"အင်း"
အဘိုးအိုက ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်သည်။ သူသည် အရပ်မရှည်သော်လည်း သူ၏ အရှိန်အဝါမှာ အလွန်ပင် ခန့်ညားထည်ဝါလှပေသည်။
"ကျင်းကျောက်... ငါတို့ ကျင်းမိသားစုကို ဘယ်သူကများ လက်ဖျားနဲ့ ထိရဲတာလဲ"
ကျင်းကျောက်က "သူက သမားတော်လေး တစ်ယောက်ပါ ဦးလေး... နောက်ခံတော့ အနည်းငယ် ရှိပုံရတယ်။ ဆေးပညာ ဗျူရိုနဲ့ ရဲစခန်းကလူတွေ အားလုံးက သူ့ကို ကြောက်ပြီး ထွက်ပြေးသွားကြတယ်ဗျ" ဟု တိုင်တန်းလိုက်သည်။
"ဒါဆိုရင်လည်း မင်း ရှာထားတဲ့လူတွေက အသုံးမကျလွန်းလို့ပေါ့။ လူငယ်လေး တစ်ယောက်ကိုတောင် မနိုင်ဘူးဆိုရင် သူတို့က တခြား ဘာလုပ်နိုင်ဦးမှာလဲ"
စကားပြောနေစဉ် ထိုအဘိုးအို၏ မျက်နှာတွင် မောက်မာဝင့်ကြွားသော အထက်စီးဆန်သည့် အမူအရာများ အထင်းသား ပေါ်လွင်နေလေသည်။
ကျင်းကျောက်မှာ အနေခက်သွားတော့သည်။ ဤစကားများက သူ့ကို သွယ်ဝိုက်၍ ဝေဖန်နေခြင်း ဖြစ်သော်လည်း ထိုအဘိုးအို၏ အဆင့်အတန်းမှာ မြင့်မားလွန်းလှသဖြင့် သူ ဘာမှ မပြောရဲချေ။
ကျင်းကျောက်က ဖားယားသော အမူအရာဖြင့် "ဦးလေး ပြောတာ မှန်ပါတယ်။ ဒါကြောင့်လည်း ဦးလေးကို ဒီကို ဖိတ်လိုက်ရတာပေါ့" ဟု ဆိုလိုက်သည်။
အဘိုးအိုက အခန်းထဲရှိ လှပသော မိန်းကလေးများကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် "အဲဒီ လူငယ်လေးက ဘယ်မှာလဲ" ဟု မေးလိုက်သည်။
"ဟိုမှာ ထိုင်နေတာပါ ဦးလေး။ ဒီနေ့တော့ အဲဒီကောင်ကို သေချာပေါက် ပညာပေးရမယ်။ မဟုတ်ရင် ကျွန်တော်တို့ ကျင်းမိသားစုက နောင်တစ်ချိန်မှာ မြို့တော်မှာ မျက်နှာပြရဲတော့မှာ မဟုတ်ဘူး"
အဘိုးအိုသည် သူ၏ မေးစေ့ကို မြှောက်ကာ မောက်မာသော အမူအရာဖြင့် ကျင်းကျောက် လက်ညှိုး ထိုးပြရာသို့ ကြည့်လိုက်သည်။ ဆိုဖာပေါ်တွင် အေးအေးလူလူ ထိုင်ကာ ဝိုင်နီသောက်နေသော လူငယ်ကို မြင်လိုက်ရသည်နှင့် သူ၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားပြီး မျက်နှာပေါ်ရှိ မောက်မာမှုများမှာလည်း မျက်စိတစ်မှိတ်အတွင်း ပြာပုံထဲ ရေသွန်ချလိုက်သကဲ့သို့ ပျောက်ကွယ်သွားတော့သည်။
ယဲ့ပုဖန်က ဝိုင်ခွက်ကို ပြန်ချထားလိုက်ပြီး သူတို့ကို ခပ်ဟဟ ပြုံးပြလိုက်သည်။ ထို့နောက် အဘိုးအိုအား လက်လှမ်းပြကာ... "မင်္ဂလာပါ ဆွန်းကြီး... ခင်ဗျားကို ဒီလောက် မြန်မြန် ပြန်တွေ့ရလိမ့်မယ်လို့ မထင်ထားဘူးနော်" ဟု နှုတ်ဆက်လိုက်သည်။
"ကောင်လေး... စကားပြောတာ ယဉ်ကျေးစမ်း။ ငါ့ဦးလေးက ဘယ်သူလဲဆိုတာ မင်း သိလား..."
ကျင်းကျောက်သည် ဦးလေးဖြစ်သူ၏ ဂုဏ်သိက္ခာကို အသုံးချကာ မောက်မာရန် ပြင်လိုက်စဉ်မှာပင် ယဲ့ပုဖန်က လက်ကာပြကာ ဖြတ်ပြောလိုက်သည်။
"မင်းရဲ့ ဦးလေးနဲ့ ဟိုရှေ့တစ်နေ့ကတင် တွေ့ဆုံခွင့်ရထားတာ။ ငါတို့က အသိဟောင်းတွေပဲ ဆိုတော့ မိတ်ဆက်ပေးနေဖို့ မလိုတော့ဘူး"
ယဲ့ပုဖန်က အဘိုးအိုကို ထပ်မံ ပြုံးပြလိုက်ပြီး "သူတို့ နှစ်ယောက်စလုံးက ခင်ဗျားနဲ့ တွေ့ရတာ ဂုဏ်ယူစရာပဲလို့ ပြောနေကြတယ်။ ခင်ဗျားကရော ကျွန်တော်နဲ့ တွေ့ရတာ ဘယ်လို ခံစားရလဲ။ အရမ်း အံ့ဩသွားလား" ဟု မေးလိုက်သည်။
"ငါ..."
တကယ်တော့ ကျင်းကျောက်၏ ဦးလေးမှာ အခြားသူမဟုတ်...။ အထူးရေးရာဗျူရို၏ ဒုတိယအကြီးအကဲ ဆွန်းချင်းယွမ်ပင် ဖြစ်လေသည်။
ကျင်းမိသားစု မြို့တော်တွင် တဟုန်ထိုး တိုးတက်လာပြီး တတိယတန်းစား အထက်တန်းလွှာ မိသားစုဝင် ဖြစ်လာခြင်းမှာလည်း ဆွန်းချင်းယွမ်၏ ဩဇာအာဏာကြောင့်ပင် ဖြစ်သည်။ အာကာသအဆင့် သိုင်းပညာရှင်တစ်ဦးနှင့် အထူးရေးရာဗျူရို၏ ဒုတိယအကြီးအကဲ တစ်ဦးအနေဖြင့် သူသည် ရောက်လေရာ နေရာတိုင်းတွင် အထူး လေးစားခြင်း ခံရသူ ဖြစ်သည်။
သို့သော် ယခုအခါ သူ၏ စိတ်ထဲတွင် ဂုဏ်ယူဝင့်ကြွားမှု တစ်စုံတစ်ရာ မရှိတော့ဘဲ ငိုချင်စိတ်ပင် ပေါက်နေတော့သည်။ ယဲ့ပုဖန် ဟူသော မိစ္ဆာနှင့် ဤနေရာတွင် ဆုံတွေ့လိမ့်မည်ဟု သူ အိပ်မက်ပင် မမက်ခဲ့ပေ။
ယခင်က အထူးရေးရာဗျူရို၏ အဓိက အဆောက်အအုံကြီး နှစ်ခုမှာ တစ်ခုပြီးတစ်ခု ဖျက်ဆီးခံခဲ့ရသည်။ သူတို့သည် အထူးရေးရာဗျူရို၏ အင်အားအားလုံးကို အသုံးပြုခဲ့သော်လည်း ထိုပုဂ္ဂိုလ်ကြီးမှာ မည်သူနည်း။ ဘယ်မှာ ပုန်းနေသနည်း ဆိုသည်ကို ရှာမတွေ့ခဲ့ပေ။
ကံဆိုးစွာပင် နှစ်ရက်ကြာသွားသည့်တိုင်အောင် သူတို့ ဘာသဲလွန်စမျှ ရှာမတွေ့ခဲ့ကြချေ။
ထိုအကြောင်းကြောင့်ပင် အကြီးအကဲချုပ် ကျောက်ရှင်းကျန်းက အထူးရေးရာဗျူရိုမှ မည်သူမျှ ယဲ့ပုဖန်ကို မထိပါးရဟု အမိန့်ထုတ်ထားခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေ နောက်ဆက်တွဲ အကျိုးဆက်များက ပြင်းထန်လွန်းလှသဖြင့် သူတို့ လုံးဝ မခံစားနိုင်တော့ပေ။
လက်ရှိအခြေအနေကို မြင်လိုက်ရသောအခါ ကျင်းကျောက်နှင့် ဒူယွီတို့၏ မျက်နှာများမှာ ထပ်မံ ပျက်ယွင်းသွားကြပြန်သည်။
ဒါက ဘာတွေ ဖြစ်နေတာလဲ။ ဒီလူငယ်က ဦးလေးဆွန်းကိုတောင် သိနေတာလား။
ဒါက လုံးဝ မဖြစ်နိုင်ဘူးဟု သူတို့ ထင်ထားခဲ့သည်။ အထူးရေးရာဗျူရိုဆိုသည်မှာ သာမန် ဆေးပညာ ဗျူရို သို့မဟုတ် ရဲစခန်းများနှင့် မတူသော အထူးဌာနကြီး ဖြစ်သည် မဟုတ်ပါလား။
ဆွန်းချင်းယွမ်မှာ အလွန်အမင်း ထိတ်လန့်နေသဖြင့် ပါးစပ်ကို ဟရုံသာ တတ်နိုင်ပြီး သင့်တော်သော စကားလုံးကို ရှာမတွေ့ဘဲ ဖြစ်နေသည်။ အဆုံးတွင် သူက ခပ်ခြောက်ခြောက် လေသံဖြင့် "မင်း... မင်း ဘာလို့ ဒီကို ရောက်နေတာလဲ" ဟု မေးလိုက်ရတော့သည်။
"ကျွန်တော်တို့က ဒီမှာ သီချင်းဆို၊ ဝိုင်သောက်ပြီး ပျော်ပျော်ပါးပါး နေနေတာလေ။ ဒါပေမဲ့ ဒီလူတွေက ရုတ်တရက် အထဲကို ဝင်လာပြီး နှောင့်ယှက်ကြတာပေါ့"
ယဲ့ပုဖန်က ဆက်၍ "ကျွန်တော်လည်း ခင်ဗျားကို မေးချင်ပါတယ်။ ခင်ဗျားကရော ဒီမှာ ဘာလုပ်နေတာလဲ။ ကျွန်တော့်ကို အထူးရေးရာဗျူရိုဆီကို ဧည့်သည်အဖြစ် ထပ်ပြီး ဖိတ်ချင်သေးလို့လား" ဟု မေးလိုက်သည်။
"မဟုတ်တာ... မဟုတ်တာ... လုံးဝ မဟုတ်ပါဘူး"
ဆွန်းချင်းယွမ်က လက်ကို တရစပ် ဝှေ့ယမ်း၍ ငြင်းဆိုလိုက်သည်။ အကယ်၍ သူသာ ယဲ့ပုဖန်ကို အခု ပြန်ခေါ်သွားမိလျှင် ကျောက်ရှင်းကျန်းက သူ့ကို သေချာပေါက် သတ်ပစ်လိမ့်မည်။ သူ သေရင်တောင် ထိုသို့ လုပ်ရဲမည့် သတ္တိ မရှိပေ။
ကျင်းကျောက်နှင့် ဒူယွီတို့မှာ လုံးဝ ဆွံ့အသွားတော့သည်။ သူတို့ ဆွန်းချင်းယွမ်ကို သိကတည်းက သူသည် မည်သူ့ကိုမဆို ဤသို့သော အမူအရာမျိုးဖြင့် စကားပြောဖူးခြင်း မရှိဘဲ အမြဲတမ်း မြင့်မြတ်သောအရှိန်အဝါဖြင့်သာ နေတတ်သူ ဖြစ်သည်။
ဘာကြောင့် ယဲ့ပုဖန်ကို မြင်လိုက်ရချိန်တွင် ဤမျှ ကြောက်ရွံ့နေရသနည်း။
ယဲ့ပုဖန်က ထပ်မေးလိုက်သည်။ "ကျွန်တော့်ကို ဖမ်းဖို့ လာတာ မဟုတ်ဘူးဆိုရင် ဘာလာလုပ်တာလဲ"
"ဒါက..."
ဆွန်းချင်းယွမ်မှာ အကြပ်ရိုက်နေချေပြီ။ သူ ထွက်သွားချင်သော်လည်း ကျင်းကျောက်မှာ သူ၏ တူအရင်း ဖြစ်နေသဖြင့် ဒီအတိုင်း ပစ်ထားခဲ့၍လည်း မရပေ။
မဟုတ်ပါက ယဲ့ပုဖန်၏ အစွမ်းအရ ကျင်းကျောက်ကို သတ်ပစ်ရန်မှာ မဖြစ်နိုင်သည် မဟုတ်ပေ။ မည်သို့ပင်ဆိုစေ ကျင်းမိသားစုထက် ဆယ်ဆမျှ ပို၍ အင်အားကြီးသော မိသားစုခေါင်းဆောင်ပင်လျှင် သေဆုံးခဲ့ရပြီ မဟုတ်ပါလား။
စက္ကန့်အနည်းငယ်အတွင်း သူ၏ ဦးနှောက်ကို အစွမ်းကုန် အလုပ်ပေးလိုက်ပြီးနောက် ပြုံးရွှင်သော မျက်နှာဖြင့် "ဒီလိုပါ သမားတော်ယဲ့... ပြီးခဲ့တဲ့ အခေါက်က ကိစ္စအတွက် ငါ တကယ်ကို အားနာမိပါတယ်။ ဒါကြောင့် ဒီနေ့ ငါ လာတာက မြို့တော်မှာ မင်းအတွက် တစ်ခုခု လိုအပ်တာမျိုး ရှိမလား၊ ငါ ဘာများ ကူညီပေးလို့ ရမလဲဆိုတာ လာမေးတာပါ" ဟု လေသံပြောင်း၍ ပြောလိုက်တော့သည်။
ထိုစကားကို ကြားလိုက်ရသောအခါ ကျင်းကျောက်၏ မျက်လုံးများမှာ အပြင်သို့ ပြူးထွက်မတတ် ဖြစ်သွားတော့သည်။
အထူးအဆင့်အတန်းရှိသော သူ၏ ဦးလေးကို ခေါ်လာလိုက်လျှင် အနှီလူငယ်ကို သေချာပေါက် နှိပ်ကွပ်နိုင်ပြီး သူ၏ မိန်းမများကိုပါ သိမ်းပိုက်နိုင်မည်ဟု သူ ထင်မှတ်ထားခဲ့သည်။
ဆွန်းချင်းယွမ် ရောက်လာပြီးနောက် ထိုလူငယ်ကို ဤမျှအထိ ဂရုတစိုက်ရှိလှစွာဖြင့် ဘာလိုအပ်လဲ၊ ဘာကူညီရမလဲဟု မေးနေလိမ့်မည်ဟု သူ အိပ်မက်ပင် မမက်ခဲ့ပေ။ ဤမြင်ကွင်းမှာ တကယ့်ကို ရုပ်ရှင်ဆန်လွန်းလှပေသည်။
ယဲ့ပုဖန်၏ ဘက်တွင်မူ အခြေအနေမှန်ကို သိရှိထားကြသော စီတုတျန့်မော့နှင့် အခြားသူများမှာ တခစ်ခစ် ရယ်မောနေကြတော့သည်။ သူတို့အားလုံးမှာ ရယ်လွန်း၍ တစ်ကိုယ်လုံး တုန်ယင်နေကြပြီး ကျင်းကျောက်ကိုလည်း အရူးတစ်ယောက်အလား ကြည့်နေကြသည်။
ကျင်းကျောက်နှင့် ဒူယွီတို့မှာ ရှက်လွန်း၍ မျက်နှာတစ်ခုလုံး ပူထူနေတော့သည်။ သူတို့က လူတွေကို အကြိမ်ကြိမ် ခေါ်လာသော်လည်း တစ်ဖက်လူ၏ ခြေဖဝါးအောက်တွင်သာ အကြိမ်ကြိမ် အနင်းခံနေရသည်။ ဤထက် ပို၍ အရှက်ရစရာ ကောင်းသည်မှာ ရှိဦးမည်လား…။
ဆွန်းချင်းယွမ်သည်လည်း အနည်းငယ် အနေခက်သလို ခံစားရသော်လည်း သူ ဂရုမစိုက်နိုင်တော့ပေ။ မည်သို့ပင်ဆိုစေ သူ၏ အသက်နှင့် ယှဉ်လျှင် သိက္ခာဆိုသည်မှာ ဘာမှမဟုတ်ပေ။
ယဲ့ပုဖန်၏ နောက်ကွယ်မှ ပုဂ္ဂိုလ်ကြီး၏ အစွမ်းနှင့်ဆိုလျှင် ကျင်းမိသားစုကို ဖျက်ဆီးပစ်ရန်မှာ လက်ဖျောက် တစ်ချက် တီးလိုက်ရသလောက်ပင် လွယ်ကူလှပေသည်။
ယဲ့ပုဖန်သည် ဆိုဖာပေါ်တွင် ခြေတင်ချိတ်ထိုင်လိုက်ရင်း ပြုံးကာ ပြောလိုက်သည်။ "ဆွန်းကြီးက တကယ်ကို အမြော်အမြင် ရှိတာပဲ... ကျွန်တော်က ဒီလို ဖြစ်လိမ့်မယ်လို့ မထင်ထားဘူး။ ခင်ဗျားက အဲဒီလိုတောင် ပြောမှတော့ ကျွန်တော်က ဘာမှ မတောင်းဆိုရင်လည်း ခင်ဗျား မျက်နှာပျက်စရာ ဖြစ်မှာပေါ့”
“ဒီလိုလုပ်... ကျွန်တော် မြို့တော်ကို အခုမှ ရောက်တာဆိုတော့ ကား မဝယ်ရသေးဘူး။ သွားချင်တဲ့နေရာ သွားဖို့က နည်းနည်း အဆင်မပြေဘူး ဖြစ်နေတယ်။ ဒီတောင်းဆိုချက်ကို ခင်ဗျား ဖြည့်ဆည်းပေးနိုင်မလား"
"ရတာပေါ့။ သေချာပေါက် ရတာပေါ့။ ဒီကိစ္စလေးက ဘာမှ မဟုတ်ပါဘူး"
တစ်ဖက်လူ၏ တောင်းဆိုချက်ကို ကြားလိုက်ရသောအခါ ဆွန်းချင်းယွမ်သည် တုံ့ဆိုင်းမှုမရှိဘဲ သဘောတူလိုက်ရုံသာမက တိတ်တဆိတ်ပင် သက်ပြင်းချလိုက်မိသည်။
သူသည် သူ၏ တူမှာ မည်သို့သော စရိုက်ရှိကြောင်းကို ကောင်းကောင်း သိထားသလို ယနေ့ ဘာဖြစ်ခဲ့သည်ကိုလည်း အကြမ်းဖျင်း သဘောပေါက်သည်။ အကယ်၍ ယဲ့ပုဖန်သာ လက်မလွှတ်ဘဲ ကျင်းကျောက်ကို ဒုက္ခိတဖြစ်အောင် လုပ်မည်ဟု တောင်းဆိုလျှင်လည်း သူ သဘောတူရန်မှလွဲ၍ ရွေးချယ်စရာ မရှိပေ။
ယခုမူ သူက ကားတစ်စီးသာ တောင်းဆိုသဖြင့် သူ့အတွက် ဘာမှ မခက်ခဲတော့ချေ။ သူ့အတွက်မူ ယနေ့ကိစ္စကို ငွေဖြင့် ဖြေရှင်းနိုင်ခြင်းမှာပင် ကြီးမားသော ကံကောင်းမှုကြီး ဖြစ်လေသည်။
သူက အမြန်ပင် မေးလိုက်သည်။ "သမားတော်ယဲ့... ကားအတွက် ဘာများ အထူးတောင်းဆိုချက် ရှိပါသလဲ"
"အထူးတောင်းဆိုချက်တော့ မရှိပါဘူး... မောင်းလို့ရရင် ရပြီ"
ယဲ့ပုဖန်က ရိုးရိုးရှင်းရှင်းပင် ပြောလိုက်သော်လည်း ဆွန်းချင်းယွမ်မှာမူ မည်သည့်ကားကိုမဆို ပေါ့ပေါ့တန်တန် ပေးရဲမည် မဟုတ်ပေ။ အကယ်၍ ဤပုဂ္ဂိုလ်ကြီးသာ ဒေါသထွက်သွားပါက ယနေ့ အခြေအနေကို ဖြေရှင်းရန် ခက်ခဲသွားပေလိမ့်မည်။
သူက ကျင်းကျောက်ဘက်သို့ လှည့်ကာ... "မင်း လွန်ခဲ့တဲ့ နှစ်ရက်ကမှ ရိုးလ်ရွိုက်စ် ဖန်တွမ် တစ်စီး ဝယ်ထားတယ် မဟုတ်လား။ အဲဒီကားကို သမားတော်ယဲ့ကို တောင်းပန်တဲ့အနေနဲ့ ပေးလိုက်စမ်း" ဟု အမိန့်ပေးလိုက်လေသည်။
"ဦးလေး… ကျွန်တော်…”
ကျင်းကျောက်မှာ သွေးအန်မတတ် ခံစားလိုက်ရတော့သည်။ တစ်ဖက်လူကို ကလဲ့စားချေဖို့၊ မျက်နှာဖြတ်ရိုက်ဖို့ လူခေါ်လာခဲ့ကာမှ ယခုမူ ကားတစ်စီးပါ ဆုံးရှုံးရတော့မည်တဲ့လား။
ထို့အပြင် ရိုးလ်ရွိုက်စ် ဖန်တွမ်မှာ သူ ဝယ်ထားသည်မှာ ၄၈ နာရီပင် မပြည့်သေးဘဲ ယွမ် ၁၀ သန်းခန့် တန်ဖိုးရှိလေသည်။ ယခု ဤအတိုင်း အလကား ပေးလိုက်ရမည်ဆိုတော့ သူ၏ ရင်ထဲတွင် သွေးထွက်မတတ် နာကျင်နေရတော့သည်။
"ဘာရပ်လုပ်နေတာလဲ။ မြန်မြန် သွားပြီး ကားသော့ကို ယူခဲ့စမ်း"
ဆွန်းချင်းယွမ်၏ မျက်နှာမှာ မှောင်ကျသွားပြီး အေးစက်သော လေသံဖြင့် "ငါ နောက်တစ်ခါ ထပ်ပြောဖို့ လိုသေးလား" ဟု မေးလိုက်တော့သည်။
***