"ကျွန်တော် ထင်တာကတော့ အဲဒီကောင် လျှောက်ပြောနေတာပါ။ အနောက်တိုင်း ဆေးပညာက စိတ်ပိုင်းဆိုင်ရာ ရောဂါကုသရာမှာ အားသာချက်တွေ ရှိတယ်ဆိုပေမဲ့ ဒီလောက်ကြီး ကွာခြားနေတာမျိုးတော့ မဟုတ်ဘူး"
အဲရစ်ဆန်၏ အကြောင်းကို ပြောလိုက်သည်နှင့် ချောင်ရှင်းဟွာမှာ ဒေါသတကြီးဖြင့် "အဲဒီကောင့်ရဲ့ အမုန်းဆုံး အချက်က ရောဂါကို လာကုတာ မှန်ပေမဲ့ တိုင်းရင်းဆေးပညာကို အတင်းအကျပ် နင်းခြေသွားတာပဲ။ အဲဒီအကြောင်းကို တွေးလိုက်တိုင်း ကျွန်တော် ဒေါသထွက်မိတယ်" ဟု ဆိုလေသည်။
လူပိုင်မင်းက "ညီလေး... စိတ်မပူပါနဲ့။ အဲဒါ အမှန်လား၊ အလိမ်လား ဆိုတာ ဒီနေ့ သိရမှာပါ။ ဒီလောက် ဆိုးရွားတဲ့ အသည်းချီ တုံ့ဆိုင်းမှုကို နှစ်ရက်တည်းနဲ့ သူ ကုနိုင်မယ်လို့ ငါလည်း မယုံဘူး" ဟု ဝင်ပြောလိုက်သည်။
"အဲဒီကောင်ဆီမှာ တကယ့် အစွမ်းအစ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ နောက်ဆုံးကျရင် ကျွန်တော်တို့ ဆရာတူအစ်ကိုနဲ့တော့ သေချာပေါက် ယှဉ်နိုင်မှာ မဟုတ်ဘူး"
တိုင်းရင်းဆေးပညာ လမ်းစဉ်တွင် ချောင်ရှင်းဟွာသည် ယဲ့ပုဖန်ကို နတ်ဘုရားတစ်ပါး ကဲ့သို့ ကြည်ညို လေးစားနေပြီ ဖြစ်၏။ သူ၏ အမြင်တွင် မည်သူမျှ ဆရာတူအစ်ကို၏ ဆေးပညာကို ကျော်လွန်နိုင်လိမ့်မည် မဟုတ်ချေ။
သူ၏ အသံမှာ အနည်းငယ် ကျယ်လောင်သွားသဖြင့် တိုင်းရင်းဆေး ဆရာကြီးများ၏ အာရုံစိုက်မှုကို ချက်ချင်း ရရှိသွားကာ အားလုံးက သူတို့ရှိရာသို့ မေးခွန်းထုတ်လိုသော အကြည့်များဖြင့် လှမ်းကြည့်လာကြလေသည်။
ဤနေရာတွင် ရောက်ရှိနေသူ အားလုံးမှာ တိုင်းရင်းဆေးပညာ လောကမှ မဟာဆရာကြီး အဆင့်ရှိသူများချည်း ဖြစ်ကြသည်။ သူတို့ အားလုံးသည် တစ်ယောက်နှင့်တစ်ယောက် ကောင်းစွာ သိကျွမ်းကြပြီး ချောင်ရှင်းဟွာနှင့် လူပိုင်မင်းတို့ မည်သို့သော သူများဖြစ်ကြောင်း သဘာဝကျကျပင် သိရှိထားကြပေသည်။
ကနဦးက သူတို့သည် ယဲ့ပုဖန်ကို မျိုးဆက်သစ် လူငယ်လေး တစ်ယောက်အဖြစ်သာ ထင်မှတ်ထားခဲ့ကြသော်လည်း ဤအဘိုးကြီး နှစ်ဦးစလုံးက ယဲ့ပုဖန်အပေါ် အလွန်တရာ ရိုသေလေးစားနေကြသည်ကို မြင်လိုက်ရသောအခါ အားလုံးမှာ ခေတ္တမျှ အလွန်အမင်း အံ့အားသင့်သွားကြလေသည်။
ထိုအချိန်၌ ဒုတိယထပ် လှေကားပေါ်မှ ခြေသံများ ထွက်ပေါ်လာလေသည်။
ပထမဆုံး အနက်ရောင် ဝတ်စုံဝတ် ကိုယ်ရံတော် တစ်ဒါဇင်ကျော် ဆင်းလာကြ၏။ အောက်သို့ ရောက်ပြီးနောက် သူတို့သည် လှေကား၏ တစ်ဖက်တစ်ချက်စီတွင် မတ်တပ်ရပ်နေလိုက်ကြသည်။ ချက်ချင်းဆိုသလိုပင် အမျိုးသမီး နှစ်ဦး လျှောက်လာလေသည်။
အရှေ့မှ လျှောက်လာသူမှာ လူလတ်ပိုင်းအရွယ် အမျိုးသမီး တစ်ဦးဖြစ်ပြီး ဆံပင်ကို မြင့်မြင့် ထုံးဖွဲ့ထား၏။ သူမသည် အသက် လေးဆယ် သို့မဟုတ် ငါးဆယ်ခန့် ရှိမည်ဟု ထင်ရသော်လည်း အသားအရေကို အလွန် ကောင်းမွန်စွာ ထိန်းသိမ်းထားသဖြင့် ရွယ်တူများထက် အများကြီး ပို၍ နုပျိုနေပုံပေါ်လေသည်။
သူမသည် အနည်းငယ် အသက်ကြီးနေပြီ ဖြစ်သော်ငြား ဆွဲဆောင်မှု ရှိနေဆဲ ဖြစ်ပြီး ငယ်ရွယ်စဉ်က အလွန် လှပခဲ့ကြောင်း သိသာလှပေသည်။ သို့သော် သူမ၏ မျက်နှာမှာ ရေခဲတမျှ အေးစက်နေပြီး အမူအရာမှာလည်း တင်းမာခက်ထန်နေကာ တစ်ချက်ကြည့်ရုံဖြင့် ဆက်ဆံရ လွယ်ကူသောသူ မဟုတ်ကြောင်း သိနိုင်ပေသည်။
ထိုအမျိုးသမီးမှာ ဆူးလုပ်ငန်းစု၏ အရှင်သခင် ဆူးဟုန်ကျန်း၏ ဇနီး၊ သခင်မကြီးဆူး ဖြစ်သော ပိုင်ရွေ့လီပင် ဖြစ်လေသည်။
သူမ၏ အနောက်တွင် အဖြူရောင် ဂါဝန်အရှည်နှင့် စတိုင်ကျသော ဖန်ဖိနပ်လေးကို ဝတ်ဆင်ထားသည့် အရပ်ရှည်ရှည် အမျိုးသမီးတစ်ဦး ပါလာ၏။ သူမသည် လူ့လောကသို့ ဆင်းသက်လာသော နတ်သမီးလေး တစ်ပါးအလား လတ်ဆတ်ပြီး သန့်စင်နေပုံပေါ်လေသည်။
အရေးကြီးဆုံးမှာ သူမသည် တကယ့်ကို လှပလွန်းနေပြီး မျက်နှာလေးမှာလည်း ပြစ်မျိုးမှည့်မထင် လှပနေခြင်းပင် ဖြစ်သည်။
သူမ၏ ခန္ဓာကိုယ် အချိုးအစားမှာ အလွန်အမင်း ပြည့်ဖြိုးနေခြင်း မရှိသော်ငြား ကောက်ကြောင်း အလှများ အပြည့်အဝ ရှိနေပြီး ဆွဲဆောင်မှုရှိသော အလှတရားတို့ကို ထုတ်လွှင့်နေလေသည်။
ယဲ့ပုဖန်သည်လည်း အလှမယ်ပေါင်းများစွာကို မြင်ဖူးခဲ့သူ ဖြစ်သော်လည်း သူပင်လျှင် အကြိမ်အနည်းငယ်မျှ ထပ်မံ ငေးကြည့်မိသွားရလေသည်။
မေးစရာပင် မလိုတော့ချေ... အနှီ အမျိုးသမီးမှာ ဆူးရုယွဲပင် ဖြစ်လေသည်။ ပြည့်စုံလွန်းသော အမျိုးသမီး ဟူသည့် အဓိပ္ပါယ် ရသော နာမည်နှင့် သူမသည် အမှန်တကယ်ပင် ထိုက်တန်လှပေသည်။ သူမ၏ အလှသည် ပြည့်စုံလွန်းနေ၏။
သူ့အာရုံကို ဖမ်းစားသွားသည့် အချက်မှာ ဤအမျိုးသမီးသည် မျက်နှာပေါ်တွင် အမြဲတမ်း အပြုံးလေး တစ်ခုကို ဆင်မြန်းထားသော်လည်း သူမ၏ ရင်တွင်း နက်ရှိုင်းသော နေရာမှ လူများကို အလှမ်း ဝေးစေသည့် အရှိန်အဝါ တစ်ခုကို ထုတ်လွှင့်နေပြီး အနားသို့ ချဉ်းကပ်ရန် မရဲဘဲ အဝေးမှသာ ငေးမောကြည့်နေရုံသာ တတ်နိုင်စေခြင်းပင် ဖြစ်သည်။
သူ ယခင်က ကြုံတွေ့ခဲ့ဖူးသော ရေခဲတမျှ အေးစက်သည့် အလှမယ် နှစ်ဦးဖြစ်သည့် ကုချင်းချန်နှင့် လန်ချင်းချိုးတို့မှာ အပြင်ပန်း၌သာ အေးစက်နေခြင်း ဖြစ်၏။
သို့သော် ဆူးရုယွဲကမူ မတူညီပေ။ သူမသည် အပြင်ပန်းတွင် ပြုံးရွှင်ကာ ယဉ်ကျေးနေပုံ ရသော်လည်း သူမ၏ အတွင်းစိတ်မှာမူ ချဉ်းကပ်ရန် အလွန် ခက်ခဲလှပေသည်။
ရုတ်တရက်ဆိုသလို သူ၏ မျက်ခုံးများ ပင့်တက်သွား၏။ သူ၏ စိတ်ဝိညာဉ်အာရုံက ဆူးရုယွဲ ၏ ဦးနှောက် ဗဟိုချက်ထဲတွင် မီးခိုးရောင် စွမ်းအင်တစ်ခုကို မြင်တွေ့လိုက်ရလေသည်။
"ဘာတွေ ဖြစ်နေတာလဲ"
ယဲ့ပုဖန်သည် အကဲခတ်ကြည့်ရင်း စဉ်းစားခန်း ဝင်နေမိ၏။ ထိုအရှိန်အဝါကို ကြည့်ရခြင်းအားဖြင့် ဤမီးခိုးရောင် စွမ်းအင်မှာ သူမ၏ မူလ ပင်ကိုယ်စွမ်းအင် မဟုတ်သလို မိစ္ဆာဝိညာဉ် ဝင်ပူးထားခြင်းလည်း မဟုတ်ပေ။ တစ်ယောက်ယောက်က အတင်းအကျပ် ထည့်သွင်းထားသော အရာတစ်ခုနှင့် အနည်းငယ် တူညီနေလေသည်။
သို့သော် ဆူးရုယွဲ ၏ စကားပြောဆိုမှုများနှင့် လှုပ်ရှားမှုများတွင် ပုံမှန်မဟုတ်သော အပြုအမူ တစ်ခုမျှ မတွေ့ရပေ။ ဒါဆိုလျှင် ဤစွမ်းအင်၏ ရည်ရွယ်ချက်က ဘာများဖြစ်နိုင်မည်နည်း။
သူသည် မျက်လုံးများကို အနည်းငယ် မှိတ်လိုက်ပြီး သူ၏ စိတ်ဝိညာဉ်အာရုံဖြင့် ဆူးရုယွဲကို အကဲခတ်ရင်း စဉ်းစားခန်း ဝင်နေလိုက်လေသည်။
"လူကြီးမင်းတို့... အားလုံး ရောက်နေကြပြီပဲ"
သခင်မကြီးဆူးသည် လူတိုင်းရှေ့သို့ လျှောက်လာ၏။ သူမ၏ လေသံမှာ အလွန် ယဉ်ကျေး ပျူငှာနေသော်လည်း ရင်ထဲမှ မောက်မာမှုကိုမူ ဖုံးကွယ်ထားနိုင်ခြင်း မရှိခဲ့ချေ။
"လူကြီးမင်းတို့... ကျွန်မ ထပ်ပြောပါရစေ။ ကျွန်မ သမီးရဲ့ ရောဂါ အခြေအနေကို လျှို့ဝှက်ထားပေးပါ။ အဲဒီအတွက် ဆုကြေးအနေနဲ့ ဒီနေ့ ကျွန်မတို့ ဆူးမိသားစုဆီ လာရောက်တဲ့ ဆရာဝန်တိုင်းကို ကုသမှု ရလဒ် ဘယ်လိုပဲဖြစ်ဖြစ် ယွမ် တစ်သိန်း ချီးမြှင့်ပါ့မယ်"
ဤနေရာတွင် ဆရာဝန် တစ်ဒါဇင်ကျော် ရောက်ရှိနေကြသည်။ ယွမ် တစ်သိန်း ဟူသော ကုသစရိတ်မှာ သိပ်မများလှသော်လည်း ရလဒ် မည်သို့ပင်ဖြစ်စေ လူတိုင်းကို ပေးမည်ဆိုခြင်းက သဘောထား ကြီးမြတ်သော လုပ်ရပ်တစ်ခုဟု ဆိုနိုင်ပေသည်။
ထို့နောက် သခင်မကြီးဆူးက ဆက်၍ "အားလုံးပဲ ဘယ်လို ပြင်ဆင်လာကြလဲ မသိဘူး။ ကျွန်မ သမီးအတွက် အကောင်းဆုံး ကုသမှု အစီအစဉ်ကို ပြောပြပေးကြပါ" ဟု ဆိုလေသည်။
"ကျွန်တော် အရင်ပြောပါ့မယ်"
စကားပြောလိုက်သူမှာ ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော အဘိုးကြီး တစ်ဦးဖြစ်ပြီး မြို့တော်ရှိ နာမည်ကျော် တိုင်းရင်းဆေးဆရာ တစ်ဦးလည်း ဖြစ်ပေသည်။
"သခင်မလေး ဆူးရဲ့ ရောဂါက အသည်းချီ တုံ့ဆိုင်းမှု ဖြစ်ပြီး ချီစွမ်းအင်တွေ တုံ့ဆိုင်းရာကနေ မီးအဖြစ် ပြောင်းသွားလို့ နောက်ဆုံးမှာ ခေါင်းကိုက်တာ၊ ရင်ဘတ်အောင့်တာတွေ ဖြစ်လာတာပါ။ ကျွန်တော်က အသည်းကို အေးမြစေပြီး ချီစွမ်းအင်တွေကို ချိန်ညှိပေးနိုင်တဲ့ ဆေးညွှန်းတစ်ခုကို ပြင်ဆင်လာပါတယ်။ တစ်လလောက် သောက်သုံးပြီးရင် သခင်မလေး ဆူး ရဲ့ ရောဂါအခြေအနေက တော်တော်လေး ကောင်းမွန်လာမှာဖြစ်ပြီး နှစ်လလောက်ဆိုရင် အပြည့်အဝ ပျောက်ကင်းသွားမှာပါ"
သခင်မကြီးဆူး မျက်မှောင်အနည်းငယ် ကြုတ်သွား၏။ ကုသရမည့် အချိန်ကာလနှင့် ရလဒ်အပေါ် သိပ်ပြီး ကျေနပ်ပုံ မရချေ။
"နှစ်လဆိုတာ အရမ်း ကြာလွန်းတယ်။ တခြား ပိုကောင်းတဲ့ အစီအစဉ် ရှိတဲ့သူရော မရှိဘူးလား"
ရောက်ရှိနေသူ အားလုံးသည် သူတို့၏ ကုသမှု အစီအစဉ်များကို တစ်ယောက်ပြီးတစ်ယောက် ပြောဆိုကြပြီး မကြာမီမှာပင် ဝမ်ရွှမ်တယ်၏ အလှည့်သို့ ရောက်ရှိလာလေသည်။
"သခင်မလေး ရုယွဲကိုသာ ကျွန်တော် ကုသခွင့် ရမယ်ဆိုရင် ကျွန်တော်တို့ မိသားစုရဲ့ ဖီးနစ်ငါးသွယ် နေမင်းဆီသို့ အပ်စိုက်နည်းစနစ်နဲ့ ဆေးရည်သောက်သုံးမှုကို ပေါင်းစပ်ပြီး ၁၀ ရက် အတွင်းမှာ ရောဂါလက္ခဏာတွေကို သက်သာစေပြီး ရက် ၂၀ အတွင်းမှာ အပြည့်အဝ ပျောက်ကင်းအောင် ကုသပေးနိုင်ပါတယ်"
စကားပြောပြီးနောက် အဘိုးကြီး၏ မျက်နှာထက်တွင် ဂုဏ်ယူဝင့်ကြွားသော အမူအရာတို့ ပေါ်ထွက်လာ၏။ ကုသမှု အစီအစဉ် အများအပြားထဲတွင် သူ၏ အစီအစဉ်မှာ ရလဒ်အမြန်ဆုံး ပြသနိုင်သည့် အစီအစဉ်ပင် ဖြစ်လေသည်။
သခင်မကြီးဆူးမှာမူ မျက်မှောင်ကြုတ်နေဆဲပင်။ ဤအချိန်ကာလမှာ အများကြီး ပိုတိုတောင်းသွားပြီ ဖြစ်သော်လည်း သူမ၏ လိုအပ်ချက်နှင့် မကိုက်ညီသေးချေ။
မည်သို့ပင်ဆိုစေ ဆူးရုယွဲ သည် ဆူးလုပ်ငန်းစု၏ စီအီးအို ဖြစ်ပြီး နေ့စဉ်နှင့်အမျှ ကိစ္စရပ်ပေါင်း များစွာဖြင့် အလုပ်များနေသူ ဖြစ်သည်။ အကယ်၍ ကုသမှုက ဤမျှလောက် အချိန်ကြာမြင့်နေမည် ဆိုလျှင် ရလဒ်ကို အသာထား၊ သတင်းပေါက်ကြားသွားပါက ဆူးလုပ်ငန်းစု၏ စတော့ရှယ်ယာများကို ကြီးမားသော ထိုးနှက်ချက် ဖြစ်စေနိုင်ပေသည်။
ထို့နောက် သူမသည် အနောက်ဘက်ဆုံးတွင် ရှိနေသော ပိုင်ချောင်ထန်တို့ဘက်သို့ ကြည့်လိုက်ပြီး "ဆရာကြီးလူ... ရှင့်ဆီမှာရော မြန်မြန်ဆန်ဆန် ကုသနိုင်မယ့် နည်းလမ်းကောင်း ရှိလား" ဟု မေးလိုက်သည်။
"ဒါ... ဒါက..."
ချောင်ရှင်းဟွာနှင့် လူပိုင်မင်းတို့သည် မူလက မျှော်လင့်ချက် အားလုံးကို ယဲ့ပုဖန် အပေါ်တွင် ပုံအပ်ထားခဲ့ကြသော်လည်း လှည့်ကြည့်လိုက်သောအခါ ဆရာတူအစ်ကိုယဲ့မှာ ခေါင်းငုံ့ကာ မျက်လုံးများကို အနည်းငယ် မှိတ်ထားပြီး ဤကိစ္စကို လုံးဝ ဂရုစိုက်ချင်ပုံ မပေါ်ကြောင်း မြင်တွေ့လိုက်ရလေသည်။
လူပိုင်မင်းနှင့် ယဲ့ပုဖန်မှာ သိပ်ပြီး ရင်းနှီးကျွမ်းဝင်မှု မရှိသေးရာ တစ်ဖက်လူ ဘာတွေးနေသည်ကို သူ မသိရှိပေ။ ထို့ကြောင့် သူသည် သတ္တိမွေးကာ သူ ကြိုတင် ပြင်ဆင်လာခဲ့သော အစီအစဉ်ကိုသာ ပြောပြလိုက်ရတော့သည်။
"သခင်မကြီးဆူး... ကျွန်တော့်ရဲ့ ကုသမှု အစီအစဉ်အတိုင်းဆိုရင် အသည်းကို အေးမြစေပြီး ချီစွမ်းအင်တွေကို ချိန်ညှိဖို့အတွက် ဆေးရည်ကို အသုံးပြုပါမယ်။ လဝက်လောက်ဆိုရင် ကနဦး ရလဒ်တွေကို စမြင်ရမှာဖြစ်ပြီး တစ်လလောက်ဆိုရင် အပြည့်အဝ ပျောက်ကင်းသွားမှာပါ"
သူ၏ စကားများကို ကြားလိုက်ရသောအခါ ဝမ်ရွှမ်တယ်၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ကွေးတက်သွား၏။ ကုသမှု အစီအစဉ် အများအပြားထဲတွင် သူ၏ အစီအစဉ်ကသာ အကောင်းဆုံး ဖြစ်နေဆဲပင်။ ပိုင်ချောင်ထန်ပင်လျှင် ယှဉ်နိုင်စွမ်း မရှိခဲ့ချေ။
သခင်မကြီးဆူး သည် ထပ်မံ မျက်မှောင်ကြုတ်လိုက်ပြီး "ရှင်ပြောတဲ့ အပြည့်အဝ ပျောက်ကင်းတယ် ဆိုတာ လုံးဝ အမြစ်ပြတ်သွားတာလား။ နောင်တစ်ချိန်မှာ ပြန်ဖြစ်လာနိုင်ခြေ ရှိသေးလား" ဟု မေးလိုက်သည်။
လူပိုင်မင်းက ဖြေလေသည်။ "ကျွန်တော် ပြောတဲ့ ပျောက်ကင်းတယ်ဆိုတာက လက်ရှိ ခံစားနေရတဲ့ ခေါင်းကိုက်တာ၊ ရင်ကျပ်တာ စတဲ့ လက္ခဏာတွေ ပျောက်ကင်းသွားတာကို ဆိုလိုတာပါ။ ဆိုရိုးစကား ရှိတယ်မလား... နှလုံးသားက ရောဂါဆိုရင် နှလုံးသားက ဆေးနဲ့ပဲ ကုရမယ်တဲ့။ ဒီရောဂါကို လုံးဝ အမြစ်ပြတ် ပျောက်ကင်းဖို့ဆိုရင် သခင်မလေးဆူး ကိုယ်တိုင် သူ့ကိုယ်သူ ချိန်ညှိဖို့ လိုအပ်ပါတယ်"
သူ စကားပြောပြီးနောက် အခြား တိုင်းရင်းဆေး ဆရာကြီးများကလည်း သဘောတူညီစွာ ခေါင်းညိတ်ပြကြလေသည်။ လူတိုင်း ပြောဆိုနေသည်မှာ အဓိပ္ပာယ် တစ်မျိုးတည်းသာ ဖြစ်၏။ တိုင်းရင်းဆေးပညာ ကုသမှု အစီအစဉ်များက ရောဂါလက္ခဏာများကိုသာ သက်သာစေနိုင်ပြီး ဤရောဂါကို လုံးဝ အမြစ်ပြတ်အောင် မကုသနိုင်ပေ။
"အန်တီပိုင်... အန်တီ ဒီလို အသုံးမကျတဲ့ လူတွေကို ဖိတ်မလာသင့်ပါဘူး။ တိုင်းရင်းဆေး ဆိုတာက မူလကတည်းက လူလိမ်တွေပဲလေ။ သာမန် ရောဂါတွေကိုတောင် မကုနိုင်တာ... ရုယွဲ ခံစားနေရတဲ့ စိတ်ပိုင်းဆိုင်ရာ ရောဂါမျိုးကို ကုနိုင်ဖို့ဆိုတာ ပိုတောင် ဝေးသေးတယ်"
အသံကျဆုံးသွားသည်နှင့် တပြိုင်နက် စံအိမ်ကြီး၏ ပင်မတံခါးမှာ တွန်းဖွင့်ခံလိုက်ရပြီးနောက် အရပ်ရှည်ရှည် လူငယ်တစ်ဦး ဝင်ရောက်လာလေသည်။ သူ၏ မျက်နှာထက်တွင် မောက်မာသော အမူအရာတို့ ပြည့်နှက်နေ၏။
ထိုသူမှာ အခြားသူ မဟုတ်ဘဲ ရှီးမန်မိသားစု၏ သခင်လေး ရှီးမန်ယွီလျန်ပင် ဖြစ်လေသည်။ သူနှင့်အတူ အမေရိကန် နိုင်ငံမှ စိတ်ရောဂါကုသရေး အထူးကု ပညာရှင် အဲရစ်ဆန်လည်း ပါလာခဲ့သည်။
သူသည် ဆူးရုယွဲကို လိုက်နေခဲ့သည်မှာ ကြာပြီဖြစ်ပြီး ယခုတစ်ကြိမ် မိုင်ထောင်ချီ ကွာဝေးသော နေရာမှ အဲရစ်ဆန်ကို ဖိတ်ခေါ်လာခဲ့ခြင်းမှာ ဆူးမိသားစု၏ မျက်နှာသာပေးမှုကို ရယူရန်၊ လှပသော အမျိုးသမီးကို ပိုင်ဆိုင်ရန်နှင့် တစ်ချိန်တည်းမှာပင် ဆူးမိသားစု၏ ဘီလီယံနှင့်ချီသော ပိုင်ဆိုင်မှုများကိုပါ ရယူရန် ရည်ရွယ်ချက်များကြောင့် ဖြစ်လေသည်။
***