ယဲ့ပုဖန်က "ဒါပေမဲ့ ငါ နားမလည်တဲ့ အချက်တစ်ခု ရှိသေးတယ်။ ငါက သာမန် သမားတော် တစ်ယောက်ပါ။ မြို့တော်က ထိပ်သီး မိသားစု တစ်ခုအနေနဲ့ ဘာလို့ ငါ့ကို လာပြီး အကွက်ဆင်နေရတာလဲ" ဟု မေးလိုက်သည်။
"ရှင့်ကို လုပ်ကြံချင်နေတာက ထိပ်သီး မိသားစု တစ်ခုလုံး မဟုတ်တာ သေချာတယ်။ မိသားစုဝင် တစ်ယောက်ယောက်ပဲ ဖြစ်လိမ့်မယ်။ မဟာမိသားစုကြီး ငါးခုထဲက တစ်ခုခုကသာ ရှင့်ကို သတ်ချင်ရင် ဒီလောက်တောင် ရှုပ်ရှုပ်ယှက်ယှက်တွေ လုပ်နေစရာ မလိုပါဘူး။ ခိုးကြောင်ခိုးဝှက် လုပ်ဖို့ဆိုတာ ပိုတောင် ဝေးသေးတယ်"
စီမာဝေက ဆက်၍ "အခုချိန်မှာ အရေးကြီးဆုံးက ရှင့်ရဲ့ စွမ်းအားကို မြှင့်တင်ဖို့ပါပဲ။ တစ်နေ့နေ့မှာ မဟာမိသားစုကြီး ငါးခုနဲ့ ရင်ပေါင်တန်းနိုင်တဲ့ အဆင့်အထိ ရောက်သွားရင် အကောင်းဆုံးပဲ။ အဲဒီအခါကျရင် ရှင် အပြည့်အဝ လုံခြုံသွားလိမ့်မယ်" ဟု ဆိုလေသည်။
"အဲဒါကို ခဏထားလိုက်ပါဦး"
ယဲ့ပုဖန်က ထပ်မေးလိုက်သည်။ "ထိုင်းနိုင်ငံက မဟာစုန်းကဝေဆရာကြီး ဘွန်နာချိုင်းအကြောင်း မင်း ဘယ်လောက် သိလဲ"
"ဘွန်နာချိုင်းက ထိုင်းနိုင်ငံမှာသာမကဘူး။ တစ်ကမ္ဘာလုံးမှာပါ အင်အားအကြီးဆုံး စုန်းကဝေဆရာကြီးတွေထဲက တစ်ယောက်ပဲ။ သူက မှော်အတတ် မဟာဆရာကြီး အဆင့်ကို ရောက်နေတာ ကြာလှပြီ။ လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက ကျွန်မတို့ ရွှမ်ယွမ်စံအိမ်က အကြီးအကဲ အန်းသောက်ချွမ်းနဲ့ သူ တစ်ခါ တိုက်ခိုက်ဖူးတယ်"
ယဲ့ပုဖန်က "ရလဒ်က ဘယ်လိုဖြစ်သွားလဲ" ဟု မေးလိုက်၏။
"ရလဒ်ကတော့ အကြီးအကဲ အန်းသောက်ချွမ်းက သီသီလေး အနိုင်ရသွားပြီး တစ်ဖက်လူကို တရုတ်နိုင်ငံထဲ တစ်သက်လုံး ခြေမချပါဘူးဆိုပြီး ကတိပေး ကျိန်ဆိုခိုင်းနိုင်ခဲ့တယ်။ တစ်ချိန်တည်းမှာပဲ အကြီးအကဲအန်းလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပြီး အပြည့်အဝ ပြန်ကောင်းလာဖို့ ၃ နှစ်တောင် အချိန်ယူလိုက်ရတယ်..."
"ယုတ္တိတန်တန် စဉ်းစားကြည့်ရင် ဘွန်နာချိုင်းက သူ ပေးထားတဲ့ ကတိရှိနေတော့ တရုတ်နိုင်ငံ ကိစ္စတွေကို ဝင်စွက်ဖက်မှာ မဟုတ်ဘူး။ ဒီတစ်ခေါက် သူ့တပည့်ကို စေလွှတ်လိုက်လိမ့်မယ်လို့ ကျွန်မလည်း မထင်ထားခဲ့ဘူး။ အဲဒီလူက ကျင့်ကြံမှု မြင့်မားပေမဲ့ သဘောထား အရမ်းသေးသိမ်တယ်။ အခု နင်က သူ့တပည့်ကို သတ်လိုက်ပြီဆိုတော့ ဒီရန်ငြိုးကို သူ မှတ်ထားလောက်ပြီ။ ရှေ့လျှောက် နင် ပိုပြီး သတိထားရလိမ့်မယ်"
ယဲ့ပုဖန်က "ငါ နားလည်ပါပြီ" ဟု ဖြေလိုက်သည်။
သူတို့နှစ်ဦးသည် စကားအနည်းငယ် ထပ်ပြောပြီးနောက် ဖုန်းချလိုက်ကြလေသည်။
……………………..
တစ်ချိန်တည်းမှာပင် မြို့တော်ရှိ ဇိမ်ခံ သီးသန့်အခန်း တစ်ခန်းအတွင်း၌ ဖြစ်လေသည်။ အမျိုးသမီးသည် မျက်နှာပေါ်တွင် မျက်နှာဖုံး တပ်ဆင်ထားဆဲ ဖြစ်ပြီး လူလတ်ပိုင်းအရွယ် အမျိုးသားသည် သူမရှေ့တွင် မတ်တပ်ရပ်နေ၏။
"သခင်မလေး... ဒီတစ်ခေါက်လည်း ကျွန်တော်တို့ ထပ်ကျရှုံးသွားပြန်ပြီ။ ယဲ့ပုဖန်က ဂယ်လုကို သတ်လိုက်ရုံတင် မကဘူး... သေနတ်နတ်ဘုရား ဘလန့်ခ်ကိုပါ ရှာတွေ့ပြီး သတ်ပစ်လိုက်တယ်"
"သူတို့ သေသွားရင်လည်း ပြီးတာပဲလေ။ သူတို့ သေသွားတာ ပိုတောင် ကောင်းသေးတယ်။ ကျွန်မတို့ ပွဲခ သက်သာသွားတာပေါ့"
အမျိုးသမီးသည် ထိုလူနှစ်ဦး၏ သေဆုံးမှုအပေါ် သိသိသာသာပင် ဂရုမစိုက်ကြောင်း ပြသနေ၏။ သူမက "ချန်ဆွန်းတုန်းကျွီးရော... သူ့ကို ရှင်းပစ်လိုက်နိုင်လား" ဟု ထပ်မေးလိုက်သည်။
"မရဘူး... အဲဒီ ယဲ့ပုဖန်က မထွက်သွားခင်မှာ အရမ်း အစွမ်းထက်တဲ့ အစီအရင်တစ်ခုကို ချထားခဲ့တယ်။ ကျွန်တော်တို့ လွှတ်လိုက်တဲ့လူတွေ အောင်မြင်အောင် မလုပ်နိုင်ခဲ့ဘူး"
"ဒီကောင်လေးကတော့ တကယ့်ကို အံ့ဩစရာကောင်းတဲ့ ကောင်လေးပဲ"
အမျိုးသမီးသည် သူမ၏ ဖြူဝေးနူးညံ့သော လက်များကို ဆန့်ထုတ်ကာ မျက်နှာပေါ်ရှိ မျက်နှာဖုံးကို ခပ်ဖွဖွ ပုတ်လိုက်ရင်း "အာကာသအဆင့် နင်ဂျာတွေကိုတောင် စေလွှတ်လိုက်တာကို အောင်မြင်အောင် မလုပ်နိုင်ခဲ့ဘူးဆိုတော့... ယဲ့ပုဖန်ဆီမှာ တကယ်ကို အစွမ်းအစ အချို့ ရှိနေတာပဲ" ဟု ဆိုလေသည်။
လူလတ်ပိုင်း အမျိုးသားက "သခင်မလေး... ကျွန်တော်တို့ ရှေ့ဆက် ဘာလုပ်ကြမလဲ။ ချန်ဆွန်းတုန်းကျွီးကို ဆက်ပြီး လုပ်ကြံဖို့ လိုသေးလား" ဟု မေးလိုက်၏။
"မလိုတော့ဘူး။ သူ ကူရီမန်ဆေးခန်းကနေ ထွက်လာပြီးမှ သတ်လိုက်ရင်လည်း ဘာမှ အသုံးဝင်တော့မှာ မဟုတ်ဘူး။ တခြားသူကို အပြစ်ပုံချဖို့ ဆိုတဲ့ ရည်ရွယ်ချက်က အထမြောက်တော့မှာ မဟုတ်ဘူး"
အမျိုးသမီးက မတ်တပ်ရပ်လိုက်ပြီး "မကြာသေးခင်ကမှ ကိစ္စတွေ အများကြီး ဖြစ်ထားတာဆိုတော့ ငါတို့ နည်းနည်းတော့ ငြိမ်နေမှ ရမယ်။ မဟုတ်ရင် ကိုယ့်ကိုယ်ကိုယ် ဖော်ကောင်လုပ်သလို ဖြစ်သွားလိမ့်မယ်။ ယဲ့ပုဖန်ကို ရှင်းဖို့က အချိန်မရွေး လုပ်လို့ရပါတယ်။ လောစရာ မလိုပါဘူး" ဟု ရှင်းပြလိုက်သည်။
"နားလည်ပါပြီ သခင်မလေး"
လူလတ်ပိုင်း အမျိုးသားက ခေါင်းညိတ် သဘောတူလိုက်ပြီး လှည့်ထွက်သွားလေသည်။
***
ယဲ့ပုဖန်သည် တစ်ညလုံး ကျင့်ကြံအားထုတ်နေခဲ့၏။ နောက်နေ့ နံနက်စောစောတွင် သူသည် ချန်ဆွန်းတုန်းကျွီး၏ ခန္ဓာကိုယ်ကို ထပ်မံ ချိန်ညှိပေးလိုက်ပြီးနောက် သူမကို ဆေးခန်းမှ ပြန်လည် စေလွှတ်လိုက်သည်။
ထို့နောက် ဆေးခန်းသည် ပုံမှန်အတိုင်း ပြန်လည် လည်ပတ်ခဲ့ပြီး ကျူးချွဲအသင်းမှ အခြား အဖွဲ့ဝင်များလည်း လာရောက် ကူညီပေးကြလေသည်။
အလုပ်များလှသော နေ့တစ်နေ့ ကုန်ဆုံးသွားပြီးနောက် စီတုတျန့်မော့နှင့် အခြားသူများ၏ သုံးရက်တာ ခွင့်ရက်သည်လည်း ပြီးဆုံးသွားပြီ ဖြစ်ရာ အားလုံး နှုတ်ဆက်ပြီး ရွှမ်ယွမ်စံအိမ်သို့ ပြန်သွားကြလေသည်။
ယခုအခါ ဆေးခန်းထဲတွင် ယဲ့ပုဖန်နှင့် လျိုယွမ် နှစ်ဦးတည်းသာ ကျန်ရစ်တော့ပြီး ရုတ်တရက် အလွန်ပင် တိတ်ဆိတ်သွားတော့သည်။
သူတို့နှစ်ဦး ညစာစားပြီးခါစမှာပင် ယဲ့ပုဖန်၏ ဖုန်း မြည်လာလေသည်။ သူက ဖုန်းခေါ်ဆိုသူ၏ အမည်ကို တစ်ချက်ကြည့်လိုက်ရာ ချောင်ရှင်းဟွာ ဖြစ်နေ၏။
ဖုန်းကို ကိုင်လိုက်သည်နှင့် တစ်ဖက်မှ "ဆရာတူအစ်ကို... အခု ဘယ်မှာလဲ။ မြို့တော်ကို လာဖို့ အချိန်ရမလား။ ဒီမှာ ကျွန်တော် အကူအညီ တောင်းစရာ ကိစ္စလေး တစ်ခု ပေါ်လာလို့ပါ" ဟု ပြောသံ ထွက်ပေါ်လာသည်။
"ဘာကိစ္စလဲ ပြောလေ။ ငါ အခု မြို့တော်မှာပဲ ရှိနေတာ"
"ဘာ... ဆရာတူအစ်ကိုလည်း မြို့တော်မှာ ရောက်နေတာလား။ ဒါဆို အရမ်းကောင်းတာပေါ့။ ဒီကိစ္စက ဖုန်းထဲကနေ စကားတစ်ခွန်း၊ နှစ်ခွန်းနဲ့ ရှင်းပြလို့ အဆင်မပြေဘူး။ ဆရာတူအစ်ကို အခု ဘယ်နားမှာလဲ... ကျွန်တော် လာခဲ့မယ်"
ယဲ့ပုဖန် မြို့တော်တွင် ရှိနေကြောင်း ကြားလိုက်ရသောအခါ ချောင်ရှင်းဟွာမှာ အလွန်အမင်း ဝမ်းသာသွား၏။ လိပ်စာကို ရပြီးနောက် သူသည် ချက်ချင်း အပြေးအလွှား ရောက်လာခဲ့လေသည်။
မကြာမီမှာပင် သူသည် တံခါးကို တွန်းဖွင့်ကာ ဆေးခန်းထဲသို့ ဝင်လာလေသည်။
"ဆရာတူအစ်ကို... ဟိုရက်ပိုင်းက သခင်ကြီး ဝမ်ရွှမ်တယ် လောင်းကြေးရှုံးပြီး ဆေးခန်း ပေးလိုက်ရတယ်လို့တော့ ကြားတယ်။ အဲဒီနိုင်သွားတဲ့သူက ဆရာတူအစ်ကို ဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူးဗျာ"
ယဲ့ပုဖန်က ခပ်ဟဟ ပြုံးလိုက်ပြီး "မင်း မြို့တော်ကို ဘာလာလုပ်တာလဲ" ဟု မေးလိုက်၏။
"ပြောရရင်တော့ ရှည်တယ်ဗျ"
ချောင်ရှင်းဟွာသည် လက်ဖက်ရည်ကရားကို ကောက်ကိုင်လိုက်ပြီး ယဲ့ပုဖန်အတွက် တစ်ခွက်၊ သူ့အတွက် တစ်ခွက် ငဲ့လိုက်ကာ ယဲ့ပုဖန်၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်လေသည်။
"ကျွန်တော်တို့ရဲ့ ပိုင်ချောင်ထန်က တစ်နိုင်ငံလုံးဆိုင်ရာ ဆိုင်ခွဲတွေ ဖွင့်ထားတာလေ။ ပင်မဆိုင်ကြီးက ဒီမြို့တော်မှာ ရှိတယ်။ အဲဒီကို ကျွန်တော့်ရဲ့ စီနီယာအစ်ကို လူပိုင်မင်းက စီမံအုပ်ချုပ်တာ..."
"လွန်ခဲ့တဲ့ နှစ်ရက်လောက်က ကျွန်တော့် စီနီယာအစ်ကို ဖုန်းဆက်လာတယ်။ ဒီမှာ တော်တော်လေးကို ထူးခြားတဲ့ လူနာတစ်ယောက် ရောက်နေလို့ ကျွန်တော့်ကို လာကြည့်ပေးပါဦး ဆိုပြီးတော့လေ။ ရှင်းလင်းဆေးခန်းမှာ လူဟောင်းကြီး တစ်ယောက်တည်းနဲ့ အဆင်ပြေလောက်ပါတယ်ဆိုပြီး ကျွန်တော်လည်း မြို့တော်ကို ပြန်လာခဲ့တာ"
ယဲ့ပုဖန်က "ပြီးတော့ရော... အဲဒီ ထူးခြားတဲ့ ရောဂါက ဘာလဲ" ဟု မေးလိုက်သည်။
"တကယ်တော့ ရောဂါလက္ခဏာတွေကို ကြည့်ရင် သိပ်မထူးခြားပါဘူး။ အဓိက လက္ခဏာတွေက ရင်ကျပ်တာ၊ ခေါင်းကိုက်တာ၊ အင်အားကုန်ခန်းပြီး စိတ်ဓာတ်ကျနေတာမျိုးတွေပါ။ အနောက်တိုင်း ဆေးပညာအရဆိုရင်တော့ စိတ်ကျရောဂါ လို့ ရောဂါရှာဖွေ သတ်မှတ်ထားတယ်။ ကျွန်တော်တို့ တိုင်းရင်းဆေးပညာ ရှုထောင့်ကနေ ကြည့်ရင်တော့ ဒါက တော်တော်လေး ဆိုးရွားတဲ့ အသည်းချီ တုံ့ဆိုင်းမှုကြောင့် ဖြစ်တာ... ချီစွမ်းအင်တွေ တုံ့ဆိုင်းပြီး မီးအဖြစ် ပြောင်းသွားတဲ့ လက္ခဏာမျိုးပေါ့..."
"အရေးကြီးဆုံး အချက်က အဲဒီလူနာရဲ့ နောက်ခံက တော်တော်လေး ထူးခြားနေတာပဲ။ သူက ဆူး လုပ်ငန်းစုရဲ့ စီအီးအို ဆူးမိသားစုရဲ့ သခင်မကြီးဆူးရုယွဲတဲ့"
ယဲ့ပုဖန်က "သူ့နောက်ခံက အရမ်း ထူးခြားလို့လား" ဟု မေးလိုက်၏။
"ဆရာတူအစ်ကိုက ဆူးမိသားစု ဆိုတာကိုတောင် မကြားဖူးဘူးလား"
ချောင်ရှင်းဟွာမှာ ယဲ့ပုဖန်က ဆူးရုယွဲနှင့် ဆူးမိသားစုအကြောင်း တစ်ခါမျှ မကြားဖူးခဲ့သည်ကို အလွန်ပင် အံ့အားသင့်သွားရလေသည်။
"တကယ် မကြားဖူးတာ... သူတို့က နာမည်အရမ်းကြီးလို့လား"
ယဲ့ပုဖန်သည် ယခင်က သာမန် ကျောင်းသား တစ်ယောက်သာ ဖြစ်ပြီး မြို့တော်သို့ တစ်ခါမျှ မရောက်ဖူးခဲ့ချေ။ ဆူးမိသားစုကို ထားလိုက်ပါ၊ မဟာမိသားစုကြီး ငါးခု၏ အကြောင်းကိုပင် သူ ယခင်က မကြားဖူးခဲ့ပေ။
"နာမည်ကြီးတာမှ တကယ့်ကို နာမည်ကြီးတာပါ"
ချောင်ရှင်းဟွာက ရှင်းပြလေသည်။ "ဆူး လုပ်ငန်းစုက မြို့တော်မှာ ထိပ်တန်း ဘဏ္ဍာရေး အုပ်စုကြီးတွေထဲက တစ်ခုပဲ။ ဟုန်မန် လုပ်ငန်းစုနဲ့တောင် ယှဉ်လို့ရတယ်။ ဆူးမိသားစုရဲ့ အဓိက စီးပွားရေးက ဆေးဝါးလုပ်ငန်းတွေပေါ့။ မြို့တော်ရဲ့ ဆေးဝါးလုပ်ငန်း တစ်ဝက်လောက်ကို သူတို့ ချုပ်ကိုင်ထားတယ်လို့တောင် ပြောလို့ရတယ်..."
"ပြီးတော့ ဆူးမိသားစုရဲ့ အရှင်သခင် ဆူးဟုန်ကျန်းမှာ သားမရှိဘူး။ သမီး တစ်ယောက်တည်းပဲ ရှိတာ။ သူမက ဆူးလုပ်ငန်းစုရဲ့ တစ်ဦးတည်းသော အမွေခံပဲ"
"အင်း..."
ယဲ့ပုဖန်က ခေါင်းညိတ်လိုက်ပြီး "ဒီလို ရောဂါမျိုးက သိပ်မခက်ပါဘူး။ မင်းတို့ ပိုင်ချောင်ထန်က ချီတုံ့ဆိုင်းတဲ့ ရောဂါလောက်လေးကိုတောင် မကုနိုင်ဘူးလား" ဟု မေးလိုက်သည်။
ချောင်ရှင်းဟွာက ဖြေလေသည်။ "အချိန်လုံလောက်မယ် ဆိုရင်တော့ ကျွန်တော်တို့လည်း ကုနိုင်တာပေါ့။ ဒါပေမဲ့ ဆူးရုယွဲရဲ့ နောက်ခံက အရမ်းကို ထူးခြားလွန်းနေတယ်။ ဒီကိစ္စကို လျှို့ဝှက်ထားရမယ့်အပြင် အမြန်ဆုံးလည်း ကုသပေးဖို့ လိုအပ်တယ်..."
"မဟုတ်ရင် သတင်းပေါက်ကြားသွားတာနဲ့ ဆူးမိသားစုရဲ့ စတော့ရှယ်ယာ ဈေးကွက်ကို ထိခိုက်သွားနိုင်တယ်။ ကျွန်တော်တို့ ဆူးရုယွဲကို ကုသပေးနေတုန်းမှာပဲ ရှီးမန်မိသားစုရဲ့ သခင်လေး ရှီးမန်ယွီလျန်က နိုင်ငံခြားကနေ အဲရစ်ဆန် လို့ခေါ်တဲ့ နာမည်ကြီး စိတ်ရောဂါကု ပညာရှင် တစ်ယောက်ကို ခေါ်လာတယ်..."
"အဲဒီကောင်က တကယ့်ကို မောက်မာလွန်းတယ်။ ကျွန်တော်တို့ တိုင်းရင်းဆေးပညာကို လုံးဝ အထင်သေးပြီး ကျွန်တော်တို့ အဘိုးကြီးတွေ အားလုံးကို လူလုံးရှေ့မှာ စော်ကားသွားတာ။ တိုင်းရင်းဆေးက ရောဂါတွေကို လုံးဝ မကုနိုင်ဘူးတဲ့... စိတ်ရောဂါ ဆိုရင်တော့ ပိုတောင် ဆိုးသေးတယ်တဲ့..."
"တခြား လူနာသာ ဆိုရင်တော့ ကျွန်တော်တို့လည်း လှည့်ထွက်လာပြီး သူ့ကို ဂရုစိုက်နေမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဆူးရုယွဲရဲ့ နောက်ခံက ထူးခြားနေတယ်လေ။ ကျွန်တော်တို့သာ လက်လျှော့လိုက်လို့ အဲဒီ နိုင်ငံခြားသားက ကုပေးလိုက်ရင် နောက်ကျ သတင်းတွေ ပြန့်သွားတဲ့အခါ ကျွန်တော်တို့ တိုင်းရင်းဆေးပညာလောက တစ်ခုလုံး မျက်နှာပျက်ရတော့မယ်..."
"ဆရာတူအစ်ကိုလည်း ကျွန်တော်တို့ တိုင်းရင်းဆေးပညာရဲ့ လက်ရှိ အခက်အခဲတွေကို သိပါတယ်... တကယ့်ကို ရုန်းကန်နေရတာပါ။ ဒီကိစ္စကို ကျွန်တော်တို့ လက်ပိုက်ကြည့်နေလို့ မဖြစ်ဘူး..."
"အဲဒါကြောင့် ဆရာတူအစ်ကို့ကို အကူအညီ တောင်းချင်လို့ပါ။ ဆူးရုယွဲကို မြန်မြန် ကုသပေးပြီး အဲဒီ နိုင်ငံခြားသားရဲ့ မျက်နှာကို ဖြတ်ရိုက်ပေးပါ။ စစ်မှန်တဲ့ တိုင်းရင်းဆေးပညာဆိုတာ ဘာလဲဆိုတာ သူတို့ကို ပြပေးလိုက်ပါ"
သခင်ကြီးချောင်မှာ စကားပြောရင်း ဒေါသထွက်လာကာ မုတ်ဆိတ်မွေးများပင် တုန်ယင်လာလေသည်။ အဲရစ်ဆန်အပေါ် သူ အလွန်အမင်း ဒေါသထွက်နေကြောင်း သိသာလှပေသည်။
တိုင်းရင်းဆေးပညာနှင့် ပတ်သက်နေသဖြင့် ယဲ့ပုဖန်သည် မငြင်းဆန်နိုင်ချေ။ ထို့ကြောင့် သူက "ကောင်းပြီလေ... ဒါဆိုရင် သူ့ကို ငါ့ဆီ ခေါ်လာခဲ့လိုက်" ဟု ဆိုလိုက်တော့၏။