"ဒါက..."
အရောင်းဝန်ထမ်းလေးသည် စိတ်မပါလှသော်လည်း အဆုံးတွင်မူ "ဟုတ်ကဲ့... အဲဒီလို စည်းမျဉ်းမျိုး ရှိပါတယ်ရှင့်" ဟု ဝန်ခံလိုက်ရတော့သည်။
သူမက စီတုတျန့်မော့ဘက်သို့ လှည့်ကာ "သခင်မလေး... တောင်းပန်ပါတယ်ရှင့်။ ဒီဝတ်စုံကို သခင်မလေးဆီ ရောင်းပေးလို့ မရတော့ပါဘူး" ဟု ဆိုလေသည်။
"ဟားဟားဟား..."
ရှီးမန်ယွီကျောက်က မောက်မာစွာ ရယ်မောလိုက်ပြီး ယဲ့ပုဖန်ကို ကြည့်ကာ အော်ဟစ်လိုက်တော့သည်။ "တောသားက တောသားပါပဲ။ ပိုက်ဆံတွေ အများကြီး ရှိနေရင်ရော ဘာဖြစ်လဲ... ငါ့ရဲ့ အဆင့်အတန်းနဲ့ ဩဇာအာဏာကိုတော့ မင်း ဘယ်လိုမှ မမီနိုင်ပါဘူး။ ငါ ဒီနေရာရဲ့ ပလက်တီနမ် အဖွဲ့ဝင်ပဲ။ ဒီနေ့ ဒီဝတ်စုံကို ဘယ်သူမှ လုယူလို့ မရဘူး... ငါ့အပိုင်ပဲ ဖြစ်ရမယ်"
ရှီးမန်ယွီကျောက်သည် အလွန်ပင် စိတ်ကျေနပ်သွားတော့သည်။ စောစောက အနှိမ်ခံခဲ့ရသမျှ ယခုအခါ အားလုံးကို ပြန်လည် ပုံအောထုတ်ဖော်လိုက်ချေပြီ။
သူမသည် ဤဝတ်စုံကို ရသည်နှင့် တစ်ပြိုင်နက် အစိတ်စိတ် အမွှာမွှာ ဆွဲဖြဲပစ်ကာ တစ်ဖက်လူ၏ ခိုကိုးရာမဲ့ပြီး ဒေါသထွက်နေသော မျက်နှာကို ကြည့်၍ အားရပါးရ ပျော်ရွှင်ရန်ပင် ဆုံးဖြတ်ထားပြီး ဖြစ်သည်။
ထိုစဉ်မှာပင် ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာ၏။ "အဲဒီလိုလား... ပလက်တီနမ် အဖွဲ့ဝင်လေး တစ်ယောက်က ဘယ်တုန်းကစပြီး ဒီလောက်တောင် မောက်မာရဲသွားတာလဲ"
အားလုံး လှည့်ကြည့်လိုက်ရာ မြင့်မြတ်ပြီး ကျက်သရေရှိလှသော အမျိုးသမီး တစ်ဦးသည် ဖားယားနေသော လူလတ်ပိုင်း အမျိုးသားတစ်ဦးနှင့်အတူ လျှောက်လှမ်းလာသည်ကို မြင်တွေ့လိုက်ရသည်။
ထိုနှစ်ဦးကို မြင်လိုက်ရသည်နှင့် အရောင်းဝန်ထမ်းလေး၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားပြီး အမြန်ပင် ဦးညွှတ်ကာ "ဥက္ကဋ္ဌကြီးနဲ့ အထွေထွေမန်နေဂျာကြီး... မင်္ဂလာပါရှင့်" ဟု နှုတ်ဆက်လိုက်တော့သည်။
ထိုလူလတ်ပိုင်းမှာ ဤကုန်တိုက်၏ အထွေထွေမန်နေဂျာ ဖြစ်ပြီး ရှေ့မှ လျှောက်လာသော အမျိုးသမီးမှာမူ ဟုန်မန်လုပ်ငန်းစု၏ ဥက္ကဋ္ဌ ချန်ဆွန်းတုန်းကျွီးပင် ဖြစ်လေသည်။ စောစောက စကားကိုလည်း သူမကပင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။
သူမသည် ယဲ့ပုဖန်၏ ရှေ့သို့ ရောက်လာပြီး အနက်ရောင်ကတ်တစ်ခုကို ထုတ်ယူကာ... "မင်းကတော့လေ... မြို့တော်ကို ဘယ်တုန်းက ရောက်နေတာလဲ။ အန်တီချန်ဆွန်းကိုတောင် တစ်ခွန်းမှ မပြောဘူး။ ဒါက အန်တီ မင်းအတွက် လုပ်ပေးထားတဲ့ အနက်ရောင်ကတ်ပဲ။ ပေးဖို့ အခွင့်အရေး မကြုံသေးတာနဲ့ အခုတော့ အချိန်ကိုက် ဖြစ်သွားတာပေါ့”
“ဒါနဲ့ တစ်ခါတည်း ပြောပြလိုက်ဦးမယ်... ဟုန်မန်လုပ်ငန်းစု တစ်ခုလုံးမှာ ဒီအနက်ရောင် ရွှေကတ်ဆိုတာ တစ်ကတ်တည်းပဲ ရှိတာ။ ဒီကတ်ရှိတဲ့သူက တို့လုပ်ငန်းစုအောက်က ဘာပဲဝယ်ဝယ် အခမဲ့ ရမယ့်အပြင် အရာအားလုံးမှာ အမြင့်ဆုံး ဦးစားပေး ဝယ်ယူခွင့် ရှိတယ်"
ထိုစကားကြောင့် စီတုတျန့်မော့ အပါအဝင် လူတိုင်း၏ မျက်နှာများမှာ အကြီးအကျယ် ပျက်ယွင်းသွားကြတော့သည်။ ယဲ့ပုဖန်နှင့် ဟုန်မန်လုပ်ငန်းစု၏ ဥက္ကဋ္ဌ၊ ချန်ဆွန်းမိသားစု၏ သခင်မကြီး ချန်ဆွန်းတုန်းကျွီးတို့ကြားတွင် ဤမျှ နက်ရှိုင်းသော ပတ်သက်မှု ရှိနေလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ပေ။
ကုန်တိုက် မန်နေဂျာသည်လည်း ယဲ့ပုဖန်ကို အလေးအနက် စိုက်ကြည့်လိုက်မိသည်။ ဥက္ကဋ္ဌကြီးက ဤမျှ တန်ဖိုးထားနေသော လူငယ်ဖြစ်ရာ နောင်တစ်ချိန်တွင် ဤလူငယ်နှင့် ရင်းနှီးအောင် သေချာပေါက် ကြိုးစားရမည်ဟု သူ တေးထားလိုက်သည်။
အရောင်းဝန်ထမ်းလေး၏ မျက်နှာတွင်လည်း ဝမ်းသာရိပ်များ ယှက်သန်းသွား၏။ ဥက္ကဋ္ဌကြီးကိုယ်တိုင် ရောက်လာမှတော့ ထိုအမျိုးသမီးမှာ ဆက်လက်၍ မောက်မာနိုင်တော့မည် မဟုတ်ပေ။
သူမက စီတုတျန့်မော့အား "သခင်မလေး... အခုကစပြီး ဒီဝတ်စုံက သခင်မလေး အပိုင်ပါပဲရှင့်" ဟု ချက်ချင်း ပြောလိုက်လေတော့သည်။
ရှီးမန်ယွီကျောက်၏ မျက်နှာမှာ အလွန်ပင် ကြည့်ရဆိုးသွားတော့သည်။ သူမသည် သူမ၏ ဩဇာအာဏာနှင့် ရွှေကတ်ကို သုံး၍ ဤဝတ်စုံကို လုယူရန် ကြံစည်ခဲ့သော်လည်း ဤသို့သော အခြေအနေမျိုး ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
"ချန်ဆွန်းတုန်းကျွီး... ဒါက ဘာသဘောလဲ။ ဘာဖြစ်လို့ ဒီတောသားကိုမှ ဒီအနက်ရောင်ကတ်ကို ပေးရတာလဲ"
ချန်ဆွန်းမိသားစုနှင့် ရှီးမန်မိသားစုမှာ မြို့တော်၏ ထိပ်သီး အထက်တန်းလွှာ မိသားစုများ ဖြစ်ကြရာ မြို့တော် တစ်ခုလုံးတွင် နာမည်ကြီးလှသော ချန်ဆွန်းတုန်းကျွီးကို သူမ ကောင်းကောင်း သိထားသည်။ ပုံမှန်ဆိုလျှင် သူမက မျိုးဆက်တစ်ခု ငယ်သော်လည်း လက်ရှိတွင်မူ မကျေနပ်မှုနှင့် ဒေါသများကြောင့် ဝတ်ကျေတမ်းကျေ ပြုမူနေရန် ဂရုမစိုက်တော့ဘဲ တစ်ဖက်လူ၏ အမည်ကို တိုက်ရိုက် ခေါ်ဆိုလိုက်ခြင်း ဖြစ်သည်။
"တို့ ဘာလုပ်ရမလဲဆိုတာကို နင်က လာသင်ပြနေတာလား။ ရှီးမန်မိသားစုရဲ့ မျိုးဆက်တွေက အခုဆိုရင် ဒီလောက်တောင် အခြေခံ ယဉ်ကျေးမှု မရှိကြတော့ဘူးလား" ချန်ဆွန်းတုန်းကျွီးက ရှီးမန်ယွီကျောက်ကို လုံးဝ အဖက်မလုပ်ပေ။
"နင်..."
ရှီးမန်ယွီကျောက်၏ မျက်လုံးများထဲတွင် ဒေါသမီးများ တောက်လောင်နေချေပြီ။ "နင်က ချန်ဆွန်းမိသားစုကနေ အနှင်ထုတ်ခံထားရတဲ့ မိန်းမတစ်ယောက်ပဲလေ... ဘာလို့ ဒီလောက် မောက်မာနေရတာလဲ။ ငါတို့ ရှီးမန်မိသားစုရဲ့ မျက်နှာကိုတောင် နင်က မထောက်တော့ဘူးပေါ့လေ"
ချန်ဆွန်းတုန်းကျွီး၏ မျက်နှာထားမှာ ချက်ချင်းပင် အေးစက်သွားပြီး သူမနောက်မှ မန်နေဂျာအား "သူ့ရဲ့ ပလက်တီနမ်ကတ်ကို အခုချက်ချင်း ရုပ်သိမ်းလိုက်။ အခုကစပြီး ဟုန်မန်လုပ်ငန်းစုရဲ့ ဘယ်လုပ်ငန်းကမှ သူ့ကို ဝန်ဆောင်မှု မပေးစေနဲ့တော့" ဟု အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့ပါ" မန်နေဂျာက သဘောတူလိုက်ပြီး စီမံခန့်ခွဲမှုဌာနသို့ ဖုန်းဆက်၍ ရှီးမန်ယွီကျောက်၏ ကတ်ကို ချက်ချင်း ပယ်ဖျက်လိုက်တော့သည်။
"နင်တို့ တော်တော် ရက်စက်တာပဲ။ စောင့်နေလိုက်စမ်း"
ရှီးမန်ယွီကျောက်သည် ယနေ့တွင် အကြီးအကျယ် အရှက်ကွဲသွားခဲ့ချေပြီ။ သူမက ယဲ့ပုဖန်နှင့် ချန်ဆွန်းတုန်းကျွီးကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီးနောက် ကိုယ်ရံတော် နှစ်ဦးနှင့်အတူ ကုန်တိုက်ထဲမှ ကမန်းကတန်း ထွက်ပြေးသွားတော့သည်။
"ရှီးမန်မိသားစုကတော့ တကယ်ကို စည်းကမ်းမဲ့လာတာပဲ"
ချန်ဆွန်းတုန်းကျွီးက ထွက်ခွာသွားသော နောက်ကျောကို ကြည့်ကာ နှာခေါင်းရှုံ့လိုက်ပြီးနောက် ယဲ့ပုဖန်ဘက်သို့ ပြန်လှည့်၍ "ရှောင်ဖန်... မြို့တော်ကို ဘယ်တုန်းက ရောက်တာလဲ။ အန်တီ့ကို ဘာလို့ လာမတွေ့တာလဲ" ဟု မေးလိုက်သည်။
"ကျွန်တော် ရောက်တာ သိပ်မကြာသေးဘူးဗျ"
ယဲ့ပုဖန်က ချန်ဆွန်းတုန်းကျွီးကို လှည့်ကြည့်လိုက်စဉ်မှာပင် သူ၏ မျက်နှာထားမှာ ချက်ချင်း ပြောင်းလဲသွားတော့သည်။
အခြားသူများ၏ မျက်စိထဲတွင်မူ ချန်ဆွန်းတုန်းကျွီးမှာ တက်ကြွ လန်းဆန်းနေပြီး အရှိန်အဝါ တောက်ပနေသကဲ့သို့ ထင်ရသော်လည်း ယဲ့ပုဖန်၏ မျက်စိထဲတွင်မူ သူမ၏ တစ်ကိုယ်လုံးမှာ မီးခိုးရောင် သေခြင်းတရား အငွေ့အသက်များဖြင့် ဖုံးလွှမ်းနေသည်ကို မြင်နေရသည်။ သူမ၏ နှလုံးသား တည့်တည့်နေရာတွင်သာ သက်စောင့်စွမ်းအင် အနည်းငယ် ကျန်ရှိတော့ပြီး အသက်ဆုံးရှုံးရန် ဆံခြည်တစ်မျှင်သာ လိုတော့သည့် အခြေအနေသို့ ရောက်ရှိနေချေပြီ။
ချန်ဆွန်းတုန်းကျွီးကမူ ထိုအချက်ကို မသိရှာပေ။ သူမက စီတုတျန့်မော့နှင့် လျိုယွင်တို့ကို ကြည့်ကာ "ရှောင်ဖန်... ဒီကလေးမလေး နှစ်ယောက်က မင်းရဲ့ သူငယ်ချင်းတွေလား" ဟု မေးလိုက်သည်။
"ဟုတ်ကဲ့... ကျွန်တော့် သူငယ်ချင်းတွေပါ"
ယဲ့ပုဖန်တွင် အပိုစကားများ ပြောနေရန် အချိန်မရှိတော့ပေ။ သူက လေးနက်သော အမူအရာဖြင့် "အန်တီ... အခုတလော အန်တီတို့ အိမ်မှာ ထူးထူးခြားခြား တစ်ခုခုများ ဖြစ်ခဲ့သေးလား။ အန်တီအနေနဲ့ တာအိုဆရာတွေ၊ ဘုန်းကြီးတွေ ဒါမှမဟုတ် တခြား ဂမ္ဘီရအတတ် လိုက်စားတဲ့လူတွေနဲ့များ ထိတွေ့မိသေးလား" ဟု မေးလိုက်တော့သည်။
"မရှိပါဘူး... အားလုံး ပုံမှန်ပါပဲ" ချန်ဆွန်းတုန်းကျွီး ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ "ထူးခြားတာဆိုလို့ ရှမ်းအာ (ချန်ဆွန်းရှမ်း) ပြန်ရောက်လာတာပဲ ရှိတယ်" ဟု ပြန်ဖြေသည်။
"ဗျာ... သူ ပြန်ရောက်လာတယ် ဟုတ်လား။ အန်တီ ပြောတော့..."
ယဲ့ပုဖန်သည် ချန်ဆွန်းမိသားစု၏ အတွင်းရေးကို သိထားသည်။ ချန်ဆွန်းရှမ်းမှာ ချန်ဆွန်းတုန်းကျွီး၏ သားအရင်း မဟုတ်ဘဲ အဘယ်ကြောင့် သူ ချန်ဆွန်းမိသားစုထံ ရုတ်တရက် ပြန်ရောက်လာသည်ကို သူ သိချင်နေမိသည်။
"ဒီကိစ္စက နည်းနည်းတော့ ရှုပ်ထွေးတယ်။ ဒီမှာထိုင်ပြီး ဖြည်းဖြည်းချင်း ပြောကြတာပေါ့"
ချန်ဆွန်းတုန်းကျွီးက ပြောရင်း ယဲ့ပုဖန်ကို အနီးရှိ ခုံတန်းရှည်တစ်ခုဆီသို့ ဆွဲခေါ်သွားလေသည်။ အခြားသူများလည်း ထိုနှစ်ဦး စကားပြောစရာ ရှိမှန်း သိသဖြင့် ဘေးသို့ ဖယ်ပေးလိုက်ကြပြီး နောက်ကနေ လိုက်မလာကြတော့ပေ။
ထိုင်မိသည်နှင့် ယဲ့ပုဖန်က "အန်တီ... အန်တီရဲ့ သားအရင်းနဲ့ ပတ်သက်ပြီး သတင်း ဘာမှ မရသေးဘူးလား" ဟု မေးလိုက်သည်။
ချန်ဆွန်းတုန်းကျွီးက ခေါင်းခါလိုက်ပြီး ဝမ်းနည်းသော မျက်နှာဖြင့်... "မြို့တော်ကို ပြန်ရောက်ကတည်းက အန်တီ အစွမ်းကုန် စုံစမ်းနေတာပါ။ ဒါပေမဲ့ အခုထိတော့ ဘာသဲလွန်စမှ ရှာမတွေ့သေးဘူး" ဟု ဆိုလေသည်။
"အန်တီ... နှစ်တွေ အများကြီး ကြာသွားပြီဆိုတော့ အရမ်းကြီး စိတ်မပူပါနဲ့။ အန်တီတို့ သားအမိ ပြန်ဆုံရမှာပါလို့ ကျွန်တော် ယုံကြည်ပါတယ်"
ထိုနေရာအရောက်တွင် ယဲ့ပုဖန်က "ချန်ဆွန်းရှမ်းက ဘယ်လိုဖြစ်ပြီး ပြန်ရောက်လာတာလဲ" ဟု မေးလိုက်သည်။
"လွန်ခဲ့တဲ့ ရက်ပိုင်းက ဒဏ်ရာတွေ ပျောက်သွားတော့ သူ မြို့တော်ကို ပြန်လာပြီး အန်တီဆီမှာ ငိုယိုပြီး လာတောင်းပန်တယ်။ ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့၊ သူ့ရဲ့ မိဘအရင်းတွေက ဘယ်သူပဲဖြစ်ဖြစ် သူကတော့ တစ်သက်လုံး အန်တီကိုပဲ မိခင်အဖြစ် သတ်မှတ်သွားမှာပါတဲ့။ နောက်ပိုင်းမှာလည်း အန်တီကို သေသေချာချာ လုပ်ကျွေးပြုစုသွားပါ့မယ်တဲ့လေ"
ယဲ့ပုဖန် မျက်ခုံးပင့်လိုက်မိသည်။ သူ ချန်ဆွန်းရှမ်းကို သိလာခဲ့သည်မှာ မကြာသေးသော်လည်း ထိုလူမှာ မည်သို့သော စရိုက်ရှိကြောင်း သူ ကောင်းကောင်း သိထားရာ ထိုစကားများကို တစ်ခွန်းမှ မယုံကြည်ပေ။
အနှီကောင်သည် ချန်ဆွန်းတုန်းကျွီး ဆိုသော ဤသစ်ပင်ကြီးကို အမှီပြုကာ ဆက်လက်၍ လေလွင့်သခင်လေး ဘဝကို ဖြတ်သန်းချင်နေခြင်းသာ ဖြစ်ပေလိမ့်မည်။
"အန်တီက သူ့ကို ယုံလိုက်တာလား"
"ယုံတာ မယုံတာထက်..."
ချန်ဆွန်းတုန်းကျွီးက သက်ပြင်းချကာ "အဲဒီကလေးက တို့ရဲ့ သားအရင်း မဟုတ်ဘူး ဆိုပေမဲ့လည်း ငယ်ကတည်းက တို့ကိုယ်တိုင် ပြုစုပျိုးထောင်လာခဲ့တာလေ။ နှစ်ပေါင်း နှစ်ဆယ်လောက် သံယောဇဉ် ရှိခဲ့တာ။ လူဆိုတာ စိတ်နဲ့ စေတာ မဟုတ်လား။ ကြောင်လေး၊ ခွေးလေး တစ်ကောင်ကိုတောင် နှစ်ပေါင်းများစွာ မွေးထားရင် မခွဲနိုင် မခွာနိုင် ဖြစ်တတ်တာပဲ... လူဆိုရင် ပိုဆိုးတာပေါ့”
“ကျန်းပေ့မှာတုန်းကတော့ တို့က စိတ်ဒဏ်ရာ ရသွားလို့ သူ့ကို အဲဒီမှာ ထားခဲ့တာ။ နောက်ပိုင်း ပြန်စဉ်းစားကြည့်တော့လည်း အဲဒီကလေးက ဘာမှမသိတဲ့ အပြစ်မဲ့ သူတစ်ယောက်ပါပဲ။ သူက တို့ကို မိခင်အဖြစ် ဆက်ပြီး အသိအမှတ်ပြုချင်တယ်ဆိုတော့ တို့က ဘယ်လိုလုပ် ငြင်းပယ်နိုင်မှာလဲ။ ဒါကြောင့် သူ့ကို ပြန်လာခွင့် ပေးလိုက်တာပါ”
“သူ ပြန်ရောက်လာကတည်းက တကယ်ကို လူတခြား စိတ်တခြား ဖြစ်သွားသလိုပဲ။ အရင်ကထက် အများကြီး ပိုပြီး လိမ်မာလာတယ်။ သူက အန်တီ့ရဲ့ ဆံပင်တွေကို ဖြီးပေးတယ်။ ခြေသည်း လက်သည်းတွေကို ညှပ်ပေးတယ်... ဒီကိစ္စက သူ့ကို အများကြီး ပြောင်းလဲသွားစေပုံရတယ်"
ယဲ့ပုဖန်၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားပြီး သူက "ချန်ဆွန်းရှမ်း ပြန်ရောက်လာတာ လွန်ခဲ့တဲ့ လေးရက်ကလား" ဟု မေးလိုက်သည်။
ချန်ဆွန်းတုန်းကျွီး ခေတ္တမျှ ပြန်စဉ်းစားလိုက်ပြီး အံ့ဩတကြီးဖြင့် "ဟုတ်တယ်... လွန်ခဲ့တဲ့ လေးရက်ကပဲ။ မင်း ဘယ်လို သိတာလဲ" ဟု မေးလိုက်လေသည်။
ယဲ့ပုဖန်က ပြန်မဖြေဘဲ လေးနက်တည်ကြည်သော မျက်နှာထားဖြင့်... "အန်တီ့ဆီကနေ ညှပ်ထုတ်လိုက်တဲ့ လက်သည်းတွေနဲ့ ကျွတ်ကျသွားတဲ့ ဆံပင်တွေ အခု ဘယ်မှာလဲ" ဟု မေးလိုက်တော့သည်။
***