ဒေါက်တာ အဲရစ်ဆန် က "ငါပြောတာကို လိုက်ဆိုစမ်း။ ဒါတွေက မင်းအတွက် အမိန့်တွေပဲ... နောင်ကျရင် ဒါတွေကို မင်း အတိအကျ နာခံရမယ်..."
"ရှီးမန်ယွီလျန်က မင်း အချစ်ဆုံး ယောက်ျားပဲ။ မင်းမှာ ရှိသမျှ အရာအားလုံးကို သူ့အတွက် ပေးဆပ်ရမယ်... အဲဒီအထဲမှာ ဆူးလုပ်ငန်းစုရော၊ မင်းရဲ့ ခန္ဓာကိုယ်ရော ပါဝင်တယ်..."
ဆူးရုယွဲ က စက်ရုပ်တစ်ရုပ်အလား တောင့်တင်းစွာဖြင့် ပြန်လိုက်ဆိုလေသည်။ "ရှီးမန်ယွီလျန်က ကျွန်မ အချစ်ဆုံး ယောက်ျားပဲ... ကျွန်မရဲ့ ခန္ဓာကိုယ်နဲ့ ဆူး လုပ်ငန်းစု အပါအဝင် ရှိသမျှ အားလုံးကို သူ့အတွက် ပေးဆပ်ပါ့မယ်..."
ယဲ့ပုဖန် သည် ဤမြင်ကွင်း အားလုံးကို အတိုင်းသား မြင်တွေ့နေရ၏။ ယခုအခါ ဤ အဲရစ်ဆန် ဆိုသူမှာ စိတ်ပညာရှင် တစ်ယောက် လုံးဝ မဟုတ်ဘဲ ပုံမှန်ထက် ထူးကဲသော စိတ်စွမ်းအားကို ပိုင်ဆိုင်ထားသည့် မိစ္ဆာကျင့်ကြံသူ တစ်ဦး ဖြစ်ကြောင်း သူ အပြည့်အဝ နားလည်သွားချေပြီ။
သူ ပြုလုပ်နေသည်မှာ စိတ်ရောဂါ ကုသပေးသည့် အိပ်မွေ့ချခြင်း မဟုတ်ဘဲ လူတစ်ယောက်၏ အသိစိတ်ကို ဝေဝါးသွားစေသည့် ယုတ်မာသော ကျိန်စာတစ်ခုသာ ဖြစ်ပေသည်။
သူ မှော်အတတ်ကို စီရင်လိုက်သည်နှင့်အမျှ ဆူးရုယွဲ ၏ နီဝမ်နန်းတော် အတွင်းရှိ မီးခိုးရောင် စွမ်းအင်များသည် ပို၍ ပို၍ သိပ်သည်းလာပြီး နောက်ဆုံးတွင် သူမ၏ မူလ အသိစိတ်ကို အပြီးတိုင် ဖိနှိပ်ပစ်လိုက်လေတော့သည်။
ကြည့်ရသည်မှာ အဲရစ်ဆန် ၏ ကျင့်ကြံမှုမှာ ထိုမျှလောက် မမြင့်မားသေးသဖြင့် ဆူးရုယွဲ၏ စိတ်အာရုံကို တစ်ကြိမ်တည်းဖြင့် မထိန်းချုပ်နိုင်ခဲ့ပုံရသည်။ ထို့ကြောင့်ပင် သူက ဤမိစ္ဆာအတတ်ကို နှစ်ကြိမ်ခွဲ၍ အသုံးပြုခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
အကယ်၍ ယဲ့ပုဖန် သာ ဤကိစ္စနှင့် အမှတ်မထင် မကြုံတွေ့ခဲ့ပါက ဆူး လုပ်ငန်းစု၏ တစ်ဦးတည်းသော အမွေခံမှာ ရှီးမန်ယွီလျန်၏ ရုပ်သေးရုပ် တစ်ရုပ် ဖြစ်သွားတော့မည်မှာ မြေကြီးလက်ခတ် မလွဲပင်။
ပြည့်စုံလွန်းသော အမျိုးသမီး ဖြစ်သည့် ဆူးရုယွဲ မှာလည်း အသိစိတ်မဲ့သော အလောင်းကောင် တစ်လောင်းအလား သူတစ်ပါး ခိုင်းသမျှ လုပ်ရမည့် ဘဝသို့ ရောက်ရှိသွားပေလိမ့်မည်။
ရှီးမန်ယွီလျန်၏ ဤအကွက်မှာ အလွန်ပင် ရက်စက်ယုတ်မာလှသည်ဟု ဆိုရပေမည်။ ဆူးရုယွဲ ၏ ရောဂါကုသမှုကို အခွင့်ကောင်းယူ၍ ဆူးလုပ်ငန်းစု တစ်ခုလုံးကို အလွယ်တကူ ထိန်းချုပ်ရန် ကြံစည်ထားခြင်း ဖြစ်၏။
ထို့အပြင် ဤနည်းလမ်းမှာ အလွန် လျှို့ဝှက်လွန်းသဖြင့် မည်သူမျှ သံသယ ဝင်နိုင်မည် မဟုတ်ပေ။ နောင်တစ်ချိန်တွင် သူသည် ဆူးမိသားစု၏ သမက်အဖြစ် ဟန်ဆောင်ကာ ဆူးလုပ်ငန်းစု တစ်ခုလုံးကို အပိုင်သိမ်းသွားတော့မည် ဖြစ်သည်။
အပြင်ဘက်ရှိ လူများမှာမူ ဤအရာများကို လုံးဝ မသိရှိကြဘဲ အခန်းပြင်၌ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြဆဲ ဖြစ်သည်။
နာရီဝက်ခန့် ကြာပြီးနောက် တံခါးပွင့်လာကာ အဲရစ်ဆန် သည် အေးအေးလူလူပင် အခန်းထဲမှ ထွက်လာ၏။ ဤအချိန်အတွင်း သူသည် သူမ၏ စိတ်အာရုံကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သဖြင့် ပေးအပ်ထားသော တာဝန်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့ပြီ ဖြစ်လေသည်။
ဆူးရုယွဲ သည် သူ၏ နောက်မှ လိုက်ပါလာပြီး မျက်နှာပေါ်တွင် အပြုံးနုနုလေး တစ်ခုကို ဆင်မြန်းထားဆဲ ဖြစ်ကာ သူမ၏ အမူအရာမှာလည်း သဘာဝကျနေပြီး မည်သည့် ထူးခြားမှုကိုမျှ မတွေ့ရပေ။
သို့သော် ယဲ့ပုဖန် တစ်ဦးတည်းသာလျှင် သူမ၏ နီဝမ်နန်းတော် ထဲရှိ မီးခိုးရောင် စွမ်းအင်များမှာ ယခင်ကထက် ပို၍ သိပ်သည်းနေပြီး အနက်ရောင် အရိပ်အယောင်များပင် စတင် ထွက်ပေါ်နေသည်ကို မြင်နိုင်ပေသည်။
သူတို့နှစ်ဦး ထွက်လာသည်နှင့် တပြိုင်နက် ရှီးမန်ယွီလျန်သည် စိတ်အားထက်သန်စွာဖြင့် ချက်ချင်း လှမ်းကြည့်လိုက်၏။ အောင်မြင်ပြီ ဟူသော အချက်ပြ အကြည့်ကို ရရှိလိုက်သည်နှင့် သူ၏ အမူအရာမှာ ချက်ချင်းပင် ပေါ့ပါးသွားလေသည်။
ထို့နောက် သူက စိုးရိမ်ပူပန်ဟန်ကို ဟန်ဆောင်ဖန်တီးလိုက်ပြီး "ဒေါက်တာ အဲရစ်ဆန်... ဘယ်လိုလဲဗျ။ ရုယွဲရဲ့ ရောဂါ ပျောက်သွားပြီလား" ဟု မေးလိုက်သည်။
"သေချာတာပေါ့... ကျွန်တော်က စိတ်ပညာလောကရဲ့ မဟာဆရာကြီး တစ်ယောက်ပဲ။ သခင်မလေးဆူးကို အပြည့်အဝ ကုသပေးလိုက်ပါပြီ"
ဒေါက်တာ အဲရစ်ဆန်က ဂုဏ်ယူဝင့်ကြွားသော အမူအရာဖြင့် ဆိုလိုက်၏။
သခင်မကြီးဆူးက ဆူးရုယွဲ ကို ကြည့်ကာ "သမီးလေး... ဘယ်လို ခံစားရလဲ။ နည်းနည်းလောက် သက်သာသွားလား" ဟု မေးလိုက်သည်။
"အမေ... သမီး အခု လုံးဝ နေကောင်းသွားပါပြီ။ ဒေါက်တာ အဲရစ်ဆန် ကို တကယ် ကျေးဇူးတင်ပါတယ်"
ထို့နောက် သူမက ရှီးမန်ယွီလျန်ဘက်သို့ လှည့်ကာ ချိုသာသော အသံဖြင့် "ယွီလျန်က သမီးအပေါ် အခုလို အပင်ပန်းခံ စေတနာထားပေးတာကို ပိုပြီး ကျေးဇူးတင်မိတယ်။ ဒေါက်တာ အဲရစ်ဆန်ကို သမီးအတွက် အရောက်ခေါ်လာပေးလို့ သမီး တကယ် စိတ်လှုပ်ရှားမိပါတယ်..."
"သမီး အခု တရားဝင် ကြေညာပါရစေ။ ဒီနေ့ကစပြီး ရှင်က ကျွန်မ ဆူးရုယွဲရဲ့ ချစ်သူ ဖြစ်သွားပါပြီ"
ရှီးမန်ယွီလျန် သည် ဤကိစ္စများအတွက် ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်ရာ ချက်ချင်းပင် ရှေ့သို့ တိုးလာပြီး "ရုယွဲ... မင်းရဲ့ မေတ္တာအတွက် ကျေးဇူးတင်ပါတယ်။ စိတ်ချပါ... ငါ မင်းကို တစ်သက်လုံး ကောင်းကောင်း စောင့်ရှောက်သွားမှာပါ။ မင်းကို ဘာဝေဒနာမှ မခံစားရစေရဘူးလို့ ကတိပေးပါတယ်" ဟု ဆိုလေသည်။
သခင်မကြီးဆူး အပါအဝင် ရောက်ရှိနေသူ အားလုံးမှာ ရုတ်တရက် ပြောင်းလဲသွားသော ဤအခြေအနေကြောင့် မှင်တက်သွားကြရလေသည်။
ရှီးမန်ယွီလျန်သည် ဆူးရုယွဲ ကို နည်းလမ်းမျိုးစုံဖြင့် လိုက်နေခဲ့သော်လည်း သူမ သမီးက သူ့ကို လုံးဝ သဘောမကျဘဲ အမြဲတမ်း တင်းမာစွာ ငြင်းဆန်ခဲ့ကြောင်း သူမ ကောင်းစွာ သိရှိထားသည်။
အခြေအနေက ဘာကြောင့် ချက်ချင်းကြီး ပြောင်းလဲသွားပြီး သူ့ကို ချစ်သူအဖြစ် ချက်ချင်း အသိအမှတ်ပြုလိုက်ရတာလဲ။
သို့သော် သူမသည် ချက်ချင်းပင် စိတ်အေးသွားရပြန်သည်။ ကြည့်ရသည်မှာ ဤရောဂါက သူမ သမီးအပေါ် ကြီးမားသော သက်ရောက်မှု ရှိခဲ့ပုံရပြီး ရှီးမန်ယွီလျန်က အများကြီး ကူညီပေးခဲ့သဖြင့် ကျေးဇူးတရားမှ တစ်ဆင့် အချစ်သို့ ကူးပြောင်းသွားခြင်း ဖြစ်ပေလိမ့်မည်။
၎င်းမှာ သူရဲကောင်းက အလှမယ်ကို ကယ်တင်ခြင်း ဟူသော အဓိပ္ပာယ်ပင် မဟုတ်ပါလး….။
လူပိုင်မင်း ၊ ချောင်ရှင်းဟွာနှင့် အခြားသူများမှာမူ အချစ်ရေးကိစ္စများကို စိတ်မဝင်စားကြချေ။ သူတို့ အဓိက စိုးရိမ်နေသည်မှာ ဆူးရုယွဲ၏ ရောဂါ အခြေအနေသာ ဖြစ်ပေသည်။
အဲရစ်ဆန်က ဆူးရုယွဲကို နာရီဝက်အတွင်း အမှန်တကယ် ကုသပေးလိုက်နိုင်သည်ကို မြင်လိုက်ရသောအခါ ၎င်းမှာ သူတို့အတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်သွားရလေသည်။
အချက်အလက်များက စကားလုံးများထက် ပို၍ အားကောင်းလှပေသည်။ ဤတစ်ကြိမ်တွင်မူ တရုတ်တိုင်းရင်းဆေးပညာသည် အမှန်တကယ်ပင် ရှုံးနိမ့်သွားခဲ့ချေပြီ။ အပြတ်အသတ် ရှုံးနိမ့်သွားခြင်းပင် ဖြစ်လေသည်။
အဲရစ်ဆန်၏ မျက်နှာပေါ်တွင် ဝင့်ကြွားမှုများဖြင့် ပြည့်နှက်နေ၏။ ဆိုရိုးစကားအတိုင်း အာဏာရှိသူသည် အခြားသူများကို ညှာတာလေ့ မရှိပေ။ သူသည် ဤတိုင်းရင်းဆေး ဆရာကြီးများကို လွယ်လွယ်နှင့် လွှတ်ပေးရန် ရည်ရွယ်ချက် မရှိချေ။
"ဘယ်လိုလဲ... အခုကော ကျေနပ်ကြပြီလား။ ငါ ဆရာကြီး အဲရစ်ဆန်ရဲ့ ရှေ့မှာတော့ ခင်ဗျားတို့ရဲ့ တရုတ်တိုင်းရင်းဆေးပညာ ဆိုတာက ပြောပလောက်စရာတောင် မရှိဘူး။ အဲဒါကို ရောဂါကုတယ်လို့ ပြောနေတာက ရယ်စရာတစ်ခုပဲ"
ရှီးမန်ယွီလျန်ကလည်း ခေါင်းလှည့်ကာ "ကမ္ဘာပေါ်မှာ ရှိတဲ့ မီဒီယာ အားလုံးကို ကျွန်တော် ကြေညာပစ်မယ်။ တရုတ်တိုင်းရင်းဆေး ဆိုတာက လုံးဝ လူလိမ်တွေပဲ... ဆရာကြီး အဲရစ်ဆန် နဲ့ ယှဉ်ရင် ဘာမှ မဟုတ်ဘူးဆိုတာကိုပေါ့" ဟု ဆိုလေသည်။
အဲရစ်ဆန်က ဝင့်ကြွားစွာဖြင့် "ဘယ်လိုလဲ... ကျေနပ်လား။ မကျေနပ်ရင်လည်း ပွင့်ပွင့်လင်းလင်း ပြောလိုက်စမ်းပါ" ဟု ထပ်လောင်း လှောင်ပြောင်လိုက်ပြန်သည်။
သူတို့၏ သရော်လှောင်ပြောင်မှုများကို ကြားလိုက်ရသောအခါ လူပိုင်မင်းနှင့် အခြားသူများမှာ ဒေါသထွက်လွန်း၍ ရင်ကွဲမတတ် ခံစားနေရ၏။
ကံမကောင်းစွာဖြင့် အချက်အလက်များမှာ သူတို့ မျက်စိရှေ့တွင် ရှိနေပေသည်။ ဆူးရုယွဲ၏ ရောဂါကို သူတို့ အချိန်တိုအတွင်း မကုသနိုင်ခဲ့သော်လည်း တစ်ဖက်လူကမူ အောင်မြင်သွားခဲ့သည်။ ဤအခြေအနေမျိုးတွင် မည်သည့် ပြန်လည် ချေပချက်မျှ အားမရှိခဲ့ဘဲ သူတို့မှာ တိတ်ဆိတ်စွာပင် ကြိတ်မှိတ် သည်းခံနေကြရလေတော့သည်။
ထိုအချိန်၌ပင် ပြောင်လှောင်သံ တစ်ခု ထွက်ပေါ်လာလေသည်။
"ကျေနပ်တာပေါ့... ကျွန်တော်ကတော့ အရမ်းကို ကျေနပ်ပါတယ်။ ရှီးမန်သခင်လေးရဲ့ နည်းလမ်းတွေကို တကယ့်ကို ကြည်ညိုမိပါတယ်ဗျာ..."
စကားပြောလိုက်သူမှာ အခြားသူ မဟုတ်ဘဲ ယဲ့ပုဖန်ပင် ဖြစ်လေသည်။ သူသည် အရှေ့သို့ လျှောက်သွားကာ ရှီးမန်ယွီလျန်ကို ကြည့်ရင်း "ရှီးမန်သခင်လေးက တကယ့်ကို တွက်ကိန်း နောက်ခံ ကောင်းတာပဲ။ အနောက်တိုင်းက မိစ္ဆာမှော်ဆရာ တစ်ယောက်ကို ပိုက်ဆံပေးပြီး ခေါ်လာတယ်။ ပြီးတော့ စိတ်ပညာ ကျွမ်းကျင်သူလို့ အမည်တပ်လိုက်တယ်..."
"အဲဒီနောက် ယုတ်မာကောက်ကျစ်တဲ့ နည်းလမ်းတွေကို သုံးပြီး သခင်မလေးဆူးရဲ့ စိတ်အာရုံကို ဝေဝါးသွားအောင် လုပ်လိုက်တယ်။ အဲဒီလိုနဲ့ အလှမယ်ကိုလည်း ရ၊ ဆူးမိသားစုရဲ့ ကြီးမားလှတဲ့ ပိုင်ဆိုင်မှုတွေကိုလည်း အပိုင်သိမ်းနိုင်အောင် ကြံစည်ထားတာပဲ..."
"ဆူးမိသားစုကတောင် ခင်ဗျားကို ကျေးဇူးတင်နေရသေးတယ်ဆိုတော့... ကျွန်တော် တကယ်ကို ချီးကျူးမိပါတယ်"
သူ စကားပြောပြီးသည်နှင့် ရောက်ရှိနေသူ အားလုံး၏ မျက်နှာ အမူအရာများမှာ ပြောင်းလဲသွားကြလေသည်။
အထူးသဖြင့် ရှီးမန်ယွီလျန်နှင့် အဲရစ်ဆန်တို့၏ မျက်လုံးများထဲတွင် ထိတ်လန့်ရိပ်များ ဖြတ်ပြေးသွားသော်လည်း သူတို့ နှစ်ဦးစလုံးမှာ အတွေ့အကြုံ ရင့်ကျက်သူများ ဖြစ်ကြသဖြင့် လျင်မြန်စွာပင် ပြန်လည် တည်ငြိမ်သွားကြ၏။
သခင်မကြီးဆူး၏ မျက်လုံးများထဲတွင် သံသယရိပ်များ ဖြတ်ပြေးသွားသည်။ သူမသည် သူမ၏ သမီးကို ကြည့်လိုက်သော်လည်း ထူးခြားသည့် လက္ခဏာ တစ်ခုမျှ မမြင်တွေ့ရပေ။
တိုင်းရင်းဆေး ဆရာကြီးများမှာမူ တစ်ဦးနှင့်တစ်ဦး တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြလေသည်။ အချို့က ယဲ့ပုဖန် ပြောဆိုသည်မှာ အမှန်လား၊ အမှားလား ဆိုသည်ကို ဆွေးနွေးနေကြပြီး အချို့ကမူ ဤလူငယ်၏ မည်သူမည်ဝါ ဖြစ်ကြောင်းကို ဆွေးနွေးနေကြ၏။
ကနဦးက သူတို့ အားလုံးသည် ယဲ့ပုဖန်ကို လူပိုင်မင်းတို့၏ တူ သို့မဟုတ် ဆွေမျိုး တစ်ယောက်ဟု ထင်မှတ်ထားခဲ့သော်လည်း ယခုမူ ထိုသို့ မဟုတ်ပုံရပေ။
ချောင်ရှင်းဟွာနှင့် လူပိုင်မင်းတို့၏ မျက်လုံးများထဲတွင်မူ စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေ၏။ အရေးကြီးသော အချိန်တွင် ဆရာတူအစ်ကို နောက်ဆုံးတော့ လှုပ်ရှားလာခဲ့ချေပြီ။
"ဒီလူငယ်လေးက ဘယ်ကနေ ရောက်လာတာလဲ။ ဒီမှာ လာပြီး လျှောက်ပြောမနေနဲ့"
ရှီးမန်ယွီလျန်သည် ယဲ့ပုဖန် ကို အေးစက်သော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်ပြီး "မင်းတို့ တိုင်းရင်းဆေး ဆရာတွေ ရှုံးတာကို မကျေနပ်ဘူးဆိုတာ ငါ သိပါတယ်။ ဒါပေမဲ့ ရှုံးတာက ရှုံးတာပဲလေ။ မင်း ဒီလိုမျိုး ဒေါက်တာ အဲရစ်ဆန်ကို လာပြီး သိက္ခာချနေတာကို သခင်မကြီးဆူးက ယုံကြည်လိမ့်မယ်လို့ မင်း ထင်နေတာလား" ဟု ဖြောင့်မတ်ဟန်ဆောင်ကာ ဆိုလိုက်သည်။
ဤအကောင်၏ ပြန်လည် တုံ့ပြန်မှုမှာ အလွန်ပင် ထက်မြက်လှသည်ဟု ဆိုရပေမည်။ သူသည် ယဲ့ပုဖန်ကို ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် လုပ်ဆောင်သူ အဖြစ် တိုက်ရိုက် အပြစ်ပုံချလိုက်ခြင်း ဖြစ်ပေသည်။
သခင်မကြီးဆူးက ယဲ့ပုဖန် ကို သံသယဖြင့် ကြည့်လိုက်ပြီး "မင်းက ဘယ်သူလဲ။ မင်းကို ဘယ်သူ ခေါ်လာတာလဲ" ဟု မေးလိုက်၏။
"ကျွန်တော်က ယဲ့ပုဖန်ပါ။ ကျွန်တော်ကလည်း တိုင်းရင်းဆေး သမားတော် တစ်ယောက်ပါပဲ"
လူပိုင်မင်းက နောက်မှ လိုက်ကာ "သမားတော်ယဲ့က အရမ်း ငယ်သေးတယ် ဆိုပေမဲ့ သူ့ရဲ့ ဆေးပညာက ကျွန်တော့်ထက် အဆတစ်ရာမက ပိုပြီး ထက်မြက်ပါတယ်။ သူက ကျွန်တော်တို့ရဲ့ ဆရာတူအစ်ကိုပါ" ဟု ဝင်ပြောလိုက်လေသည်။
ဤစကားကို ကြားသောအခါ ဝမ်ရွှမ်တယ် နှင့် အခြားသူများမှာ အလွန်အမင်း ထိတ်လန့်သွားကြရ၏။ လူပိုင်မင်း နှင့် ချောင်ရှင်းဟွာတို့၏ အဆင့်အတန်းက မည်သို့ရှိသနည်း။
သူတို့သည် တိုင်းရင်းဆေးပညာ လောကတွင် အလွန် အရေးပါသော ပုဂ္ဂိုလ်ကြီးများ မဟုတ်ပါလား…။ သို့သော် ယခုမူ သူတို့ အရှေ့ရှိ ဤလူငယ်ကို ဆရာတူအစ်ကို ဟု ခေါ်ဆိုနေကြသည်။ ဤလူနှစ်ဦး ရူးသွားကြပြီလား။
သခင်မကြီးဆူးကမူ ဤအရာများကို ဂရုမစိုက်ချေ။ သူမက "မင်းစကားတွေရဲ့ အဓိပ္ပာယ်က ဘာလဲ" ဟု ထပ်မံ မေးမြန်းလိုက်သည်။
ယဲ့ပုဖန်က လက်ကို မြှောက်ကာ အဲရစ်ဆန်ကို ညွှန်ပြလိုက်ပြီး "ရှင်းရှင်းလေးပါပဲ။ ဒီလူက စိတ်ပညာရှင် ဆရာဝန် တစ်ယောက် မဟုတ်သလို စိတ်ရောဂါ ကုသရေး အထူးကုလည်း မဟုတ်ပါဘူး။ သူက ရှီးမန်သခင်လေး ဖိတ်ခေါ်ထားတဲ့ မိစ္ဆာကျင့်ကြံသူ တစ်ယောက်ပါ..."
"သူ့ရဲ့ ရည်ရွယ်ချက်က သခင်မလေးဆူးရဲ့ စိတ်အာရုံကို ဝေဝါးသွားအောင် လုပ်ပြီး ဆူးမိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းပိုက်ဖို့ပဲ ဖြစ်ပါတယ်" ဟု ဆိုလိုက်လေသည်။
***