[ဇာတ်သိမ်းခါနီးမှ လူဆိုးထိန်းမာကမှ အမှန်ဖြစ်မှန်းသိတယ် ဆောတီးပါ]
ထုံးစံအတိုင်း လူဆိုးထိန်းမာ ယွီဖေးကို အကျဉ်းထောင်ထံသို့ ခေါ်သွားသည်။ ယွီဖေးရှေ့ကိုလှမ်းဖို့ ပြင်လိုက်စဉ်မှာပင် ထောင်နံရံ၌ချိတ်ထားသည့် ဓားကြီးတစ်လက် ရုတ်တရက်ပြုတ်ကျလာ၏။ လမ်းတစ်လျှောက်လုံးတွင်လည်း ယွီဖေးမှာ ပစ္စည်းအမျိုးမျိုးနှင့် တိုက်မိခြင်း၊ ခွေးအလိုက်ခံရခြင်းများကြောင့် ပင်ပန်းနွမ်းနယ်ပြီး မူးဝေနေသည်ဖြစ်ရာ မည်သည့်အရာများဖြစ်နေသည်ကို လုံးဝ သတိမထားမိလိုက်ချေ။
"ရွှီး"ကနဲမြည်သံနှင့်အတူ ထိုဓားကြီးမှာ ယွီဖေး၏နဖူးကို ဖြတ်တောက်သွားပြီး နှာခေါင်းကိုပါ တစ်ပါတည်းဖြတ်ချသွားသည်ကို မုဆိုးမဖန်းရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
"!!!"
မုဆိုးမဖန်း တစ်ချက်ကြည့်လိုက်ပြီးသည်နှင့် မျက်လုံးများကို ချက်ချင်းပြန်အုပ်ထားလိုက်မိသည်။ ထောင်တံခါးအတွင်းမှ ယွီဖေး၏နာကျင်လွန်းသောကြောင့် အော်ဟစ်သံကြီးထွက်ပေါ်လာပြီး ထိုအသံမှာ အရိုးထဲထိ စိမ့်သွားစေလောက်အောင် ကြောက်မက်ဖွယ်ကောင်းလှသည်။ အတွေ့အကြုံရင့်ကျက်သည့် လူဆိုးထိန်းမာပင် လန့်ဖျပ်သွားရသည်အထိပင်။ သွေးများမြေကြီးပေါ်ကို ပန်းထွက်သွားသည်မှာ သားသတ်ရုံတစ်ခုနှင့်ပင်တူနေတော့သည်။ ယွီဖေး အကြာကြီး မအော်နိုင်လိုက်ဘဲ မြေပေါ်ကိုခွေကျသွားသည်။ သူ မလှုပ်မယှက်ဖြစ်သွားသည်ကိုမြင်၍ လူဆိုးထိန်းမာ ရှေ့တိုးသွားပြီး သွေးခုန်နှုန်းကို စမ်းကြည့်လိုက်၏။ ကျိုးကွမ်းမင်နှင့် တခြားသူများ တရားရုံးအဆောက်အအုံအဝင်ဝ၌ ရပ်နေစဉ်မှာပင် လူဆိုးထိန်းမာထံမှ "သူ သေသွားပြီ" ဆိုသော စကားကိုကြားလိုက်ရသည်။ မှိန်ပျပျ အလင်းရောင်သာရှိသည့် ကျင့်စဉ်ခန်းအတွင်း၌ အမျိုးသားတစ်ဦး၏လည်ပင်းပေါ်ကို လက်နှစ်ချောင်းဖိထောက်ထား၏။
"သူ အသက်ရှူနေသေးတယ်၊ ဆရာ အသက်ရှင်နေသေးတယ်"
ကျွမ်ချွန်းချန် ထိုအမျိုးသားကို မြေပြင်မှ အမြန်ထူမပေးလိုက်ရာ သစ်ခေါက်ကဲ့သို့ အိုမင်းရင့်ရော်နေသော သူ့မျက်နှာကိုမြင်လိုက်ရသည်။ ကံကောင်းထောက်မစွာဖြင့် ကျွမ်ချွန်းချန် တည်ငြိမ်နေဆဲပင်။ ထိုအမျိုးသားမှာ ယခင်အဝတ်အစားများကိုသာ ဝတ်ဆင်ထားပြီး သူ့ဆရာမှလွဲ၍ တခြားမည်သူမှ ဤနေရာကိုဝင်လာနိုင်မည်မဟုတ်သည်အား သူသတိထားမိသည်။ ထို့ကြောင့် ဤသူမှာ သူ့ဆရာ 'ရှန်းထျန်ယိ'ဖြစ်ကြောင်း ကျွမ်ချွန်းချန် ချက်ချင်း အတည်ပြုနိုင်ခဲ့သည်။ သို့သော် အဘယ်ကြောင့် သူ့ဆရာမှ ဤသို့ဖြစ်သွားရသည်ကိုတော့ သူမသိပေ။ ဆရာဖြစ်သူနှင့်အတူ နှစ်ပေါင်း ၆၀ တိုင်တိုင် သူကျင့်ကြံလာခဲ့ခြင်းဖြစ်ပြီး သူ့အမြင်၌ ဆရာဖြစ်သူသည် အသက် ၂၀ အရွယ်လူငယ်တစ်ယောက်ကဲ့သို့ အမြဲနုပျိုနေကာ အိုမင်းသွားဟန်လုံးဝမရှိခဲ့ချေ။
ဆရာဖြစ်သူအား သူပွေ့ချီပြီး သမားတော်သွားပင့်ရန်ပြင်နေချိန် ရှန်းထျန်ယိ သတိလစ်နေရာမှ နိုးလာခဲ့သည်။ ရှုံ့တွနေသော သူ့မျက်ခွံများပွင့်လာသည်နှင့် တစ်ပြိုင်နက် မျက်ဝန်းထဲ၌ လူသတ်လိုသည့် အငွေ့အသက်များတစ်ခဏမျှ ဖြတ်ပြေးသွားပြီး ထိုသူမှာ ကျွမ်ချွန်းချန်ဖြစ်နေသည်ကိုမြင်ချိန်တွင် ချက်ချင်း ဖုံးကွယ်လိုက်၏။ မည်သို့ပင်ဆိုစေ သူသည် သူ့ဘေး၌ နှစ်ပေါင်း ၆၀တိုင်တိုင် ထားခဲ့သော ဒုတိယတပည့်ဖြစ်၍ သူ့ကို အားဖြည့်စရာအဖြစ်သတ်ပစ်ရန် မရက်စက်နိုင်ခဲ့ချေ။ သူ တိုးသဲ့သဲ့လေသံဖြင့်အမိန့်ပေးလိုက်သည်။
"ငါ့ကို အောက်ချပေးပြီး တပည့်တချို့ သွားခေါ်ခဲ့"
ကျွမ်ချွန်းချန် နားမလည်နိုင်ဖြစ်သွားပေသိ ရှန်းထျန်ယိ၏ တင်းမာသောအမိန့်ကို မဆန်ကျင်ရဲပေ။ ထို့ကြောင့် အသက် ၂၀ ဝန်းကျင်ရှိသည့် ငယ်ရွယ်သောတပည့် ၁၀ ယောက်ကျော်ခန့်ကို သွားခေါ်လာခဲ့သည်။ သူတို့၏ကျင့်စဉ်အဆင့်မှာ မမြင့်သော်ငြား အားလုံးမှာအလွန်တရာငယ်ရွယ်သူများဖြစ်ကြ၏။ သူမထွက်သွားခင်တွင် မည်သူမှ ဝင်မလာနိုင်စေရန် အခန်းပတ်လည်၌ အကာအကွယ် အတားအဆီးတစ်ခုလုပ်ထားဖို့ ဆရာဖြစ်သူမှ အမိန့်ပေးခဲ့သည်။ နာရီဝက်ခန့်အကြာတွင် ဆရာဖြစ်သူထွက်လာခဲ့၏။ သူ့ဆရာကိုပြန်မြင်ရချိန်၌ အရင်ကကဲ့သို့ အဘိုးအိုကြီး မဟုတ်တော့ဘဲ အသက် ၂၀ ကျော်အရွယ် လူငယ်လေးတစ်ယောက်အလား ပြန်ဖြစ်နေပြီပင်။
"ဆရာ ဆရာ"
ကျွမ်ချွန်းချန်မှာ အလွန်အမင်း အံ့အားသင့်သွားပြီး စကားပင်ဆုံးအောင် မပြောနိုင်ခင်မှာပင် ကြမ်းပြင်ပေါ်ရှိ ပြန့်ကျဲနေသောအလောင်းများကို မြင်လိုက်ရသည်။ ထိုသူအားလုံးမှာ ခုနက သူခေါ်လာခဲ့သည့် ဂိုဏ်းတူညီငယ်များပင်။ တက်ကြွလန်းဆန်းနေသည့် အသက်ဝိညာဉ်များအားလုံး နာရီဝက်အတွင်းမှာပင် အဆုံးသတ်သွားခဲ့ရလေပြီ။ ကျွမ်ချွန်းချန် ထိတ်လန့်ကြောက်ရွံ့သွားသကဲ့သို့ တစ်ချိန်တည်းမှာပင် ရှန်းထျန်ယိအပေါ် ကြောက်ရွံ့ရိုသေမှုလည်းပိုတိုးလာသည်။ ရှန်ထျန်ယိ အလောင်းများထံတစ်ချက်လှည့်ကြည့်ကာ သူ့ကိုချီးကျူးလိုက်၏။
"မင်း အလုပ်ကောင်းကောင်းလုပ်ခဲ့တယ်"
ရှန်းထျန်ယိ သူ့ကျင့်စဉ်ကိုအသုံးပြုလိုက်ရာ အသက်စွမ်းအင်နှင့် ကျင့်စဉ်များ စုပ်ယူခံလိုက်သော သူ၏ဂိုဏ်းတူညီငယ်များ လုံးဝပျောက်ကွယ်သွားသည်ကို ကျွမ်ချွန်းချန် ကြည့်နေခဲ့ရ၏။ သူတို့မှာ ဝင်စားရန် အခွင့်အရေးပင်မရလိုက်တော့ချေ။ အကယ်၍ သူတို့ကိုသာမြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့လျှင် ပြန်လည်မွေးဖွားရန် အခွင့်အရေးရှိနိုင်ပါသေးသည်။ ကျွမ်ချွန်းချန် ဆရာဖြစ်သူ၏ရက်စက်မှုကို ခံစားလိုက်ရသော်ငြား မကန့်ကွက်ရဲခဲ့ပေ။
"ဆရာ ခုနက ဘာဖြစ်ခဲ့တာလဲ၊ ကျင့်စဉ်ဖောက်သွားတာလား"
ကျွမ်ချွန်းချန် မေးလိုက်သည်။ ဤကိစ္စကို ပြောလိုက်သည်နှင့် ရှန်းထျန်ယိမှာ ဒေါသထွက်လာပြီး မျက်ဝန်းများ၌အငြိုးအတေးများ ပြည့်နှက်သွား၏။ ခုနက သူပြင်းပြင်းထန်ထန်ဒဏ်ရာရပြီး သတိလစ်သွားခဲ့ကာ ယခုပြန်လည်ကောင်းမွန်လာချိန်၌ ယွီဖေးကို သူပေးထားသော ဝိညာဉ်ရာပေါင်းများစွာစေခိုင်းနိုင်သော အလံနက်ပေါ်မှ နတ်ဘုရားအသိစိတ် တံဆိပ်ခတ်နှိပ်မှုမှာ ပျောက်ကွယ်သွားပြီး ယွီဖေးသေဆုံးသွားပြီကိုလည်း သူသိလိုက်ရသည်။
"သောက်ကျိုးနည်း"
ရှန်းထျန်ယိ ကျိန်ဆဲလိုက်သည်။ အရင်လအနည်းငယ်အတွင်းမှာပင် အရာအားလုံး ကံဆိုးမိုးမှောင်ကျနေခဲ့ခြင်းဖြစ်ပြီး သူ့ကျင့်စဉ်မှာ နှစ်ကြိမ်တိုင်တိုင် အနှောင့်အယှက်ပေးခံခဲ့ရကာ ယခုဆိုလျှင် သူ့အသက်ပါဆုံးရှုံးရလုနီးပါးဖြစ်ခဲ့ရလေပြီ။ ထန်ရှန်းဟွေ့နှင့် ယွီဖေးတို့မှာ သူအတန်ဖိုးထားရဆုံး တပည့်များ ဖြစ်ကြသည်။ အခြား ငယ်ရွယ်သော တပည့်များကို အားဖြည့်စရာအဖြစ် သူစုပ်ယူခဲ့သော်လည်း ယင်းမှာ သူ၏မူလရည်ရွယ်ချက်တော့ မဟုတ်ချေ။ သူ မျက်မှောင်ကြုတ်လိုက်သည်။ မည်သူကမှ သူ့ကို ဒုက္ခမပေးလျှင် သူလည်း ထိုသူများ၏ အသက်ကိုယူမည်မဟုတ်ပေ။ ရှန်းထျန်ယိ တောင်တစ္ဆေဒင်္ဂါးပျက်စီးသွားခြင်းနှင့် သူချစ်ရသည့်တပည့်နှစ်ဦး သေဆုံးသွားခြင်းကို ပြန်တွေးမိပြီး ကျွမ်ချွန်းချန်ကို ခေါ်လိုက်သည်။
"မင်း ငါနဲ့အတူ ကျိုးကျားရွာကို စုံစမ်းဖို့ လိုက်ခဲ့ရမယ်၊ တကယ်လို့ ထန်ရှန်းဟွေ့နဲ့ ယွီဖေးတို့ကသာ ကျိုးကျားရွာရဲ့လက်ချက်နဲ့ သေခဲ့ရတာဆိုရင် ငါသူတို့ကို လုံးဝအလွတ်မပေးဘူး"
ရှန်းထျန်ယိ ထွက်သွားတော့မည်ကို ကြား၍ ကျွမ်ချွန်းချန် အလျင်စလိုပြောလိုက်သည်။
"ဆရာ လုံအန်းမြို့မှာ ဆရာကမြို့စားရှန်းရဲ့ ထောက်ပံ့မှုကိုရထားတာပါ၊ မကြာသေးခင်ကမှ တစ်နိုင်ငံလုံးရဲ့ တော်ဝင်မျိုးနွယ်တွေ ကိုယ်ပိုင်နယ်မြေတွေနဲ့ ဟိုပလ္လင်ကိုသိမ်းပိုက်ဖို့ လှုပ်ရှားနေကြပြီ"
ကျွမ်ချွန်းချန် စကားပြောရင်း ကောင်းကင်ထံလက်ညှိုးထိုးပြလိုက်သည်။ ထိုပလ္လင်မှာ တော်ဝင်နွယ်ဖွားအများစုထိုင်ချင်နေကြသည့် နေရာတစ်ခုဖြစ်ပြီး လက်ရှိတွင် သူ့အနာဂတ်အတွက် ချီတုံချတုံဖြစ်နေသော မြို့စားရှန်းလည်း အပါအဝင်ဖြစ်၏။
"ဆရာထွက်သွားရင် မြို့စားရှန်းက အကြံဉာဏ်တောင်းချင်တဲ့အခါ ဘယ်လိုလုပ်မလဲ၊ ဆရာမရှိရင် သူဒေါသထွက်ပါလိမ့်မယ်"
ကျွမ်ချွန်းချန် အကြံပြုလိုက်သည်။ သူတို့တပည့်များ လုံအန်းမြို့၌ ဤမျှသက်တောင့်သက်သာနေနိုင်ခြင်းမှာ ဆရာဖြစ်သူအပေါ် မြို့စားရှန်း၏ လေးစားမှုကြောင့်သာဖြစ်သည်။ ထို့ကြောင့် ဆရာဖြစ်သူအနေနှင့် မြို့စားရှန်း၏အစီအစဉ်များကို မပျက်စီးစေသင့်ပေ။ ရှန်းထျန်ယိ၏မျက်ဝန်းထဲတွင် မကျေနပ်မှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
"ငါက ရှန်းမျိုးနွယ်စုကို နှစ်ပေါင်းတစ်ရာနီးပါး ကာကွယ်ပေးခဲ့တာ၊ အခု သူတို့ ငြိမ်းချမ်းနေတာကလည်း ငါ့ကျေးဇူးကြောင့်ပဲ"
ရှန်းထျန်ယိ လှောင်ပြုံးပြုံးလိုက်သည်။
"အခု အဘိုးကြီးရှန်းရဲ့ မျိုးဆက်တွေနဲ့ မြေးတွေက တော်ဝင်ရာထူးကို ဆက်ခံပြီးတာနဲ့ ငါ့ကို ဒီလောက်တောင်ရိုင်းစိုင်းရဲပြီပေါ့လေ"
ရှန်းထျန်ယိ လက်ကာပြလိုက်သည်။ ယခု ကျိုးကျားရွာသို့ သူသွားကိုသွားရမည် ဖြစ်သည်။ ယခုတစ်ကြိမ် ထိုနေရာမှ ပြဿနာကို အပြီးတိုင်မရှင်းနိုင်ခဲ့ပါက လုံအန်းကိုပြန်ရောက်သည်ထိစောင့်ပြီး မြို့စားရှန်းအား တစ်ရွာလုံးအမြစ်ပြတ် သတ်ခိုင်းပစ်မည်။ ကျိုးကျားရွာမှာ ရွာငယ်လေးတစ်ရွာသာဖြစ်ပြီး နယ်ရုပ်တစ်ခုအနေနှင့် လွန်ခဲ့သောနှစ်တစ်ရာအတွင်း ရှန်းမျိုးနွယ်စုအတွက် လုံလောက်အောင် သူတို့ပံ့ပိုးပေးခဲ့ပြီးပြီဖြစ်သည်။ ရှန်းထျန်ယိ ဆုံးဖြတ်ချက်ချပြီးဖြစ်၍ ကျွမ်ချွန်းချန်ဆက်ပြီး မတားတော့ချေ။
သို့သော် ရှန်းထျန်ယိမှာ သူပြောသလောက် မောက်မာလွန်းသူတော့ မဟုတ်ပေ။ လက်ရှိမြို့စား ရှန်းကျူးဟောက်ကို အလေးမထားဘဲ မနေခဲ့ချေ။ မထွက်ခွာခင် ရှန်းထျန်ယိ ရှန်းကျူးဟောက်ကို သီးသန့်သွားရောက် နှုတ်ဆက်ခဲ့သည်။ ကျွမ်ချွန်းချန် ခန့်မှန်းထားသည့်အတိုင်းပင် ရှန်ကျူးဟောက်မှာ အလွန်အမင်းဗျာများနေခဲ့၏။ ရှန်းထျန်ယိကို သူအလျင်စလိုတားဆီးလေသည်။
"ဆရာ ဆရာထွက်သွားလို့ မဖြစ်ဘူး၊ လုံအန်းကို ဆရာသာမကြီးကြပ်ပေးရင် ကျုပ်စိတ်မအေးနိုင်ဘူး၊ မြို့စားကိုးဦးရှိတဲ့ထဲမှာ တစ်ဝက်လောက်ကစလှုပ်ရှားနေကြပြီ၊ မကြာခင် တခြားသူတွေ နယ်မြေပိုရလာတဲ့အခါ ကျုပ်ရဲ့လုံအန်းလည်း ပစ်မှတ်ထားခံရတော့မှာ၊ ဆရာ မြန်မြန်ပြောပြပါ၊ ကျုပ်ဘာလုပ်ရမလဲ"
ရှန်းကျူးဟောက် နောက်ဆုတ်နေရသည့် အကြောင်းရင်းမှာ သူကိုယ်တိုင် ဆုံးဖြတ်ချက်မချနိုင်သေးဘဲ မည်သူ့ကို အရင်တိုက်ရမည်အား မသေချာ၍ ဖြစ်သည်။ လုံအန်းအနီးရှိ ဒေသသုံးခုလုံးမှာ အင်အားကြီးမားသော ရန်သူများဖြစ်ကြရာ သူသာအလောတကြီးလှုပ်ရှားလိုက်ပါက မဟာမိတ်တပ်များ၏ချေမှုန်းခြင်းကိုခံရမည်အား စိုးရိမ်နေခြင်း ဖြစ်သည်။ ရှန်းထျန်ယိ အကြံပေးလိုက်၏။
"မြို့စားမင်း သိပ်စိုးရိမ်နေစရာမလိုပါဘူး၊ ဒီတစ်ကြိမ် ကျွန်တော်လုံအန်းကနေ ထွက်သွားတာက မြို့စားမင်းအတွက် ရှေ့ပြေးအနေနဲ့ စူးစမ်းလေ့လာပေးဖို့ပါ၊ ဒီကိစ္စက လုံအန်းတစ်ဒေသလုံးနဲ့ မြို့စားမင်းရဲ့မျိုးနွယ်စုဝင်အားအားလုံးအတွက်ပါ သက်ဆိုင်နေတာမလို့ ကျွန်တော့်အနေနဲ့ သေချာပေါက် အထူးသတိထားပြီး ဂရုတစိုက်ဆောင်ရွက်မှာပါ"
***