ရှန်းကျူးဟောက်၏ စိုးရိမ်ပူပန်မှုများမှာ ရှန်းထျန်ယိစကားများကြောင့် နောက်ဆုံးတွင် ပြေပျောက်သွားခဲ့ရသည်။ သူ မှာကြားလိုက်၏။
"မြန်မြန်ပြန်လာခဲ့ပါ၊ ဆရာပြန်လာတာကိုစောင့်ပြီးမှ ကျုပ်ဆုံးဖြတ်ချက်ချမယ်"
နောက်ထပ်နှစ်တစ်ရာကြာလျှင် လောကကြီးသည် ရှန်းမိသားစုပိုင်ဖြစ်လာမည်ဟု ဘိုးဘေးများ ချန်ထားရစ်ခဲ့သော လျှို့ဝှက်စာတစ်စောင်ကို ရှန်းကျူးဟောက် မှတ်မိနေဆဲပင်။ နှစ်တစ်ရာပြည့်မည့်အချိန်မှာ နီးကပ်လာပြီဖြစ်ရာ အရေးကြီးသည့်အချိန်ရောက်လေလေ မဆင်မခြင် သူမလုပ်ရဲလေလေဖြစ်ပြီး အလွန်တရာသတိထားနေရသည်။ နောက်ဆုံးတွင် ရှန်းထျန်ယိမှာ ရှန်းကျူးဟောက်မှ ပြင်ဆင်ပေးထားသော ရထားလုံးပေါ်သို့ တက်လိုက်သည်။ ရထားလုံးနှင့်အတူ ရထားထိန်းနှင့် သက်တော်စောင့်များ ပါဝင်သော်လည်း ဤခရီးမှာ အလွန်တရာအရေးကြီးပြီး လျှို့ဝှက်ထားရန် လိုအပ်သည်ဟုဆိုကာ ထိုလူများကို ငြင်းပယ်ခဲ့သည်။ ထို့ကြောင့် မြို့စားအရှင် ပြင်ဆင်ပေးသော လူအားလုံးကို သူပြန်လွှတ်လိုက်၏။
မြို့စား၏လူများကို သူအသုံးမပြုသော်ငြား မြို့စားမှာသူ့အားရထားလုံးနှင့် မြင်းများအတွက် တေးတစ်သောင်းချီးမြှင့်ခဲ့သေးသည်။ ရထားလုံးမောင်းနှင်နေသော ကျွမ်ချွန်းချန် ရှန်ထျန်ယိအပေါ် လေးစားအားကျမှုများဖြင့် ပြည့်နှက်နေ၏။
ကျွမ်ချွန်းချန် : "ဆရာသခင် ဆရာက တစ်ကယ်ကို အံသြဖို့ကောင်းတာပဲ၊ မြို့စားက ဆရာ့ကိုအပြည့်အဝယုံကြည်နေတာနော်"
ရှန်းထျန်ယိ ဤအခွင့်အရေးကိုယူ၍ သူ့အားသွန်သင်လိုက်သည်။
"လူတွေက မင်းကိုယုံကြည်စေချင်ရင် မင်းကိုယ်မင်း အရင်ဆုံးကောင်းကောင်း ပြသနိုင်ရမယ်၊ ဥပမာ ငါ့မျက်နှာဆိုပါတော့ သူငယ်ငယ်ကတည်းက ငါကဒီမျက်နှာနဲ့ပဲလေ၊ ငါ့ကိုမသေမျိုးအရှင်တစ်ပါးလို့ သူထင်နေလောက်ပြီ"
ရှန်းထျန်ယိ သူ့မျက်နှာကို ဂုဏ်ယူဟန်ဖြင့်ပွတ်သပ်ရင်း ပြောလိုက်သည်။ နှစ်များတစ်လျှောက်တွင် သူသည်အသက်နှစ်ဆယ်အရွယ်ရုပ်သွင်ကိုသာ ထာဝရ ထိန်းသိမ်းထားခြင်းဖြင့် နောက်လိုက်များစွာကိုဆွဲဆောင်နိုင်ခဲ့ပြီး ရှန်းမျိုးနွယ်စုမှလည်း သူ့ကိုမျက်ကန်းယုံကြည်နေကြသည်ပင်။ ကျိုးကျားရွာ၌ ကျိုးထောင်ဟွား ဟင်္သာပြဒါးအများအပြားကို ဝယ်ယူကာ အမွှေးတိုင်ဖိုကြီးတစ်ခုထဲထည့်၍ မီးဖုတ်လိုက်သည်။ ကျိုးထောင်ဟွား ဆယ့်ငါးမိနစ်တစ်ကြိမ် ကောက်ညှင်းဆန်များ မည်းမသွားတော့သည့်တိုင်အောင် ကြဲထည့်လိုက်ပြီး ခွေးနက်သွေးကို ထည့်လိုက်သည်။ ထို့နောက် မက်မွန်သစ်သား မီးသွေးခဲများကို ထည့်ကာ အမွှေးတိုင်ဖိုအား ပိတ်လှောင်လိုက်၏။ အတွင်းရှိ ဟင်္သာပြဒါးများမှာ သွေးကြောင့် ရွှေရောင်ပြောင်းသွားမည်ဖြစ်ပြီး နောက်ဆုံးတွင် အနီရင့်ရောင်သို့ ပြောင်းသွားကာ သန့်စင်ခြင်းပြီးမြောက်ကြောင်း ပြသနေလိမ့်မည်။
ကျိုးထောင်ဟွား မီးဖိုကိုဖွင့်လိုက်သောအခါ အတွင်း၌ဂါထာအက္ခရာတစ်စု ပေါ်လာ၏။ ကျိုးထောင်ဟွား ၎င်းကိုမြင်သော် အလွန်တရာကျေနပ်သွားပြီး ပိုးဖလံနတ်ဆိုးလေးအား အတွင်းရှိ မကောင်းဆိုးဝါးနှင်ဟင်္သာပြဒါးများအားလုံးကိုထုတ်ယူလာရန် အမိန့်ပေးလိုက်သည်။ ထိုစဉ်မှာပင် နှစ်တစ်ရာသက်တမ်းရှိ ရှားစေးကို ရှာဖွေနေသော နတ်ဆိုးလေးများ ပြန်ရောက်လာကြသည်။ သူတို့သည်တောနက်ကြီးများ အတွင်းရှိ ရှားပင်အိုကြီးများထံမှ အစေးများကို ယူဆောင်လာခဲ့ကြ၏။
ကျိုးထောင်ဟွား ခန့်မှန်းကြည့်ရသလောက် နတ်ဆိုးသတ်ဟင်္သာပြဒါးတစ်အိုးနှင့် နှစ်တစ်ရာသက်တမ်းရှိ ရှားစေးများကို ပေါင်းစပ်လိုက်ပါက လက်ပစ်ဗုံးတစ်ထောင်ခန့် ပြုလုပ်နိုင်ပေမည်။ နှစ်ရက်ကြာပြီးနောက် လက်ပစ်ဗုံးများ အပြည့်ပါသည့် ဝါးခြင်းတောင်း အလုံးနှစ်ဆယ်ကျော်ရရှိလာခဲ့သည်။ လက်ပစ်ဗုံးများမှာ အသုံးပြုရအလွန် လွယ်ကူ၏။ စနက်တံကိုဖြုတ်ပြီး ပစ်ပေါက်လိုက်ရုံပင်။ လက်ပစ်ဗုံးတစ်လုံး၏ သေစေနိုင်သော ပေါက်ကွဲမှုအချင်းဝက်မှာ ဆယ်မီတာခန့်ရှိမည်ဟု သူမခန့်မှန်းထား၏။ အတိအကျကိုမူ လက်တွေ့အသုံးပြုပြီးမှသာ သိနိုင်မည်ဖြစ်သော်လည်း ယခုအချိန်တွင် လက်ပစ်ဗုံးတစ်ထောင်သာ လုပ်နိုင်သေးသဖြင့် သူမ စမ်းသပ်ရန် နှမြောနေမိသည်။ နတ်ဆိုးသတ် ဟင်္သာပြဒါးမှာ သန့်စင်ရန် လွယ်ကူသော်လည်း နတ်ဆိုးလေးများအားလုံးထွက်ရှာလျှင်ပင် နှစ်တစ်ရာသက်တမ်းရှိ ရှားစေးတစ်ပန်းကန်ရရန် နှစ်ရက်မျှကြာ၏။ နှစ်တစ်ရာသက်တမ်းရှိ ရှားစေးများမှာ ပိုမိုရှားပါးလာနေပြီဖြစ်ပြီး ဟင်္သာပြဒါးကဲ့သို့ အကန့်အသတ်မရှိရှာဖွေ၍မရနိုင်ပေ။
ချင်းရွှေမြို့ပြင်ဘက် လူသေများ အစုလိုက်အပြုံလိုက်မြှုပ်နှံရာ သင်္ချိုင်းတွင် ရှန်းထျန်ယိနှင့် ကျွမ်ချွန်းချန်တို့ သေဆုံးနေသော ယွီဖေးကို မကြာမီမှာပင် ရှာတွေ့သွားခဲ့ကြသည်။ သူ့နဖူးနှင့် နှာခေါင်းတို့ ပျောက်ဆုံးနေသော်လည်း ကံကောင်းထောက်မစွာ ဆောင်းရာသီဖြစ်နေသဖြင့် ရုပ်အလောင်းမှာ သိပ်မပုပ်ပွသေးဘဲ မှတ်မိနိုင်သေး၏။ ကျွမ်ချွန်းချန်နှင့် ယွီဖေးတို့သည် နှစ်လေးဆယ်ကျော်ကြာ ညီအစ်ကိုများဖြစ်ခဲ့ကြရာ ဆိုးရွားလှသော သူ့သေဆုံးမှုကိုမြင်ရသည်မှာ အလွန်တရာနာကျင်ဖွယ်ကောင်းလှသည်။
"တတိယညီလေး မင်းဘယ်လိုဖြစ်ပြီး ဒီလိုပုံစံဖြစ်သွားရတာလဲ၊ မင်းကို ဘယ်သူသတ်သွားတာလဲ"
သို့သော် ရုပ်အလောင်းတစ်လောင်းမှ သူ့ကို မည်သို့ပြန်ဖြေနိုင်မည်နည်း။
ရှန်းထျန်ယိ : "သူ့ကိုယ်ပေါ်ကချန်းခွန်းအိတ်ရော၊ ငါသူ့ကိုပေးထားတဲ့ တစ္ဆေတစ်ရာအလံရော ရှိမရှိရှာကြည့်စမ်း"
ထိုစကားကိုကြားသောအခါ ကျွမ်ချွန်းချန် အနှံ့အပြားရှာဖွေကြည့်သော်လည်း မည်သည်ကိုမှ မတွေ့ရပေ။
"ဆရာ ဘာမှမရှိဘူး၊ တတိယညီလေးရဲ့ ကျင့်ကြံခြင်းအဆင့်က မဆိုးပါဘူး၊ ဘယ်လိုလုပ် ဒီလိုအခြေအနေမျိုးရောက်သွားရတာလဲ၊ တတိယညီလေးကို ဘယ်သူသတ်လဲဆိုတာ ကျွန်တော်သိရရင် သူ့အတွက်လက်စားချေဖို့ အဲ့ဒီလူကိုတစ်စစီဆွဲဖြဲပစ်မယ်"
ကျွမ်ချွန်းချန်မျက်လုံးများမှာ သွေးလွှမ်းနေပြီး လူသတ်ချင်သောရက်စက်မှုများဖြင့် ပြည့်နှက်နေ၏။ ရှန်းထျန်ယိ ကျိုးကျားရွာရှိရာဘက်သို့ လှည့်ကြည့်လိုက်သည်။ သူခန့်မှန်းသည်မှာ မမှားဘူးဆိုပါက ထိုနေရာသာဖြစ်ရမည်။ ထိုနေရာသို့ရောက်သည်နှင့် အရာအားလုံးအဖြေပေါ်သွားပေလိမ့်မည်။ ကျွမ်ချွန်းချန် ယွီဖေး၏ရုပ်အလောင်းကို သယ်ဆောင်ကာ မြှုပ်နှံပေးပြီးနောက် ရှန်းထျန်ယိနှင့်အတူ ကျိုးကျားရွာသို့ ထွက်ခွာလာခဲ့သည်။ အစပိုင်းတွင် ဝေးလံခေါင်ဖျားသောရွာလေးတစ်ရွာမှာ ထူးခြားမှုရှိလိမ့်မည်ဟု ကျွမ်ချွန်းချန် မယုံကြည်ခဲ့သော်လည်း ရွာအဝင်ဝသို့ ရောက်သောအခါ ထိုအရာများအားလုံး ပြောင်းလဲသွားခဲ့၏။ ကျွမ်ချွန်းချန် အထစ်ထစ်အငေါ့ငေါ့ဖြင့် ဆိုသည်။
"ဒါ ဒါက....."
သူ၏အထစ်ထစ်အငေါ့ငေါ့အသံကို ကြားရသော ရှန်းထျန်ယိမှာ စိတ်မရှည်စွာဖြင့် ရထားလုံးလိုက်ကာကိုမတင်လိုက်သည်။
"ဘာဖြစ်တာလဲ"
’ကျိုးကျားရွာလို ရွာငယ်လေးတစ်ရွာက ဆယ်စုနှစ်အနည်းငယ်အတွင်းမှာပဲ ဒီလောက်တောင် တိုးတက်လာနိုင်ပါ့မလား’
ထင်မှတ်မထားစွာပင် သူလိုက်ကာကိုမတင်လိုက်ပြီး ခုနစ်မီတာ၊ ရှစ်မီတာခန့် မြင့်မားကာ အချို့နေရာများတွင် ဆယ်မီတာကျော်ထိပင်မြင့်သော မြို့ရိုးကြီးကို မြင်လိုက်ရ၍ သူ့မျက်လုံးများကိုပင် သူ မယုံကြည်နိုင် ဖြစ်သွားရ၏။ ရှန်းထျန်ယိ မျက်မှောင်ကြုတ်လိုက်သည်။
"မင်း နေရာမှားလာတာမဟုတ်ဘူးမလား၊ ဒါ ကျိုးကျားရွာဆိုတာ သေချာရဲ့လား"
"ဆရာသခင် သေချာပါတယ်၊ နက္ခတ်ဗေဒင်တွက်ကိန်းအရဆိုရင် ကျိုးကျားရွာက ဒီနေရာမှာပဲရှိတာ၊ အမှားအယွင်းမရှိနိုင်ဘူး"
ကျွမ်ချွန်းချန် မြို့ရိုးထံသို့လက်ညှိုးထိုးပြလိုက်ရာ ထိုနေရာတွင် "ကျိုးကျားရွာ" ဟူသော စာတန်းပါဆိုင်းဘုတ်တစ်ခုကို ထင်ရှားစွာချိတ်ဆွဲထားသည်အား တွေ့ရသည်။ ထိုစဉ်မှာပင် သူတို့နှစ်ယောက် ရွာတံခါးအထက်ရှိ မှန်တစ်ချပ်ကို သတိထားမိလိုက်ကြ၏။ သူတို့မြင်ဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သော်လည်း ထိုမှန်မှာသာမန်မဟုတ်ကြောင်း သူတို့နှစ်ယောက်လုံးခံစားမိလိုက်ကြသည်။ မြို့ရိုးနှင့် မှန်များအပြင် ရှန်းထျန်ယိအတွက် အယုံကြည်ရဆုံးအရာမှာ ကျိုးကျားရွာတွင် ဧရာမအကာအကွယ်အစီအရင်တစ်ခု ရှိနေခြင်းပင်။ ၎င်းက ရွာတစ်ရွာလုံးကို အတွင်းမှ ကာကွယ်ပေးထားသည်။
"ဟေး မင်းတို့ဘာလုပ်နေတာလဲ"
မြို့ရိုးပေါ်ရှိကင်းစောင့်များ လူနှစ်ယောက်ကို သတိထားမိသွားပြီး အောက်သို့ လှမ်းအော်လိုက်သည်။ ကင်းစောင့်များ၏ အနောက်တွင်တော့ ဧရာမဖားနတ်ဆိုးကြီးများနှင့် ပျံသန်းနေသော ပိုးဖလံနတ်ဆိုးများရှိနေကြသည်။ ထိုမျှမက မြို့ရိုးများပေါ်တွင်လည်း ခူကောင်နတ်ဆိုးများဖြင့် ပြည့်နှက်နေ၏။ တစ်ချက်ကြည့်လိုက်ရုံဖြင့် အစိမ်းရောင် မြို့ရိုးများကိုသာမြင်တွေ့ရပြီး ၎င်းတို့သည် ခူကောင်နတ်ဆိုးများဖြင့် ဖုံးလွှမ်းနေမည်ဟု သူထင်မထားခဲ့ပေ။ ရှန်းထျန်ယိ၏မျက်နှာမှာ ချက်ချင်းပြာနှမ်းသွားရသည်။ ကျိုးကျားရွာသည် နှစ်တစ်ရာနီးပါးအတွင်း ဤမျှသိသိသာသာ ပြောင်းလဲသွားခဲ့သည်ကို သူမယုံကြည်နိုင်အောင်ဖြစ်ရ၏။
သူအသက်ရှူပင်မှားသွားပြီး သူ့တောင်တစ္ဆေဒင်္ဂါးကိုဖျက်ဆီးရန် တစ်စုံတစ်ယောက်မှ ငွေကြေးအမြောက်အမြား အကုန်အကျခံနိုင်ခဲ့သည်မှာ အံ့သြစရာမရှိတော့ပေ။ လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး ကျိုးကျားရွာအပေါ် အမုန်းတရားများဖြင့် ပြည့်နှက်သွားကာ ဤနေရာကို ဖျက်ဆီးပစ်ရမည်ဟု သူတွေးလိုက်သည်။ ကင်းစောင့်ရွာသားများ အောက်သို့ငုံ့ကြည့်ကာ လှမ်းအော်လိုက်ကြ၏။
"ဟေး မင်းတို့ဘာလုပ်နေတာလဲ၊ ဘာလို့ ဘာမှမပြောတာလဲ"
အသက်တစ်ရာကျော်နေထိုင်ခဲ့သော မြေခွေးအိုကြီးပီပီ ရှန်းထျန်ယိသည် အစပိုင်းတွင် ထိတ်လန့်သွားသော်လည်း သူ့တည်ငြိမ်မှုကို ချက်ချင်းပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ သူပြုံးလိုက်ပြီး မြို့ရိုးပေါ်ရှိ ကင်းစောင့်များကို နှုတ်ဆက်လိုက်၏။
"ကျွန်တော်တို့က ဒီဖြတ်လမ်းကသွားမလို့ပါ၊ ဒါပေမယ့် ဒီလောက်မြင့်မားခမ်းနားတဲ့မြို့ရိုးကြီးကို တစ်ခါမှမမြင်ဖူးလို့ အံ့သြပြီး ရပ်ကြည့်နေမိရော၊ ခင်ဗျားတို့ရွာက တစ်ကယ်ကိုထူးခြားဆန်းကြယ်တာပဲ"
မြို့ရိုးပေါ်ရှိရွာသားများမှာ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြန်ပြောလိုက်သည်။
"ဒါပေါ့ ဒီပတ်ဝန်းကျင်ရွာတွေထဲမှာ ရွာတစ်ရွာလုံးကိုကာကွယ်ပေးထားတဲ့ ဒီလိုမြို့ရိုးမျိုး ဘယ်ရွာမှာရှိလို့လဲ"
ရှန်းထျန်ယိ ချက်ချင်းပင်မြှောက်ပင့်ပြောဆိုလိုက်သည်။
"ဟုတ်ပါ့ လမ်းတစ်လျှောက်လုံးမှာ ခင်ဗျားတို့ရွာကိုပဲ မြင်ဖူးသေးတယ်၊ မြို့ကမြို့ရိုးတွေတောင် ခင်ဗျားတို့လောက် မမြင့်ဘူး၊ အဲဒီလိုပြောမယ့်အစား ခရိုင်တို့ ပြည်နယ်တို့ကမြို့ရိုးတွေတောင် ခင်ဗျားတို့လောက် မခမ်းနားဘူးလို့ပြောရမှာပဲ"
ကင်းစောင့်ရွာသားများမှာ သူ့စကားကြောင့် သဘောကျသွားကြ၏။ ရှန်းထျန်ယိ ထိုလူအားနှုတ်ဆက်လိုက်ပြီးနောက် ရထားလုံးကို အမြန်မောင်းထွက်ရန် ကျွမ်ချွန်းချန်အား တိုက်တွန်းလိုက်သည်။ ဤနေရာမှာ ဆက်နေရန်မသင့်တော်ပေ။ ထိုစဉ်မှာပင် ရှန်းမင် အပြင်မှပြန်ရောက်လာပြီး ရွာအဝင်ဝတွင် ကျန်ရစ်နေသော ရက်စက်ကြမ်းကြုတ်သည့် ယင်အငွေ့အသက်များကို ချက်ချင်း သတိထားမိလိုက်သည်။ ထို့ကြောင့် သူမေးလိုက်၏။
"စောစောက ဒီမှာဘယ်သူရှိနေတာလဲ"
***