ယဲ့ပုဖန်၏ အမူအရာကို ကြည့်ပြီးနောက် စီတုတျန့်မော့က "ဘော့စ်... ကျွန်မမှာ ခွင့်က သုံးရက်ပဲ ရှိတာလေ။ အဲဒီ သုံးရက်လုံးကို ရှင့်ဆီမှာ သူနာပြုလုပ်ပေးရင်း ကုန်ဆုံးခဲ့တာပဲ။ ဒီလောက် တောင်းဆိုချက် သေးသေးလေးကိုတော့ ရှင် မငြင်းလောက်ဘူး မဟုတ်လား”
“ပြီးတော့ လျိုယွင်လေးကိုလည်း ကြည့်ဦးလေ။ သူ့မှာ ဒီရင်ဖုံးအင်္ကျီ တစ်ထည်တည်း ရှိတာလေ... လဲစရာ အဝတ်အစားတောင် မရှိဘူး။ သူ့ရဲ့ ဘော့စ်တစ်ယောက်အနေနဲ့ သူ့အတွက် လဲစရာ အဝတ်အစားလေး ဘာလေး ဝယ်မပေးချင်ဘူးလား" ဟု ဆိုလေသည်။
လျိုယွင်က ရှက်ကိုးရှက်ကန်းဖြင့် "ကျွန်မ အဆင်ပြေပါတယ်" ဟု တိုးတိုးလေး ပြောရှာသည်။
ယဲ့ပုဖန် စဉ်းစားကြည့်လိုက်ရာ စီတုတျန့်မော့ ပြောသည်မှာလည်း ဟုတ်ပေသည်။ လျိုယွင်လေး ပျော်ရွှင်သွားအောင် အဝတ်အစား အချို့ ဝယ်ပေးသင့်သည် မဟုတ်ပါလား။
သို့သော်လည်း ဈေးဝယ်ထွက်ရမည်ကို သူ ခေါင်းကိုက်နေဆဲဖြစ်ရာ "မင်းတို့ နှစ်ယောက်ပဲ အတူတူ သွားကြပါလား။ ကုန်ကျစရိတ် အားလုံးကို ငါပဲ ရှင်းပေးမယ်" ဟု အကြံပြုလိုက်သည်။
"မရဘူးလေ"
စီတုတျန့်မော့က ပြန်ပြောသည်။ "ကျွန်မတို့လို မိန်းမချောလေး နှစ်ယောက်တည်းသာ အပြင်ထွက်ရင် လူတွေ ဝိုင်းကြည့်လွန်းလို့ စိတ်ရှုပ်ပြီး သေသွားလိမ့်မယ်။ ရှင့်လို ယောက်ျားတစ်ယောက် ပါလာမှ ကျွန်မတို့အတွက် အလုပ်ရှုပ် သက်သာမှာပေါ့။ ဒီနေ့တော့ ရှင် သေချာပေါက် လိုက်ခဲ့ရမယ်"
"ကောင်းပြီလေ... ဒါဆိုလည်း သွားကြတာပေါ့"
သူမ၏ ခိုင်မာသော သဘောထားကြောင့် ယဲ့ပုဖန်လည်း သဘောတူလိုက်ရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ချေ။
"ဒါမှပေါ့။ ကျွန်မတို့လို နတ်သမီးလေး နှစ်ယောက်က ဘေးကနေ လိုက်ပါပေးတာကို လူအများကြီးက တောင်းပန်ပြီး အကူအညီ တောင်းရင်တောင် ရမှာမဟုတ်ဘူးနော်"
ယဲ့ပုဖန် သဘောတူလိုက်သည်နှင့် စီတုတျန့်မော့မှာ ချက်ချင်းပင် ပြုံးပျော်သွားတော့သည်။
"လျိုယွင်လေး... လာ အတူတူ သွားကြစို့။ အားနာမနေနဲ့ဦး... ဘော့စ်က တကယ့် သူဌေးကြီးပဲ။ ဒီနေ့တော့ သူ့ဆီက သွေးထွက်အောင် လုပ်ရမယ်"
ပြောပြီးနောက် သူတို့ သုံးဦးစလုံး အတူတူ ထွက်လာခဲ့ကြသည်။ အရင်ဆုံး ညစာ စားကြပြီးနောက် မြို့တော်၏ အစည်ကားဆုံးသော စီးပွားရေးလမ်းမကြီးဆီသို့ လျှောက်လှမ်းလာခဲ့ကြသည်။
စီတုတျန့်မော့သည် ဤနေရာကို အတော်လေး ရင်းနှီးပုံရပြီး သူတို့နှစ်ဦးကို အဆင့်မြင့် ကုန်တိုက်ကြီး တစ်ခုအတွင်းသို့ လျင်မြန်စွာ ခေါ်ဆောင်သွားခဲ့သည်။ ဤနေရာတွင် ရောင်းချသော ပစ္စည်းများမှာ အဆင့်မြင့် တံဆိပ်များဖြစ်ပြီး အဝတ်အစား တစ်စုံလျှင် ထောင်ဂဏန်းမှသည် သောင်းဂဏန်း၊ သိန်းဂဏန်းအထိ တန်ဖိုးရှိလှပေသည်။
သူမသည် လျိုယွင်အတွက် အတွင်းခံမှအစ အပြင်ဝတ်စုံအထိ အစုံလိုက် ဝယ်ပေးခဲ့သည်။
တံဆိပ်ပေါ်ရှိ အံ့မခန်း ဂဏန်းအရှည်ကြီးကို မြင်လိုက်ရသောအခါ လျိုယွင်က အသံတုန်တုန်လေးဖြင့် "မမစီတု... မဝယ်ပါနဲ့တော့။ ကျွန်မ ဈေးသက်သာတဲ့ နေရာမှာပဲ ဝယ်ပါ့မယ်" ဟု တိုးတိုးလေး ပြောရှာသည်။
"ဘာကို ကြောက်နေတာလဲ။ မင်း ပိုက်ဆံပေးရမှာမှ မဟုတ်တာ"
စီတုတျန့်မော့က ရယ်မောကာ ပြောလိုက်သည်။ "မနေ့က မင်းက ဘော့စ်အတွက် ဝိုင်ဖိုး ယွမ်နှစ်သန်းကျော် သက်သာအောင် လုပ်ပေးခဲ့တာပဲ။ မင်းအတွက် အဝတ်အစား အနည်းငယ် ဝယ်ပေးတာက သူ့အတွက် ဘာမှ မဟုတ်ပါဘူး"
ယဲ့ပုဖန်ကလည်း ခေါင်းညိတ်ကာ "ဟုတ်တယ်... ဒါတွေကို ဆေးခန်းက ပေးတဲ့ ဝတ်စုံတွေလို့ပဲ သတ်မှတ်လိုက်ပေါ့။ ယူထားလိုက်ပါ" ဟု အားပေးလိုက်သည်။
လျိုယွင်က အဝတ်အစားများကို လက်ခံလိုက်ပြီး "ဒါဆိုရင်လည်း... နောက်ပိုင်းကျရင် ကျွန်မရဲ့ လစာထဲကနေ ဖြည်းဖြည်းချင်း ပြန်နှုတ်လိုက်ပါနော်" ဟု အားနာတကြီး ဆိုလေသည်။
စီတုတျန့်မော့က "ကလေးမလေးရာ... ဘာတွေ လာနှုတ်နေတာလဲ။ ငါ ပြောပြီးပြီလေ... ဒါတွေက အလုပ်ဝတ်စုံတွေလို့။ သူသာ မင်းလစာထဲက နှုတ်မယ်ဆိုရင် မင်း တစ်သက်လုံး သူ့ဆီမှာ ကျွန်ခံရလိမ့်မယ်" ဟု စနောက်လိုက်သည်။
သူတို့သည် ကုန်တိုက်အတွင်း လျှောက်သွားရင်း စကားပြောနေကြရာ မကြာမီမှာပင် လျိုယွင်အတွက် အဝတ်အစား အားလုံး ဝယ်ယူပြီးစီးသွားခဲ့သည်။ သို့သော် ဈေးဝယ်ထွက်ရန် တိုက်တွန်းခဲ့သော စီတုတျန့်မော့မှာမူ သူမအတွက် တစ်စုံမျှ မဝယ်ရသေးပေ။
ယဲ့ပုဖန်က "မင်းက ကြည့်ပဲ ကြည့်နေပြီး ဘာလို့ တစ်ခုမှ မဝယ်တာလဲ။ ဘယ်လို အဝတ်အစားမျိုး ရှာနေတာလဲ" ဟု မေးလိုက်သည်။
"မဝယ်တာ မဟုတ်ပါဘူး... သင့်တော်တာ မတွေ့သေးလို့ပါ"
စီတုတျန့်မော့က ဆိုသည်။ "ရှင်က ကျွန်မရဲ့ သူနာပြုဝတ်စုံက တိုင်းရင်းဆေးခန်းနဲ့ မလိုက်ဖက်ဘူးလို့ ပြောထားတာလေ။ ဒါကြောင့် လျိုယွင်လေး ဝတ်သလို ရင်ဖုံးအင်္ကျီမျိုး တစ်ထည်လောက် ဝယ်ချင်တာ။ အဲဒါက တိုင်းရင်းဆေးပညာနဲ့ လိုက်ဖက်ရုံတင် မကဘူး... ကြည့်ရတာလည်း အရမ်း လှတယ်လေ"
ယဲ့ပုဖန်က "ဒီမှာ ရင်ဖုံးအင်္ကျီတွေ ရောင်းလို့လား" ဟု မေးရာ စီတုတျန့်မော့က "ရောင်းတာပေါ့... ဟိုရှေ့မှာ ဂူဖုန်း (ရှေးဟောင်းဟန်) အဝတ်အထည်ဆိုင် ရှိတယ်။ အဲဒီမှာ ဟန်ဖုတွေ၊ ရင်ဖုံးအင်္ကျီတွေ အများကြီး ရှိတယ်" ဟု ပြန်ဖြေလေသည်။
စကားပြောရင်းနှင့်ပင် သူတို့ ရှေ့သို့ အနည်းငယ် ဆက်လျှောက်လာခဲ့ရာ ရှေးဟောင်းအငွေ့အသက်များ လွှမ်းခြုံထားသော အဝတ်အထည်ဆိုင်ကြီးတစ်ခုကို တွေ့လိုက်ရသည်။ ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် ဖန်သားပြင် ပြခန်းများ နောက်ကွယ်ရှိ ရင်ဖုံးအင်္ကျီများနှင့် ဟန်ဖုများအပါအဝင် ရှေးဟောင်းဟန် ဝတ်စုံများကို မြင်တွေ့ရသည်မှာ ခေတ်တစ်ခုကို ဖြတ်ကျော် ရောက်ရှိသွားသကဲ့သို့ ခံစားရစေသည်။
မကြာသေးမီနှစ်များအတွင်း ရှေးဟောင်းဟန်ခေတ်စတိုင်လ် အဝတ်အစားများ ပြန်လည် ခေတ်စားလာသည်နှင့်အမျှ ဆိုင်အတွင်း ဝယ်ယူသူများပြားကာ အရောင်းအဝယ် အတော်လေး ကောင်းမွန်ပုံရသည်။
ဤနေရာမှာ အဆင့်မြင့် အဝတ်အထည် အရောင်းနယ်မြေဖြစ်ရာ အရောင်းဝန်ထမ်းများမှာလည်း အလွန် ကျွမ်းကျင်ကြသည်။ ယဲ့ပုဖန်သည် ရိုးရိုးရှင်းရှင်းပင် ဝတ်ဆင်ထားသော်လည်း အရောင်းဝန်ထမ်း မိန်းကလေးတစ်ဦးက သူတို့ကို ပြုံးရွှင်စွာ လာရောက် နှုတ်ဆက်လေသည်။
"လူကြီးမင်းနဲ့ သခင်မလေးတို့... ဘာများ ကူညီပေးရမလဲ ရှင့်"
ယဲ့ပုဖန်က စီတုတျန့်မော့ကို လက်ညှိုးထိုးပြကာ "သူနဲ့ လိုက်ဖက်မယ့် ရင်ဖုံးအင်္ကျီ ရှိလား။ သင့်တော်တာလေး တစ်ထည်လောက် ရွေးပေးပါဦး" ဟု ပြောလိုက်သည်။
"ဒါက လူကြီးမင်းရဲ့ ချစ်သူ ဖြစ်မှာပေါ့နော်။ တကယ်ကို လှပပြီး အရှိန်အဝါလည်း ရှိလှပါတယ်"
စီတုတျန့်မော့သည် ယဲ့ပုဖန်၏ လက်မောင်းကို တစ်ချိန်လုံး ချိတ်ထားသည်ကို မြင်ရသဖြင့် အရောင်းဝန်ထမ်းလေးက သူတို့ကို ချစ်သူများဟု ထင်မှတ်သွားခြင်း ဖြစ်သည်။
သူမ၏ ချီးကျူးစကားမှာလည်း စိတ်ရင်းအတိုင်းပင် ဖြစ်လေသည်။ ဤမျှ လှပကျော့ရှင်းသော အမျိုးသမီးမျိုးမှာ အလှမယ်များ ပေါများလှသော မြို့တော်တွင်ပင် တွေ့ရခဲလှပေသည်။
စီတုတျန့်မော့၏ ပါးပြင်လေးများ နီမြန်းသွားသော်လည်း သူမက ပြန်လည် မရှင်းပြဘဲ ဘေးရှိ ယဲ့ပုဖန်ကိုသာ ခိုးကြည့်နေမိသည်။
ထို့နောက် အရောင်းဝန်ထမ်းလေးက သူတို့နှစ်ဦးကို ရွှေရောင်စာလုံးများ ပါရှိသော အနက်ရောင် ရင်ဖုံးအင်္ကျီ တစ်ထည်ထံသို့ ခေါ်ဆောင်သွားခဲ့သည်။ "လူကြီးမင်းတို့... ဒီရင်ဖုံးအင်္ကျီက သခင်မလေးရဲ့ အရှိန်အဝါနဲ့ အလွန် လိုက်ဖက်မယ်လို့ ကျွန်မ ထင်ပါတယ်။ ဆိုဒ်ကလည်း အတော်ပဲ ဖြစ်မှာပါ"
ယဲ့ပုဖန်နှင့် အခြားနှစ်ဦးတို့သည် ထိုရင်ဖုံးအင်္ကျီကို အတူတူ ကြည့်လိုက်ကြသည်။ အခြား အဝတ်အစားများနှင့် မတူဘဲ ရင်ဖုံးအင်္ကျီ၏ အလှတရားမှာ ဆွဲဆောင်မှုရှိသော ကျက်သရေရှိမှုပေါ်တွင် တည်ရှိနေသည်။
ဤဝတ်စုံမှာ ပုံစံထုတ်ထားပုံ အလွန် လှပလှသည်။ နူးညံ့သော ဆွဲဆောင်မှုနှင့်အတူ သမိုင်းဝင် အနှစ်သာရကိုလည်း ခံစားရစေပြီး လက်ရာမှာလည်း အလွန် သေသပ်လှသည်။ အရေးကြီးဆုံးမှာ အသုံးပြုထားသော အထည်သားမှာ အလွန် ထူးခြားနေခြင်းပင် ဖြစ်သည်။
လျိုယွင်က တံဆိပ်ပေါ်ရှိ ဈေးနှုန်းကို ကြည့်လိုက်ရာ ယွမ် ၈၆၀,၀၀၀ ဟု ရေးထားသည်ကို မြင်လိုက်ရသဖြင့် "အို... ဈေးကြီးလိုက်တာ" ဟု အလန့်တကြား ရေရွတ်ရင်း ပါးစပ်ကို လက်ဖြင့် အုပ်လိုက်မိသည်။
အရောင်းဝန်ထမ်းလေးက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး "ဒီရင်ဖုံးအင်္ကျီက ကျွန်မတို့ဆိုင်ရဲ့ ရတနာပါပဲ။ ဈေးနှုန်းက အနည်းငယ် မြင့်ပေမဲ့ တန်ဖိုးနဲ့တော့ သေချာပေါက် ညီမျှပါတယ်။ အသုံးပြုထားတဲ့ ကုန်ကြမ်းတွေကလည်း အဆင့်မြင့်လှသလို နာမည်ကျော် ဒီဇိုင်နာတစ်ဦးရဲ့ လက်ရာလည်း ဖြစ်ပါတယ်။ အရေးကြီးဆုံးအချက်က ရင်ဖုံးအင်္ကျီဆိုတာ ဘယ်သူမဆို ဝတ်လို့ရတဲ့ အရာမဟုတ်ပါဘူး။ ကိုယ်လုံးကိုယ်ပေါက်နဲ့ အရှိန်အဝါ ရှိဖို့ လိုအပ်ပါတယ်။ ဒီသခင်မလေးနဲ့ဆိုရင်တော့ အပြည့်အဝ လိုက်ဖက်မယ်လို့ ကျွန်မ ထင်ပါတယ်"
စီတုတျန့်မော့သည်လည်း ယင်းဝတ်စုံကို အလွန် သဘောကျသွားသည်။ သူမက ရှေ့တိုး၍ အထည်သားကို စမ်းကြည့်လိုက်ပြီး "ဒါက ဘယ်လို ကုန်ကြမ်းလဲ။ ပိုးသားနဲ့တော့ မတူဘူးနော်" ဟု မေးလိုက်သည်။
"သခင်မလေး... ဒါက တကယ့်ကို ပိုးသား မဟုတ်ပါဘူး။ အရမ်း ရှားပါးလှတဲ့ ရှန့်ယွန်းရှာ လို့ ခေါ်တဲ့ အထည်သားပါ"
အရောင်းဝန်ထမ်းလေးမှာ သူမ၏ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်မှု အပြည့်ဖြင့် ဤသို့ ရှင်းပြလေတော့သည်။
"ရှန့်ယွန်းရှာ ဆိုတာက တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ် ဖော်ရှန်းဒေသရဲ့ ထွက်ကုန်တစ်ခုပါ။ ကမ္ဘာ့အထည်အလိပ် လောကမှာ သဘာဝ အပင်ထွက် ဆိုးဆေးတွေနဲ့တင် ဆိုးထားတဲ့ တစ်ခုတည်းသော ပိုးထည် ဖြစ်ပြီးတော့ အထည်အလိပ်လောကရဲ့ ရွှေပျော့ လို့တောင် တင်စားကြပါတယ်။ ဒါကို ထုတ်လုပ်တဲ့ လုပ်ငန်းစဉ်က အရမ်း ရှုပ်ထွေးလွန်းတာကြောင့် ကုန်ကြမ်းတွေက အရမ်း အဖိုးတန်ပါတယ်”
“ဒါ့အပြင် ရှန့်ယွန်းရှာမှာ တခြား အထည်သားတွေမှာ မရှိတဲ့ အားသာချက်တွေ အများကြီး ရှိပါတယ်။ အေးမြစေတယ်၊ ပေါ့ပါးနူးညံ့တယ်၊ ရေစိုရင်လည်း အမြန် ခြောက်လွယ်တယ်၊ တွန့်ကြေဖို့လည်း ခဲယဉ်းပါတယ်။ ဘက်တီးရီးယားနဲ့ ပိုးမွှားတွေကိုလည်း ဟန့်တားပေးနိုင်သလို အသားအရေ အတွက်လည်း အရမ်း ကောင်းမွန်တဲ့ ကျန်းမာရေး အထောက်အကူပြု အာနိသင် ရှိပါတယ်။
ရှန့်ယွန်းရှာမှာလည်း အဆင့်အတန်း အမျိုးမျိုး ရှိပါတယ်။ ကျွန်မတို့ ရင်ဖုံးအင်္ကျီမှာ အသုံးပြုထားတာကတော့ အကောင်းဆုံး ရှန့်ယွန်းရှာ အထည်သား ဖြစ်ပါတယ်။ သခင်မလေးရဲ့ အရှိန်အဝါနဲ့ အပြည့်အဝ လိုက်ဖက်မယ်လို့ ကျွန်မ ထင်ပါတယ်။ တစ်ချက်လောက် စမ်းဝတ်ကြည့်မလား ရှင့်"
အရောင်းဝန်ထမ်းလေး၏ စကားအသွားအလာမှာ အလွန်ပင် ကောင်းမွန်လှသည်ဟု ဆိုရပေမည်။ သူမ၏ ရှင်းပြချက်ကြောင့် ယဲ့ပုဖန်ပင်လျှင် ဤဝတ်စုံမှာ ကောင်းမွန်သည်ဟု ထင်မြင်လာမိသည်။
"ကောင်းပြီလေ... အသစ်ရှိလား။ တစ်ထည်လောက် စမ်းဝတ်ကြည့်ကြတာပေါ့"
အရောင်းဝန်ထမ်းလေးက "တောင်းပန်ပါတယ် လူကြီးမင်း... ဒါက ကျွန်မတို့ဆိုင်ရဲ့ ရတနာ ဖြစ်တာကြောင့် တစ်ထည်တည်းသာ ရှိတာပါ။ ဒါကို ဝယ်ယူဖို့အတွက်လည်း အဆက်အသွယ် ရှိဖို့ လိုအပ်ပါတယ်" ဟု ရှင်းပြသည်။
စီတုတျန့်မော့က "ဒါဆိုရင်လည်း ဒီတစ်ထည်ကိုပဲ ဖြုတ်ပေးပါ။ ကျွန်မ စမ်းဝတ်ကြည့်မယ်" ဟု ဆိုလိုက်သည်။
"ဟုတ်ကဲ့ပါ... ခဏလောက် စောင့်ပေးပါဦး"
အရောင်းဝန်ထမ်းလေးသည် စကားပြောပြီးနောက် ရင်ဖုံးအင်္ကျီကို ဂရုတစိုက် ဖြုတ်ပေးလိုက်သည်။ စီတုတျန့်မော့သည် ဝတ်စုံကို ယူကာ ဘေးရှိ အဝတ်လဲခန်းထဲသို့ ဝင်သွားလေသည်။
မိနစ်အနည်းငယ် ကြာပြီးနောက် အဝတ်လဲခန်း တံခါး ပွင့်လာခဲ့သည်။ အရင်ဆုံး ရှည်လျား ဖြောင့်စင်းသော ခြေတံတစ်ဖက် ထွက်ပေါ်လာပြီးနောက် ကျော့ရှင်းကာ ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်လေး ထွက်ပေါ်လာခဲ့သည်။
စီတုတျန့်မော့သည် ငယ်စဉ်ကတည်းက သိုင်းပညာ လေ့ကျင့်ထားသူ ဖြစ်ရာ သူမ၏ ကိုယ်လုံး ကိုယ်ပေါက်မှာ ပြောစရာမရှိအောင်ပင် ပြည့်စုံလှသည်။ ဆွဲဆောင်မှုရှိသော အလှတရားကြား၌ လူငယ်ဆန်သော တက်ကြွမှုများလည်း ကိန်းအောင်းနေ၏။
ရင်ဖုံးအင်္ကျီနှင့် ပေါင်းစပ်လိုက်သည့်အခါ သူမ၏ ခန္ဓာကိုယ် အကောက်အကွေ့ အလှတရားများမှာ တစ်စက်ကလေးမျှ အပြစ်ပြောစရာမရှိအောင် ပေါ်လွင်နေတော့သည်။
အရေးကြီးဆုံးအချက်မှာ သူမ၏ အရှိန်အဝါသည် ဝတ်စုံနှင့် အပြည့်အဝ ထပ်တူကျနေခြင်းပင် ဖြစ်သည်။ ရင်ဖုံးအင်္ကျီက တကယ့်ကို ကောင်းကင်က ဖန်တီးပေးလိုက်သော သူမအတွက် ရတနာ တစ်ပါး ဟုပင် ဆိုရပေမည်။
ဆိုရိုးစကားရှိသည် မဟုတ်ပါလား...။
လူမှာ အဝတ် ၊ တောင်းမှာ အကွပ်တဲ့။
မူလကပင် အလွန် လှပလှသော စီတုတျန့်မော့သည် ရင်ဖုံးအင်္ကျီကို ဝတ်ဆင်လိုက်သည့်အခါတွင်မူ ရင်သပ်ရှုမောဖွယ် ကောင်းလောက်အောင် လှပသွားခဲ့ပြီး ယဲ့ပုဖန်ပင်လျှင် မှင်သက်စွာ ငေးကြည့်နေမိတော့သည်။
အရောင်းဝန်ထမ်းလေးကလည်း အံ့ဩတကြီးဖြင့် "သခင်မလေး... ဒီဝတ်စုံက သခင်မလေးအတွက် သီးသန့် ချုပ်လုပ်ထားသလိုပါပဲ။ တကယ်ကို ပြည့်စုံလွန်းပါတယ်" ဟု အာမေဍိတ်သံဖြင့် ဆိုလိုက်တော့သည်။
***