ချန်ဆွန်းတုန်းကျွီး၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားပြီး "သားဆိုလိုတာက... ဒါတွေအားလုံးကို ချန်ဆွန်းရှမ်းက လုပ်ခဲ့တာလို့ ပြောချင်တာလား" ဟု မေးလိုက်၏။
ထို့နောက် သူမက ခေါင်းယမ်းလိုက်ကာ "မဖြစ်နိုင်ဘူး... ဒါ လုံးဝ မဖြစ်နိုင်ဘူး။ ဘာပဲဖြစ်ဖြစ် သူ့ကို အန်တီ ကိုယ်တိုင် ပြုစုပျိုးထောင်လာခဲ့တာ။ သူ အန်တီ့အပေါ် ဒီလိုမျိုး မလုပ်ရက်လောက်ပါဘူး" ဟု ဆိုလေသည်။
ယဲ့ပုဖန်က "ဒီအချက်လေး တစ်ခုတည်းကိုပဲ ကြည့်မယ်ဆိုရင်တော့ သိပ်သေချာချင်မှ သေချာပါလိမ့်မယ်... ဒါပေမဲ့ အန်တီ့ရဲ့ အခြေခံဓာတ်ကြီးငါးပါး ဝိညာဉ်မျိုစုပ်ခြင်း လျှို့ဝှက်အတတ်က စတင် အသက်ဝင်နေတာ လေးရက်တိတိ ရှိနေပြီ။ ပြီးတော့ သူ ပြန်ရောက်လာတာကလည်း လေးရက်တိတိ ရှိပြီလေ။ ဒါက တိုက်ဆိုင်မှုသက်သက်ပဲလို့ ထင်လို့လား..."
"ပြီးတော့ ဒီမိစ္ဆာအတတ်ကို စီရင်ဖို့ဆိုရင် အန်တီ့ရဲ့ ဆံပင်နဲ့ လက်သည်းတွေကို အရင်ဆုံး ရယူဖို့ လိုအပ်တယ်။ သူ ပြန်ရောက်ရောက်ချင်းပဲ အန်တီ့ကို ဆံပင်ဖြီးပေးတယ်... လက်သည်း ညှပ်ပေးတယ်လေ။ အဲဒါက ပုံမှန်ကော ဟုတ်ရဲ့လား။ သူ အန်တီ့ဘေးမှာ နေလာတာ အနှစ် နှစ်ဆယ်ကျော်ပြီ။ အရင်ကရော အန်တီ့ကို ဆံပင်ဖြီးပေးဖူးလို့လား... လက်သည်း ညှပ်ပေးဖူးလို့လား"
ဤတစ်ကြိမ်တွင်မူ ချန်ဆွန်းတုန်းကျွီးသည် ထပ်မံ စကားမဆိုတော့ဘဲ သူမ၏ မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်ချလိုက်၏။ ထို့နောက် သူမ၏ ဖြူစင်သော ပါးပြင်ထက်ဝယ် ကြေကွဲနာကျင်မှု မျက်ရည်နှစ်ပေါက်သည် စီးကျလာလေတော့သည်။
အထက်တွင် ဖော်ပြခဲ့သည့်အတိုင်းပင် ချန်ဆွန်းရှမ်းကို သူမက ငယ်စဉ်ကတည်းက သားအရင်း တစ်ယောက်လို ပြုစုပျိုးထောင်ခဲ့ပြီး သူမ၏ နို့ချိုကို တိုက်ကျွေးကာ မိခင်မေတ္တာ အပြည့်အဝ ပေးခဲ့ခြင်း ဖြစ်ပေသည်။ သို့သော် နောက်ဆုံးတွင် ကျေးဇူးကန်းတတ်သော မိစ္ဆာကောင်ကို သူမကိုယ်တိုင် မွေးမြူမိခဲ့မှန်း သူမ တစ်ခါမျှ တွေးမထားခဲ့မိပေ။
ထိုအကောင်က သူမအပေါ် ကျေးဇူးမဆပ်သည့်အပြင် သူမကိုပါ ဒုက္ခပေး၍ မိသားစု ပိုင်ဆိုင်မှုများကိုပါ လုယူချင်နေသည် မဟုတ်ပါလား…။
ယဲ့ပုဖန်သည် စကားမဆိုတော့ဘဲ သူမ၏ ဘေးတွင် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်သည်။ ဤကိစ္စသည် ချန်ဆွန်းတုန်းကျွီးအတွက် အလွန် ကြီးမားသော ထိုးနှက်ချက် တစ်ခုဖြစ်ကြောင်း သူ ကောင်းစွာ နားလည်ထားပေသည်။
ငါးမိနစ်တိတိ ကြာပြီးနောက် ချန်ဆွန်းတုန်းကျွီးသည် မျက်လုံးများကို ပြန်ဖွင့်လိုက်လေသည်။
ယခုအခိုက်အတန့်၌ ယဲ့ပုဖန်၏ စကားများအပေါ် သူမ ထပ်မံ သံသယ မရှိတော့ဘဲ သူမ၏ မျက်နှာထက်တွင် ဒေါသတရားတို့ ပြည့်နှက်နေတော့၏။
"ငါ့မိသားစု ပိုင်ဆိုင်မှုတွေကို လိုချင်နေတာလား... အဲဒီလောက် မလွယ်ဘူး။ ငါ သေသွားခဲ့ရင်တောင် ဒီပိုက်ဆံတွေကို တရုတ်နိုင်ငံအတွက် လှူဒါန်းပစ်လိုက်မယ်... သူ့ကိုတော့ တစ်ပြားတစ်ချပ်မှ မပေးနိုင်ဘူး"
ယဲ့ပုဖန်က "အန်တီချန်ဆွန်း... စိတ်မပူပါနဲ့။ ကျွန်တော် ရှိနေသရွေ့ အန်တီ ဘာမှ မဖြစ်စေရဘူး" ဟု ဆိုလိုက်သည်။
စီတုတျန့်မော့က "ဘော့စ်... ဒီမိစ္ဆာအတတ်ကို ချိုးဖျက်လို့ ရနိုင်မလား" ဟု မေးလိုက်၏။
ယဲ့ပုဖန်က ခေါင်းညိတ်ပြကာ "ရပါတယ်... ဒါပေမဲ့ အရင်ဆုံး ပြင်ဆင်စရာလေးတွေ နည်းနည်းတော့ ရှိတယ်" ဟု ပြန်ဖြေလိုက်သည်။
သူမ အသက်ရှင်ရန် အခွင့်အရေး ရှိသေးကြောင်း ကြားလိုက်ရသောအခါ ချန်ဆွန်းတုန်းကျွီး၏ မျက်နှာထက်တွင် ဝမ်းသာရိပ်အနည်းငယ် လွှမ်းမိုးသွား၏။ သူမသည် သေရမည်ကို သိပ်မကြောက်သော်လည်း သူမ၏ သားအရင်းကို ယခုတိုင် ရှာမတွေ့သေးပေ။
ဤကဲ့သို့ အခြေအနေဖြင့်သာ သူမ သေဆုံးသွားခဲ့ရလျှင် အမှန်တကယ်ပင် သေပျော်မည် မဟုတ်ချေ။
"ရှောင်ဖန်ရယ်... အန်တီ သားကို ကျေးဇူးတင်ပါတယ်ကွယ်"
ယဲ့ပုဖန်က "အန်တီချန်ဆွန်းရယ်... ကျွန်တော့်ကို ဘာလို့ ဒီလောက်တောင် အားနာနေရတာလဲ။ အခုလို အချိန်မှာ အန်တီ ကျွန်တော်နဲ့ လာတွေ့တယ်ဆိုတာ ရေစက်ကြောင့်ပါပဲ။ ဒါဟာ အန်တီ့အသက် ဆုံးခန်းတိုင်ဖို့ အချိန်မရောက်သေးဘူးဆိုတဲ့ သဘောပေါ့" ဟု ဆိုလေသည်။
စီတုတျန့်မော့က "ဘော့စ်... သန်းခေါင်တောင် ကျော်တော့မယ်။ အချိန်သိပ်မကျန်တော့ဘူး မဟုတ်လား" ဟု ဝင်ပြောလိုက်သည်။
ယဲ့ပုဖန်က အချိန်ကို ကြည့်လိုက်ပြီး "နာရီဝက်လောက် အချိန်ရပါသေးတယ်... လုံလောက်ပါတယ်" ဟု ဆိုလိုက်၏။
ထိုသို့ ပြောရင်း သူက ရွှေရောင် အင်းစာရွက် တစ်ရွက်ကို ထုတ်ယူကာ ကမ်းပေးလိုက်ပြီး "အန်တီ... ဒါက ယန်မီးတောက် အင်းစာရွက်လို့ ခေါ်တယ်။ မိစ္ဆာပစ္စည်းတွေကို အပြင်းအထန် ဖိနှိပ်နိုင်တဲ့ အစွမ်းရှိတယ်။ အဲဒါကို အန်တီ့ ရင်ဘတ်ပေါ်မှာ အရင်ကပ်ထားလိုက်ပါ။ နောက်ကျရင် တစ်ဖက်လူ ပစ်လွှတ်လိုက်မယ့် ယင်မြားကို သူက ဖျက်ဆီးပေးလိမ့်မယ်" ဟု ရှင်းပြလိုက်သည်။
"အင်း..."
ချန်ဆွန်းတုန်းကျွီးက ခေါင်းညိတ်လိုက်ပြီး အင်းစာရွက်ကို ယူကာ သူမ၏ နှလုံးနေရာ ရင်ဘတ်ပေါ်တွင် ကပ်ထားလိုက်သည်။
ယဲ့ပုဖန် စဉ်းစားကြည့်လိုက်သော်လည်း စိတ်မချနိုင်သေးပေ။ ပိုမို လုံခြုံစိတ်ချရစေရန်အတွက် သူသည် နောက်ထပ် ကျောက်စိမ်းအင်း တစ်ခုကို ထုတ်ယူကာ ကာကွယ်ရေး အစီအရင်တစ်ခုကို လျင်မြန်စွာ ရေးဆွဲလိုက်၏။ ထို့နောက် ၎င်းကို ဆွဲကြိုးတစ်ခုသဖွယ် ဖန်တီးလိုက်ပြီး ချန်ဆွန်းတုန်းကျွီး၏ လည်ပင်းတွင် ဆွဲပေးထားလိုက်သည်။
ဤအရာများ အားလုံးကို ပြုလုပ်ပြီးစီးသွားသောအခါ လုံခြုံမှု အပြည့်အဝ ရှိသွားသင့်သော်လည်း သူ၏ ရင်ထဲတွင် မကောင်းသော ကြိုတင်ခံစားမှု တစ်ခုက ရှိနေဆဲပင် ဖြစ်လေသည်။
ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် သူသည် အစီအရင်အလံများကို ထုတ်ယူကာ အခန်းတွင်း၌ ကာကွယ်ရေး အစီအရင် တစ်ခုကိုပါ ချထားလိုက်ပြန်သည်။
ထို့နောက် သူက နောက်ထပ် ကျောက်စိမ်းအင်း တစ်ခုကို ဖန်တီး၍ စီတုတျန့်မော့ထံသို့ ကမ်းပေးလိုက်သည်။
"နောက်ကျရင် ဟိုဘက်က သူတို့ရဲ့ မှော်အတတ်ကို စတင်အသက်သွင်းတဲ့အခါ နောက်ကွယ်က ကြိုးကိုင်နေတဲ့သူကို ဆွဲထုတ်ဖို့ ငါ နည်းလမ်းရှာရမယ်။ မင်းက ဒီမှာနေပြီး အန်တီချန်ဆွန်းကို ကာကွယ်ပေးထား။ တကယ်လို့ မင်း မခုခံနိုင်တဲ့ အန္တရာယ်မျိုးနဲ့ ကြုံလာရရင် ဒီကျောက်စိမ်းအင်းကို ချက်ချင်း ချေမွပစ်လိုက်။ အဲဒီအခါ အခန်းထဲက ကာကွယ်ရေး အစီအရင်က ပွင့်လာလိမ့်မယ်။ အာကာသအဆင့် သိုင်းပညာရှင် လာရင်တောင် ဖောက်ဝင်နိုင်မှာ မဟုတ်ဘူး"
သူ ပြန်ရောက်လာကတည်းက အစီအစဉ် တစ်ခုကို ကြိုတင် ရေးဆွဲထားခဲ့ပြီး ဖြစ်၏။ စီတုတျန့်မော့ကို ချန်ထားရသည့် အကြောင်းရင်းမှာ ချန်ဆွန်းတုန်းကျွီးကို ကာကွယ်ပေးရန်ပင် ဖြစ်လေသည်။
"နားလည်ပါပြီ ဘော့စ်"
စီတုတျန့်မော့၏ မျက်လုံးများထဲတွင် ယဲ့ပုဖန်ကို ကြည့်ကာ လေးစားအားကျမှုတို့ ပြည့်နှက်နေ၏။
သူတို့ နှစ်ဦးစလုံးမှာ လူငယ်များသာ ဖြစ်ကြသော်လည်း နည်းပြချုပ်သည် သိုင်းပညာ၌သာ ကျွမ်းကျင်ရုံသာမက ရွှမ်မန် မှော်ပညာရပ်တွင်ပါ ဤမျှလောက် ထူးချွန်ထက်မြက်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ယခု သူ ပြသခဲ့သော စွမ်းရည်များကို အခြေခံ၍ ကြည့်လျှင် ရွှမ်ယွမ်စံအိမ်မှ မှော်အတတ် မဟာဆရာကြီး အန်းသောက်ချွမ်း တစ်ဦးတည်းသာ ဤအဆင့်အထိ ရောက်ရှိနိုင်ပေလိမ့်မည်။
အရာအားလုံး အသင့်ဖြစ်နေပြီ ဖြစ်ရာ သူတို့ သုံးဦးသည် သန်းခေါင်ယံအချိန် ရောက်လာမည့် အခိုက်အတန့်ကိုသာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်ကြတော့သည်။
*
မြို့တော် ဆင်ခြေဖုံးရှိ ခြံဝင်းတစ်ခု အတွင်း၌ ဖြစ်လေသည်။ ယခင်က နှစ်ထပ် ကြက်ခြံဟောင်း တစ်ခုဖြစ်ပြီး ယခုအခါတွင်မူ စွန့်ပစ်ခံထားရကာ အလွန်ပင် ဟောင်းနွမ်းပျက်စီးနေချေပြီ။
ဒုတိယထပ်ရှိ ခန်းမဆောင်တွင် မီးလင်းမနေဘဲ အလွန် မှောင်မိုက်နေ၏။ အလယ်ဗဟို၌ စားပွဲတစ်လုံး ရှိပြီး ထိုစားပွဲပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော အမည်မသိ မိစ္ဆာနတ်ဘုရား ရုပ်တုတစ်ခုကို ပူဇော်ထားလေသည်။
ရုပ်တု၏ အရှေ့တွင် ဂုန်နီအိတ်ဖြင့် ချုပ်လုပ်ထားသော အရုပ်တစ်ခု ရှိပြီး ထိုအရုပ်၏ မျက်နှာ အသွင်အပြင်မှာ ချန်ဆွန်းတုန်းကျွီးနှင့် တစ်ထပ်တည်း တူညီနေလေသည်။
အဖြူရောင် မြားငယ်လေးများကို အရုပ်၏ အသည်း၊ ဘေလုံး၊ ကျောက်ကပ်နှင့် အဆုတ် နေရာအသီးသီးတွင် စိုက်ထား၏။ သေချာစွာ အကဲခတ်ကြည့်လျှင် ဤမြားငယ်လေးများမှာ လူ၏ လက်ချောင်းအရိုးများဖြင့် ပြုလုပ်ထားကြောင်း သိသာထင်ရှားနေပြီး သေးငယ်သော်လည်း ယင်စွမ်းအင်များ အပြည့်အဝ စုစည်းနေလေသည်။
စားပွဲ၏ အရှေ့တွင် အနီရောင် သင်္ကန်းကို ဝတ်ရုံထားသော ကိုယ်တော်တစ်ပါး ထိုင်နေ၏။ သူ၏ ခန္ဓာကိုယ်မှာ ပိန်ချုံးနေပြီး ရင်ဘတ်တွင် လက်သီးဆုပ်ခန့် ရှိသော အနက်ရောင် ဦးခေါင်းခွံတစ်ခုကို ဆွဲချိတ်ထားလေသည်။
ကိုယ်တော်တစ်ပါး ဖြစ်သော်ငြား သူ၏ ခန္ဓာကိုယ်မှ ပြင်းထန်သော ယင်စွမ်းအင်များ ထွက်ပေါ်နေသဖြင့် မြင်ရသူအဖို့ ကျောချမ်းသွားစေနိုင်ပေသည်။
ကိုယ်တော်၏ ဘေးတွင် လူငယ်တစ်ဦး မတ်တပ်ရပ်နေ၏။ ထိုလူငယ်မှာ အခြားသူ မဟုတ်ဘဲ ချန်ဆွန်းရှမ်းပင် ဖြစ်လေသည်။
"ဆရာကြီး ဂယ်လု... ဒီနေ့ ကျွန်တော် အဲဒီ မိန်းမကြီးကို မျက်ခြေပြတ်သွားတယ်။ သူက ယဲ့ပုဖန် ဆိုတဲ့ လူငယ်တစ်ယောက်နဲ့ အတူတူ ထွက်သွားတာ"
ဂယ်လု အမည်ရှိသော ကိုယ်တော်က သူ၏ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး ခြောက်ကပ်နေသော အသံဖြင့် "ကိစ္စမရှိဘူး... သူ ဘယ်သူနဲ့ ထွက်သွားသွား ကိစ္စမရှိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူ အသက်ရှင်ဖို့ အချိန်သိပ်မကျန်တော့ပါဘူး" ဟု ဆိုလေသည်။
ချန်ဆွန်းရှမ်းက "ဆရာကြီး... ယဲ့ပုဖန် ဆိုတဲ့ လူငယ်က သမားတော် တစ်ယောက်ဗျ။ သူ့ရဲ့ ဆေးပညာက တော်တော်လေးကို ထက်မြက်တယ်။ သူများ ကျွန်တော်တို့ရဲ့ အစီအစဉ်တွေကို ဖျက်ဆီးပစ်နိုင်မလား"
"ဟား ဟား ဟား..."
ဂယ်လုက ချက်ချင်းပင် အော်ဟစ် ရယ်မောလိုက်လေသည်။ သူ၏ အသံမှာ ခြောက်ကပ်ကွဲအက်နေပြီး ထိတ်လန့်စရာ ကောင်းလှသော်လည်း ကြီးမားလှသော ယုံကြည်မှုတို့ အပြည့်အဝ ပါဝင်နေပေသည်။
"ငါ ဂယ်လု ဆိုတာ ဘယ်သူလဲ။ ထိုင်းနိုင်ငံက မဟာစုန်းကဝေဆရာကြီးရဲ့ တပည့်ရင်းလေ။ သာမန် ဆရာဝန်လေး တစ်ယောက်က ငါ့ရဲ့ စုန်းအတတ်ကို ဘယ်လိုလုပ်ပြီး ချိုးဖျက်နိုင်မှာလဲ... စိတ်မပူပါနဲ့။ မကြာခင်မှာပဲ အဲဒီ မိန်းမကြီးက အလောင်းကောင် တစ်လောင်း ဖြစ်သွားတော့မှာပါ။ သူ ပြန်လည် ဝင်စားခွင့်တောင် ရမှာမဟုတ်ဘူး"
ချန်ဆွန်းရှမ်းသည် သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်ပြီး "ဆရာကြီးက ဒီလိုပြောမှပဲ ကျွန်တော်လည်း စိတ်အေးရတော့တယ်။ ဟုန်မန် လုပ်ငန်းစုရဲ့ အမွေဆက်ခံခွင့်ကို ရရချင်းပဲ ရှယ်ယာ ဆယ်ပုံ တစ်ပုံကို ဆရာကြီးအတွက် ဆုကြေးအနေနဲ့ ချက်ချင်း လွှဲပြောင်းပေးပါ့မယ်" ဟု ပြန်ပြောလိုက်သည်။
ဂယ်လုက စကားမဆိုတော့ဘဲ မျက်လုံးများကို ပြန်မှိတ်လိုက်ကာ ရုပ်တု၏ အရှေ့တွင် တိတ်ဆိတ်စွာ ထိုင်နေလိုက်လေသည်။
အချိန်များက တစ်မိနစ်ပြီး တစ်မိနစ် ကုန်ဆုံးသွား၏။ နာရီလက်တံသည် တစ်နေ့တာအတွင်း ယင်စွမ်းအင် အပြင်းထန်ဆုံးဖြစ်သည့် သန်းခေါင်ယံအချိန်သို့ ရောက်ရှိသွားလေပြီ။
ဂယ်လုသည် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်ပြီး အိတ်ကပ်ထဲသို့ နှိုက်ကာ လက်ချောင်းအရိုးဖြင့် ပြုလုပ်ထားသော နောက်ထပ် ယင်မြားတစ်စင်းကို ထုတ်ယူလိုက်လေသည်။
"ကောင်းပြီ... အခု သူမကို မရဏလမ်းဆီ လွှတ်ပေးလို့ ရပြီ"
ထိုသို့ ပြောပြီးနောက် သူက လက်ကောက်ဝတ်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ မြားလေးသည် ထွက်ပေါ်လာပြီး အရုပ်၏ ရင်ဘတ် အလယ်ဗဟိုသို့ တည့်မတ်စွာ စိုက်ဝင်သွားလေတော့သည်။
ကုရိမန် ဆေးခန်း၌မူ ယဲ့ပုဖန်သည် ချန်ဆွန်းတုန်းကျွီး၏ ဘေးတွင် ရပ်ကာ အပြည့်အဝ သတိရှိစွာဖြင့် ကာကွယ်ပေးနေလေသည်။
ဝှစ်...
ယင်လေအေး တစ်ချက် ဖြတ်သန်း တိုက်ခတ်သွားပြီးနောက် ရုတ်တရက်ဆိုသလို သူမ၏ ရင်ဘတ်ပေါ်ရှိ ယန်မီးတောက် အင်းစာရွက်သည် ရုတ်ချည်း တောက်လောင်လာလေသည်။ ယန်မီးတောက် အင်းစာရွက်သည် အပြင်းထန်ဆုံးသော ယန်စွမ်းအင်ကို ပိုင်ဆိုင်ထားပြီး ယင်စွမ်းအင်များနှင့် မိစ္ဆာမှော်အတတ်များ အားလုံး၏ ဆန့်ကျင်ဘက် အရာပင် ဖြစ်ပေသည်။
အင်းစာရွက်ဆီသို့ ပစ်မှတ်ထား ဝင်ရောက်လာသော ယင်မြားမှာ မည်သည့် သက်ရောက်မှုမျှ မဖြစ်စေနိုင်ခဲ့ချေ။ ဆန့်ကျင်ဘက်အနေဖြင့် ထိုယင်မြားသည် ပူပြင်းလှသော ယန်စွမ်းအင်များ၏ ချက်ချင်း မျိုစုပ်ဖျက်ဆီးခြင်းကို ခံလိုက်ရလေသည်။
သူမရှေ့မှ မြင်ကွင်းကို ကြည့်ရင်း ချန်ဆွန်းတုန်းကျွီးမှာ အလွန်အမင်း ထိတ်လန့်သွားကာ ကြက်သီးမွေးညင်းများပင် ထသွားရ၏။
ယဲ့ပုဖန် သူမကို လိမ်ညာပြောဆိုခြင်း မရှိကြောင်း ယုံကြည်ထားသော်လည်း ဤကဲ့သို့သော ထူးဆန်း အံ့ဩဖွယ် မြင်ကွင်းကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုက်ရသောအခါ သူမ၏ ရင်ထဲတွင် မလုံမခြုံ ဖြစ်သွားရသေးသည်။
ကိစ္စက ဤမျှနှင့် ပြီးဆုံးမသွားခဲ့ပေ။ ယင်မြားက ပေါက်ကွဲ ပျက်စီးသွားသော်လည်း ထိုမြားထဲတွင် ပုန်းအောင်းနေသော မိစ္ဆာဝိညာဉ်က အပြင်သို့ ပျံထွက်လာလေသည်။
တစ်ချိန်တည်းမှာပင် ချန်ဆွန်းတုန်းကျွီး၏ ခန္ဓာကိုယ်အတွင်း၌ ပုန်းအောင်းနေသော အခြား မိစ္ဆာဝိညာဉ် လေးခုကလည်း ပျံထွက်လာခဲ့ကြ၏။ အခိုက်အတန့် အတွင်းမှာပင် အခန်းထဲတွင် ယင်စွမ်းအင်များ ပြည့်နှက်သွားပြီး သရဲတစ္ဆေများ၏ ညည်းညူအော်ဟစ်သံများ လွှမ်းမိုးသွားလေတော့သည်။
ဝေါင်း...
မိစ္ဆာဝိညာဉ် ငါးခုစလုံးသည် တစ်စုတစ်စည်းတည်း ပေါင်းစပ်သွားကာ စူးရှစွာ အော်ဟစ်လိုက်ပြီး ချန်ဆွန်းတုန်းကျွီးထံသို့ ပြင်းထန်စွာ ခုန်အုပ်ဝင်ရောက်လာကြလေသည်။
စီတုတျန့်မော့၏ ရင်ထဲတွင် အလွန် စိုးရိမ်ပူပန်သွားရ၏။ သူမသည် သိုင်းပညာရှင် တစ်ယောက် ဖြစ်သည့်အတွက် မိမိကိုယ်ကိုယ်သာ ချီစွမ်းအင်ဖြင့် ကာကွယ်နိုင်စွမ်း ရှိပြီး ယခု မျက်မှောက်တွင် ဖြစ်ပျက်နေသည့် အခြေအနေကိုမူ သူမ မည်သို့မျှ မကူညီနိုင်ခဲ့ပေ။
***