သိရှိနေပြီ ဖြစ်၏။ လင်းရန်မှ ကျောင်းမိန်ဖုန်းကို ကယ်တင်ခဲ့ကြောင်းကိုလည်း သူ သေချာပေါက် သိပေလိမ့်မည်။
ကျောင်းမိန်ဖုန်းသည် မိစ္ဆာနိုမ်နင်း အစည်းအဝေး၏ အဓိက အာရုံစိုက်ခံရသူများထဲမှ တစ်ဦးဖြစ်သောကြောင့် လင်းရှောင်ကလည်း သူမကို သဘာဝကျစွာ အထူးဂရုစိုက်ခဲ့ပေသည်။ ကျောင်းမိန်ဖုန်း၏ အကြောင်းကို အပြည့်အဝ လေ့လာသိရှိရန်မှာ သူ့အတွက် အလွန်လွယ်ကူလှပြီး သူမ၏ ပညာရေး နောက်ခံကို သိရှိသွားချိန်တွင် သူ မည်သို့များ စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။
ကျောင်းမိန်ဖုန်းကို ချင်းရွှေမြို့ရှိ လင်းရန်အုပ်စုအား တာဝန်ယူခိုင်းပြီး ထန်မန်းကို မြို့တော် ဗဟိုပြုကာ တစ်နိုင်ငံလုံး အနှံ့ လှည့်လည်သွားလာနိုင်ရန် လွှတ်ပေးလိုက်ခြင်းက သူတို့နှစ်ဦးစလုံး နှစ်သက်ပြီး အသင့်တော်ဆုံး အလုပ်များကို လုပ်ဆောင်စေနိုင်သောကြောင့် အကောင်းဆုံး အစီအစဥ်ပင်။
လင်းရန်သည် ယခုအခါ လင်းရှောင်၏ အကြောင်းကို ကောင်းစွာ နားလည်ထားပြီး သူမည်မျှ လိမ္မာပါးနပ်ကာ ဉာဏ်ရည်ပြည့်ဝကြောင်း သိရှိထားသောကြောင့် လင်းရှောင် ကသာ ဤအရာအားလုံး၏ နောက်ကွယ်မှ ကြိုးကိုင်သူ ဖြစ်ကြောင်း ချက်ချင်း ခန့်မှန်းမိခဲ့ခြင်း ဖြစ်၏။
အမှန်တကယ်လည်း ထိုအတိုင်းပင်။
လင်းရှောင် ကိုယ်တိုင် ထွက်မလာသေးခြင်းမှာ ပထမအချက်အနေဖြင့် သူသည် လင်းမိသားစု၏ အကြီးအကဲ တစ်ဦးဖြစ်ကာ လင်းမိသားစု၏ အစစ်အမှန် ခေါင်းဆောင် ဖြစ်သောကြောင့် သူ၏ ကိုယ်ပိုင် အမှတ်အသားကို ထုတ်ဖော်ပြသရန် လွန်ကဲလွန်းသောကြောင့် ဖြစ်သည်။ ဒုတိယအချက်မှာ ကျောင်းမိန်ဖုန်း၏ ထူးဆန်းသော အတွေ့အကြုံကြောင့် ဖြစ်၏။ သူမသည် လင်းရန်၏ ကယ်တင်မှုကြောင့် ချင်းရွှေမြို့ သို့ ယခုမှ ပြန်ရောက်လာခြင်း ဖြစ်ပြီး အကူးအပြောင်း ကာလတစ်ခု လိုအပ်နေပေသည်။
ထို့ကြောင့် လင်းရှောင်သည် ထန်မန်းနှင့် ကျောင်းမိန်ဖုန်းတို့၏ ဆက်ဆံရေးကို အသုံးပြုကာ သူ့ကို ရှေ့ထွက်ခိုင်းပြီး လမ်းခင်းပေးခဲ့ခြင်းပင်။
အခန်း ၁၅၈၉ ပြီး