ကျိုးထောင်ဟွား သူမအင်္ကျီလက်ထဲမှ ထန်ရှန်းဟွေ့၏ချန်ခွန်းအိတ်ကို ထုတ်ယူကာ ယွီဖေး၏ချန်းခွန်းအိတ်နှင့်အတူ ယှဉ်ထားလိုက်သည်။ ထင်သည့်အတိုင်းပင် ယွီဖေး၏ချန်းခွန်းအိတ်ထဲတွင်လည်း နတ်ဘုရားအသိစိတ် တံဆိပ်ခတ်နှိပ်မှုတစ်ခုကိုတွေ့လိုက်ရသည်။ ယခုတစ်ကြိမ်တွင်မူ ထန်ရှန်းဟွေ့၏ချန်းခွန်းအိတ်ထဲမှ တံဆိပ်ခတ်နှိပ်မှုကိုစိုးရိမ်စရာမလိုဘဲ လွတ်လပ်စွာဖယ်ရှားပစ်နိုင်ပြီ ဖြစ်သည်။ ကျိုးထောင်ဟွား အိတ်တစ်လုံးကို ရှန်းမင်ထံကမ်းပေးလိုက်၏။
"အခု ကျွန်မတို့တစ်ယောက်တစ်လုံးစီယူကြမယ်၊ ဘာပစ္စည်းပဲဖြစ်ဖြစ် ဒီအိတ်ထဲ ထည့်သွားလို့ရတာဆိုတော့ ခရီးသွားရတာပေါ့ပါးသွားတာပေါ့၊ ဒါပေမဲ့ ဒီအိတ်ကိုခါးမှာ ချိတ်ထားလို့မရဘူးနော်၊ သူများတွေမျက်စိကျတာခံရမှာစိုးလို့ အင်္ကျီလက်ထဲမှာပဲသိမ်းထားရမယ်"
ရှန်းမင်အိတ်ကို လှမ်းယူလိုက်ပြီး သူမပြောသည့်အတိုင်း လုပ်ဆောင်လိုက်သည်။ တကယ်တော့ သူဤအိတ်ထဲသို့ ထည့်ချင်သော ပစ္စည်းများစွာရှိနေသည်။ ဥပမာအားဖြင့် ယခုလောကခြောက်ဘုံဓားကဲ့သို့ပင်။
"ထောင်ဟွား ဒီဓားပေါ်မှာရော တံဆိပ်ခတ်ထားတာရှိမရှိ ကြည့်ပေးပါလား"
ဤဓားသည် ယခင်ဘဝက သူအသုံးပြုခဲ့သောဓားဖြစ်ပြီး မြေအောက်လောကသို့ သွားရာလမ်းတစ်လျှောက်တွင် မိန်းမငယ်လေးများကိုစားတတ်သည့် သွေးစုပ်ဖုတ်ကောင်များစွာကို သတ်ဖြတ်ရာတွင် သူနှင့်အတူအဖော်ပြုခဲ့သော ဓားဖြစ်သည်။ ကျိုးထောင်ဟွား သူမ၏မှော်စွမ်းအင်ကိုထုတ်လွှတ်၍ သေသေချာချာ ရှာဖွေကြည့်ရာ ဓားရိုးအတွင်း၌ တံဆိပ်ခတ်နှိပ်မှုတစ်ခုကို တကယ်ပင် တွေ့လိုက်ရ၏။ တုံ့ဆိုင်းခြင်းမရှိဘဲ ကျိုးထောင်ဟွား ထိုအရာကိုဖယ်ရှားပစ်လိုက်သည်။ သူမနှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ဖြည်းညင်းစွာပေါ်လာ၏။ ရှန်းမင် ဤဓားကိုသဘောကျနေမှန်း သူမသိထားပြီး ယခုသူစိတ်အေးလက်အေးဖြင့် အသုံးပြုနိုင်ပြီပင်။ သူမဓားကို ရှန်းမင်ထံ ကမ်းပေးလိုက်သည်။
"အစ်ကိုရှန်းမင် ရော့"
သို့သော် ကိစ္စတစ်ခုမှာ သူမအားစဉ်းစားရခက်စေသည်။ ဓားထဲတွင် အငြိုးအတေးစွမ်းအင်မရှိပါဘဲ အသံနတ်ဆိုးအားခုတ်မိချိန် ခဏလေးအတွင်းမှာပင် အဘယ်ကြောင့် သူ့ခန္ဓာကိုယ်ထဲသို့ အငြိုးအတေးစွမ်းအင်များ အများအပြား ဝင်ရောက်သွားရသနည်း။ ထို့ပြင် ထိုစွမ်းအင်များ အသံနတ်ဆိုး၏ခန္ဓာကိုယ်ထဲတွင် အဘယ်ကြောင့် ထိုမျှထိသိုသိပ်စွာပုန်းအောင်းနေနိုင်ရသနည်း။ဤဓားမှာ သာမန်မဟုတ်ဘဲ ရှန်းမင်နှင့်အလွန်တရာ လိုက်ဖက်ညီသည်ဟု သူမ, မသိစိတ်မှနေ ခံစားနေရသည်။ ယခုဆိုလျှင် ရှန်းမင်လည်း အငြိုးအတေးစွမ်းအင်များကို ထိန်းချုပ်နိုင်နေပြီဖြစ်ရာ ဤအငြိုးအတေးစွမ်းအင်ပါဝင်သော ဓားနှင့်ဆိုလျှင် သူလည်းပို၍ပင်အစွမ်းထက်လာပေလိမ့်မည်။
နောက်ဆုံးအနေဖြင့် ကျိုးထောင်ဟွား အနက်ရောင်အလံတိုလေးကို ထုတ်ယူလိုက်ချိန်တွင် ထိုအထဲ၌လည်း တံဆိပ်ခတ်နှိပ်မှုတစ်ခုကို တွေ့လိုက်ရပြန်သည်။ ဤတံဆိပ်ခတ်နှိပ်မှုမှာ အရင်နှစ်ခုနှင့် မတူညီပေ။ ဤတံဆိပ်ကို ခတ်နှိပ်ခဲ့သူမှာ ထန်ရှန်းဟွေ့နှင့် ယွီဖေးတို့ထက်များစွာ အစွမ်းထက်ကြောင်း ထင်ရှားနေသည်။ ကျိုးထောင်ဟွား၏ ထူးခြားသောအမူအရာကို မြင်သောအခါ ရှန်းမင် မေးလိုက်သည်။
"ဘာဖြစ်လို့လဲ"
သူမလက်ထဲရှိ အနက်ရောင်အလံတိုကို သူကြည့်လိုက်ရာ ထိုအထဲမှထွက်ပေါ်နေသော ပြင်းထန်လှသည့်ယင်စွမ်းအင်များကို ခံစားလိုက်ရသည်။ အထဲတွင် ဝိညာဉ်များမရှိတော့သော်လည်း ယင်စွမ်းအင်များကို အားဖြည့်ပေးနေသော သံလိုက်စက်ကွင်းတစ်ခုနှင့်တူနေ၏။ ကျိုးထောင်ဟွား ပြောလိုက်သည်။
"အစ်ကိုရှန်းမင် ယွီဖေးရဲ့နောက်မှာ လူတစ်ယောက်ရှိနေတယ်၊ ပြီးတော့ အဲဒီလူက ယွီဖေးထက်အများကြီးပိုအစွမ်းထက်တယ်၊ ထန်ရှန်းဟွေ့နဲ့ ယွီဖေးတို့ ညီမတို့ရွာကိုဒုက္ခလာပေးတာက အဲဒီလူရဲ့ခိုင်းစေချက်ကြောင့်ဖြစ်နိုင်တယ်"
‘ဒါပေမဲ့ အဲဒီလူက ဘာလို့ဒီလိုလုပ်ရတာလဲ။ ဝေးလံခေါင်ဖျားတဲ့ ကျိုးကျားရွာလေးကို အစွမ်းထက်တဲ့နတ်ဆိုးကျင့်ကြံသူနှစ်ယောက်တောင် စေလွှတ်ရလောက်အောင် ဘာတွေကများတန်ဖိုးရှိနေလို့လဲ’
ထို့နောက် ကျိုးထောင်ဟွား တောင်တစ္ဆေကြေးပြားကို ရုတ်တရက်သတိရသွားသည်။ သူမမျက်ဝန်းများ တောက်ပသွားပြီး အတိတ်မှအဖြစ်အပျက်များကို ပြန်လည်စဉ်းစားကြည့်ရာ အရာအားလုံးမှာ အလွန်တရာယုတ္တိတန်နေပုံရသည်။ ကျိုးထောင်ဟွား၏ နှုတ်ခမ်းထက်တွင် လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခု ရုတ်တရက်ပေါ်လာရာ ရှန်းမင်မှာ ကျိုးထောင်ဟွားတစ်ယောက် အကြံအစည်တစ်ခုခုရှိနေပြီကို ချက်ချင်း သဘောပေါက်လိုက်သည်။
"ထောင်ဟွား"
ကျိုးထောင်ဟွား သူ့ဘက်လှည့်လိုက်ပြီး သူမနှုတ်ခမ်းထောင့်များ မြင့်တက်နေသည်ကို မဖုံးကွယ်နိုင်တော့ချေ။ သေချာပေါက် သူမအကြံဆိုးတစ်ခု ကြံစည်နေပြီပင်။
ကျိုးထောင်ဟွား : "အစ်ကိုရှန်းမင် အစကတော့ ဒီ 'ဝိညာဉ်ရာပေါင်းများစွာစေခိုင်းတဲ့ အလံနက်' ထဲက တံဆိပ်ခတ်နှိပ်မှုကိုဖယ်ရှားပြီး ကိုယ့်အတွက် သိမ်းထားမလို့ပဲ၊ နောက်ကျရင် ဝိညာဉ်တွေမွေးဖို့ သုံးလို့ရတာပေါ့၊ ရလာမှတော့ ဘာလို့ အကျိုးရှိရှိအသုံးမချဘဲနေမလဲ ဟုတ်တယ်မလား၊ ဒါပေမဲ့ အခုတော့ ကျွန်မစိတ်ပြောင်းသွားပြီ၊ ဒီအလံရဲ့ပိုင်ရှင်ကို တန်ပြန်သက်ရောက်မှုခံစားရအောင်လုပ်ချင်တယ်"
ထိုသို့ပြောပြီးနောက် ကျိုးထောင်ဟွား အဝါရောင်စက္ကူကို ထုတ်ယူကာ ဟင်္သာပြဒါးဖြင့် မန္တန်အစီအရင်တစ်ခုအား ရေးဆွဲလိုက်သည်။ ယခင်အချိန်များနှင့်မတူဘဲ ယခုတစ်ကြိမ်တွင်မူ သူမ မည်သည်ကို ရေးဆွဲနေသည်အား ရှန်းမင် ရှင်းလင်းစွာနားလည်နေသည်။ ၎င်းမှာ ရှုပ်ထွေးလှသော 'သတ်ဖြတ်ခြင်း အစီအရင်' တစ်ခုဖြစ်သည်။ ထို့နောက် ကျိုးထောင်ဟွား အလံနက်ကို ထိုအစီအရင်ထဲသို့ထည့်လိုက်ပြီး သတ်ဖြတ်ခြင်းအစီအရင်၏စွမ်းအားများကို တံဆိပ်ခတ်နှိပ်မှုထဲသို့ဆွဲသွင်းလိုက်ရာ ရှန်းမင်၏ မျက်လုံးများ အနည်းငယ်ကျဉ်းမြောင်းသွားသည်။
ယခုဆိုလျှင် ထိုလူသာဤသတ်ဖြတ်ခြင်း အစီအရင်ထဲတွင် ကိုယ်တိုင်ရပ်နေပါက သူ့ကိုမသတ်နိုင်လျှင်ပင် အပြင်းအထန် ဒဏ်ရာရသွားစေနိုင်သည်။ သို့သော် ယခုကဲ့သို့ တံဆိပ်ခတ်နှိပ်မှုမှတစ်ဆင့်သွားရသည်ဆိုလျှင်မူ သတ်ဖြတ်နိုင်စွမ်းမှာများစွာ လျော့ကျသွားမည်ဖြစ်ပြီး ဆယ်ပုံတစ်ပုံခန့်သာရှိပေလိမ့်မည်။
…
မှိန်ပျပျအလင်းရောင်သာရှိသော ကျင့်စဉ်ခန်းတစ်ခုအတွင်းတွင် အနက်ရောင်နဂါးပုံစံဝတ်ရုံကို ဝတ်ဆင်ထားသောအမျိုးသားတစ်ဦး ရုတ်တရက် မျက်လုံးပွင့်လာပြီး သူ့ဝမ်းဗိုက်ကိုမယုံနိုင်ဟန်ဖြင့်ဖိကိုင်လိုက်သည်။
’တစ်ယောက်ယောက်က သူ့ကိုဒီလိုနည်းနဲ့ တကယ်ပဲတိုက်ခိုက်လိုက်တာလား’
အန္တရာယ်မရှိလှသော်လည်း တစ်ဖက်လူမှာ တော်တော်လေးအစွမ်းထက်ကြောင်း ပြသနေသည်။ သူ မည်သို့မှမဖြစ်ပါလားဟု တွေးနေစဉ်မှာပင် ရုတ်တရက် သူ့ကျောပြင်ကို ပြင်းထန်သောထိုးနှက်ချက်တစ်ခု ဝင်ရောက်လာရာ သွေးတစ်ပွက် အန်ချလိုက်ရ၏။
"ဘုန်း"
နောက်ထပ်ထိုးနှက်ချက်သုံးချက် ဆက်တိုက်ဝင်ရောက်လာ၍ ထိုအမျိုးသားမှာ နာကျင်မှုကြောင့် သူ့နှလုံးပင်ပေါက်ကွဲထွက်တော့မည်ဟု ခံစားလိုက်ရသည်။ သူတုန်တုန်ယင်ယင်ဖြင့် အရှေ့ကြမ်းပြင်ပေါ်ရှိ ခေါင်းလောင်းကို လှမ်းယူရန်ကြိုးစားသော်လည်း မမီနိုင်ခင်မှာပင် နာကျင်မှုကိုဆက်မခံစားနိုင်တော့ဘဲ မြေပြင်ပေါ်သို့ခွေကျသွားတော့၏။
ကျိုးထောင်ဟွား ရုတ်တရက် သူမ၏အလံနက်ပေါ်သို့ လက်တင်လိုက်သော ရှန်းမင်ဘက်သို့ လှည့်ကြည့်လိုက်သည်။ ချက်ချင်းပင် အလံထဲသို့ သူ့အငြိုးအတေးစွမ်းအင် အများအပြားကို ထည့်သွင်းလိုက်၏။
ကျိုးထောင်ဟွား : "အစ်ကိုရှန်းမင် အဲဒီလူကိုပညာပေးဖို့ ညီမကိုကူညီပေးနေတာလား"
သို့သော် ရှန်းမင်မှ သူ့အငြိုးအတေးစွမ်းအင်များကို ထည့်သွင်းလိုက်ပြီးနောက်တွင်မူ တံဆိပ်ခတ်နှိပ်မှုမှာ ထိုစွမ်းအားများကို မခံနိုင်တော့ပေ။ ကျိုးထောင်ဟွား ဖယ်ရှားရန် အချိန်ပင်မရလိုက်ခင်မှာ ထုတ်လွှတ်လိုက်သော မှော်စွမ်းအင်နှင့် အငြိုးအတေးစွမ်းအင်များ၏ဒဏ်ကြောင့် လုံးဝပျက်စီးသွားတော့သည်။ တစ်ဖက်လူကို သူလက်စားချေလိုက်နိုင်ပြီလားဟု သူမ တွေးမိ၏။ တစ်ဖက်လူသာ အသက်ရှင်နေသေးလျှင် နောင်တစ်ချိန်တွင် ကျိုးကျားရွာကိုပြန်လာပေလိမ့်မည်။ ယခုအခါ ရွာတံတိုင်းများတည်ဆောက်ပြီးဖြစ်သကဲ့သို့ လူတိုင်းမှာလည်း စားနပ်ရိက္ခာများ စုဆောင်းထားကြသည်။ ရွာတွင် အကာအကွယ်အတားအဆီးများနှင့် နတ်ဆိုးဖော်မှန်များရှိသည့်အပြင် ခူယားကောင်နတ်ဆိုးများကပါ ကောင်းကင်ယံမှ အကာအကွယ်ပေးထားသေး၏။
ရွာသားတိုင်းကလည်း လက်လုပ်မီးလှံကိုယ်စီကိုင်ဆောင်ထားကြသည်။ သို့သော်လည်း ကျိုးထောင်ဟွား စိတ်မချနိုင်သေးပေ။ ကျိုးကျားရွာသည် ဤဖရိုဖရဲခေတ်ကြီးထဲတွင် စစ်ဘုရင်အမျိုးမျိုးကလုယူချင်နေသော မဟာဗျူဟာမြောက် နေရာတစ်ခုဖြစ်နေသည်။ အကယ်၍ စစ်တပ်ကြီးတစ်ခုသာ သူတို့ကိုလာတိုက်လျှင် တစ်ချက်ချင်းစီပစ်နေရုံနှင့်မရနိုင်ပေ။ ရွာသားတစ်ထောင်ခန့်သာရှိသဖြင့် မီးလှံပစ်နှုန်း မည်မျှပင်မြန်မြန် လုံလောက်မည်မဟုတ်ချေ။ ထို့ကြောင့် ကျိုးထောင်ဟွား လက်ပစ်ဗုံးများကို ဆက်လက်ထုတ်လုပ်ရန်စီစဉ်ထားသည်။ အနည်းဆုံး အခန်းနှစ်ခန်းစာ ပြည့်အောင်လုပ်ထားရမည်။ သို့သော် လက်ပစ်ဗုံးများ ပြုလုပ်ရန်အတွက် မကောင်းဆိုးဝါးများကို နှိမ်နင်းနိုင်သော ဟင်္သာပြဒါးနှင့် ရာစုနှစ်ချီသက်တမ်းရှိသောသစ်စေးများ လိုအပ်နေသည်။
ကျိုးကွမ်းမင်မှ လူတစ်စုကိုကိုယ်တိုင်ဦးဆောင်ကာ ယွီဖေးအား တရားရုံးသို့ ပို့ဆောင်ပေးခဲ့ပြီး ထိုနေရာတွင် စစ်ဆေးရေးမှူးမာမှ ထပ်မံလက်ခံခဲ့သည်။ မုဆိုးမဖန်းလည်း ခပ်လှမ်းလှမ်းမှလိုက်ပါလာခဲ့၏။ တကယ်တော့ သူမ၏နာကျည်းချက်များမှာ အပြည့်အဝမကျေအေးသေးပေ။ ယွီဖေး လမ်းတစ်လျှောက်တွင် မည်မျှကံဆိုးမည်ကို သူမကြည့်ချင်သေးသည်။ ယခင်က ရွာသားများ ထန်ရှန်းဟွေ့အားပို့ဆောင်စဉ်မှ အဖြစ်အပျက်ကို သူမကြားဖူးရုံသာရှိခဲ့၏။ အခြားသူများ၏လမ်းမှာ သာမန်အတိုင်းဖြစ်ပြီး အားလုံးအဆင်ပြေပြေ လျှောက်လာခဲ့ကြသော်လည်း ထန်ရှန်းဟွေ့လျှောက်လာချိန်တွင် ရုတ်တရက် လမ်းမှာချိုင့်ခွက်ကြီးတစ်ခုပေါ်လာပြီး ထိုအထဲသို့ သူခြေချော်ကျကာ မှောက်ရက်လဲသွားခဲ့သည်ဟုဆိုကြသည်။
ထို့ပြင် သူလျှောက်လာသည့် လမ်းတစ်လျှောက်တွင်လည်း ခွေးချေးများကို တက်နင်းမိခဲ့သေး၏။ လမ်းဘေးရှိခွေးများမှာ သူ့ကိုမြင်သည်နှင့် ဟောင်ကြပြီး လမ်းဘေးတွင် မည်သည့်ပစ္စည်းချထားချထား သူသေချာပေါက်တိုက်မိပြီး လဲကျတတ်သည်။ တံမြက်စည်းကဲ့သို့ ပေါ့ပါးသောအရာဆိုလျှင် အဆင်ပြေသေးသော်လည်း ဂေါ်ပြား သို့မဟုတ် သစ်သားတုတ်ကဲ့သို့အရာများ သူ့အပေါ် ပြုတ်ကျပါက သူအလွန်တရာနာကျင်ရပေလိမ့်မည်။
နတ်ဆိုးကျင့်ကြံသူတစ်ယောက်၏ ကျင့်စဉ်ဖျက်ဆီးခံရလျှင် ဤသို့ပင်ဖြစ်တတ်သည်။ သူတို့၏ကျင့်စဉ်မှ ဖိနှိပ်ပေးထားခြင်းမရှိတော့သည့်အခါ အလွန်အမင်းကံဆိုးမိုးမှောင်ကျတော့၏။ ယခုကျိုးကျားရွာမှ တရားရုံးသို့သွားရာလမ်းတစ်လျှောက်တွင် ယွီဖေး၏ကံဆိုးမှုများမှာ သူမအရင်က ကြားဖူးထားသည်ထက်ပင် ပို၍ဆိုးရွားနေသည်ကို မုဆိုးမဖန်းတွေ့လိုက်ရသည်။ ခွေးများဟောင်ရုံသာမက ယွီဖေးကိုပါကိုက်ကြပြီး တရားရုံးဆီရောက်ချိန်မှသာ သက်ပြင်းချနိုင်သည်ထိ သူ့ကိုအဆက်မပြတ်လိုက်လံတိုက်ခိုက်ကြ၏။ စစ်ဆေးရေးမှူးမာမှာ ကျိုးကွမ်းမင်ခေါ်လာသော ယွီဖေးကိုကြည့်ရင်းပြောလာသည်။
"လူတွေကိုဒုက္ခပေးဖို့ နောက်ထပ် နတ်ဆိုးကျင့်ကြံသူတစ်ယောက် ကျိုးကျားရွာကို ထပ်ရောက်လာပြန်တာလား"
စစ်ဆေးရေးမှူးမာ မျက်မှောင်ကြုတ်သွားသည်။
‘ကျိုးကျားရွာမှာ ဘာရတနာများရှိနေလို့ နတ်ဆိုးကျင့်ကြံသူတွေ ဒီလောက်အများကြီး အဲဒီကိုသွားနေကြတာလဲ’
***